[Unicode]
ဤသည်ကား ထန်ယဲ့၏အသံပင်။ ဒီအသံဟာ စုချီယွဲ့အား နားမလည်နိုင်လောက်အောင် စိတ်အေးချမ်းသွားစေသည်။
ကျိုးရှင်းယဲ့နှင့် အခြားသူများလည်း ထန်ယဲ့ရင်ခွင်ထဲ ဆိုက်ဆိုက်မြိုက်မြိုက်တိုးဝင်သွားသော စုချီယွဲ့ကို တွေ့လိုက်ကြ၍ အားလုံး ရပ်တန့်သွားပြီး တုံ့ဆိုင်းသွားကြလေသည်။
ကျိုးရှင်းယဲ့မှလွဲ၍ ကျန်သုံးယောက်လုံး ဝမ်းသာအားရဖြစ်သွားကြလျက်။
ထန်ယဲ့ကို ဝင်တိုက်ဝံ့သူဟာ သူ့ဘဝက ချောမွေ့လွန်းနေလို့ သူ့ကိုယ်သူ ဒုက္ခရှာချင်နေသူပဲလို့ ရိုးရိုးလေးထင်မြင်မိ၍သာ။
ထန်ယဲ့သည် လူအများနှင့် နီးနီးကပ်ကပ်နေရသည်ကို မနှစ်သက်ကြောင်း နာမည်ကြီးလေ၏။ ဖျော်ဖြေရေးလောကထဲတွင် နှစ်အတော်ကြာပြီးနောက် မည်သူကမှ သူနှင့် CPမလုပ်ရဲကြတော့ဘဲ ပြဿနာမတက်လိုကြပေ။
ဤအကြောင်းကို အခြားမည်သူမျှမသိသော်လည်း ကျန်းဇီဖျင် ကောင်းစွာသိနားလည်ပေသည်။
ကုမ္ပဏီ၌ သူ ထရိန်နင်တစ်ဦးအဖြစ်ရှိနေစဥ်အခါက စွမ်းရည်ပြိုင်ပွဲတစ်ခုတွင် သူဝင်ပြိုင်ခဲ့ကာ အဖွဲ့၏centerအဖြစ် ပွဲဦးထွက်ခဲ့ပြီးနောက် ထန်ယဲ့အကြောင်းကို သေချာနားလည်လာခဲ့သည်။
သို့သော် သူတို့က ဒေါသထွက်နေသောထန်ယဲ့ကိုတွေ့ရမည့်အစား နူးညံ့ညင်သာနေသောထန်ယဲ့ကိုသာ တွေ့လိုက်ရလေ၏။
"လိမ္မာတယ်နော်၊ မလှုပ်နဲ့..."တဲ့။
ဤစကားသုံးလုံးမှာ လူလေးယောက်၏နားထဲသို့ ပျံ့လွင့်သွားသည့်အခါ ပတ်ဝန်းကျင်အပူချိန်သည်လည်း ၁၀ဒီဂရီကျော်ကျဆင်းသွားပုံရပြီး လူတွေကိုတုန်ယင်သွားစေခဲ့သည်။
ဒါက ထန်ယဲ့လား? သရဲဝင်ပူးနေတာများလားဟ?
လေပြင်းတစ်ချက်ဝေ့သွားချိန် သူတို့လေးယောက်သား ပတ်ပတ်လည်ကိုကြည့်လိုက်၏။ အမလေး ဒီတောင်ပေါ်မှာ တစ္ဆေသရဲတွေရှိနေတာများလား?
စုချီယွဲ့လည်း ထန်ယဲ့ရင်ခွင်ထဲမှာ အချိန်အတော်ကြာနေခဲ့ရပြီး နောက်ဆုံးတွင် ထန်ယဲ့ လွှတ်ပေးလိုက်သည်ကို ခံစားလိုက်ရသောကြောင့် သူ မတ်မတ်ပြန်ရပ်ပြီး ပတ်ပတ်လည်ကိုကြည့်လိုက်သည့်အခါ သူ့မျက်နှာချင်းဆိုင်တွင် ရုပ်တုကြီးလေးခုကဲ့သို့ မိန်းမောတွေဝေစွာ ရပ်နေကြသော လူလေးယောက်ကို တွေ့လိုက်ရသည်။
ထန်ယဲ့က ကျိုးရှင်းယဲ့နှင့်တခြားသူများကိုကြည့်လိုက်ပြီးနောက် စုချီယွဲ့ကိုပြန်ကြည့်ကာ
"ကိုယ့်အကူအညီလိုသေးလား?"
စုချီယွဲ့ တစ်ချက်တွေးကြည့်ပြီးမှ ခေါင်းယမ်းပြလိုက်သည်။ ဒီလူတွေ တကယ်ပဲ ပြန်လည်မွေးဖွားလာတာဟုတ်မဟုတ် သူအတည်ပြုရမယ်၊ မဟုတ်ရင် သူတို့က သူ့နောက်ဘာလို့လိုက်နေကြမှာလဲနော်။
ဒီကောင်တွေက ထန်ယဲ့ကိုကြောက်ပုံပေါ်တယ်ဆိုတော့ ထန်ယဲ့ သူ့အနားမှာရှိနေတုန်း သူမေးလို့ရလောက်တယ်လေ။
"ကျိုးရှင်းယဲ့ကလွဲရင် ငါတို့တစ်ယောက်နဲ့တစ်ယောက် မသိကြဘူးလေ။ မင်းတို့ ငါ့နောက်ကို ဘာလို့လိုက်နေကြမှန်းငါမသိဘူး။ မင်းတို့ကောင်းကောင်းရှင်းပြနိုင်ရင်ရှင်းပြ၊ မဟုတ်ရင် ငါ ရဲခေါ်ရလိမ့်မယ်နော်"
စုချီယွဲ့ ပြောလိုက်သည်။
သစ္စာဖောက်ခံခဲ့ရသော ဒုတိယGong ကျန့်ရှောက်ယွမ် ရှေ့ထွက်လာကာ ပြောလာခဲ့သည်။
"ငါတို့ဘာမှမလုပ်ချင်ပါဘူး။ မင်းထွက်ပြေးနေဖို့လည်းမလိုသလို ရဲကိုခေါ်ဖို့လည်းမလိုဘူး။ ငါတို့က မင်းကို သဘောတူညီချက်တစ်ခုကို လက်မှတ်ထိုးစေချင်ရုံလေးပဲ"
"ဘာသဘောတူညီချက်လဲ?"
စုချီယွဲ့ စိတ်ရှုပ်သွားရလျက်။
သစ္စာဖောက်ခံခဲ့ရသော တတိယGong ဖုန်းဝေရန့်က ဆက်ပြောလာခဲ့သည်။
"အနာဂတ်မှာ မင်း ဒိတ်မလုပ်ဘူး၊ လက်မထပ်ဘူး၊ တခြားသူတွေနဲ့မချစ်ဘူးလို့ ကတိပေးကိုပေးရမယ်!"
ဖာ့ခ် !
စုချီယွဲ့ စိတ်ထဲမှ ကျိန်ဆဲပါတော့သည်။
"ဘာလို့တုန်း၊ မင်းတို့ကလူပိုများတာကြောင့်ပဲလား"
ရယ်စရာကောင်းလိုက်တာ၊ ဒီလူတွေက ပြန်လည်မွေးဖွားလာတယ်ဆိုရင်တောင်မှ သူ့ရဲ့လက်ရှိကိုယ်ပိုင်လွတ်လပ်ခွင့်ကို အနှောင့်အယှက်ပေးလို့မရဘူးလေနော်။
ပြီးတော့ ဒီကောင်တွေက ဒီဘဝမှာ ဘာထိခိုက်မှုမှမရှိသေးဘူးလေ ဟုတ်တယ်မလား?
အရင်ဘဝက သူတို့နာကျင်ခဲ့ရတယ်ဆိုရင်တောင်မှ သူတို့ကလဲ့စားချေခဲ့တာပဲဟာ၊ ဒီဘဝမှာလည်း ဆက်ပြီးလက်စားချေချင်ကြသေးတာလား!
ကျန်းဇီဖျင် : "အကြောင်းပြချက်တွေမေးနေစရာမလိုဘူး။ မင်း ဒီလိုသဘောတူညီချက်မရေးသရွေ့တော့ မင်းမရေးမချင်း ငါတို့နောက်ကနေလိုက်နေမှာပဲ!"
"မင်းတို့ အရမ်းထူးဆန်းနေကြတယ်လို့ မင်းတို့ကိုယ်မင်းတို့မထင်မိကြဘူးလား? မင်းတို့မှာ စိတ်ပိုင်းဆိုင်ရာပုံမှန်မဟုတ်တာဖြစ်ဖြစ်၊ မင်းတို့ရဲ့ ကံမကောင်းအကြောင်းမလှတဲ့ငယ်ဘဝရှိခဲ့တာပဲဖြစ်ဖြစ်၊ ငါဂရုမစိုက်ဘူးနော်၊ ဒါတွေက ငါနဲ့ဘာမှမဆိုင်ဘူးလေ"
စုချီယွဲ့ ဒေါသအလွန်ထွက်နေလျက်။
"မင်းတို့ ငါ့နောက်ဆက်လိုက်နေကြမယ်ဆိုရင် ငါ ရဲခေါ်ရလိမ့်မယ်။ မင်းတို့ရဲ့ဘဝကိုထိခိုက်စေချင်မယ်လို့တော့ ငါမထင်ပါဘူးနော်။ မင်းတို့သိပါတယ်၊ ဒီနေ့ခေတ်ရဲ့အင်တာနက်တိုးတက်လာတာနဲ့အမျှ မင်းတို့က ငါ့ကို အေးအေးချမ်းချမ်းပေးမနေစေချင်ဘူးဆိုရင် ငါကလည်း မင်းတို့ဘဝကို ကောင်းကောင်းမနေရအောင်လုပ်ဖို့ မခက်ခဲဘူးနော်။ နောက်ပြီးတော့ ငါက ဥပဒေကိုမချိုးဖောက်ထားသလို ကိုယ်ကျင့်တရားလည်းပျက်မနေဘူး၊ ငါကတစ်ယောက်တည်းနေရတာဆိုတော့ ဘာကိုမှကြောက်နေစရာလည်းမရှိဘူး။ မင်းတို့မှာတော့ မင်းတို့ဂရုစိုက်တဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေရှိမှာပဲ။ အဆိုးဆုံးကတော့ နှစ်ဖက်လုံး အတူတူပျက်စီးကြတာပေါ့!"
စုချီယွဲ့ ပိုလေးနက်လာလေလေ၊ လူလေးယောက်လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မဝံ့မရဲဖြစ်လာကြလေသည်။
သူတို့၏မူလအကြံအစည်မှာ ဘုရားသခင်က သူတို့ကို တဖန်ပြန်လည်မွေးဖွားခွင့်ပေးခဲ့သည့်အတွက်၊ သူတို့ဟာ ကမ္ဘာပေါ်ရှိ အမျိုးသားများကို ကယ်တင်ရမည်ဖြစ်ပြီး စုချီယွဲ့အားတခြားလူများကို ထိခိုက်နာကျင်အောင်လုပ်ခွင့်မပြုနိုင်ချေ။ သူ့ကို အချိန်တိုင်းလိုက်ဖမ်းနေရုံနှင့် မလုံလောက်မှန်း သိသာနေလျက်။ သူတို့မှာလည်း ပုံမှန်ဘဝရှိနေဆဲဖြစ်သည်လေ။
စုချီယွဲ့ကို အရမ်းစိတ်ရှုပ်အောင်လုပ်မိသွားရင် ပြန်ပြင်လို့မရတော့တဲ့တစ်ခုခုကို လုပ်မိသွားရင် ပိုဆိုးသွားလိမ့်မယ်။
သို့သော်လည်း ယခုအခါ သူတို့လေးယောက် တစ်ခုကိုတော့ သေချာသိသွားခဲ့လေပြီ။ - စုချီယွဲ့က သူတို့လိုမျိုး ပြန်လည်မွေးဖွားလာတာမဟုတ်ဘူး၊ မဟုတ်ရင်တော့ စုချီယွဲ့က သူတို့ရဲ့ အသေးစိတ်ကိုသိနေရင် ပိုခက်ခဲသွားလိမ့်မယ်။
ကျိုးရှင်းယဲ့က စုချီယွဲ့ကိုကြည့်ပြီးနောက် သူ့နောက်မှ ထန်ယဲ့ကိုကြည့်၍
"မင်းသဘောမတူဘူးပေါ့လေ၊ မင်းက ထန်ယဲ့ကို လိုက်ဖို့ကြိုးစားနေတာလား?"
ကျန်သုံးယောက်က ကျိုးရှင်းယဲ့ပြောတာကိုကြားသည့်အခါ ချက်ချင်းပင် နိုးကြားလာကြကာ
"မင်းသားထန်ရေ စုချီယွဲ့မျက်နှာကြောင့် အလှည့်စားမခံရစေနဲ့နော်။ မဟုတ်ရင် မင်း နောင်တရလိမ့်မယ်။ မင်းချစ်ချင်ရင်တော့ ကြင်နာတတ်ပြီး မင်းကိုတကယ်ဂရုစိုက်တဲ့သူကိုရှာပါဗျာ။ အဲဒါမှ မင်း ချောက်ထဲမပြုတ်ကျမှာ၊ တခြားလူတွေအတွက် ကူပြောပေးမနေပါနဲ့တော့"
ထန်ယဲ့ မျက်ခုံးပင့်၍ စကားပြောလိုက်သောကျန်းဇီဖျင်ကို ကြည့်ကာ
"ငါက မင်းတို့ကောင်တွေလိုရူးနေလို့လား?"
တစ်ဖက်ရှိလူလေးယောက်: ငါတို့သွယ်ဝိုက်ပြောခံလိုက်ရတာပဲ၊ ဒါပေမဲ့ ဘာအဓိပ္ပါယ်မှန်းနားမလည်လို့ အရမ်းဒေါသထွက်မိတယ်။ ပိုပြီးဒေါသဖြစ်မိတာကတော့ သူ့အပေါ် ငါတို့ဘာမှမလုပ်နိုင်တာကိုပဲ။
စုချီယွဲ့ကို ငါတို့မနိုင်ခဲ့ရုံသာမက ထန်ယဲ့ဆီမှ အထင်အမြင်သေးခံလိုက်ရသေးသည်။ လေးယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ထွက်သွားရုံမှလွဲပြီး ရွေးချယ်စရာမရှိတော့ချေ။
ထိုလူလေးယောက် ထွက်သွားသည်ကိုမြင်လိုက်ရ၍ စုချီယွဲ့ သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် ထန်ယဲ့အား လေးစားသောအကြည့်တို့ဖြင့်
"ထန်လောင်ရှီးရဲ့ စကားတစ်ခွန်းက ကျွန်တော်ပြောခဲ့တဲ့စကားတွေထက် ပိုထိရောက်တယ်လို့ ခံစားရတယ်ဗျာ။ ကျွန်တော် အရမ်းအားနည်းနေတာပဲနော်"
ထန်ယဲ့ အလွန်ကျေနပ်အားရနေလျက် အပြုံးလေးနှင့် မေးလာလေသည်။
"သူတို့ မင်းနောက်ကို ဘာလို့လိုက်နေကြတာလဲ?"
စုချီယွဲ့လည်း ထန်ယဲ့အား အချိန်ကူးပြောင်းခြင်းနှင့် ပြန်လည်မွေးဖွားခြင်းအကြောင်းကို ပြောပြရန် တွန့်ဆုတ်နေမိလျက်။ ဒါကို ဘယ်သူမှယုံနိုင်မှာမဟုတ်ဘူးလေနော်။ သူ ပခုံးတွန့်ကာ
"ကျွန်တော်လည်း မသိပါဘူးဗျာ၊ အဲဒါကိုပဲ နားမလည်နိုင်ဖြစ်နေရတာပါ"
ထန်ယဲ့ စိတ်ရှုပ်ထွေးမနေဘဲ "သူတို့ မင်းကို ကြိုက်နေတာဖြစ်နိုင်တယ်"
သင်က တစ်ယောက်ယောက်ကို လေးလေးနက်နက်ချစ်နေမှသာလျှင် သူ့ကိုပိုင်ဆိုင်ချင်ပြီး တခြားသူများနှင့် မရှင်းမလင်းမဖြစ်စေချင်ကြသလို၊ တခြားသူများနှင့် ချစ်သွားမှာကို မလိုချင်ကြဘဲ တခြားသူများနှင့် လက်ထပ်သွားမှာကို စိုးရိမ်ကြသည်လေ!
ကြည့်ရတာတော့ သူဘေးကျပ်နံကျပ်ဖြစ်လာတော့မယ်ဆိုတာ သေချာနေပါပြီ။
စုချီယွဲ့က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး
"မဟုတ်ဘူး၊ မဟုတ်ပါဘူးဗျာ၊ သူတို့က ဘာလို့ ကျွန်တော့်ကိုကြိုက်ရမှာလဲ? ကျွန်တော့်မှာလည်း ကြိုက်ချင်စရာဘာမှမရှိဘဲနဲ့"
"ထန်လောင်ရှီး တကယ်ကျေးဇူးတင်ပါတယ်နော်"
စုချီယွဲ့ စိတ်ရင်းဖြင့် ကျေးဇူးတင်လိုက်၏။
"ထန်လောင်ရှီးက ဒီရက်ပိုင်း ကျွန်တော့်ကို အများကြီးကူညီပေးခဲ့တာပဲဗျာ၊ ကျွန်တော် ခင်ဗျားကို ဘယ်လိုပြန်ဆပ်ရမလဲဆိုတာမသိတော့ဘူး"
"ဒါဆို အရင်အကြွေးမှတ်ထားလိုက်လေ"
ထန်ယဲ့ပြောလိုက်သည်။
စုချီယွဲ့ အနည်းငယ်ရှက်ရွံ့သွားရလျက်။ သူ အခုချိန်မှာတော့ ဒီကျေးဇူးတွေကို မှတ်ပဲမှတ်ထားနိုင်ပြီး နောက်မှပဲ ပြန်ပေးနိုင်အောင်လို့ အလုပ်ကြိုးးစားလုပ်ရမယ်။
သူတို့နှစ်ယောက် စကားပြောနေကြစဥ် စုချီယွဲ့ ပတ်ပတ်လည်ကြည့်လိုက်သည့်အခါ သူ့အနားမှာ လူတွေအများကြီးရှိနေသည်ကို တွေ့လိုက်ရလေပြီ။ အားလုံးက အပျော်ကြည့်ဖို့ရောက်လာပုံရတယ်ဟ။
သူ့အရှေ့မှမိန်းကလေးများဟာ ကမ္ဘာသစ်ကိုရှာဖွေတွေ့ရှိထားသကဲ့သို့ သူတို့မျက်နှာသူတို့ မူပိုကာ ဖုံးအုပ်ထားကြပြီး မျက်လုံးတွေလည်း တလက်လက်တောက်ပနေကြလျက်။
သူမသိလိုက်သည်ကား ထန်ယဲ့၏ရင်ခွင်ထဲသို့ ဝင်ဆောင့်မိသော စုချီယွဲ့နှင့် ထန်ယဲ့က သူ့ကို တစ်မိနစ်တိတိပွေ့ဖက်ထားသည့် ဗီဒီယိုနှင့် ဓာတ်ပုံများကို ပရိသတ်တစ်ဦးမှ အွန်လိုင်းပေါ်တွင် တင်ထားလိုက်ပြီးဖြစ်သည်ကိုပင်။
# ထန်ယဲ့၏ပွေ့ဖက်မှု # ဟူသော ခေါင်းစဥ်မှာ နံပါတ်၁နေရာတွင်ဖြစ်နေကာ "hot"ဖြစ်နေလျက်။
ယဲ့ယွဲ့ကျို့ရှင်း: ကောကော @ထန်ယဲ့၏ပွေ့ဖက်မှုဟာ အရမ်းနွေးထွေးတာပဲနော်၊ ဒီရှောင်ကောကောကို မနာလိုဘူးဟေ့ [ယဲ့ယွဲ့ကျို့ရှင်း၏ Weiboဗီဒီယို]
ဤWeiboပို့စ်ဟာ ချက်ချင်းပင်ရေပန်းစားလာခဲ့ပြီး မိနစ်တစ်ဒါဇင်အတွင်းမှာပင် မှတ်ချက်ပေါင်း ၁၀၀၀၀၀ကျော်ရခဲ့လေသည်။
[ဒါ ငါ့ထန်ကောဟုတ်လို့လား? ဓာတ်ပုံမှားရိုက်တာများလားနော်?]
[ဒါဆို... ဒါက ရုပ်ရှင်အသစ်လားဟဲ့? နင်တို့ဟာလေ စည်းမျဥ်းရှိကြပါဦး၊ မပေါက်ကြားစေနဲ့လေဟယ်။ ပြန်ဖျက်လိုက်ဖို့ ငါအကြံပေးတယ်နော်]
[ကျေးဇူးပြုပြီး ဖျက်ပေးပါ၊ သတင်းအေဂျင်စီရဲ့အပြုအမူတွေကို တားမြစ်ပေးကြပါ!]
ဗီဒီယိုထွက်လာသည်နှင့် ထန်ယဲ့ပရိသတ်များဟာ သတင်းအေဂျင်စီမှပေါက်ကြားသည်ဟုတ်မဟုတ် သံသယမေးခွန်းထုတ်ခဲ့ကြသည်။ ထန်ယဲ့ဆိုသူဟာ ရိုက်ကွင်းပြင်ပရှိ တခြားသူများနှင့် ဤမျှလောက်နီးနီးကပ်ကပ်နေသည်ကို မည်သူမျှမမြင်ဖူးသည့်အပြင် သည်ပုံမှာက တစ်ဖက်သူကို တစ်မိနစ်ပြည့်အောင် ပွေ့ဖက်ထားလိုက်သေးသည်။
ဒါက စိတ်ကူးယဉ်နေတာပဲ ဟုတ်တယ်မဟုတ်လားလို့...
ဗီဒီယိုကိုတင်ခဲ့သည့်ပရိသတ်က ဒါကိုမြင်သည့်အခါ ရှင်းပြရန်အတွက် နောက်ထပ်Weiboပို့စ်တစ်ခုကို မြန်မြန်ထပ်တင်လာလေသည် -
ယဲ့ယွဲ့ကျို့ရှင်း: ဒါက သတင်းအေဂျင်စီက ဓာတ်ပုံမဟုတ်ပါဘူးနော်။ ဒီတိုင်း ကောအနားယူနေတုန်း ရိုက်လိုက်တဲ့ပုံလေးပါပဲလို့... ဝူး.....
မကြာမီတွင် တခြားပရိသတ်များလည်း ရှုထောင့်အမျိုးမျိုးမှ ဗီဒီယိုများနှင့် ဓာတ်ပုံများကို တင်လိုက်ရာ ကွန်ရက်တစ်ခုလုံးပေါက်ကွဲသွားပါတော့သည်။
[ကောကောက ချစ်မိသွားပြီလား? မရီးရဲ့မျက်နှာတစ်ခုလုံးကို ငါမြင်ချင်တယ်လို့]
[ငါရောပဲ]
xxx