[Unicode]
စုချီယွဲ့ ဘေးကင်းနိုင်မည့်အကွာအဝေးကို လှမ်းကြည့်ရင်း နောက်လှည့်ကာ တစ်ဟုန်ထိုးထွက်ပြေးပါတော့သည်။
ထိုလူလေးယောက်လည်း သူ့နောက်မှအော်ဟစ်ကာ အရူးအမူးလိုက်ဖမ်းနေကြသည်။ စုချီယွဲ့ က ကျောင်းဝင်းထဲကို အရှိန်တင်ပြေးလာပြီး တံခါးဝမှ ဦးလေးကြီးကို အမြန်အော်ပြောလိုက်သည်။
"ဦးလေးရေ မြန်မြန်လုပ်ပါဦး၊ သူတို့ ကျွန်တော့်နောက်လိုက်နေကြတာ!"
ဦးလေးကြီးက ဒါဟာ သည်းမခံနိုင်စရာကောင်းတယ်လို့မြင်၍ လုံခြုံရေးအစောင့်ကိုခေါ်ကာ ကျောင်းတံခါးအပြင်ဘက်မှာ သူတို့ကိုတားခိုင်းလိုက်သည်။ ကျိုးရှင်းယဲ့သာ ကျောင်းသားကတ်ကိုမပြခဲ့ရင် သူက ရဲကိုတောင် ဖုန်းဆက်အကြောင်းကြားတော့မည်ဖြစ်သည်။
စုချီယွဲ့ အိပ်ဆောင်သို့ ပြန်ပြေးလာကာ သူ့အဆုတ်တွေ ပေါက်ကွဲတော့မလို ခံစားနေရလျက်။ သူ အရင်က ဒီလိုမျိုးတစ်ခါမှမပြေးဖူးဘူးလေ။
သို့သော်လည်း သူ စာအုပ်ထဲသို့ကူးပြောင်းလာပြီးကတည်းက ဤကမ္ဘာကြီးဟာ တစ်ခုခုမှားနေပြီမှန်း သေချာနေလေပြီ။ ထိုလူလေးယောက်က တကယ်ပဲ အတူတူရှိနေကြပြီဆိုတော့ သူတို့ယခင်ဘဝက ကလဲ့စားချေခြင်းကို မကျေနပ်နိုင်သေးဘဲ ဒီဘဝမှာ ဆက်ပြီးကလဲ့စားချေချင်နေပုံရတယ်။
မဟုတ်မှလွဲရော အဲဒီလူလေးယောက်လည်း ပြန်လည်မွေးဖွားလာကြတာလား?
ဒါကြီးက ကြောက်စရာကောင်းလွန်းတယ်လေ။ အခု ဒီကမ္ဘာကြီးထဲမှာ သူ ရှင်သန်နိုင်ပါတော့မလားလို့?
စုချီယွဲ့ အသက်ရှူရအဆင်ပြေလာပြီး သူ့မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်လိုက်သည်။
ကောင်းပြီလေ၊ သူ သန်မာဖို့လိုပြီပဲ!
သို့သော် သူအပြင်မထွက်နိုင်တော့သဖြင့် အင်တာဗျူးလည်း ပျက်သွားခဲ့လေပြီ။ သူတစ်သက်လုံး ပုန်းအောင်းနိုင်ရင်တောင် ဘာစားသောက်ရမှာတုန်းလို့?
ဒီလူလေးယောက်က ဘာဆက်လုပ်မယ်မှန်း သူမသိသေးသော်လည်း ကောင်းသည့်အရာမဟုတ်တာတော့ သေချာနေပါရဲ့။ သူဘာလုပ်သင့်သလဲ?
အိပ်ဆောင်ကုတင်ပေါ်တွင် လှဲအိပ်နေလျက် ထိပ်ဆုံးမှ အောက်ဆုံးအထိ contactများကို လိုက်ကြည့်နေမိသည်။ မူလပိုင်ရှင်သည် ကောလိပ်တက်ကတည်းက ကျိုးရှင်းယဲ့နှင့်သာ နေ့တိုင်းအတူရှိနေတတ်ပြီး သူငယ်ချင်းအနည်းငယ်သာရှိကြောင်း တွေ့ရှိလိုက်ရ၏။ သူနှင့် အခန်းဖော်သုံးယောက်ကြားက ဆက်ဆံရေးက ကောင်းပေမယ့် အခု သူတို့ ဒီမှာမရှိကြဘူးလေ။
သူပြောပြနိုင်သောတစ်ဦးတည်းသောသူမှာ ထန်ယဲ့သာ။
[စာမေးပွဲပြီးပြီလား?]
ထန်ယဲ့အကြောင်း သူတွေးနေရင်း ထိုသူ့ဆီမှ မက်ဆေ့ခ်ျရောက်လာခဲ့သည်။
စုချီယွဲ့ အလွန်အံ့အားသင့်သွားရလျက်။ ထန်ယဲ့က သူစာမေးပွဲရှိတဲ့အကြောင်းကို ဘယ်လိုသိတာပါလိမ့်။ ဒီမင်းသားမှာ ကောင်းကင်မျက်လုံးရှိတာလားဟ။
[မဆိုးပါဘူး၊ ကျွန်တော် စာမေးပွဲတော့မကျပါဘူးဗျာ [ပျော်ရွှင်နေတဲ့gif]]
ထန်ယဲ့: [အိမ်ပြန်ဖို့ အဆင်သင့်ဖြစ်နေပြီလား?]
စုချီယွဲ့ : [ကျွန်တော် ငွေရှာဖို့ အချိန်ပိုင်းအလုပ်တစ်ခုရှာချင်တာ]
ထန်ယဲ့: [မင်း ဘယ်လိုအလုပ်မျိုးကို ရှာချင်တာလဲ?]
စုချီယွဲ့ : [ဗိုက်ပြည့်သရွေ့ ဘာမဆို အဆင်ပြေပါတယ်ဗျာ (မျက်နှာအုပ်ထားတဲ့ gif)]
ထန်ယဲ့: [ရုပ်ရှင်အဖွဲ့ထဲမှာ အရန်ဇာတ်ကောင်တွေ စုဆောင်းနေတာ၊ လစာတော့သိပ်မများပေမယ့် နေ့လည်စာကျွေးတယ်]
စုချီယွဲ့ ဤအကြောင်းကို တစ်ခါမှမတွေးဖူးပေမယ့် ဒါသည်လည်း အခွင့်အရေးတစ်ခုပင်။ ဘာပဲဖြစ်ဖြစ် စားစရာတော့ရှိပေမယ့် သူ ဘယ်လိုအပြင်ထွက်ရပါ့မလဲနော်။
ထန်ယဲ့: [ရုပ်ရှင်အဖွဲ့က မင်းကိုလာခေါ်ဖို့ ကားတစ်စီးရှိတယ်။ မင်းလာချင်ရင် စာရင်းသွင်းဖို့ ဒီလူကို ရှာလိုက်နော်]
ထို့နောက် ထန်ယဲ့ ဖုန်းနံပါတ်တစ်ခုပို့လာခဲ့သည်။
စုချီယွဲ့ သူ့လက်ကိုင်ဖုန်းကို ပွေ့ဖက်၍ ရူးသွပ်နေသလိုနမ်းလိုက်သည်။ အခုချိန်မှာ ထန်ယဲ့က သူ့ရဲ့ ကယ်တင်ရှင်ဖြစ်ပြီး သူ အခက်အခဲတွေကြုံရတိုင်း ကူညီဖြေရှင်းပေးနိုင်သူပင်။ သူ့ရဲ့နတ်ဘုရားပဲကွ!
စုချီယွဲ့ : [(ကျေးဇူးတင်ပါတယ် နတ်ဘုရားရေgif)၊ (ကျေးဇူးတင်လွန်းလို့ဒူးထောက်နေတဲ့gif)]
စုချီယွဲ့ ထိုလူကို ဖုန်းခေါ်လိုက်သည်။
"ဟယ်လို မစ္စတာဝေ့လားဗျ? ကျွန်တော့်နာမည် စုချီယွဲ့ပါ။ ရုပ်ရှင်အဖွဲ့အတွက် လူသစ်စုဆောင်းနေတယ်လို့ ကျွန်တော်ကြားလို့လေ၊ ကျွန်တော်လည်း..."
"စာရင်းသွင်းချင်လို့လား? ကိစ္စမရှိပါဘူး၊ မနက်ဖြန် မနက် ၇:၃၀ကျရင် မင်းရဲ့ ကျောင်းဂိတ်မှာ လာခေါ်လိုက်မယ်။ နောက်မကျနဲ့နော်။ ပြီးတော့ မင်းရဲ့ ID ကတ်ကိုလည်းယူလာခဲ့" ဟူ၍ ပြတ်ပြတ်သားသားပြောပြီးသည်နဲ့ တိုက်ရိုက်ပင် ဖုန်းချသွားလေသည်။
စုချီယွဲ့က သူ့ကိုယ်သူတောင် မမိတ်ဆက်ရသေးခင် busy toneကိုသာ ကြားလိုက်ရ၏။ သူ ဘာမှတောင်မပြောရသေးဘူးလေ၊ သူနဲ့ မစ္စတာဝေ့ဆိုတာကလည်း မတွေ့ဖူးကြဘူးလေ၊ ဘာလို့ လွယ်လွယ်ကြီးလက်ခံလိုက်ရတာတုန်းဟ။
(ရှင့်ချစ်ချစ်ကြီးမျက်နှာကြောင့်ပေါ့ကွယ် 😝)
ထန်ယဲ့က သူ့အတွက် ကြိုပြောပေးထားတာများလား?
သူ့လို အရမ်းအလုပ်များတဲ့ သရုပ်ဆောင်တစ်ယောက်က ဒီဇာတ်ကောင်သေးသေးလေးအကြောင်း စိုးရိမ်နေပါ့မလားနော်။
ဘာပဲဖြစ်ဖြစ် သူ ထန်ယဲ့ကို သေချာကျေးဇူးတင်ပြီး အလုပ်ကြိုးစားရမယ်...
နောက်တစ်နေ့တွင် စုချီယွဲ့ အစောကြီးအိပ်ရာထပြီး သေသေချာချာဝတ်စားလိုက်ရာ တက်ကြွလန်းဆန်းနေပုံပေါ်နေသည်။
စုချီယွဲ့ မှန်အကြာကြီးကြည့်လိုက်ပြီးမှ ကျေနပ်စွာ အိပ်ဆောင်ထဲမှ ထွက်လာခဲ့၏။
စုချီယွဲ့ ဂိတ်တံခါးဆီမရောက်ခင် အနက်ရောင်မာစီဒီးတစ်စီး လမ်းမပေါ်မှာရပ်ထားသည်ကို တွေ့လိုက်ရသည်။ ထိုကားမှာ ကျိုးရှင်းယဲ့၏ကားပင်။ မူလပိုင်ရှင်လည်း အကြိမ်များစွာ စီးခဲ့ဖူးသည်လေ။
သူ ကျောင်းမှထွက်လာသည်ကိုမြင်သည့်အခါ လူလေးယောက် ကားပေါ်မှဆင်းလာပြီး သူ့ကိုစောင့်နေကြပြန်သည်။
စုချီယွဲ့ ဖြည်းဖြည်းချင်းလမ်းလျှောက်လာခဲ့ပြီး တံခါးဝသို့ရောက်သည်နှင့် အရူးသဖွယ်ပြေးသွားကာ အချိန်အတော်ကြာပါကင်ထိုးထားသည့် ဘတ်စ်ကားပေါ်သို့ တိုက်ရိုက်တက်လိုက်တော့သည်။ ထိုလူလေးယောက်ကို ဖယ်ထုတ်ပစ်နိုင်ပြီးမှသာ သူ စိတ်သက်သာရာရသွားလေပြီ။
ဘတ်စ်ကားပေါ်မှာ လူတော်တော်များများရှိနှင့်နေပြီဖြစ်သည်။
စုချီယွဲ့ ဘေးမှာထိုင်နေသော သက်လတ်ပိုင်းအမျိုးသမီးက သူ့ကိုမြင်သောအခါ အံ့အားသင့်ဟန်ဖြင့်
"မင်းလည်း အပိုဇာတ်ကောင်အဖွဲ့ထဲပါမလို့လား"
"ဟုတ်ပါတယ်"
"မင်းက ဇာတ်လိုက်ဖြစ်နိုင်တယ်လို့ ငါထင်နေတာ" အမျိုးသမီးက သူ့ကို ပြုံးပြုံးလေးကြည့်ရင်းပြောလိုက်သည်။
စုချီယွဲ့ ဘယ်လိုပြန်ဖြေရမှန်းမသိသောကြောင့် ပြုံးရုံသာပြုံးနေလိုက်တော့သည်။
"လောင်ဝေ့ ငါတို့ ထန်ဖေးအဆောက်အဦးမှာ ကားရပ်မယ်လို့ ပြောထားခဲ့တာမဟုတ်ဘူးလား၊ ဘာလို့ ကျန်းချန်တက္ကသိုလ်ဆီ ရုတ်တရက်ပြောင်းသွားတာတုန်းဟ"
စုချီယွဲ့ သူ့ဖုန်းကိုသာ ငုံ့ကြည့်နေခဲ့ပြီး ကားပေါ်ရှိလူများစကားစမြည်ပြောသံကို ကြားနေရသည်။
"ယာယီအပြောင်းအလဲရှိသွားလို့ပဲ၊ ငါလည်းမတတ်နိုင်ဘူးလေ။ အားလုံးပဲ ငါ့ကိုခွင့်လွှတ်ကြကွာ"
လောင်ဝေ့က ရယ်ရယ်မောမောပြောကာ စုချီယွဲ့ဆီ မျက်စိတစ်ဖက်မှိတ်ပြလိုက်သေးသည်။
စုချီယွဲ့: ခင်ဗျားပြန်ပေးဆွဲခံရဖူးလားနော်? ဒါဆို ဘာလို့ ကျွန်တော့်ဆီ မျက်စိတစ်ဖက်မှိတ်ပြနေတာတုန်းလို့!
စုချီယွဲ့ ခေါင်းလှည့်ပြီး ဘတ်စ်ကားနောက်မှလိုက်လာသည့် အနက်ရောင်မာစီဒီးကိုကြည့်လိုက်သည်။ ဟေး... ကြည့်ရတာတော့ ပြန်ပေးဆွဲခံရတဲ့သူက လောင်ဝေ့မဟုတ်ဘဲ စုချီယွဲ့လို့ထင်ရတာပါနော်။
ဒီလေးယောက်က ဘာဖြစ်နေတာတုန်းဟ? ဘာလို့သူ့နောက်လိုက်နေကြတာလဲ!
ဘတ်စ်ကားမှာ လမ်းတစ်လျှောက်လုံး ယိမ်းထိုးသွားနေကာ ကျန်းချန် တောင်ဘက်ရှိ တောင်ထဲသို့ ဝင်ရောက်လာခဲ့သည်။ လမ်းက ကြမ်းတမ်းသော်လည်း ရှုခင်းအလွန်လှပေသည်။
ငှက်များတကျိကျိမြည်တမ်းနေပြီး၊ ပန်းများဖူးပွင့်နေကြသလို၊ အကိုင်းအခက်အရွက်များလည်း သဘာဝအလျောက်စိမ်းလန်းနေကြလျက်။
နောက်ဆုံးတွင်မူ ရိုက်ကူးရေးနေရာကိုရောက်ပြီဖြစ်၍ စုချီယွဲ့လည်း လူအုပ်ကြီးနောက်သို့လိုက်ကာ ကားပေါ်မှဆင်းလိုက်ပြီး အစီအစဉ်ကိုစောင့်ဆိုင်းနေခဲ့သည်။
မကြာမီတွင် အခြားလူများကို ခေါ်ဆောင်သွားပြီး စုချီယွဲ့ တစ်ယောက်တည်းကျန်ခဲ့လေသည်။ လက်ထောက်ဒါရိုက်တာဟူ၍ အမည်တပ်ထားသော လူတစ်ယောက်က သူ့ရှေ့မှာလာရပ်၍ သူ့ကို အချိန်အတော်ကြာကြည့်နေပြီးမှ
"လောင်ဝေ့က တော်တယ်ကွာ၊ အပိုဇာတ်ကောင်အဖွဲ့ထဲမှာ အမိုက်စားလေးရှိနေတာပဲဟေ့။ ဒါက ဘယ်လိုလုပ်ပြီး အပိုဇာတ်ကောင်လေးဖြစ်ရမှာတုန်း? ဇာတ်ညွှန်းရေးဆရာတောင်မှ ဇာတ်ဝင်ခန်းသေးသေးလေးတစ်ခု ထပ်ထည့်ချင်သွားလိမ့်မှာ။ လာခဲ့၊ ဒါရိုက်တာနဲ့တွေ့ဖို့ ငါ့နောက်လိုက်ခဲ့ကွာ"
စုချီယွဲ့: သူ့ကို လူတွေက ရူးသွပ်စွာလိုက်ဖမ်းနေကြတာ၊ ဒါဟာ ကံဆိုးခြင်းရဲ့ အစပဲလားနော်?
"စုချီယွဲ့ မပြေးနဲ့!"
သူမထွက်ခွာမီတွင် ကျိုးရှင်းယဲ့တို့အဖွဲ့က သူ့ကို နောက်တစ်ကြိမ်လိုက်ဖမ်းကြပြန်သည်။
ဘယ်လိုလုပ်ပြီး စုချီယွဲ့က သူတို့စကားတွေကို နားထောင်မှာလဲနော်။ ထိုလူလေးယောက်ရဲ့ အသံများ နီးသထက် နီးလာသောကြောင့် သူလည်း အမြန်ပြေးရပြန်သည်။ သူမယုံပါဘူးနော်၊ ဒီနေရာမှာ လူအများကြီးရှိတာလေ၊ ဒီလူလေးယောက်က သူ့ကို ဘာလုပ်ဝံ့မှာလဲ! ဒီလူတွေက ဒီလိုမျိုး သူ့ကိုဆက်လိုက်ဖမ်းနေမယ်ဆိုရင်တော့ သူ ရဲခေါ်လိုက်တော့မယ်!
စုချီယွဲ့ ဤနေရာနှင့် မရင်းနှီးသောကြောင့် လမ်းကြောင်းမှန်ကိုရှာလို့မတွေ့ဘဲ သူ့စိတ်ထဲတွင် အတွေးနှစ်ခုပေါ်လာလေ၏ - ရုပ်ရှင်အဖွဲ့သားတွေကို မထိခိုက်စေနဲ့၊ ကျိုးရှင်းယဲ့တို့အဖွဲ့ သူ့ကို ဖမ်းမမိစေနဲ့။
သူပြန်လှည့်လှည့်ကြည့်နေသည်ကြောင့် ခြေချော်သွားကာ အရှိန်မထိန်းနိုင်တော့ဘဲ တစ်စုံတစ်ယောက်၏ရင်ခွင်ထဲ ဝင်တိုက်မိသွားလေသည်။
စုချီယွဲ့ တဖက်လူဆီမှ ပြန်ဆုတ်ကာ တောင်းပန်ချင်ပေမယ့် ထိုလူက သူ့ခေါင်းကို ထိကိုင်ကာ သူ့လည်ပင်းနားမှာ ဖိကပ်ထားလိုက်မယ်လို့ မမျှော်လင့်ထားမိခဲ့ပေ။
သူ့နှာခေါင်းဖျားမှ အကျွမ်းတဝင်ရှိလှသော၊ ကြည်လင်အေးမြသောရနံ့လေးကို ရလိုက်သလို သူ့လက်ဖဝါးများကလည်း သန်မာတောင့်တင်းသောရင်ဘတ်ကို ထိမိနေပြီး သူ့ခေါင်းသည်လည်း ဆွဲဆောင်မှုရှိသောညှပ်ရိုးပေါ်မှာ ရှိနေလေ၏...
ထိုလူပြောလိုက်သောစကားလုံးများပင်လျှင် ချောကလက်ကဲ့သို့၊ ချိုသာနူးညံ့နေပြီး ညင်သာနေလေသည်
"လိမ္မာတယ်နော် မလှုပ်နဲ့…"
စာရေးသူမှာ ပြောစရာရှိပါတယ်။
ထန်ယဲ့: လိမ္မာတယ် မလှုပ်နဲ့ဦး၊ ကိုယ့်ကို နည်းနည်းကြာကြာဖက်ခွင့်ပေးပါဦး...
Thanks for reading!