Ch-8
Viewers 95


[Unicode] 


မကြာမီတွင် တခြားပရိသတ်များလည်း ရှုထောင့်အမျိုးမျိုးမှ ဗီဒီယိုများနှင့် ဓာတ်ပုံများကို တင်လိုက်ရာ ကွန်ရက်တစ်ခုလုံးပေါက်ကွဲသွားပါတော့သည်။ 


[ကောကောက ချစ်မိသွားပြီလား? မရီးရဲ့မျက်နှာတစ်ခုလုံးကို ငါမြင်ချင်တယ်လို့] 


[ငါရောပဲ] 


[ငါကြည့်တာမမှားရင်တော့ ငါ့ထန်ကောဖက်ထားတာက ရှောင်ကောကောပဲနော်] 


[သုံးမိနစ်အတွင်း ဒီရှောင်ကောကောရဲ့ အချက်အလက်အားလုံးကို ငါလိုချင်တယ်!] 


[ငါကဖြတ်သွားဖြတ်လာလေးပါ၊ နင်တို့ဖန်တွေက အရမ်းထူးဆန်းတာပဲနော်၊ နင်တို့ကောကောက ချစ်မိသွားပြီဆိုတာကို နင်တို့က ဘာလို့အရမ်းစိတ်လှုပ်ရှားနေကြတာလဲဟင်? နင်တို့မငိုသင့်ဘူးလားလို့?] 


[အပေါ်ထပ်ကို နည်းနည်းပြောပြမယ်နော်၊ ငါတို့ကောကောကလေ တစ်ကိုယ်တည်းနေဖို့ကံပါလာတာ] 


[ငါလည်း ကောကောနဲ့အတူတူရှိချင်တာပေါ့လို့၊ ကောကောရဲ့အနံ့လေးကိုလည်းသိချင်လိုက်တာနော်...] 


[ထန်ကောရဲ့အနံ့ကို ရှောင်ကောကောပဲသိမှာပေါ့...] 


[ပို့စ်ပိုင်ရှင် အသစ်တင်ထားတဲ့ဓာတ်ပုံတွေကို မြန်မြန်သွားကြည့်ကြဟေ့၊ အားးးးး ရှောင်ကောကောက အရမ်းချောတာပဲလို့၊ ငါ သူ့ကိုကြိုက်တယ်!] 


အဲဒီနောက် ချက်ချင်းဆိုသလိုပင် စုချီယွဲ့နှင့် ထန်ယဲ့တို့ စကားပြောနေသောဓာတ်ပုံများဟာ အင်တာနက်မှာ လျင်မြန်စွာ ပျံ့နှံ့သွားပါတော့သည်။ 


[ဒီရှောင်ကောကောကို ရင်းနှီးနေသလိုပဲနော်၊ ငါပဲအမြင်မှားနေတာလားဟေ့] 


[ငါမမှားရင်တော့ ဟိုနေ့ပွဲတုန်းက ကံကောင်းတဲ့ဖန် မဟုတ်ဘူးလားဟင်?] 


[အား အား အား... သူ ဘယ်လိုတောင်ကံကောင်းရတာလဲလို့၊ ကံကောင်းတဲ့ဖန်လည်းဖြစ်သေး၊ ကောကောကိုတောင် ပွေ့ဖက်ထားနိုင်သေးတယ်!] 


[အဲဒီနေ့က ငါတို့ထန်ကောက သူ့ကို အိမ်ပြန်လိုက်ပို့ခဲ့တာမလား? သူတို့နှစ်ယောက်ကြားမှာ ဘာဖြစ်သွားကြတာလဲဟေ] 


ခရီးသွားနေသော ချင်းဟောက်ချူးက Weiboကိုကြည့်နေရင်း အလျင်စလိုထထိုင်ကာ - [အဲဒါပဲဖြစ်ရမယ်၊ ရှောင်ကောကောပြန်ရောက်လာတော့ သူ့ကိုယ်တစ်ပိုင်းထုံကျင်နေတယ်လို့ပြောတယ်ဟ] 


[အိုးမိုင်ဂေါ့ နင်က သက်သေလားဟင်?] 


[အပေါ်ထပ်ကဆရာကြီးရေ ဘယ်လိုဖရဲသီးမျိုးရှိသေးလဲဟင်? ငါ့ကိုပြောပြပါဦးလို့] 


[ငါ့သူငယ်ချင်းတစ်ယောက်လည်း နားထောင်ချင်တယ်တဲ့...] 


[ငါရောပဲ......] 


ချင်းဟောက်ချူးသည် ယခင်က ဤမျှများပြားလှသောမှတ်ချက်များကို မမြင်ဖူးခဲ့၍ ပျော်မြူးစွာ စာပြန်လေတော့သည်။


[ငါ့ရဲ့ Weibo နာမည်ပြောင်ကို မြင်ကြလား? "စုရှင်းထန်ရဲ့ နဖူးစည်းကိုမြင့်မြင့်ကိုင်ထား"တဲ့၊ ငါက CP အစစ်အမှန်နဲ့ဆုံရပြီကွ!] 


[ဒီလောက်မြန်မြန်ကြီး CP fanတွေရှိနေပြီလားဟ? နင်တို့အရမ်းစိတ်မရှည်ကြတာပဲ] 


[ရှောင်ကောကောရဲ့ မျိုးရိုးနာမည်က စုဖြစ်ပုံပဲ၊ 'စုရှင်းထန်'... နားထောင်ရတာအရမ်းချိုတာပဲ] 


[......] 


အင်တာနက်ပေါ်တွင် သွေးထွက်သံယိုမုန်တိုင်းတစ်ခုဖြစ်ပေါ်နေချိန် စုချီယွဲ့က ဒါရိုက်တာကို သွားတွေ့ရန်အတွက် လူအုပ်ကြီး၏ရှော့ခ်ရနေသော၊ အားကျနေသောအကြည့်များအောက်တွင် ထန်ယဲ့နောက်မှလိုက်သွားခဲ့သည်။ 


နောက်ဆုံးတော့ လက်ထောက်ဒါရိုက်တာက သူ့ကို ဒီနေရာခေါ်လာတော့မလို့ပဲလေ၊ ဒါပေမဲ့ တစ်ခုခုမှားနေသလိုပဲလို့ ဘယ်သူထင်မှာလဲနော်။ 


ထန်ယဲ့သည် မိတ်ကပ်လိမ်းရန်ထွက်သွားခဲ့ပြီး ဒါရိုက်တာကို ရင်ဆိုင်ရန်အတွက် စုချီယွဲ့ကို တစ်ယောက်တည်းထားခဲ့လေသည်။ 


ယခုအကြိမ်ရိုက်ကူးသည့်ဇာတ်ကားမှာ "Red Land" ဟုခေါ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံဇာတ်ကားဖြစ်၏။ နာမည်ကဲ့သို့ပင် စစ်ပွဲဇာတ်ဝင်ခန်းများစွာပါရှိလေသည်။ ၄င်းမှာ ဆယ်ကျော်သက်အရွယ်မှ စစ်မှန်သောအမျိုးသားစစ်ဗိုလ်ချုပ်ကြီးတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့ပြီး နောက်ဆုံးတွင် တရားမျှတမှုအတွက် အသက်စွန့်ခဲ့သော ဇာတ်ဆောင်၏ ဇာတ်လမ်းကို ဇာတ်အိမ်တည်ထားခြင်းပင်။ 


Timelineတစ်ခုလုံးဟာ အနှစ်နှစ်ဆယ်ကြာရှိပြီး ရိုက်ကူးရေးနေရာများစွာရှိပါသည်။ အချို့နေရာများမှာ အလွန်ဝေးလံပြီး ခက်ခဲလှသဖြင့် သရုပ်ဆောင်များအတွက် ကဏ္ဍပေါင်းစုံတွင် လိုအပ်ချက်အလွန်မြင့်မားလေ၏။ 


ဇာတ်ညွှန်းရေးသူနှင့် ဒါရိုက်တာသည် ဇာတ်လိုက်ကို အလွန်လေးစားသောဇာတ်ကောင်တစ်ခုကို ယာယီထည့်ချင်ခဲ့ကြပြီး ဤဇာတ်ကောင်မှာ ဇာတ်ဝင်ခန်းနှစ်ခုပဲရှိလေသည်။ 


ပထမဇာတ်ဝင်ခန်းတွင် သူဟာ ဇာတ်လိုက်ကို အလွန်သဘောကျသောကြောင့် တပ်ထဲသို့ဝင်ခဲ့ပြီး သူလေးစားရသောဗိုလ်ချုပ်နှင့် တွေ့ဆုံရသည်အထိ ကံကောင်းခဲ့လေသည်။ 


ဒုတိယဇာတ်ဝင်ခန်းကတော့ ဗိုလ်ချုပ်ဖုဟွိုက်ကျယ်ကို ကာကွယ်ပေးရန်အတွက် သူ့အသက်ကို စတေးခဲ့ခြင်းဖြစ်သည်။ 


ဒါရိုက်တာသည် မူလကတော့ သည်မထင်မရှားဇာတ်ပို့လေးအတွက် ရုပ်ရှင်အကယ်ဒမီမှတစ်စုံတစ်ယောက်ကိုရွေးချယ်ရန် စိတ်ကူးထားသော်လည်း လက်ထောက်ဒါရိုက်တာရောက်လာပြီး မျိုးစေ့ကောင်းလေးရှိနေသည်ဟုပြောပြကာ တစ်ချက်ကြည့်ခိုင်းလိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ပေ။ 


ဒါရိုက်တာယွီက စုချီယွဲ့ကို အပေါ်အောက်စုံဆန်ကြည့်လိုက်ရာ သူ့ပုံပန်းသဏ္ဍာန်ဟာ စင်းလုံးချောဖြစ်နေသည်ပင်။ တန်ဖိုးအရှိဆုံးအရာမှာ စုချီယွဲ့၏မျက်လုံးများဟာ ကြည်လင်ပြတ်သားနေသည်ကြောင့် ဗိုလ်ချုပ်ကို လေးစားသဘောကျသည့် ဇာတ်ကောင်၏ သန့်စင်သောခံစားချက်နှင့် ကိုက်ညီမှုရှိနေလေသည်။ 


"ကိုယ့်ကိုကိုယ် မိတ်ဆက်ပါ" 


"ဒါရိုက်တာယွီ၊ ကျွန်တော့်နာမည်က စုချီယွဲ့ပါဗျ။ ကျွန်တော်က ကျန်းချန်တက္ကသိုလ်ဂျူနီယာတန်းကပါခင်ဗျာ၊ နောက်နှစ်နှစ်ဝက်လောက်ဆိုစီနီယာဖြစ်လာတော့မှာပါ။ ဒီဇိုင်းမေဂျာကို အဓိကယူထားပါတယ်ဗျ" 


"မင်းသရုပ်ဆောင်ဖူးလား?" 


စုချီယွဲ့ ခေါင်းခါလိုက်၏။ 


"သရုပ်မဆောင်ဖူးပါဘူး" 


ယွီဟိုင် မျက်မှောင်ကြုတ်သွားရလျက်၊ အရင်တုန်းက သရုပ်မဆောင်ဖူးဘူးဆိုတော့ မျှော်လင့်ချက်သိပ်မရှိလောက်ဘူးပဲ။ ဒါပေမဲ့ လူက ဒီမှာရောက်နေပြီဆိုတော့လည်း စမ်းကြည့်ကြတာပေါ့လေ။ 


ယွီဟိုင်က သူ့ကို ဇာတ်ညွှန်းကမ်းပေးလိုက်သည်။ 


"ဒီဇာတ်ကွက်နှစ်ခုကိုစမ်းကြည့်" 


စုချီယွဲ့ စိတ်ရှုပ်ထွေးသွားရလျက်။ သူက ဘယ်ကင်မရာကိုကြည့်ရမှန်းမသိသလို ဘယ်လိုအမူအရာလုပ်ရမလဲ၊ ဘယ်လိုအသံအနေအထားကို အသုံးပြုရမလဲဆိုတာကို မသိဘူးလေ။ 


ယွီဟိုင်လည်း သူဟာ ဘာမှမသိဘဲပဟေဠိဖြစ်နေမှန်းသိလိုက်ချေပြီ။ များသောအားဖြင့် လောင်ဝေ့က အတွေ့အကြုံရှိသူတွေကိုပဲ ခေါ်လာတတ်သော်လည်း သရုပ်ဆောင်ခြင်းနှင့်ပတ်သက်ပြီး ဘာမှမသိတဲ့သူတစ်ယောက်ကို ရုတ်တရက်ခေါ်လာခဲ့တာ... 


စုချီယွဲ့ကို သဘောကျသွားခဲ့သည့် လက်ထောက်ဒါရိုက်တာက သူ့အား ခြုံငုံသုံးသပ်ချက်ကိုပေးလာခဲ့သည်။ 


စုချီယွဲ့ ကိစ္စများကို အလွန်လက်ခံတတ်သူဖြစ်သည့်အလျောက် ဘယ်ကိုကြည့်ရမလဲ၊ ဘာကိုအာရုံစိုက်ရမလဲဆိုတာကို အကြမ်းဖျင်းသိသွားခဲ့သည်။ 


"မိတ်​ကပ်​အရင်​သွားလိမ်းလိုက်" 


စုချီယွဲ့၏မိတ်ကပ်မှာ မြန်ဆန်စွာ ပြီးစီးသွားခဲ့သည်။ အားလုံးပေါင်း ဇာတ်ဝင်ခန်းနှစ်ခန်းပဲရှိပေမယ့် ဝတ်စုံကလည်းမတူပါချေ။ ပထမဇာတ်ဝင်ခန်းမှာ လယ်သမားဝတ်စုံနှင့်ဖြစ်ပြီး နောက်ဇာတ်ဝင်ခန်းမှာ စစ်သားဝတ်စုံဟောင်းနှင့်ဖြစ်သည်။ 


အားလုံးပြင်ဆင်ပြီးသွားသည့်အခါ စုချီယွဲ့လည်း ပြန်ရောက်လာခဲ့သည်။ ယွီဟိုင်က သူ့အသွင်အပြင်ကိုကြည့်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်လေ၏။ သို့သော်လည်း သူသည် သရုပ်ဆောင်ရွေးချယ်ခြင်းနှင့်ပတ်သက်၍ ဇီဇာကြောင်သူဖြစ်သည်။ ဇာတ်ဝင်ခန်းနှစ်ခုပဲဖြစ်နေရင်တောင်မှ ဒီတိုင်းသဘောမတူလိုက်ချင်ပေမယ့် ဒီအသွင်အပြင်ကြောင့် လက်သင့်ခံနိုင်ပေသည်။ 


"မင်းအဆင်သင့်ဖြစ်တဲ့အခါ စတင်နိုင်ပြီ"


ဖြစ်ချင်တော့ အားလုံးက နောက်ဇာတ်ဝင်ခန်းအတွက် ပြင်ဆင်နေကြ၍ အားလပ်ချိန်တချို့ရှိနေခဲ့သည်။ 


ထန်ယဲ့က စစ်ယူနီဖောင်းနှင့် ဘွတ်ဖိနပ်ရှည်ကို ဝတ်ဆင်ထားပြီး ရောက်လာခဲ့သည်။ 


စုချီယွဲ့ အံ့အားသင့်သွားရလျက်။ ထန်ယဲ့ ကြည့်ကောင်းမှန်း သူသိသော်လည်း စစ်ယူနီဖောင်းနှင့် ပို၍ပင်မိမိုက်နေပုံရသည်။ သူ့မျက်လုံးများဟာ စူးရှနေလျက်၊ ထိုနေရာတွင် သူရပ်နေရင်း ထောင်နှင့်ချီသောတပ်သားများစွာကို ကွပ်ကဲနေသည့်ဗိုလ်ချုပ်တစ်ဦးအလား။ 


"အတူတွဲသရုပ်ဆောင်ပေးဖို့လိုလား?" 


ယွီဟိုင် သူ့နားကိုပင်သူမယုံနိုင်ခဲ့။ ဒီလိုဇာတ်ကောင်သေးသေးလေးရဲ့ auditionအတွက် ထန်ယဲ့က သူနဲ့အတူတွဲသရုပ်ဆောင်ပေးဖို့မလိုအပ်ဘူးလေ၊ သရုပ်ဆောင်လိုအပ်ခဲ့ရင်တောင်မှ ကျပန်းလူတစ်ယောက် ဒါမှမဟုတ် အရာတစ်ခုခုကို ရှာလိုက်ရုံလေးပဲပေါ့။ 


ပိုရှားပါးသည်မှာ ထန်ယဲ့က တကယ်ပဲစတင်တောင်းဆိုခဲ့တာဟ။ 


"ဘာလို့လဲ၊ သူကျမှာကို မင်းစိုးရိမ်လို့လား?" 


ယွီဟိုင်သည် ဒါဟာ သင့်တော်သောအကြောင်းပြချက်တစ်ခုပဲလို့ ခံစားမိသည်။ 


"ဘာပဲဖြစ်ဖြစ် ကျွန်တော်အားနေတာပဲလေ" 


ထန်ယဲ့ပြောလိုက်ကာ စုချီယွဲ့ဆီသို့ လျှောက်သွားလိုက်သည်။ 


စုချီယွဲ့က သူပြောရမည့်စာကြောင်းများကို ကျက်မှတ်နေဆဲ။ သူသရုပ်ဆောင်မည့် ဇာတ်ကောင်ငယ်လေးကို ကျန်းယွမ်လို့ခေါ်သည်။ ယွီဟိုင် သူ့ကိုခေါ်လိုက်သည့်အခါမှ သူ့ဇာတ်ဝင်ခန်းမှာ ထန်ယဲ့နှင့်အတူတူသရုပ်ဆောင်ရမည်ဖြစ်ကြောင်း သိလိုက်ရသည်။ 


စတင်တော့မည်ဖြစ်၍ စုချီယွဲ့လည်း ထန်ယဲ့နှင့် စကားပြောရန်အချိန်မရှိတော့ပေ။ 


ထန်ယဲ့ တိုးတိုးလေးပြောလာခဲ့သည်။ 


"စိတ်လျှော့ထား" 


စုချီယွဲ့ အသက်ပြင်းပြင်းရှူလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ ထန်ယဲ့ သူ့အနားမှာရှိနေရင် ပိုပြီးတော့စိတ်သက်သာရာရသွားသလိုပဲ။ 


စုချီယွဲ့ သူ့အခြေအနေကိုထိန်းညှိရန် ကြိုးစားလိုက်ပြီး သူ့၏ကိုယ်ပိုင်နားလည်မှုတို့ဖြင့် ဤဇာတ်ဝင်ခန်းတွင် သူ့ကိုယ်သူပုံဖော်နိုင်ရန် အကောင်းဆုံးကြိုးစားခဲ့လေသည်။ 


[ကျန်းယွမ်သည် အထည်ကြမ်းကို၀တ်ဆင်ထားပြီး စစ်ထဲဝင်ရန် စာရင်းသွင်းပြီးခါစဖြစ်သည်။ သူ့လက်ထဲတွင် စစ်ယူနီဖောင်းအသစ်ကိုကိုင်ထားကာ သူ့မျက်နှာထက်တွင် ပျော်ရွှင်နေသောအပြုံးလေးနှင့် သွက်သွက်လက်လက်လမ်းလျှောက်နေခဲ့သည်။ သူ့မျက်လုံးများဟာ တောက်ပနေပြီး အားမာန်အပြည့်ရှိနေလေ၏။ 


"တပ်သားအသစ်လား?" 


ဖုဟွိုက်ကျယ် သာမန်ကာလျှံကာလျှောက်ကြည့်နေရင်း အပြုံးလေးနှင့်တပ်သားအသစ်လေးကို တွေ့လိုက်ရ၏။ ဤကဲ့သို့တက်ကြွနေသောစစ်သားမျိုးကို သူ သဘောကျလေ၏။ 


"မင်္ဂလာပါ ဗိုလ်ချုပ်!" 


ကျန်းယွမ်သည် အမြန်ထရပ်ကာ ဖုဟွိုက်ကျယ်ကို နှုတ်ဆက်လိုက်သည်။ 


"မင်း ငါ့ကိုသိတယ်ပေါ့?" 


ဖုဟွိုက်ကျယ် အံ့အားသင့်သွားခဲ့ရသည်။ 


"သိပါတယ်! ဗိုလ်ချုပ်" 


ကျန်းယွမ်၏အသံမှာ ကျယ်လောင်ပြီး သူ့မျက်လုံးများမှာ အလင်းရောင်အပြည့်ရှိနေလျက်။ ဖုဟွိုက်ကျယ်ကို သူမြင်လိုက်သည်နှင့် သူ့နှလုံးသားထဲက လေးစားမှုကိုမထိန်းနိုင်တော့ဘဲ 


"ကျွန်တော်က ကိုယ့်နိုင်ငံကိုကာကွယ်ပေးပြီး အောင်ပွဲတွေရတဲ့ ဗိုလ်ချုပ်လိုလူမျိုးဖြစ်ချင်တယ်လို့ ကျွန်တော့်အမေကို ပြောခဲ့တယ်" 


ဖုဟွိုက်ကျယ်သည် သူ့ပုခုံးကို ပုတ်ပေးကာ 


"ကောင်းပြီ! မင်းနာမည်ဘယ်လိုခေါ်လဲ?" 


"ကျွန်တော့်နာမည်က ကျန်းယွမ်ပါဗျ၊ ဗိုလ်ချုပ်" 


"ကောင်းကောင်းကြိုးစားပါ၊ ငါမင်းကိုမှတ်ထားမယ်"] 


["ဗိုလ်ချုပ်၊ သတိထား!" ကျန်းယွမ်က သူ့ဆီပျံသန်းလာသော ကျည်ဆံကိုကြည့်၍ ဟစ်အော်လိုက်ပြီး သူ့နောက်ရှိဖုဟွိုက်ကျယ်ဆီသို့ သူ့ကိုယ်သူ တိုက်ရိုက်ပစ်ဝင်လိုက်၍ ကျည်ဆံက သူ့ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီး သွေးများပန်းထွက်လာတော့သည်။ 


နာကျင်မှုကို မခံစားရသလိုပင် အံတင်းတင်းကြိတ်ထားပြီး တစ်ဖက်စနိုက်ပါသမားသေဆုံးသွားမှသာ ဆက်မထိန်းထားတော့ဘဲ လဲကျသွားတော့သည်။ 


ဖုဟွိုက်ကျယ်ကို သူ့အောက်မှာဖိထား၍ သူ့၏စစ်ယူနီဖောင်းလည်း သွေးများစွန်းထင်းနေလျက်။ 


သူက ကျန်းယွမ်ကို သူ့ရင်ခွင်ထဲအမြန်ပွေ့ဖက်လိုက်ပြီး သူ့ပါးစပ်မှ အဆက်မပြတ်ပန်းထွက်လာသောသွေးများကို သုတ်ပေးနေရင်း "ကျန်းယွမ်၊ ထိန်းထားဦး!" 


ကျန်းယွမ်၏မျက်ခွံမှာ ပိုမိုလေးလံလာပေမယ့် သူပြုံးနေလျက်၊ 


"အဆင်ပြေပါတယ် ဗိုလ်ချုပ်၊ ခင်ဗျား ကျွန်တော့်နာမည်ကို မှတ်မိနေသေးတာပဲနော်" 


ဖုဟွိုက်ကျယ်သည် ထိုလူကို ကောက်ပွေ့လိုက်ပြီး သူ့နောက်ရှိစစ်ဆေးရုံဆီ ပြေးသွားကာ 


"ဟုတ်တယ် မင်းနာမည်ကို ငါမှတ်မိတယ်၊ ဒါကြောင့် မင်းထိန်းထားတာပိုကောင်းမယ်နော်!" 


ကျန်းယွမ် ချောင်းဆိုးကာ သူ့မျက်လုံးတွေ စတင်ဝေဝါးလာပြီး သူ့အသံမှာ ပြတ်တောင်းပြတ်တောင်းဖြစ်လာကာ 


"ဗိုလ်... ဗိုလ်ချုပ်၊ ကျွန်... ကျွန်တော့်နာမည်က ကျန်း... ကျန်းယွမ်..." 


နောက်ဆုံးစကားလုံးထွက်သွားပြီးသည်နှင့် ကျန်းယွမ်၏လက်မောင်းမှာ အောက်လျှောကျသွားလေပြီ။ 


ဖုဟွိုက်ကျယ် ရပ်တန့်လိုက်ကာ သူ့ရင်ခွင်ထဲကလူကိုကြည့်လိုက်ပြီးနောက် ပျက်စီးနေသော စစ်မြေပြင်ကိုကြည့်လိုက်လေသည်။ သူ့မျက်နှာမှာ ဝမ်းနည်းပူဆွေးမှုများပြည့်နှက်နေပြီး သူ့မျက်လုံးထောင့်မှ မျက်ရည်စိမ့်ထွက်လာကာ ကျန်းယွမ်၏ သွေးစွန်းနေသောမျက်နှာပေါ်သို့ ကျဆင်းသွားလျက်၊ 


"ငါ မင်းကို သတိရနေမှာပါ ကျန်းယွမ်..."လို့ တီးတိုးရေရွတ်လိုက်လေသည်။] 


စာရေးသူမှာ ပြောစရာရှိပါတယ်။ 


ထန်ယဲ့: ငါက စုရှင်းထန်ရဲ့ နံပါတ်တစ်ဖန်ပဲကွ။ 


xxx