Chapter 136
လနှစ်သစ်ကူး ညစာ
နှစ်သစ်ကူးနေ့မရောက်ခင်တွင် ရှန်းယွဲ့၏ အစ်ကိုအကြီးဆုံး ရှန်းယုံနှင့် မရီး ဟူဟုန်တို့က ရှန်းလျန့်ကို ခေါ်ကာ မနက်စောစောအချိန်တွင်ပင် ရှန်းမိသားစုအိမ်သို့ ရောက်လာကြသည်။
ရှန်းယုံက ရှန်းယွဲ့ထက် ဆယ်နှစ်မက ကြီးပြီး သူ့ပုံစံက ရှန်းယွဲ့နှင့် လုံးလုံးကွဲပြားသည်။ သူက ဘီယာဗိုက်နှင့် သက်လတ်ပိုင်းတရုတ်လူမျိုး စံပုံစံရှိပေသည်။ ရှန်းလျန့်တစ်ယောက် မိန်းမပျိုလေး တစ်ထောင်ကို ဆွဲဆောင်နိုင်သည့် မျက်နှာမျိုး ရသည်မှာ သူ့အမေကို ကျေးဇူးတင်ရမည်ပင်။
ရှန်းယုံက စကားအများကြီး မပြောခဲ့ပေ။ ထန်ချောင်းချောင်းကို ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်လိုက်ပြီးနောက် ရှန်းယွဲ့ကို ရှာရန် အပေါ်ထပ်သို့ တက်သွားတော့သည် သူက သူ့ညီဖြစ်သူနှင့် စီးပွားရေးကိစ္စများ ပြောချင်နေသည်။
ဟူဟုန်က နှစ်သစ်လက်ဆောင်ကို အစေခံဆီပေးလိုက်ပြီး ဧည့်ခန်းထဲမှ ထန်ချောင်းချောင်းကို မြင်လိုက်ချိန်တွင် ထေ့ငေါ့ပြောချင်သော သဘောထားတို့ဖြင့် ရုတ်တရက် ထူးထူးဆန်းဆန်းပုံစံဖြစ်သွားသည်။
"လာခဲတဲ့ဧည့်သည်ပါလား... ထန်မိသားစုရဲ့ စတားကလည်း ဒီရောက်နေတာကိုး... ရှန်းယွဲ့ကလည်းနော် နှစ်တွေအကြာကြီး သူအမေနဲ့ နှစ်သစ်မှာ အတူကုန်ဆုံးဖို့ ပြန်မလာခဲ့ဘဲနဲ့ အခုတော့ မိသားစုကို သိတတ်ပြီပေါ့... သေချာပါက် လူတွေက အိမ်ထောင်ကျပြီးရင် ပြောင်းလဲသွားတတ်ကြတာပဲ"
ထန်ချောင်းချောင်းက သူမ၏ အဆိုးမြင်ဝါဒီကို ဂရုစိုက်မနေပေ။ သူမက အသာအယာပြုံးကာ ပြောလိုက်သည်။
"ဒါပေါ့... ယောက်မလည်း အကြီးဆုံးတူလေးကို နောက်ပိုင်း ယောက်မဆီ မကြာမကြာ လာတွေ့ဖို့ အိမ်ထောင်ပြုပေးလိုက်လေ... သူထန်ရို့နဲ့ မင်္ဂလာစကား ပြောပြီးသွားပြီလား... ဘယ်တော့ လက်ထပ်ပွဲ လုပ်မှာလဲ... ကျွန်မတို့ကို ဖိတ်စာပေးဖို့ မမေ့နဲ့အုံးနော်"
ထန်ချောင်းချောင်း ထန်ရို့အကြောင်း ပြောလိုက်ချိန်တွင် ဟူဟုန်၏ မျက်နှာ ပျက်သွားရသည်။
ထန်မိသားစု၏ သမီးက သူမကို လူကုံထံအမျိုးသမီးများကြား မျက်နှာပျက်စေခဲ့ပြီး သူမသားကလည်း အင်တာနက်တစ်ခွင် ရယ်စားခံခဲ့ရသည်။ သူမက ထန်ရို့အပေါ် စိတ်ရင်းဖြင့် ဆက်ဆံပေးခဲ့သော်လည်း သူတို့က လက်ထပ်ပွဲအကြောင်း ဆွေးနွေးနေချင်သေးသည်။ နွေဦးကနေ ဆောင်းဦးအထိ အိမ်မက်မက်နေလိုက်...
သူမက မာမာထန်ထန် ပြောလိုက်သည်။ "ရှန်းလျန့်နဲ့ ထန်ရို့က လမ်းခွဲပြီးတာ ကြာလှပြီ... မင်းလည်း ထန်မိသားစုကပဲ... ငါတို့ထက် ပိုသိသင့်သေးတယ်"
ထန်ချောင်းချောင်းက မပျော်မရွှင် ဖြစ်သော လေသံဖြင့် "သူက ကျွန်မမိသားစုမှ မဟုတ်တာ... ကျွန်မ ဘယ်လိုသိမှာလဲ"
ရှန်းလျန့်က သူ့မိဘများထက် နောက်ကျမှ ဝင်လာခဲ့သည်။ သူဝင်လာသည်နှင့် သူ့အမေက ထန်ရို့ကို ပျက်ရယ်ပြုနေသည်အား ကြားလိုက်ရသည်။ သူအနည်းငယ် ရှက်ရို့သွားသလိုပင်။ ဘာပဲဖြစ်ဖြစ် သူနဲ့ ထန်ရို့တို့က လမ်းခွဲခဲ့ပြီးပြီ...
ထန်ရို့နှင့် သူ့အကြောင်း ဖော်ထုတ်ခံလိုက်ရပြီးနောက် သူအဘက်ဘက်မှ ဖိအားများစွာ ခံစားခဲ့ရသည်။ အထိတ်လန့်ရဆုံးအချက်မှာ ထန်ရို့၏ ဖုံးကွယ်ထားသော သမီးအတုဟူသော အချက်ကို သူ့မိဘများ သိသွားကြခြင်းပင်။
ထန်မိသားစုက နောက်ပိုင်းတွင် ရှန်းယုံနှင့် သူ့ဇနီးထံသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်တောင်းပန်ခဲ့သော်လည်း အကူအညီမဖြစ်တော့ပေ။
ဟူဟုန်၏ ထန်ရို့အပေါ် ချစ်ခင်မှုများက ကွယ်ပျောက်သွားခဲ့ပြီဖြစ်သည်။ သူမက ရှန်းလျန့်အား ထန်ရို့က သူတို့မိသားစုအတွင်းသို့ လုံးဝ ဝင်နိုင်မည် မဟုတ်ကြောင်း သိသိသာသာဖြင့် တိတ်တဆိတ် ပြောပြခဲ့သည်။ သူမက ထိုကဲ့သို့သော ချွေးမမျိုးကို မလိုချင်ပေ။
ထပ်ပေါင်းရလျှင် ထိုအချိန်၌ သူ့ သရုပ်ဆောင်အလုပ်သည်လည်း ပြောင်းလဲမှုများ တွေ့ကြုံခဲ့ရသည်။ သူမနှင့် ပြဿနာများ ပြီးနောက် သေချာမ ရှင်းလင်းနိုင်သဖြင့် ထန်ရို့က ဖြည်းဖြည်းချင်း သူ့အတွက် ထူးမခြားနားဖြစ်လာသလိုပင်။ နောက်ပိုင်းတွင် ထန်ရို့ ပါပါရာဇီများထံမှ ဓါတ်ပုံရိုက်ခံရသည့် ကိစ္စက သူမတမင်သက်သက် လုပ်ခဲ့သည့်ကိစ္စဖြစ်ကြောင်း မတော်တဆ ရှာတွေ့ခဲ့ရသည်။
ထိုကဲ့သို့သော ထန်ရို့၏ပုံစံက သူ့အတွက် ထူးဆန်းနေသည်။
သူမသိခင်ကပင် သူတို့အကြားမှ ဝိရောဓိက နက်သထက် နက်နဲလာပြီး ဖယ်ထုတ်ရန် ခက်ခဲလာခဲ့သည်။ အရင်က သူမအပေါ် ချစ်ခင်မှုများက ပျောက်ကွယ်သွားလေပြီ။
ထူးဆန်းစွာပင် သူလမ်းခွဲရန် တောင်းဆိုလိုက်သောအခါ ထန်ရို့ကလည်း အလွန်ပင် လွယ်လွယ်ကူကူ လက်ခံလိုက်သည်။
ရှန်းလျန့်က သူ့အမေနှင့် ထန်ချောင်းချောင်းတို့ကို ထပ်ပြး ငြင်းခုံ မနေစေချင်တော့သဖြင့် ဟူဟုန်ကို သူ့အဘွားထံ စကားသွားပြောခိုင်းလိုက်သည်။ ဟူဟုန်က အေးစက်စွာဖြင့် နှာမှုတ်ကာ ခေါင်းကို မော့ချီ၍ ထွက်သွားတော့၏။
ရှန်းလျန့်က ပြောသည်။ "မင်းမှာ ထန်မိသားစုနဲ့ ပတ်သက်မှုကနေ အများကြီး ခံစားခဲ့ရတယ်ဆိုတာ ငါသိပါတယ်... ဒါပေမယ့် သူတို့မိသားစုတစ်ခုလုံး ပြည်ပထွက်သွားကြတယ်ဆိုတာ ငါပြောချင်လို့... ထန်ရို့လည်း လိုက်သွားတယ်"
ထန်ချောင်းချောင်း: "ငါပြောပြီးသားလေ... ငါနဲ့ ဘာမှ မဆိုင်ပါဘူးလို့"
ရှန်းလျန့်က သူမကို အေးစက်ပြီး ထူးမခြားနားသော သဘောထားဖြင့် ကြည့်လိုက်ပြီး ရှင်းမပြနိုင်အောင်ပင် ဒေါသထွက်သွားရသည်။ "ဘာလို့ အဲ့လောက် သွေးအေးရတာလဲ...ဘာပဲဖြစ်ဖြစ် သူတို့က မင်းရဲ့မိဘတွေပဲလေ... ထန်ရို့ကလည်း မင်းညီမပဲ"
ထန်ချောင်းချောင်းက ရယ်မောလိုက်သည်။ "ရှင်အဲ့လိုပြောနေတဲ့အချိန်မှာ ရယ်စရာကောင်းတယ်လို့ မခံစားရဘူးလား... ရှင်က အဲ့လောက် ချစ်တတ်နေတာကို ဘာလိုများ ငယ်ချစ်ဦး ချစ်သူလေးကို စွန့်ပစ်ခဲ့တာလဲ"
"ဒါက ဒါက ငါ့အမေ သဘောမတူလို့လေ..." ရှန်းလျန့်က အားနည်းဖျော့တော့စွာ ဆိုသည်။
ထန်ချောင်းချောင်းက နှာမှုတ်လိုက်သည်။ "ဒီလိုပြောရုံနဲ့ ရှင့်ကိုရှင် နှစ်သိမ့်နိုင်တယ်လို့ တွေးနေရင် ရှင့်ဘာသာ လုပ်ချင်တာလုပ်... ကျွန်မကို လာရှင်းပြစရာမလိုဘူး... ဂရုမစိုက်ဘူး"
ထန်ချောင်းချောင်းက ရှန်းလျန့်၏ မယဥ်ကျေးသော မှတ်ချက်များကို ဂရုစိုက်ရန် မအားပေ။ အဆုံးတွင်တော့ သူ ထန်ရို့နှင့် လမ်းခွဲရခြင်းအကြောင်းမှာ သူ တကိုယ်ကောင်းဆန်သည့် အချက်ကြောင့်သာပင်။
ရှန်းလျန့်က လည်နင်ကာ ဆူပူကြိမ်းမောင်းလိုက်သည်။ "လူကောင်းပုံဖမ်းမနေနဲ့... ထန်ရို့နဲ့ငါ ဒီလောက်ထိ ဖြစ်သွားတာ မင်းကြောင့်ပဲ... မင်းသာ ထန်မိသားစုကို ပြန်မလာရင် ဒီလိုကိစ္စတွေ ဖြစ်လာမှာ မဟုတ်ဘူး"
ထန်ချောင်းချောင်းက မျက်လုံးသာ လှိမ့်မိသွားတော့သည်၊ ဘယ်လိုအရူးလဲ... "မဟုတ်တာ လုပ်ထားတဲ့လူက အရင် အထွန့်တက်တတ်တာပဲနော်... ထန်မိသားစုကသာ ကျွန်မကို ရှာတွေ့ပြီး ပြန်ခေါ်တဲ့သူတွေပဲ... ရှန်းယွဲ့နဲ့ လက်ထပ်ပြီးကတည်းက ထန်မိသားစုကနေ ထွက်လာခဲ့ပြီးပြီ... သူတို့နဲ့ ဘာမှ မပတ်သတ်တော့ဘူး"
"သေချာတာပေါ့... အရာအားလုံးအတွက် ရှင့်ကို ကျေးဇူးတင်ရမှာပဲ... အစတုန်းက ရှင်ကပဲ ကျွန်မကို ရှင့်ဦးလေးနဲ့ တွဲပေးဖို့ အကောင်းဆုံး ကြိုးစားပေးခဲ့တာလေ... ကျေးဇူးပဲနော်" ထန်ချောင်းချောင်းက ပြုံးရွှင်စွာ ပြောလိုက်သည်။
ရှန်းလျန့်: "..." သူကတော့ ကျောက်တုံးကို မပြီး ကိုယ့်ခြေထောက်ကိုယ် ပစ်ချလိုက်မိသလိုပါပဲလား။
ဟူဟုန်က အမှန်တကယ်တွင် ထွက်မသွားဘဲ ဘေးတွင်ပုန်းကာ ခိုးနားထောင်နေခဲ့သည်။ သူမ၏သား ထန်ချောင်းချောင်းကို ပြန်မချေပနိုင်တော့ကြောင်း တွေ့သွားသောအခါ မနေနိုင်ဘဲ ခုန်ထွက်လာပြန်သည်။
"နည်းနည်းလေး တလေးတစား ပြောလို့မရဘူးလား... ဒါ ရှန်းမိသားစုအိမ်နော်... မင်းကို အလိုလိုက်ပေးမဲ့ ထန်မိသားစုလို နေရာသေးသေးလေး မဟုတ်ဘူး"
"ရှင်လည်း ဒီနေရာမှာ အရမ်းကြီးကြီးမြတ်ပုံပေါ်မနေပါဘူးနော်... မဟုတ်ရင် နောက်ဆို ရှင့်မိသားစု ရှန်းဟူလို့ ခေါ်ရတော့မှာလား... " ထန်ချောင်းချောင်း သူမကို လှောင်ပြောင်လိုက်သည်။
ဟူဟုန်: "နင်..."
"တော်တော့" ရှန်းယုံက ရှန်းယွဲ့ကို ဓါတ်လှေကားထဲမှ တွန်းထုတ်လိုက်ပြီးနောက် ဟူဟုန်ကို တည်ငြိမ်နေသော မျက်နှာဖြင့် ပြောလိုက်သည်။
"တရုတ်နှစ်သစ်ကူးမှာ ဘာလို့ အဲ့လောက် အာကျယ်အာကျယ်တွေပြောနေရတာလဲ... ငါ မင်းကို အမေ့ဆီ အဖော်ပြုပေးဖို့ ခေါ်လာတာကွ... ငြင်းခုံနေဖို့ မဟုတ်ဘူး"
ဟူဟုန်က စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ "သူကမှ ကျွန်မကို အရင် ရက်ရက်စက်စက် ပြောလာတာ"
ရှန်းယုံ: "မဟုတ်တာတွေ... မင်းနဲ့ ချောင်းချောင်းကြား ဘာမကျေနပ်ချက် အာဃာတတွေမှ ရှိတာမဟုတ်ဘူး... မင်းရဲ့ အာကျယ်တဲ့ ပါးစပ်ကသာ ရန်ဖြစ်စရာအကြောင်းတွေ ရှာမတွေ့ရင် အကုန်အဆင်ပြေသွားမှာ"
ဟူဟုန်မှာ မှားယွင်းစွပ်စွဲခံရသဖြင့် မကျေနပ်မှုအပြည့်ပင်။ သူမက သူမယောကျ်ားကပါ ထန်ချောင်းချောင်းဘက်သို့ ပါသွားမည်ဟု မမျှော်လင့်ခဲ့။ ထိုအခြေအနေမျိုးက မလွယ်ကူပေ။ ထို့ကြောင့် သူမက ဒေါသကို မျိုသိပ်လိုက်ရုံသာ တတ်နိုင်တော့သည်။
ရှန်းယွဲ့က ဘာစကားမှ မပြောဘဲ သူ့ရှေ့မှ သရုပ်ဆောင်နေကြသော လူနှစ်ဦးကိုသာ ကြည်၍ နှုတ်ခမ်းထောင့်များ မြင့်တက်လာသည်။
အမှန်တကယ်တွင် ရှန်းယုံက သူ့ညီဖြစ်သူကို တစ်ခါတစ်ရံတွင် အနည်းငယ် ထိတ်လန့်ရဆဲပင်။ မည်သို့ပင်ဆိုစေကာမူ ရှန်းယွဲ့က သူ့အစ်ကိုကြီးကို မျက်နှာသာ ပေးလေ့ရှိပေသည်။
ရှန်းယုံနှင့် ရှန်းယွဲ့က အသွင်အပြင် ကွဲပြားရုံသာမက သူတို့၏ လုပ်ဆောင်မှုများကလည်း ကွဲပြားသေးသည်။ ရှန်းယွဲ့က ရဲရင့်ပြီး စီးပွားရေးနယ်ပယ်တွင် မထင်မှတ်ထားသော ဆန်းသစ်တီထွင်မှုများ မကြာခဏ လုပ်လေ့ရှိပြီး တစ်ဖက်က ရှန်းယုံကမူ သူ့နာမည်ကဲ့သို့ ရှေးရိုးဆန်ပေသည်။ သူက အခြေခံအနေဖြင့် အာမခံချက်နှင့် ရှေ့ရေးမျှော်တွေးမှုများကို လုပ်ဆောင်လေ့ရှိသည်။ ရှန်းယွဲ့၏ ကားမတော်တဆမှုကြောင့်သာ မဟုတ်ခဲ့ပါက ရှန်းအုပ်စု၏ ခေါင်းဆောင် ဖြစ်မလာနိုင်ပေ။
[T/N: ရှန်းယုံရဲ့ "ယုံ"က "ခိုင်ခံ့သော နံရံ" လို့ အဓိပ္ပါယ်ရပါတယ်]
မည်သို့ပင် ဆိုစေကာမူ ရှန်းအုပ်စုက သူ့လက်ထဲတွင် လွန်ခဲ့သည့် နှစ်နှစ်တာကတည်းက ရှိနေခဲ့သည်။ တိုးတက်မှုက သာမန်မျှသာ ဖြစ်ပြီး အသစ်အသစ်သောလူများကလည်း သူတို့၏ လုပ်ငန်းအချို့ဆီသို့ ဖြန့်ကျက်ဝင်ရောက်လာကြသည်။
ရှန်းယုံ မူလက တွေးခဲ့သည်မှာ သူသာ ရှန်းအုပ်စု၏ ခေါင်းဆောင် ဖြစ်လာပါက သူ့ညီထက် မြင့်သည့်နေရာတွင် ရပ်နိုင်ပြီဟုပင်။ သူက ရှန်းယွဲ့ ထိုနေရာကို သူ့လက်ထဲမှ ပြန်လုယူမည်ကိုလည်း အမြဲတစေ သတိထားခဲ့ရသည်။
သို့သော်လည်း ညီအစ်ကို နှစ်ယောက်က နံရံကို ဖြိုဖျက်မည့် ဒရာမာမျိုးကလည်း တစ်ခါမှ ဖြစ်မလာခဲ့ပေ။ သူ အဘယ်ကြောင့် ဖြစ်ရသည်ကို သဘောပေါက် သွားခဲ့လေပြီ။ ရှန်းယွဲ့က ထိုအကြောင်းကို လုံးလုံး ဂရုမစိုက်ခဲ့သည့် အတွက်ကြောင့်သာ။ သူ့ကိုယ်ပိုင် ကုမ္ပဏီ အောင်းရှင်း ရင်းနှီမြှုပ်နံရေးက စီးပွားရေး လောကတွင် ဦးဆောင်သူ ဖြစ်လာခဲ့သည်။ ယခုတွင်ပင် ရှန်းအုပ်စု၌ ပရောဂျက်ကြီးတစ်ခု ရှိလာခဲ့ပြီး သူ့မှာ အကူအညီအတွက် ရှန်းယွဲ့ဆီကို ဦးလှည့် နေရပေပြီ။
အခုလေးတွင်ပင် ရှန်းယုံက အပေါ်တက်ကာ ရှန်းယွဲ့နှင့် စကားပြောလာခဲ့သည်။ သို့သော်လည်း ရှန်းယွဲ့က ချက်ချင်း သဘောတူမလာခဲ့ပေ။ သူက စဥ်းစားဦးမည်ဟုသာ ပြောလာခဲ့သည်။ ထိုအခြေအနေတွင် သူက ဟူဟုန်နှင့် ရှန်းလျန့်ကို ရှန်းယွဲ့၏ မိန်းမအား ဆန့်ကျင်ပြီး သူ့ဆီ ဒုက္ခများ သယ်လာမည်ကို ခွင့်မပြုနိုင်ပေ။
မတိုင်မီကပင် ရှန်းလျန့်က ပြစ်မှုတစ်ခုကို စုံစမ်း မေးမြန်းသည့်ပုံ မာန်တက်နေသော အမူအယာ ရှိခဲ့သည်။ သူ့အဖေ ထွက်လာသည်ကို တွေ့လိုက်သည်နှင့် ချက်ချင်းပင် နှုတ်ဆိတ်သွားတော့သည်။ ထို့နောက် အရာအားလုံး သေချာ မြင်လိုက်ပုံရသော ရှန်းယွဲ့ကို တွေ့လိုက်ရသည်။ သူကသိကအောက် ဖြစ်သွားသော်လည်း နာခံစွာဖြင့် ခေါ်လိုက်သည်။
"ဦးလေးငယ်"
ရှန်းယုံက အေးစက်စွာ ပြောလိုက်သည်။ "မင်း အခုလေးတင် ဦးလေးငယ်ကို နှုတ်ဆက်လိုက်တယ်... ချောင်းချောင်းကိုရော နှုတ်ဆက်ပြီးပြီလား"
"သူ့ကို နှုတ်ဆက်ရမှာလား" ရှန်းလျန့်က ခံစားချက်မရှိသည့် မျက်နှာမျိုး ပြလာသည်။
"သူက မင်းရဲ့ အဒေါ်ပဲလေ... ငါတို့ မင်းကို စည်းကမ်းတွေသင်ထားတာ အလကား မဟုတ်ဘူး" ရှန်းယုံက ပြောလိုက်သည်။
ဟူဟုန် သူမသားကို ပို၍ အနေမကျပ်စေလိုတော့ပေ။
"သူတို့နှစ်ယောက်က ရွယ်တူတွေပဲလေ... ထားလိုက်ပါ... လူငယ်တွေက ဒါမျိုးတွေ သိပ်မကြိုက်ကြဘူး"
ရှန်းလျန့်က တိုးတိုးရေရွတ်လိုက်သည်။
"သူ့ကို အဒေါ်လို့ ခေါ်ရမှာလား... မဖြစ်နိုင်တာ..."
" မင်း ဘာပြောလိုက်တာလဲ" ရှန်းယုံက အသံမာမာဖြင့် ပြောလိုက်သည်။ "သူက မင်းထက် ငယ်နေရင်တောင် ခေါ်ရမယ်... ဒါလောကဝတ်ပဲ"
ရှန်းယွဲ့နှင့် ထန်ချောင်းချောင်းတို့က အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့နှစ်ယောက်က အသံမပြုဘဲ နှုတ်ခမ်းကိုသာ တွန့်ကွေးနေပြီး ထိုသုံးယောက် သရုပ်ဆောင်ကြမယ့် အရာရာတိုင်းကို ကြည့်ရန် အသင့်ပြင်ထားလိုက်သည်။
Xxxxxxx