အပိုင်း (၁၀၁)
Viewers 31k

Chapter 101 


" ဒီနေ့က ရှင့်မွေးနေ့ဆိုတော့ ပျော်ပျော်နေပါ ကျွန်မကားမောင်းပေးမယ် ..."


စားသောက်ဆိုင်ထဲမှ ထွက်လာသည်နှင့် ယွမ်ရှက ကားမောင်းသည့် တာဝန်ကိုလွှဲယူလိုက်သည်။


စုန့်ထင်ရှန်းက သူမ၏ ယဉ်ကျေးသောကမ်းလှမ်းချက်ကို မငြင်းဆိုခဲ့ပေ

သူမကို ကားသော့ပေးလိုက်ပြီးနောက် ဝမ်လေးကိုခေါ်ကာ ကားနောက်ခန်းထဲ ဝင်ထိုင်လိုက်သည်။


ရုံးဆင်းချိန်ကျော်လွန်သွားသော်လည်း လမ်းမပေါ်တွင် ကားများပိတ်နေဆဲဖြစ်သည်။ ယနေ့က အထူးတလည်နေ့တစ်နေ့ဖြစ်သောကြောင့် စုန့်ထင်ရှန်းက တက်ကြွစွာဖြင့် သူမကိုစကားပြောရန် ခေါင်းစဉ်တစ်ခု ရှာနေသည်။


" ယောက္ခထီးနဲ့ ယောက္ခမကြီးတို့လည်း အသက်တွေကြီးလာပြီ ... ကိုယ်တို့နေတဲ့နားမှာပဲ ဗီလာတစ်ခုဝယ်ပေးရင် ကောင်းမလား စဉ်းစားနေတာ ... သူတို့ နီးနီးနားနားမှာနေတော့ မင်းလည်းသွားလည်ရင် အဆင်ပြေတာပေါ့ ... ဝမ်လေးလည်း အဘိုးအဘွားတွေကို နေ့တိုင်းတွေ့လို့ရပြီ ..."


ယွမ်ရှ ခေါင်းခါလိုက်သည်။


" မလိုဘူးထင်တာပဲ ... သူတို့က နေနေကျနေရာမှာပဲ အသားကျနေပြီ ... ကျွန်မတို့နေတဲ့နားမှာ သက်လတ်ပိုင်းအရွယ်တွေနဲ့ သက်ကြီးပိုင်းတွေ သိပ်မရှိဘူးလေ ... ကျွန်မအမေလည်း ပလာဇာအက ကဖို့အတွက် ဒီတစ်ဝိုက်မှာ လူရှာတွေ့မှာ မဟုတ်ဘူး ..."


(T/N: ပလာဇာအက သို့မဟုတ် လေးထောင့်အကဆိုတာ တရုတ်နိုင်ငံက သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်း အမျိုးသမီးကြီးတွေကြားမှာ နာမည်ကြီးတဲ့ လေ့ကျင့်ခန်းတစ်မျိုးပါ )


စုန့်ထင်ရှန်းက ခဏတာတိတ်ဆိတ်နေပြီးနောကိ ဆက်ပြောလိုက်သည်။


" နေ့လယ်တုန်းက မင်း စတိုးဆိုင်ဖွင့်ချင်တဲ့အကြောင်းပြောခဲ့တယ်လေ ... ကိုယ်အဆင်ပြေတဲ့နေရာမှာ ဆိုင်တစ်ဆိုင် ဝယ်ပေးရမလား ..."


သူ့များ ပိုက်ဆံတွေပေါလွန်းလို့ ဘယ်နားမှာ ဖြုန်းရမှန်းမသိ ဖြစ်နေတာများလား ...


ဤစကားများပြောလာသဖြင့် စုန့်ထင်ရှန်းက အဘယ့်ကြောင့် သူ့အကျင့်စရိုက်နှင့် မကိုက်ညီစွာပြုမူနေရသည်ကို ယွမ်ရှသိချင်လာသည်။


ဝမ်လေးက အထင်လွဲပြီးသည့် ကိစ္စဖြစ်ပြီးသည့်နောက်တွင် သူမတို့နှစ်ယောက် ကွာရှင်းဖြစ်သွားလိမ့်မည်ဟု ထင်ခဲ့သော်လည်း စုန့်ထင်ရှန်းအပေါ် သူမ၏နားလည်မှုက နက်ရှိုင်းလာသည်။


 စုန့်ထင်ရှန်းက တဲ့တိုးပြုမူတတ်သူတစ်ယောက်ဖြစ်သည်။ သူ၏ကျေးဇူးပြန်ဆပ်သည့် နည်းလမ်းများက ရိုးစင်းလွန်းလှသည်။ ငွေကို အစုအပြုံလိုက် သုံးဖြုန်းကာ အိမ်ဝယ်ပေးခြင်း၊ ကားဝယ်ပေးခြင်း၊ ဆိုင်ဝယ်ပေးခြင်း ၊ ရတနာပစ္စည်းများဝယ်ပေးခြင်းနှင့် ပိုက်ဆံအိတ်များလက်ဆောင်ပေးခြင်း စသည်တို့ ပြုလုပ်တတ်သည်။ မူလပိုင်ရှင်အပေါ်သူ၏ သဘော‌ပေါက်နားလည်မှုအရ သူမ သူ့ထံမှလိုအပ်သောအရာများက ၎င်းတို့ဖြစ်၍ သူဤသို့စဉ်းစားနေခြင်းလည်းဖြစ်နိုင်သည်။


ယနေ့ အခြေအနေကလည်း တူတူပင်ဖြစ်သည်။ သူမက သူ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံ၍ သူနှင့်တူတူ မွေးနေ့ပွဲကျင်းပပေးနေ၍ သူမကိုကျေးဇူးတင်သည့်အနေဖြင့် သင့်တော်သည့်တစ်ခုခု ပြန်ပေးရမည်ဟု ထင်နေခြင်းပင်။ စကားလုံးများဖြင့် ကျေးဇူးတင်ခြင်းက မလုံလောက်နိုင်ပေ။ မူလပိုင်ရှင်၏ ဦးစားပေးမှုများပေါ် မူတည်ကာ သူက သူမအတွက် ငွေသုံးပေးလိုခြင်းဖြစ်သည်။


ဤရှု့ထောင့်မှကြည့်လျှင် သူ၏ အပြုအမူက လွှမ်းမိုးနိုင်စွမ်းရှ်ိသော စီအီးအိုများနှင့် အလွန်တူနေသည်။


" အဆင်ပြေပါတယ် ... ကျွန်မမှာလည်း ငွေရှိတော့ စတိုးဆိုင်ဖွင့်မယ်ဆိုလည်း ပြဿနာမရှိပါဘူး ..."


ယွမ်ရှ ပြုံးလိုက်သည်။


စုန့်ထင်ရှန်းက သူမကို ဘာပေးရမည်ကို ထပ်မံစဉ်းစားနေသည်ဟုထင်၍ ယွမ်ရှ ထပ်ပြောလိုက်သည်။


" ရှင် ဒါမျိုးတွေ လိုက်လုပ်ပေးနေစရာမလိုပါဘူး ... ကျွန်မကို ရှင်အများကြီးပေးထားတာပဲ ... ကျွန်မနေဖို့ အိမ်ကြီးကြီးတစ်အိမ်ရှိတယ် မောင်းစရာကားရှိတယ် ပြီးတော့ လစဉ်အသုံးစရိတ်အတွက်လည်း ကျွန်မ မစိုးရိမ်ရဘူးလေ ... အဲ့တော့ စိတ်မပူပါနဲ့ ... ကျွန်မမှာလိုအပ်တာ တစ်ခုခုရှိရင် ရှင့်ကိုပြောပါ့မယ် ..."


ယွမ်ရှပြောသည်ကိုကြားသောအခါမှ စုန့်ထင်ရှန်း စိတ်အေးလက်အေးဖြစ်သွားသည်။ သို့သော် သူက ထပ်ပြောလိုက်သေးသည်။

" တစ်ခုခု လိုတာရှိရင် သေချာပေါက်ပြောရမယ်နော် ..."


" ကျွန်မသိပါပြီ  ~ " 



သူတို့မိသားစုဝင်သုံးယောက်က အပြင်ဘက်တွင် ညစာထွက်စားကြသည်ဖြစ်၍ အိမ်အကူအဒေါ်ကြီးကို နေ့တစ်ဝက် ခွင့်ပေးလိုက်သည်။ အိမ်အကူအဒေါ်ကြီးက ဤမြို့ဇာတိမဟုတ်သော်လည်း သူမ၏သားနှင့်ချွေးမက ဤမြို့တွင်အလုပ်လုပ်ပြီး အိမ်သေးသေးတစ်လုံး ဝယ်ထားကြသည်။ ယွမ်ရှက သူမကို နေ့တစ်ဝက်ခွင့်ပေးလိုက်၍ သူမသား၏အိမ်တွင်သွားနေပြီး ဗီလာသို့ နောက်နေ့မနက်အထိ ပြန်လာမည်မဟုတ်ပေ။


သူတို့ အိမ်ပြန်ရောက်လာသည့်အခါ စုန့်ထင်ရှန်းက ယွမ်ရှပင်ပန်းနေသည်ကိုမြင်၍ ဝမ်လေးကို သူကိုယ်တိုင် ရေချိုးပေးရန်တာဝန်ကို ယူလိုက်သည်။


ဤဝဝကစ်ကစ်ကလေးလေးက်ို ရေချိုးပေးရခြင်းက ကိုယ်လက်လေ့ကျင့်ခန်းတစ်ခုလုပ်ရသည်ဟု သတ်မှတ်နိုင်သည်။ ရေနှင့်ထိလိုက်သည်နှင့် သူကစိတ်လှုပ်ရှားသွားပြီး ရေချိုးသည့်အချိန်တိုင်း ရေချိုးကန်ထဲတွင် အနည်းဆုံးနာရီဝက်ခန့် မကစားပဲ မနေနိုင်ပေ။


ဝမ်လေး၏ ရေစိုနေသောဆံပင်များက နဖူးတွင်ကပ်နေသည်။ သူက စုန့်ထင်ရှန်းကို ရုတ်တရက်ပြောလိုက်သည်။

" ပါပါး ... မာမားက သားကိုအများကြီးသဘောကျလာပြီထင်တယ် ..."


သူ့စကားများကြောင့် စုန့်ထင်ရှန်း ရယ်လိုက်မိသည်။ သူ့သားလေး၏ ဒူးခေါင်းအတွင်းဘက်များကို ဆပ်ပြာတိုက်ပေးနေလျက် ပြောလိုက်သည်။


" သားရဲ့မာမားက အမြဲတမ်းသားလေးကို သဘောကျပါတယ် ..."


ဝမ်လေး ခေါင်းခါလိုက်သည်။

" မာမား အရင်တုန်းကဆို သားကိုသဘောမကျဘူး ..."