[Unicode]
စုချီယွဲ့ ပခုံးတွန့်လိုက်ကာ "ဒါ မင်းတို့နဲ့ဘာမှမဆိုင်ဘူး၊ ငါတို့လည်း လမ်းခွဲကြမလို့ပဲလေ"
"မဟုတ်ဘူး၊ မင်းက ငါ့ idol နဲ့ တကယ်ကြီးလား?" ချင်ဟောက်ချူး ပြေးလာပြီး စုချီယွဲ့ လက်မောင်းကို အကြမ်းပတမ်း ဆုပ်ကိုင်ကာ လှုပ်ယမ်းနေတော့သည်။
ထန်ယဲ့ ဖိအိပ်တာကို ခံထားရသဖြင့် စုချီယွဲ့၏ ဘယ်ဘက်ပခုံးနှင့် လက်မောင်း ထုံကျင်နေခြင်းမှာ မသက်သာသေးပေ။ ချင်ဟောက်ချူးက အပ်တစ်ချောင်းလို ဆုပ်ကိုင်လိုက်၍ စုချီယွဲ့ အော်ဟစ်မိသွားပြီး သူ့လက်မောင်းကို အမြန်ပွတ်သပ်လိုက်ရ၏။
ချင်ဟောက်ချူးလည်း အလွန်ထိတ်လန့်သွားရ၍ ကမန်းကတန်းလွှတ်လိုက်ကာ "ဘာဖြစ်လို့လဲ? ဘာဖြစ်လို့လဲ?"
"ရပါတယ်၊ နည်းနည်းထုံနေလို့" စုချီယွဲ့ အသံထွက်ပေါ်လာသည်နှင့် အခန်းဖော်သုံးယောက်လည်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး မျက်လုံးထဲတွင် ဇာတ်လမ်းတွေ ပြည့်နှက်သွားလေပြီ။
အထူးသဖြင့် စွင်းဇီနှင့် ချင်ဟောက်ချူးတို့က သူတို့မျက်နှာပေါ်က အပြုံးတွေကို မဖုံးကွယ်နိုင်ကြချေ။
"ငါ ဘယ်သူနဲ့မှမဟုတ်ပါဘူး။ ငါ စာသင်ဖို့ အာရုံစိုက်ရမယ်၊ ငွေရှာဖို့ အလုပ်ကြိုးစားရမယ်!" စုချီယွဲ့ လေးနက်စွာ ပြောလိုက်သည်။
သုံးယောက်သား ခပ်မြန်မြန် ခေါင်းညိတ်ကြလျက်၊ "အင်း ငါတို့ ယုံပါတယ်ကွာ"
သူတို့ ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ၊ စုချီယွဲ့ကတော့ ရေမိုးချိုး အဝတ်အစားလဲပြီးနောက် သူ့ကို ကျိုးရှင်းယဲ့ ပေးထားသမျှအရာတွေအားလုံးကို စတင်ထုပ်ပိုးတော့သည်။
အခန်းဖော်သုံးယောက်က စုချီယွဲ့၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေခဲ့ကြ၏။ ဤ"ရှင်းယွဲ့CP"ဟာ ပြန်လည်ပေါင်းစည်းရန် လုံးဝဖြစ်နိုင်ခြေမရှိပုံရတာကို တွေ့လိုက်သဖြင့် သူတို့သုံးယောက်စလုံး ဖိုရမ်ပို့စ်ကို ကလစ်နှိပ်ကာ "စုရှင်းထန်"ကို မဲပေးလိုက်ကြ၏။
သူတို့လည်း CP ပရိသတ်တွေရဲ့ ပထမအသုတ်မှာ ပါဝင်ချင်ကြတယ်လေ!
စုချီယွဲ့ ပစ္စည်းများကို ထုပ်ပိုးပြီးနောက် အိပ်မငိုက်သေးသဖြင့် ထိုင်ချကာ weibo ယခင်အကောင့်ကို ပယ်ဖျက်လိုက်ပြီး အကောင့်သစ် @苏子叶(စုကျီယဲ့)ကို ပြန်လည်မှတ်ပုံတင်လိုက်သည်။
(*MCနာမည်အရင်းက စုကျီယဲ့ပါ၊ ကူးပြောင်းဝင်သွားရတဲ့ကိုယ်ကတော့ စုချီယွဲ့ပါ)
စာသင်နှစ်ကုန်ခါနီးလာပြီဖြစ်၍ ကောလိပ်အားလုံးတွင် စာမေးပွဲများစွာ စီစဉ်နေကြသောကြောင့် နောက်တစ်နေ့တွင် စုချီယွဲ့တို့မှာ အတန်းမရှိသလို စာမေးပွဲလည်းမရှိပေ။ သူထုပ်ပိုးထားသောပစ္စည်းများကိုယူကာ ကျိုးရှင်းယဲ့ကို သွားရှာလိုက်၏။
ကျိုးရှင်းယဲ့သည် စုချီယွဲ့က သူနှင့် ပြန်လည်သင့်မြတ်ဖို့ လာတောင်းပန်လိမ့်မယ်လို့ ထင်ထားခဲ့သည်ပင်။ ဘယ်လိုပဲဖြစ်ဖြစ် သူက ရုပ်ရှိရေလျှံသူပဲဟာ၊ သူ ဘယ်လိုလုပ်ပြီး သူ့ကို လွယ်လွယ်လေး လက်လွတ်လိုက်နိုင်မှာလဲနော်။
ကျိုးရှင်းယဲ့က စုချီယွဲ့ကို သရော်လှောင်ပြောင်ရန် အဆင်သင့်ဖြစ်နေပြီဆိုသော်လည်း ဒီကောင်က အိတ်ကြီးအိတ်ငယ်မျိုးစုံကို သူ့ဆီ လွှဲပေးလာသည်ကိုသာ တွေ့ရှိလိုက်ရသည်။ "ဒါတွေက ဒီနှစ်တွေထဲမှာ မင်း ငါ့အတွက်ဝယ်ပေးခဲ့တာတွေပဲ။ ငါ့ဆီလွှဲပေးခဲ့တဲ့ ပိုက်ဆံတွေကိုလည်း စာရင်းဇယားတွေ ပြန်လုပ်ပြီးမှ မင်းကို ဖြည်းဖြည်းချင်း ပြန်ပေးမယ်"
ကျိုးရှင်းယဲ့၏စိတ်မှာ မြန်မြန်ဆန်ဆန် ပြောင်းလဲနေရင်း စုချီယွဲ့၏ သရုပ်ဆောင်စွမ်းရည်တောင်မှ ပိုကောင်းမွန်လာကြောင်း သူတွေ့ရှိခဲ့ရသည်။ ထန်ယဲ့က ပရော်ဖက်ရှင်နယ်ရုပ်ရှင်ဘုရင်ကြီးလို့ မင်းတို့ ပြောကြတယ်မဟုတ်လား? ဒါဟာ စုချီယွဲ့က သရုပ်မဆောင်ဘဲနေနေလို့ပဲပေါ့၊ သူသာ သရုပ်ဆောင်လုပ်ဖြစ်မယ်ဆို ထန်ယဲ့က ဘယ်ချောင်သွားကပ်နေမလဲကွာ။
မင်းက စိတ်သဘောထားနူးညံ့သလိုနဲ့ ခက်ခဲသလို ကစားချင်နေတယ်ပေါ့လေ? ငါ မင်းဆန္ဒအတိုင်း ကစားပေးမှာမဟုတ်ဘူးကွ!
ကျိုးရှင်းယဲ့ ပစ္စည်းများကို မောက်မာစွာပြန်ယူလိုက်ပြီး "ကောင်းပြီလေ၊ မင်း ပိုက်ဆံတွေပြန်ပေးမယ့်အချိန်ကို စောင့်နေမယ်!" လို့ပြောလိုက်သည်။
စုချီယွဲ့ သူ့ခေါင်းကို အလွန်အမင်း ရိုက်နှက်ချင်နေသော်လည်း ဘယ်သူကများ မူလပိုင်ရှင်ကို အကြွေးတင်အောင်လုပ်ခဲ့တာလဲလေ? သူ ကံမကောင်းတာပါပဲကွာ....
အပြန်လမ်းတွင် စုချီယွဲ့၏ ဖုန်းမြည်လာကာ မူလပိုင်ရှင်၏အမေ လင်းကွေ့ကျီးက "ရှောင်ယွဲ့ရေ နာမည်ကြီးရုပ်ရှင်စတားက မင်းကိုကြိုက်နေတယ်လို့ မား အင်တာနက်မှာ ဖတ်လိုက်ရတယ်။ မင်း ဒီအခွင့်အရေးကို ဆုပ်ကိုင်ထားရမယ်နော်။ ကျိုးရှင်းယဲ့ရဲ့ မိသားစုက ထန်ယဲ့နဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ။ မင်းသာ ထန်ယဲ့နဲ့ အတူတူရှိနေသရွေ့ မား ဒီတစ်သက်လုံး မင်းအတွက် စိတ်ပူနေစရာမလိုတော့ဘူးကွယ်၊ မားလည်း ဒီမြို့ငယ်လေးကနေ မြို့ကြီးကို ပြောင်းရွှေ့လာနိုင်မယ်၊ ဗီလာကြီးတစ်လုံးမှာ နေနိုင်တော့မယ်..."
စုချီယွဲ့ စကားတစ်ခွန်းမှမပြောခဲ့ဘဲ သူ့အမေ၏ ပေါက်ကရစကားတွေကို နားထောင်နေခဲ့သည်။ သူမ၏အဓိကရည်ရွယ်ချက်သည်ကား ထန်ယဲ့ပေါင်ကို တင်းတင်းကြပ်ကြပ်ဖက်တွယ်ထားပြီး လက်မလွှတ်လိုက်ရန်နှင့် ကျိုးရှင်းယဲ့ကို လမ်းမှာကန်ထုတ်ပစ်လိုက်ရန်ပင်။
တော်လောက်ပြီ၊ ဘယ်လိုမိဘမျိုးက သူတို့သားကို ဒီလိုတွေသင်ပေးမှာလဲနော်...?
စုချီယွဲ့: "အင်တာနက်ကဟာတွေမယုံပါနဲ့၊ မဟုတ်တာတွေချည်းပဲ"
လင်းကွေ့ကျီး: "ပြတင်းပေါက်..."
စုချီယွဲ့: "ပြတင်းပေါက်တွေကို သံရိုက်ပြီးသား!"
လင်းကွေ့ကျီး: "ပြီးတော့..."
စုချီယွဲ့: "မီးခိုးခေါင်းတိုင်တွေအကုန်လုံးကို ပိတ်ဆို့ထားပြီးပြီ! သံပြားတွေကို ကြွက်တွင်းပေါက်အပြင်မှာ သံရိုက်ပြီးသား!"
လင်းကွေ့ကျီး: "..."
လင်းကွေ့ကျီး ဒေါသတို့ဖြင့် ဆို့နင့်သွားပြီး စကားပင်ဆက်မပြောနိုင်တော့၍ သူမ ဖုန်းချလိုက်ခါနီးတွင် စုချီယွဲ့ ဆက်ပြောလာသည်ကို ကြားလိုက်ရ၏။ "နောင်ကျ မားကိုပေးဖို့အတွက် ကျွန်တော့်ဆီမှာ ပိုက်ဆံမရှိတော့ဘူး။ ကျွန်တော် ကျိုးရှင်းယဲ့နဲ့ လမ်းခွဲခဲ့ပြီးပြီ။ မားကိုပေးထားတဲ့ပိုက်ဆံတွေကိုစုထားဦး၊ မား ကျွန်တော့်ကို ပိုက်ဆံထပ်တောင်းရင် ကျွန်တော် သတ်သေပစ်လိုက်မယ်!"
စုချီယွဲ့ စိတ်ဆိုးစွာပြောပြီးနောက် ဖုန်းချလိုက်သည်။
မူလပိုင်ရှင်မှာ သူ့အမေဖြစ်သူလင်းကွေ့ကျီး တစ်ဦးတည်းသာရှိပါတော့သည်။ သူ့အဖေက လွန်ခဲ့တဲ့နှစ်အနည်းငယ်က အဖျားရောဂါကြောင့် ဆုံးပါးသွားခဲ့သည်။ လင်းကွေ့ကျီးဟာ အမြဲပျင်းရိနေသူဖြစ်သလို ကတ်ကစားရတာနှစ်ခြိုက်သူပင်။ ဖခင်ဆုံးပါးသွားပြီးနောက် ကျိုးရှင်းယဲ့ထံမှရသောငွေတချို့ကို မူလပိုင်ရှင်က သူမအား ထောက်ပံ့ပေးခဲ့သည်။ ယခုအခါ သူမ၏ ငွေအရင်းအမြစ်မှာ ရုတ်ချည်းပြတ်တောက်သွားလေရာ လင်းကွေ့ကျီး ဘယ်လိုများရပ်တည်နိုင်မှာလဲနော်...
သေချာပါတယ်၊ သူမ ဖုန်းပြန်ခေါ်လာခဲ့သည်။ စုချီယွဲ့လည်း တစ်ဖက်လူက ငိုယိုညည်းတွားနေလိမ့်မည်မှန်း ပြန်ဖြေစရာတောင်မလိုဘဲ သိနေခဲ့သည်။
လင်းကွေ့ကျီး ငိုယိုလို့ပြီးသွားသည်အထိ စုချီယွဲ့ စောင့်ပေးပြီးနောက်မှ မေးလိုက်လေသည်။ "ဘာဖြစ်ပြန်ပြီလဲ?"
"မင်းအဖေက စောစောသေသွားတော့ မင်းက ငါ့ကို ဂရုမစိုက်တော့ဘူးပေါ့၊ ငါအသက်မရှင်ချင်တော့ဘူးလို့"
"ကောင်းပါပြီ၊ ဒါဆို မား လက်ကောက်ဝတ်ကို ဖြတ်တဲ့အခါ ထက်ရှတဲ့ဓားတစ်ချောင်းဝယ်ဖို့ မမေ့နဲ့နော်။ အဆောက်အဦးတစ်ခုကနေ ခုန်ချဖို့တော့ မထောက်ခံချင်ဘူးဗျာ။ အဲဒါက ဖြတ်သွားဖြတ်လာလူတွေကို ထိခိုက်စေနိုင်တယ်။ မြစ်ထဲကို ခုန်ဆင်းရင်လဲ ရေအရင်းအမြစ်ကို ညစ်ညမ်းစေလိမ့်မယ်။ ဒါမှမဟုတ် အိပ်ဆေးသောက်လိုက်လို့လဲရတာပဲ။ သေခြင်းတရားက နာကျင်နိုင်တယ်လို့ ပြောကြတယ်နော်။ အဆက်မပြတ်အော့အန်လို့ အညစ်အကြေးတွေက အသက်ရှုလမ်းကြောင်းကိုပိတ်ဆို့သွားမှာဆိုပဲ။ ဟုတ်ပြီ၊ မားကြိုက်ရာရွေးလိုက်ပါ" စုချီယွဲ့က မူလပိုင်ရှင်၏မှတ်ဥာဏ်များကို ပိုမှတ်မိလေလေ၊ ဒီအမေကို ဘယ်လိုဆက်ဆံရမလဲဆိုတာ သိလိုက်ချေပြီ။
လင်းကွေ့ကျီး အမှန်ပင် အငိုရပ်သွားကာ "ရှောင်ယွဲ့ နားထောင်ဦး၊ မင်း ကျိုးရှင်းယဲ့ဆီသွားတောင်းပန်လို့ရတယ်လေ။ သူက တစ်ခုခုကြောင့် မင်းနဲ့ထန်ယဲ့တို့ကို အထင်လွဲသွားတာပဲဖြစ်ရမယ်။ သူက မင်းကို အရမ်းကြိုက်တဲ့ဟာ၊ မင်းက..."
"မဖြစ်နိုင်တော့ဘူး၊ ကျွန်တော် သူနဲ့ဘာမှမဆိုင်တော့ဘူး"
"ဒါဆို မင်း ထန်ယဲ့ကိုလိုက်ရင်ရော ဘယ်လိုလဲ?" လင်းကွေ့ကျီး တိုးတိုးလေးပြောသည်။
စုချီယွဲ့ : "ဒီကိစ္စကိုထားလိုက်တော့... ကျွန်တော် ထန်ယဲ့ကို အမိဖမ်းနိုင်ဖို့ ဖြစ်နိုင်ခြေက ထီဆုကြီး ၅သန်းပေါက်ဖို့ ဖြစ်နိုင်ခြေလောက် မမြင့်မားဘူးလို့ ထင်တယ်နော်"
လင်းကွေ့ကျီး အရမ်းမှားယွင်းသွားသလို ခံစားလိုက်ရ၏။ "ဒါဆို မားဘာလုပ်သင့်လဲ? မင်း မားကိုလျစ်လျူရှုတော့မှာလား?"
လင်းကွေ့ကျီး ကလေးတစ်ယောက်လို မကျေမနပ်ပြောနေသည်ကို နားထောင်ရင်း စုချီယွဲ့လည်း သူ့လေသံကို လျှော့လိုက်ကာ "ကျွန်တော် ဒီနွေရာသီပြန်မလာတော့ဘူး။ မားဗိုက်မဆာရအောင် ငွေရှာဖို့အတွက် ဒီမှာပဲ အချိန်ပိုင်းအလုပ်တချို့ရှာလိုက်မယ်"
"ဒါဆို မင်း မားကိုလာတွေ့ဖို့ သတိရဦးနော်"
စုချီယွဲ့ သဘောတူလိုက်၏။ ဘာပဲဖြစ်ဖြစ် ကိုယ့်သားကိုယ်မလွမ်းတဲ့အမေဆိုတာရှိမှမရှိဘဲ။ သူ ပိုက်ဆံရှာနိုင်တဲ့အခါ သူမဆီပြန်သွားတွေ့ရမှာပေါ့။
စုချီယွဲ့ အိပ်ဆောင်ဆီသို့ လျှောက်လာခဲ့ပြီး အပေါ်တက်ခါနီးတွင် တစ်စုံတစ်ယောက်က သူ့ကို ခေါ်လာလေသည်။
စုချီယွဲ့ ခေါင်းလှည့်ကြည့်လိုက်သည့်အခါ... ထိုသူက ထန်ယဲ့လက်ထောက် ဖန်းပိုင်မဟုတ်လား?
"ထန်လောင်ရှီးက ဒီဟာကို မင်းဆီပို့ပေးဖို့ ပြောထားလို့ပါ။ ကျွန်တော့်မှာ လုပ်စရာတွေရှိသေးလို့။ မေးစရာတွေရှိရင် ထန်လောင်ရှီးကိုပဲ တိုက်ရိုက်ဆက်သွယ်လိုက်ပါ။ သူ့ကို ဆက်သွယ်ဖို့ အချက်အလက်တွေ အထဲမှာရှိပါတယ်" ဖန်းပိုင်က သူ့အား ဘူးတစ်ခုပေးကာ လှည့်ထွက်သွားသဖြင့် စုချီယွဲ့မှာ ငြင်းဆန်ရန် အချိန်ပင်မရခဲ့ပေ။
စုချီယွဲ့ အခန်းထဲပြန်ရောက်သည့်အခါ ဘူးကို ဖွင့်ကြည့်လိုက်တော့ အထဲမှာလူကြိုက်များနေသည့် ပခုံးနှိပ်စက်တစ်ခုဖြစ်နေသည်ကို တွေ့လိုက်ရ၏။
အနှိပ်စက်မှာ သေးငယ်ပြီး လက်ရာမြောက်လှကာ RMBအနံ့ပြင်းထန်နေလျက်။ (ဈေးကြီးပစ္စည်းလို့ပြောတာပါနော်)
သူ အနှိပ်စက်ကို ကောက်ယူလိုက်ပြီး အထဲမှာ မိုးပြာရောင်ကတ်ပြားလေးတစ်ကဒ် ရှိနေလျက်။ "မင်းရဲ့ပုခုံးအောက်မှာထားလိုက်ရင် မင်းကို ပိုပြီးသက်တောင့်သက်သာဖြစ်စေလိမ့်မယ်"
စာရေးသူမှာ ပြောစရာရှိပါတယ်။
ထန်ယဲ့: ငါ့ချစ်သူကိုလိုက်နေတဲ့အခါ ငါက အရမ်းလေးနက်ပါတယ်နော် !
xxx