Ch-5
Viewers 81


[Unicode]


ကတ်မှာ လက်ရေးမူဗားရှင်းဖြစ်ပြီး လက်ရေးလက်သားမှာ ပြတ်သားတိကျ၍ freestyleဟန်ဖြင့် အလွန်လှပလေ၏။  


ဒီလိုဝါကျနဲ့ဆို ရိုမန့်တစ်တောင်ဆန်နေသလိုလိုပဲနော်... 


စုချီယွဲ့ အောက်နားမှ WeChat IDကိုကြည့်၍ အကြာကြီးစဉ်းစားပြီးမှ နောက်ဆုံးတွင် ဖုန်းထုတ်ကာ ထိုWeChatအကောင့်ကို အပ်လိုက်သည်။ 


အမှန်တကယ်တော့ ထန်ယဲ့က သူ့WeChat IDကို သူ့ဆီ မည်သည့်အတွက်ကြောင့်ပေးလိုက်မှန်း သူမသိသော်လည်း တစ်စုံတစ်ယောက်၏ ဇိမ်ခံကားကို လိုက်စီးရုံတင်မက ဤကဲ့သို့တန်ဖိုးကြီးပစ္စည်းကို လက်ခံရရှိခဲ့သော သူ့အတွက်မူ သိပ်မကောင်းပါချေ။ 


ထန်ယဲ့၏ WeChatအမည်တွင် "ယဲ့"စာလုံးတစ်လုံးတည်းပါရှိပြီး WeChatပရိုဖိုင်ပုံမှာ မိုးပြာရောင်ကောင်းကင်နောက်ခံပေါ်က အစိမ်းရောင်သစ်ရွက်တစ်ခုဖြစ်လေ၏။ စုချီယွဲ့ WeChatပရိုဖိုင်ပုံကို အလွန်နှစ်သက်သွားခဲ့သည်။ ၎င်းမှာ ကြော့ရှင်းနေသလို သက်တောင့်သက်သာလည်းရှိပုံရသည့်အပြင် 

သူကိုယ်၌လည်း Wechatပရိုဖိုင်၏ နောက်ခံကာလာနှင့် ကိုယ်တိုင်ရေးကတ်ကဲ့သို့သော မိုးပြာရောင်ကို ကြိုက်နှစ်သက်သူပင်။ 


စုချီယွဲ့ သူ့စိတ်ထဲတွင် အနည်းငယ်ထူးဆန်းနေသလို အမြဲတမ်းခံစားနေရသည်။ သူက စတော်ဘယ်ရီအရသာမစ်ရှိတ်ကိုကြိုက်တယ်၊ မိုးပြာရောင်ကိုနှစ်ခြိုက်တယ်၊ သူ့ကိုယ်သူ စုကျီယဲ့လို့ခေါ်ရတာကိုလည်းသဘောကျတယ်၊ ဝက်နံရိုးနှပ်စားရတာကိုလည်းကြိုက်တယ်... ဒီနှစ်ရက်မှာ သူတို့ အတူတူရှိတဲ့အချိန်တုန်းက... 


သို့ပေတိ မူလပိုင်ရှင်က ဤအရာများကို မနှစ်ခြိုက်ဘဲ သူကသာ နှစ်ခြိုက်သူပင်။ ပုံမှန်အားဖြင့် သူ့၏အခင်ဆုံးသူငယ်ချင်းတွေကလွဲ၍ တခြားမည်သူမှသိမည်မဟုတ်။ စုချီယွဲ့ ခေါင်းယမ်းလိုက်၏။ ဒါတွေဟာ ဖြစ်ရိုးဖြစ်စဥ်တွေပါပဲလေ။ ထန်ယဲ့ သူ့ကို ပေးခဲ့သမျှဟာ တိုက်ဆိုင်တာပဲဖြစ်ရမယ်။ သူတကယ်ပဲ စိတ်ကူးယဥ်ဆန်လွန်းနေပြီပဲ။ 


စုချီယွဲ့သည် ထန်ယဲ့၏ WeChatအကောင့်ကို အပ်ပြီးသော်လည်း တစ်ဖက်လူက သူ့ကိုလက်မခံရသေးပေ။ စုချီယွဲ့လည်း ဂရုမစိုက်ပါချေ။ မူလကတည်းက သူတို့နှစ်ယောက်ဟာ တစ်ကမ္ဘာတည်းမှမဟုတ်သလို သူတပါးပစ္စည်းကိုလည်း ပေါ့ပေါ့ဆဆ မယူချင်ပါပေ။ 


စုချီယွဲ့ ဖုန်းကိုဘေးဖယ်လိုက်ပြီး စာအုပ်ကို ကောက်ကိုင်လိုက်သည်။ မနက်ဖြန်တွင် သူတို့ဒီဇိုင်းမေဂျာ၏ နောက်ဆုံးစာမေးပွဲဖြေဆိုပြီးနောက် နွေရာသီအားလပ်ရက်အတွက် ကျောင်းပိတ်တော့မည်ဖြစ်၏။ ဘာပဲဖြစ်ဖြစ် သူကတော့ စာမေးပွဲမကျရှုံးချင်ပါဘူးနော်။ 


ကံကောင်းထောက်မစွာဖြင့် သူလည်း ဒီဇိုင်းပညာကို လေ့လာခဲ့ခြင်းပင်။ သို့သော်လည်း နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီးနောက် စာအုပ်များကို ပိုမိုဖတ်ရှုရန်လိုအပ်နေသေးသည်။ 


စုချီယွဲ့သည် သူလုပ်သည့်အရာတွင် အလွန်အာရုံစိုက်သူဖြစ်၍ စာအုပ်များကိုဖတ်နေရင်း ထန်ယဲ့၏WeChatအကြောင်းကို မေ့သွားခဲ့လေပြီ။ 


တစ်ဖက်တွင်မူ ရုပ်ရှင်အဖွဲ့ထဲသို့ဝင်ရောက်ပြီးသွားသော ထန်ယဲ့က ဇာတ်ကွက်နှစ်ခုရိုက်ကူးပြီးနောက် ဖုန်းကိုင်ရန် အချိန်ရခဲ့သည်။ ပထမဆုံး သူလုပ်သည်မှာ သူ့WeChatမှာ တစ်ယောက်ယောက် လာaddထားသလားဆိုတာ စစ်ဆေးကြည့်ခြင်းပင်။ 


ထန်ယဲ့ Wechatကို နှိပ်လိုက်သည်နှင့် စိတ်မပျက်ခဲ့ရပေ။ စုချီယွဲ့က သူ့ကို addထားပြီး သူ့WeChat နာမည်က "စုကျီယဲ့" ဖြစ်၏။ ထန်ယဲ့ ယင်းကိုမြင်သောအခါ အမှတ်တမဲ့ပြုံးမိသွားရသည်။ ထင်ထားတဲ့အတိုင်းပါပဲ၊ သူ ငယ်ငယ်တုန်းကလိုပဲ စုကျီယဲ့ဆိုတဲ့နာမည်ကို ကြိုက်နေဆဲပဲ။  


စုချီယွဲ့၏WeChatပရိုဖိုင်ပုံမှာ ပျင်းရိနေသောကြောင်လေးပုံဖြစ်ရာ ထိုနေ့က စင်မြင့်ပေါ်တွင် စုချီယွဲ့ ဝတ်ထားသည့် ကြောင်နားရွက်အနီလေးကို ထန်ယဲ့ပြန်သတိရမိသွားရလျက်။ သူနဲ့ တော်တော်လေးလိုက်ဖက်ပြီးတော့ ချစ်ဖို့ကောင်းနေရောပဲကွာ... 


ဖန်းပိုင်က သူ့ကို ရေတစ်ခွက်ကမ်းပေးရင်း ဖုန်းစခရင်ပေါ်က ကြောင်လေးကို မတော်တဆ တွေ့လိုက်ရ၍ စနောက်သလိုမေးလိုက်သည်။ "ထန်လောင်ရှီးက ကြောင်တွေကို ချစ်တာလား? မွေးဖို့ တစ်ကောင်လောက်ဝယ်ချင်လို့လား?" 


ထန်ယဲ့၏ လက်ချောင်းသွယ်သွယ်လေးများက ကြောင်နားရွက်ပေါ်မှာ ခေတ္တရပ်လိုက်ပြီးမှ "ဝယ်ဖို့စိတ်မဝင်စားပါဘူး၊ ကိုယ်တိုင် မွေးထားတာကပဲ ပိုကောင်းတယ်လေ


ဖန်းပိုင် နားမလည်ပါပေ "ကောမှာ ကြောင်တစ်ကောင်ရှိတာလား?" 


"အစပိုင်းမှာတော့ သူက... အရမ်းကောင်းတယ်၊ အရမ်းစိတ်ဝင်စားဖို့ကောင်းတာထန်ယဲ့ ဖြေးဖြေးလေးပြောလိုက်သော်လည်း နှစ်ပေါင်းများစွာ သူ့ကိုသဘောကျခဲ့ကြောင်းကိုတော့ မပြောပြလိုက်ပေ။ 


ဖန်းပိုင် ထပ်မမေးတော့ရန် စိတ်ပိုင်းဖြတ်လိုက်၏။ သူလည်း ထန်ယဲ့ ဘာတွေပြောနေတာလဲဆိုတာ လုံးဝနားမလည်ဘူးလေ။ ဒါဟာ သူနဲ့ ရုပ်ရှင်ဧကရာဇ်ကြားထဲက ကွာဟချက်ပဲ ဖြစ်နိုင်လေရဲ့။ 


[အနှိပ်စက်ကို လက်ခံရရှိပြီလား?] 


ထန်ယဲ့ WeChat မက်ဆေ့ချ်တစ်စောင်ပို့လိုက်သော်လည်း အချိန်အတန်ကြာသည်အထိ ပြန်စာမရသေး၍ လျှို့ဝှက်စွာခေါင်းယမ်းမိသည်။ သေချာတာကတော့ ကြောင်တွေကို မွေးဖို့မလွယ်ပါဘူးကွာ... 


စုချီယွဲ့ သူ့ဗိုက်အော်သံကြားတော့မှ မော့ကြည့်လိုက်ရာ အပြင်မှာမှောင်မည်းနေလေပြီ။ သူ့အခန်းဖော်တွေလည်း ခုထိပြန်မလာကြသေးချေ။ သူတို့အားလုံး စာကြည့်တိုက်သွားကြတယ်ထင်ပါရဲ့။ 


စုချီယွဲ့ ပါဆယ်မှာလိုက်ပြီး အိပ်ရာပေါ်သို့တက်ကာ သူ့ဖုန်းကိုဖွင့်ကြည့်လိုက်တော့မှ ထန်ယဲ့က သူ့ဆီ တကယ်ပဲ မက်ဆေ့ခ်ျတစ်စောင်ပို့ထားသည်ကို တွေ့လိုက်ရသည်။ 


ဘော့စ်ကို အကြာကြီးစောင့်ခိုင်းရတာ မကောင်းသည်မို့ စုချီယွဲ့ ကမန်းကတန်းပြန်ဖြေလိုက်၏။ 


စုချီယွဲ့ : [ကျေးဇူးတင်ပါတယ် ထန်လောင်ရှီး၊ ကျွန်တော် အနှိပ်ခံစက်ကို လက်ခံရရှိပါတယ်ဗျ၊ အဲ့ဒါက တော်တော်လှပြီး အသုံးဝင်ပါတယ်


ထန်ယဲ့: [အသုံးဝင်သရွေ့ပေါ့


စုချီယွဲ့ : [ထန်လောင်ရှီးရေ ဒီနှိပ်စက်က အရမ်းဈေးကြီးတယ်ဗျ။ ကျွန်တော် ဘာမှလည်းမလုပ်ထားဘူးဆိုတော့လေ ဒီလိုစျေးကြီးတဲ့ပစ္စည်းကို လက်ခံဖို့ဆိုတာ မကောင်းပါဘူးဗျာ


စုချီယွဲ့ က လက်မခံဘဲ ငြင်းဆိုချင်၍ နည်းလမ်းတချို့ရှာဖွေထားသော်လည်း မည်သို့စကားစရမည်မှန်း သူမသိပါချေ။ ထန်ယဲ့ဆီမှ ပြန်စာကိုကြည့်ပြီးနောက် သူဘယ်လိုစပြောရမှန်းလည်းမသိတော့။ ကြည့်ရတာတော့ သူ ပိုက်ဆံကြိုးကြိုးစားစားရှာပြီး နောက်မှပဲ လက်ဆောင်တစ်ခုခုပြန်ပေးဖို့ပဲရှိတော့မယ်ထင်ပါရဲ့ကွာ။ 


ထန်ယဲ့: [ဒါဆို မင်းရဲ့ ပုခုံးကို ကိုယ်ကြိုငှားခွင့်ပြုပါကွာ၊ နောက်အကြိမ်တွေဆို ကိုယ် မင်းဆီ ဘာမှမပို့တော့ဘူးလေ


ပခုံးပေါ်မှာမှီမလို့ ? စုချီယွဲ့လည်း ဤရုပ်ရှင်ဘုရင်ကြီး၏ ဦးနှောက်ပတ်လမ်းကြောင်းကို အမှန်တကယ်ပင် လေးစားမိသွားရသည်။ 


သည့်အပြင် သူတို့နှစ်ယောက်ဟာ ကျန်ဘဝတစ်လျှောက်လုံး မဆုံဖြစ်တော့မှာကိုပဲ စိုးရိမ်မိပါရဲ့။ ဒါဟာ ဘာမှအသုံးမဝင်တော့တဲ့လက်မှတ်တစ်ခုပဲမဟုတ်ဘူးလား... 


ထန်ယဲ့: [ကိုယ်အလုပ်များနေလို့ နောက်မှ​​ဆက်ပြောကြမယ်


စုချီယွဲ့ တစ်ခုခုပြောခါနီးတွင် ထန်ယဲ့မရှိတော့သည့်အတွက် သူလက်လျှော့လိုက်ရုံသာ။ 


နောက်တစ်နေ့မနက်တွင် ပထမစာသင်နှစ်၏ နောက်ဆုံးစာမေးပွဲဖြေဆိုပြီးနောက် စုချီယွဲ့နှင့် သူ့သူငယ်ချင်းများလည်း နွေရာသီအားလပ်ရက်သို့ တရားဝင်ရသွားကြလေပြီ။ 


မူလကတော့ မူလပိုင်ရှင်က ကျိုးရှင်းယဲ့နှင့် အလုပ်သင်အတူတူဆင်းရန် သူ့အဖေ၏ ရှင်းယဲ့ကြော်ငြာကုမ္ပဏီသို့သွားရန် စီစဉ်ခဲ့သော်လည်း ယခုအခါ သူတို့လမ်းခွဲလိုက်ပြီဖြစ်၍ ထိုနေရာသို့ မသွားနိုင်တော့ချေ။ 


ထို့ကြောင့် စုချီယွဲ့လည်း ကိုယ်ရေးရာဇဝင်တချို့ကို အွန်လိုင်းမှာတင်ခဲ့ပြီး နေ့လည်ပိုင်းတွင် အချိန်ပိုင်းအလုပ်နှစ်ခုက သူ့ကို အင်တာဗျူးလာရန်ခေါ်ခဲ့သည်။ 


သူ့အခန်းဖော်များလည်း အိမ်ပြန်သူအိမ်ပြန်ကြ၊ ခရီးထွက်သူ ခရီးထွက်သွားကြလေပြီ။ 


စုချီယွဲ့ နွေရာသီနေထိုင်ရန်အတွက် လျှောက်ထားခဲ့ပြီး အခြားကောလိပ်များ၏ စာမေးပွဲများဖြေဆိုပြီးနောက် စီမံခန့်ခွဲရေး ပိုမိုအဆင်ပြေစေရန်အတွက် တူညီသော အဆောင်အဆောက်အဦးဆီသို့ ပြောင်းရွှေ့ရပေလိမ့်မည်။ 


စုချီယွဲ့သည် သူ့ကိုယ်ရေးရာဇဝင်ကို ပရင့်ထုတ်ကာ ဝတ်စုံလဲပြီးနောက် အိပ်ဆောင်မှထွက်လာခဲ့သည်။ 


"ရပ်လိုက်စမ်း!" စုချီယွဲ့ ကျောင်းတံခါးဝမှ ထွက်လာသည်နှင့် လူသုံးယောက်ဆီမှ ဝိုင်းရံခြင်းခံလိုက်ရသည်။ 


ဤလူသုံးယောက်လုံးဟာ ကြည့်ကောင်းကြပြီး ဝတ်စားဆင်ယင်ပုံလည်း အဆင့်အတန်းမြင့်ကြောင်း စုချီယွဲ့ မြင်လိုက်ရသည်။ လူတွေဆီက ပိုက်ဆံလုယက်မယ့်ပုံတော့မပေါ်ပါဘူးလေ။ 


"မင်းတို့ ဘာလုပ်နေကြတာလဲ? နေ့ခင်းကြောင်တောင်ကြီးကို ဓားပြတိုက်မလို့လား?" စုချီယွဲ့ သူ့အဝတ်အစားတွေကို ဆုပ်ကိုင်ကာ နောက်ပြန်ခုန်ဆုတ်လိုက်သည်။ 


သုံးယောက်သား စက်ဆုပ်ရွံ့ရှာစွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ 


အိုး... ထိုလူတွေက သူ့ကို သဘောမကျဘူးဆိုတာ စုချီယွဲ့ မြင်နေရလေသည်။ မည်သို့ပင်ဆိုစေကာမူ သူက အရပ် 178cmရှည်ပြီး ကြည့်ကောင်းသလို သင့်တင့်လျော်ကန်သော ကိုယ်ခန္ဓာရှိ၏။ မဟုတ်ပါက သူဟာ ဝတ္ထု၏ အဓိကဇာတ်လိုက်တစ်ဦး ဘယ်လိုဖြစ်လာနိုင်မှာလဲနော်။ သူ့ကို ဘယ်လိုလုပ်ပြီး သဘောမကျဖြစ်နေရတာတုန်းလို့။ 


"အဟမ်း... ဟေး ကိုယ့်လူတို့ရေ ငါတို့ တစ်ယောက်ကိုတစ်ယောက်သိပုံမရပါဘူး။ မင်းတို့ လမ်းမေးချင်လို့လား၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ရှာနေတာလား?" စုချီယွဲ့ မေးလိုက်၏။ 


လူသုံးယောက် တန်းစီရပ်နေခဲ့ကြသည်။ ဘယ်ဘက်စွန်းကလူဟာ အရပ်ရှည်ပေမယ့် ကလေးဆန်ဆန်မျက်နှာရှိပြီး အရမ်းငယ်ရွယ်ပုံရ၏။ သူ့ကြည့်ရတာ ၁၇၊ ၁၈နှစ်ပဲရှိပုံပေါ်တယ်။ သူက စုချီယွဲ့ကို ရွံမုန်းသလို ကြည့်နေပြီး သူ့အမူအရာမှာ အလယ်တန်းကျောင်းသားဆယ်ကျော်သက်တစ်ယောက်လိုဖြစ်နေသည်။ "မင်းက ငါတို့ကို မသိပေမယ့် ငါတို့က မင်းကိုသိတယ်ကွ စုချီယွဲ့ !" 


အနှီကောင်လေးက အတော်လေးတက်ကြွပုံပေါ်သော်လည်း သူ့သွားများအံကြိတ်ထားသည်ကြောင့် သူ့အလှကို ဖျက်ဆီးနေလေသည်။ 


အလယ်ခေါင်မှ အနည်းငယ်ဝသောလူက လက်ပိုက်ထားလျက် "ငါတို့ မင်းကို မိတ်ဆက်ပါရစေ၊ ကျန့်ရှောက်ယွမ်၊ ဖုန်းဝေရန့်၊ ကျန်းဇီဖျင်


တစ်နည်းအားဖြင့်ဆိုရသော် စုချီယွဲ့၏ တစ်ဖက်ခြမ်းတွင် ရပ်နေသော လူသုံးယောက်မှာ နာမည်တူတွေရှိကြပြီး ထိုလူငယ်လေးမှာ ကျန်းဇီဖျင်ဖြစ်နေသည်။ 


စုချီယွဲ့ ဤနာမည်သုံးခုကို စိတ်ထဲမှ တိတ်တဆိတ် ထပ်ခါထပ်ခါရေရွတ်လိုက်ပြီးမှ နှလုံးခုန်သံလွဲသွားရတော့မလိုပင်။ အိုး မိုင် ဂေါ့ ... ဒီသုံးယောက်က မူလပိုင်ရှင် အနာဂတ်မှာ ဒုက္ခပေးမယ့် Gongတွေမဟုတ်ဘူးလားကွ...  


မူရင်းစာအုပ်၌ ဤကဲ့သို့သောဇာတ်ကွက်မရှိပါချေ၊ ဒါဆို အခု သူတို့ ဘာကြောင့်ရောက်လာကြတာလဲ။ 


"ငါ မင်းတို့နဲ့ ဘာမှလုပ်စရာမရှိဘူးလို့ ထင်တာပဲစုချီယွဲ့က သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်၏။ ယခုအခါ သူ မြန်မြန်လေး ထွက်ပြေးချင်နေရုံသာ၊ "ဘာမှမရှိဘူးဆိုရင် ငါအရင်သွားတော့မယ်နော်


"ရပ်စမ်း!" စုချီယွဲ့ လှည့်ကြည့်လိုက်၏။ ကျိုးရှင်းယဲ့ကရော ဘာလို့ ဒီပျော်စရာထဲမှာ ဝင်ပါလာရတာတုန်းဟ


ထို့နောက် ကျိုးရှင်းယဲ့က နှစ်ပေါင်းများစွာ သူငယ်ချင်းကောင်းများဖြစ်နေသကဲ့သို့ ထိုလူသုံးယောက်နှင့်အတူရပ်လိုက်သည်ကို စုချီယွဲ့တွေ့လိုက်ရသည်။  


ပုံမှန်မဟုတ်ဘူးပဲ၊ သူတို့ ရှင်းရှင်းကြီးကို တစ်ယောက်နဲ့တစ်ယောက် မသိကြဘူးလေ


"လာမရှုပ်နဲ့နော်၊ မင်းတို့ နောက်တစ်လှမ်း ရှေ့တိုးလာရင် ငါ..." စုချီယွဲ့ ပြောနေရင်း နောက်ပြန်ဆုတ်သွားသည်။ 


ကျန်းဇီဖျင် နှာမှုတ်လိုက်ကာ "မင်းဘာလုပ်ချင်တာလဲ? ဗလက္ကာရလုပ်နေပါတယ်လို့ အော်မလို့လား? ဓားပြတိုက်ခံနေရပါတယ်လို့အော်မလို့လား?" 


စုချီယွဲ့ ဘေးကင်းနိုင်မည့်အကွာအဝေးကို လှမ်းကြည့်ရင်း နောက်လှည့်ကာ တစ်ဟုန်ထိုးထွက်ပြေးပါတော့သည်။ 


xxx