Ch-9
Viewers 91


Unicode


"ကဒ်!" 


တိတ်ဆိတ်နေသောစတူဒီယိုထဲတွင် ယွီဟိုင်၏အသံမှာ အထူးကျယ်လောင်နေလျက်။ 


ထို့နောက် လက်ခုပ်သံများအဆက်မပြတ်ထွက်ပေါ်လာလေသည်။ 


စုချီယွဲ့သည် သူတစ်ခါမှသရုပ်မဆောင်ဖူး၍ ဤဇာတ်ကောင်အတွက် သရုပ်ဆောင်ရာတွင် ခက်ခဲလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ထန်ယဲ့ကဲ့သို့ ပထမတန်းစားရုပ်ရှင်ဘုရင်ကြီးနှင့် တွဲသရုပ်ဆောင်ရခြင်းမှာ အမှန်တကယ်ပင် ကွဲပြားကြောင်း တွေ့ရှိခဲ့ရသည်။ 


ဇာတ်ဝင်ခန်းနှစ်ခုသာရှိသော်လည်း ယခုအခါ သူသည် ဇာတ်ရုပ်ထဲ အပြည့်အဝဝင်နှင့်နေပြီးဖြစ်သည်။ သူဟာ ဗိုလ်ချုပ်ကို လေးစားသော၊  အောင်ပွဲခံလိုသော စစ်သားငယ်လေး ကျန်းယွမ်ပင်။  


ထန်ယဲ့လည်း သူ့ရင်ခွင်ထဲက စုချီယွဲ့ကို ကြည့်လိုက်ပြီး စုချီယွဲ့ဟာ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်လိမ့်မည်ဟု သူ ဘယ်တုန်းကမှမထင်မိခဲ့ချေ။ 


ထိုအချိန်တွင် သူတကယ်ပဲ သူ့ကိုဆုံးရှုံးလိုက်ရတော့မည်ဟု ထင်သွားခဲ့ပြီး ဤကဲ့သို့ထိတ်လန့်မှုမျိုးတစ်ခါမှမဖြစ်ခဲ့ဖူး၍ တုန်လှုပ်သွားခဲ့ရသည်။ 


စုချီယွဲ့ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ "ထန်လောင်ရှီး?" 


ထန်ယဲ့ သူ့အာရုံပြန်ရောက်လာပြီး သူ့ရှေ့တွင် မြဲမြဲရပ်နိုင်စေရန် စုချီယွဲ့ကို ညင်သာစွာ ဆွဲထူပေးလိုက်၏။  


"ကောင်းတယ် ကောင်းတယ် ကောင်းတယ်!" ယွီဟိုင်က ကောင်းတယ်လို့ သုံးကြိမ်တိုင်တိုင်ပြောလိုက်ပြီး "ငါမမျှော်လင့်ထားမိဘူးဟေ့၊ စုချီယွဲ့ မင်းတစ်ခါမှသရုပ်မဆောင်ဖူးလို့သာပဲကွာ။ ဒါဟာ ဘုရားပေးတဲ့လက်ဆောင်ပဲဖြစ်ရမယ်၊ ကန့်သတ်ချက်မရှိလောက်ဘူးကွ" 


စုချီယွဲ့ ချီးကျူးစကားများကြားရသည့်အခါ အလွန်ပျော်ရွှင်နေမိသည်။ ယွီဟိုင်က သူ့ကိုauditionအောင်ကြောင်း အရိပ်အမြွက်ပြောလိုက်သဖြင့် "ကျေးဇူးတင်ပါတယ် ဒါရိုက်တာယွီ" 


"ရှောင်ချန် သူ့ကို စာချုပ်ချုပ်ဖို့ခေါ်သွားပေးလိုက်!" 


ကိစ္စများပြီးသွားသည့်အခါ စုချီယွဲ့က ထန်ယဲ့ကို ပထမဦးဆုံးကျေးဇူးတင်စကားပြောကာ "ကျေးဇူးတင်ပါတယ် ထန်လောင်ရှီး၊ ခင်ဗျားက တကယ်ပဲ ကျွန်တော်ရဲ့ ကျေးဇူးရှင်ပါဗျာ" 


ထန်ယဲ့လည်း သူ့အပျော်တွေ ကူးစက်ခံလိုက်ရကာ "ဂုဏ်ယူစရာပါပဲ" 


စုချီယွဲ့ စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ပြီး ထိုဇာတ်ကွက်နှစ်ခုကိုရိုက်ကူးရန်အတွက် အဖွဲ့သားများထံမှ အကြောင်းကြားစာကို သူစောင့်ဆိုင်းရမည်ဖြစ်၍ ညဘက်တွင် အဆောင်သို့ ပြန်လာခဲ့လေသည်။ ရိုက်ကူးရေးပြီးသွားပါက သူ လုပ်အားခအများကြီးမဟုတ်သော်လည်း အနည်းငယ်ရနိုင်သဖြင့် သူသာ​ချွေတာသုံးပါလျှင် ဤနွေရာသီအားလပ်ရက်အတွင်း သူ့၏နေထိုင်စရိတ် လုံလောက်ကောင်းလုံလောက်ပေလိမ့်မည်။ 


အိမ်၌ ထမင်းစားရန် လင်းကွေ့ကျီး စောင့်နေဆဲဖြစ်သောကြောင့် သူ တခြားတစ်ခုခုလုပ်ရပေဦးမည်။ 


ညစာစားပြီးနောက် စုချီယွဲ့ ရုပ်ပြ(comic)ဆွဲရန် ပြင်ဆင်လိုက်သည်။ 


သူက ရုပ်ပြကာတွန်းများကို အမြဲတမ်းနှစ်သက်ခဲ့ပြီး မူလပိုင်ရှင်မှာ ဒစ်ဂျစ်တယ်တက်ဘလက်တစ်လုံးရှိနေသဖြင့် သူ့၏Weiboအကောင့်တွင် သူဆွဲထားသောမူရင်းရုပ်ပြများကို အပ်ဒိတ်လုပ်ရန် ရည်ရွယ်ထားသည်။ 


သူကံကောင်းပါလျှင် ပရိသတ်အများအပြားရရှိနိုင်ပေလိမ့်မည်။ 


သို့တည်းမဟုတ် ကုမ္ပဏီ သို့မဟုတ် တစ်စုံတစ်ဦးက သူ့၏ရုပ်ပြများကို စိတ်ဝင်စားပါလျှင် အမှာစာတစ်ချို့ မှာယူလာနိုင်၍ သူ့စီးပွားရေးကိုလည်း ဖြည်းဖြည်းချင်းစတင်လုပ်ဆောင်နိုင်ပေလိမ့်မည်။ 


အိပ်ဆောင်၌ သူတစ်ယောက်တည်းသာရှိ၍ အလွန်တိတ်ဆိတ်နေလျက်။ ပြတင်းပေါက်အနီးတွင် တစ်ခုခုကို လေးလေးနက်နက်ပုံဆွဲနေသော စုချီယွဲ့ကို မြင်နိုင်ပေ၏။ 


တစ်ဖက်တွင်မူ ညမိုးချုပ်သည်နှင့် ထန်ယဲ့လည်း ယနေ့အတွက် သူ့အလုပ်များပြီးဆုံးသွားခဲ့၍ နာနီကားပေါ် တက်လိုက်သည်။ 


"ထန်လောင်ရှီး၊ ဒီနေ့ရဲ့ ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေကို အရေးယူဆောင်ရွက်ပေးဖို့ လိုအပ်ပါသလားဗျ?" 


ဖန်းပိုင်သည် ထန်ယဲ့က စုချီယွဲ့အား ဖက်ထားသည့်ပုံကို ပြသနေသောဖုန်းကို ထန်ယဲ့ဆီ ကမ်းပေးလာခဲ့သည်။ 


ထန်ယဲ့ အချိန်အတော်ကြာအောင် ကြည့်လိုက်၏။ အင်တာနက်ပေါ်က သူ့၏ကိုယ်ပိုင်အတင်းအဖျင်းကို အပြည့်အစုံဖတ်ကြည့်နေခြင်းဟာ ပထမဦးဆုံးအကြိမ်ပင်။ 


"ခဏနေဦး" 


ဤသည်မှာအတိတ်သာဖြစ်ခဲ့ပါက ဤအရာများကို အင်တာနက်မှာချန်ထားလိမ့်မည်မဟုတ်ပေ။ အရင်တုန်းကဆို ထန်ယဲ့နှင့်နီးစပ်ချင်ပြီး CP စန်းတင်လိုကြသည့် မိုက်မဲသောသရုပ်ဆောင်များကြောင့် ၄င်းတို့ကိုဖျက်ပစ်ရပေမည်။ 


ဒီနေ့ ဒီလိုပွေ့ဖက်ထားတဲ့ပုံတွေကိုကျ ခဏစောင့်ဦးလို့ သူ့မင်းသားကပြောခဲ့တာပေါ့လေ? 


ထန်ယဲ့ ဖုန်းကိုထုတ်ကာ စုချီယွဲ့ထံ မက်ဆေ့ချ်ပို့လိုက်သည်။ 


[အိပ်နေပြီလား?] 


အဆောင်ခန်းမှာ အလွန်တိတ်ဆိတ်နေ၍ WeChatမှ စာဝင်လာသောအသံဟာ ရုတ်တရက်မြည်လာလေ၏။ စုချီယွဲ့ ဖုန်းကို ကောက်ကိုင်လိုက်ပြီး ကြည့်လိုက်သည့်အခါ ထန်ယဲ့ဆီမှဖြစ်နေသည်ကို မြင်လိုက်ရ၏။ 


[မအိပ်သေးပါဘူးဗျ] 


ထန်ယဲ့: [မင်း ဘာလုပ်နေတာလဲ?] 


စုချီယွဲ့: [ကျွန်တော်ပုံဆွဲနေတာ] 


ထန်ယဲ့: [မင်းဘာပုံဆွဲနေတာလဲ?] 


စုချီယွဲ့: [ရုပ်ပြပါ၊ Weiboမှာတင်ဖို့အဆင်သင့်ဖြစ်နေပါပြီ] 


ထန်ယဲ့: [မင်းရဲ့ Weiboအကောင့်ကဘယ်ဟာလဲ?] 


စုချီယွဲ့ Weiboကို အလျင်အမြန်ဖွင့်ကာ ထန်ယဲ့ကို Followလိုက်၏။ 


ထန်ယဲ့သည် သူ့၏Followerစာရင်းထဲတွင် အသစ်စက်စက် "စုကျီယဲ့"ဆိုသောအကောင့်လေးကို တွေ့လိုက်ရပြီး သူသည်လည်း ပြန်လည်followလိုက်လေသည်။ 


ထန်ယဲ့က သူ့ကို followပြန်လုပ်လိုက်သည်ကိုမြင်သောအခါ စုချီယွဲ့ ဖုန်းကိုပစ်ထုတ်လုနီးပါးဖြစ်သွားရလျက်။ 


Fan baseအကြီးကြီးရှိသည့် ထန်ယဲ့ကဲ့သို့ နာမည်ကြီးမင်းသားတစ်ယောက်ဟာ သူ့၏ Weiboကို followလုပ်ခဲ့ပါက ထန်ယဲ့ပရိသတ်များက သူ့အကြောင်း အရာရာတိုင်းကို တူးဆွလာမှာကို ကြောက်ရွံ့နေမိလေပြီ။ 


စုချီယွဲ့: [ထန်လောင်ရှီး ခင်ဗျားက ကျွန်တော့်ကို followလိုက်တာလားဗျ?] 


ထန်ယဲ့: [အင်း၊ ရုပ်ပြဖတ်ရတာ စိတ်အပန်းပြေတယ်လေ] 


စုချီယွဲ့: [ကျေးဇူးပါ ထန်လောင်ရှီး၊ ကျွန်တော် ကောင်းကောင်းဆွဲပါ့မယ်။ တကယ်လို့ မကောင်းတာရှိရင်လည်း ကျေးဇူးပြုပြီးပြင်ပေးပါဦးနော်] 


ထန်ယဲ့: [ဒီနေ့ အင်တာနက်ပေါ်ကဗီဒီယိုကို ကိုယ်ဖြေရှင်းပေးဖို့လိုလား?] 


စုချီယွဲ့သည် Weiboကိုကြည့်တောင်မကြည့်ရသေးချေ။ ထန်ယဲ့ပြောလာသည့်အခါမှ အပြေးအလွှားသွားစစ်ဆေးကြည့်ရပါတော့သည်။ 


Hot searchမှာ ရှိနေဆဲဖြစ်သော်လည်း ပထမနေရာမှာ မဟုတ်တော့ပေ။ အနောက်ကစာသားသည်လည်း "explosive" မှ "hot" အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီးဖြစ်သည်။ 


သူလည်း ကလစ်နှိပ်ပြီး လျှောက်ကြည့်လိုက်သည်။ ဝိုး အင်တာနက်သုံးစွဲသူတွေက အရမ်းစိတ်အားထက်သန်ကြတာပဲနော်။ သူသာ မူလပိုင်ရှင်အကောင့်ကို မြန်မြန်မပယ်ဖျက်ခဲ့ပါက သူ့ဘိုးဘေးတွေအားလုံးကိုပါ တစ်ရက်တည်းရှာဖွေတူးဆွနိုင်သွားတော့မှာကို ကြောက်မိပါရဲ့.... 


ထားလိုက်ပါတော့လေ၊ ထန်ယဲ့ရှိနေရင် မကျော်ကြားဘဲနေမှာမှမဟုတ်ဘဲ... အဲဒါကြောင့်မို့ အဆင့်၁၈သရုပ်ဆောင်လေးတွေက နေရာတိုင်းတွယ်ကပ်ချင်နေကြတာ အံ့သြစရာမဟုတ်ဘူးပဲ... 


မှတ်ချက်များတွင် သူ့အား ဆဲဆိုကြိမ်းမောင်းနေကြသော လူတစ်ချို့ရှိသည်မှာ မလွှဲဧကန်ဖြစ်သော်လည်း သူ့အတွက် ခုခံပြောဆိုပေးနေကြသည့်လူများလည်း အများအပြားရှိနေပေသည်။  


အမှန်တကယ်တော့ သူ့အတွက် ခုခံပေးနေကြသည်မဟုတ်၊ ထန်ယဲ့အတွက်ကြောင့်ပင်။ 


ထန်ယဲ့၏ ပရိသတ်ထုကြီးဟာ တော်တော်ကြီးမားပြီး သူတို့မှာ ဆောင်ပုဒ်တစ်ခုရှိလေ၏။ - "ကောကောလုပ်သမျှအကုန်မှန်တယ်!" 


ထို့ကြောင့် သူတို့ကောကော ပွေ့ဖက်ထားတဲ့လူကလည်း လူကောင်းပဲဖြစ်ရမယ်၊ တိုက်ခိုက်ခွင့်မပြုဘူးဟေ့။ 


သို့ပေတည့် ပရိတ်သတ်များလည်း ခေါင်းထဲမှာ အလွန်ရှုပ်ထွေးနေကြလျက်၊ သူက မရီးလည်းမဟုတ်ဘူးနော်! 


စုချီယွဲ့: [ကျွန်တော်က အပျော်တမ်းပဲဆိုတော့ ကျွန်တော့်အတွက် ဘာမှမဖြစ်ပေမယ့် ထန်လောင်ရှီးကိုထိခိုက်မှာပဲစိုးရိမ်မိတယ်] 


ယင်းကား စုချီယွဲ့၏ အတွေးအမှန်ပင်။ သူကတော့ သိပ်ဂရုမစိုက်ပေမယ့် ထန်ယဲ့ကို အဆိုးဘက်သက်ရောက်သွားမှာကိုပဲ စိုးရိမ်မိလေသည်။ 


စုချီယွဲ့သည် သူက ထန်ယဲ့၏ကျော်ကြားမှုကို အမြဲလိုက်စီးနေမိသည်ဟု ခံစားလိုက်ရ၍ သက်ပြင်းချမိသည်။ ဒါက မကောင်းဘူးနော်၊ သိပ်မကောင်းဘူးပဲ... 


ထန်ယဲ့: [မဖြစ်ပါဘူး] 


စုချီယွဲ့: [ဒါဆို ကျွန်တော် ပုံဆက်ဆွဲလိုက်ဦးမယ်နော်။ ခင်ဗျားလည်း ကိုယ့်ခန္ဓာကိုယ်ကိုဂရုစိုက်နော်၊ စောစောအနားယူပါဗျ] 


ထန်ယဲ့ ဖုန်းကိုအောက်ချလိုက်ပြီးနောက် ဖန်းပိုင်အားပြောလိုက်သည်။ "ဒါကို ကိုင်တွယ်ဖို့မလိုတော့ဘူး" 


ဖန်းပိုင်သည် သူ့မင်းသားဟာ ဒီကျောင်းသားလေးစုနဲ့တွေ့တဲ့အခါ မူ(စည်းမျဥ်း)မရှိတော့ကြောင်း နိဂုံးချုပ်လိုက်တော့သည်။ 


xxx