Chapter 137
ရှန်းယုံ ဒေါသထွက်လာချိန်တွင် ရှန်းလျန့် အေးခဲသွားသည်။ သူက မျက်နှာကို မလိုချင်သည့်ပုံစံဖြင့် လှည့်ကာ တိုးတိုး ပြောလိုက်သည်။ "ဒေါ်လေး"
ထန်ချောင်းချောင်းက နားရွက်ကို စောင်းလိုက်သည်: "ဘာပြောတာလဲ... သေချာ မကြားရဘူး"
ရှန်းလျန့်က အသက်ပြင်းပြင်းရှုကာ ရှန်းယုံ၏ ရန်မူနေသော မျက်လုံးများအောက်တွင်ပင် သူ့အသံကို မြှင့်လိုက်ရသည်။
"ဒေါ်လေး"
ထန်ချောင်းချောင်းက မျက်လုံးဖွင့်လိုက်ပြီးနောက် ပြုံးလိုက်သည်။ "အိုး... လိမ္မာလိုက်တဲ့ ကောင်လေး"
ရှန်းလျန့်၏ မျက်နှာက ငါးပူတင်းလို ဖြစ်နေသည်။ သူ ဘာလို့များ နှစ်သစ်ကူးဖို့ ပြန်လာပြီး စိတ်ရှုပ်ခံနေရတာလဲ... သူသာသိခဲ့ရင် နှစ်သစ်ကူးနေ့မှာ အလုပ်တစ်ချို့ပဲ လက်ခံထားလိုက်ပါတယ်...
ဟူဟုန်က ထန်ချောင်းချောင်း၏ အောင်နိုင်သူအပြုံးကြောင့် ကြက်သေသေသွား သွားပြီး မှုန်တေတေဖြင့် ပြောလိုက်သည်။ "ကျွန်မ အနားယူဖို့ အခန်းကို ပြန်တော့မယ်"
သူမ ထွက်သွားတော့မည့် အချိန်တွင် မဒမ်ရှန်းက ဒုတိယထပ်မှ ခပ်ဖြည်းဖြည်း လျှောက်လာသည်။ ဘယ်အချိန်ကတည်းက သူတို့စကားတွေ နားထောင်နေမှန်း မသိရပေ။
"ဘယ်သွားမလို့လဲ..."
ဟူဟုန်က ခေါင်းကို လှည့်ကာ ရိုသေစွာ ပြောလိုက်သည်။
"အမေ... ကျွန်မ အခန်းထဲကို သန့်ရှင်းရေးလုပ်ဖို့ သွားမလို့"
မဒမ်ရှန်းက ပြောလိုက်သည်။
"သန့်ရှင်းရေး လုပ်ပြီးရင် ပြန်လာခဲ့... နှစ်သစ်ကူးအတွက် အလုပ်တွေ အများကြီး ကျန်သေးတယ်"
ဟူဟုန်က အံ့အားသင့်သွားရသည်။ "ဒါတွေက အစေခံတွေ လုပ်ရမှာ မဟုတ်ဘူးလား"
မဒမ်ရှန်းက ပျင်းရိစွာ ပြောလိုက်သည်။
"ဒီနှစ် သူတို့အားလုံးကို အားလပ်ရက် ပေးထားတယ်... သူတို့အိမ်ပြန်ပြီး မိသားစုနဲ့ နှစ်သစ်ကူးဖို့ ခွင့်ပြုလိုက်တာ... ငါတို့မှာလည်း ခြေတွေလက်တွေ ရှိတာပဲ... ပြီးတော့ လူတွေလည်း အများကြီး ရှိနေတာကို... ငါတို့ဘာသာ လုပ်လိုက်လို့ မရဘူးလား"
"ဟုတ်တဲ့ ကျွန်မ နားလည်ပါပြီ" ဟူဟုန်က မဒမ်ရှန်းကို ရင်မဆိုင်ရဲပါပေ။ ထိုအဘွားအိုကြီးက မီးပွား စတင်ကတည်းက ဘယ်တုန်းကမှ အားမနည်းခဲ့ပေ။ သူမက ယောကျ်ားဖြစ်သည်ကို မဒမ်ရှန်း၏ သားအရင်း မဟုတ်ဟု အကြိမ်များစွာ သင်္ကာမကင်း ဖြစ်ခဲ့သည်။ သူက မဒမ်ရှန်းနှင့် လုံးလုံး မတူညီပါချေ။
"ချောင်းချောင်း" မဒမ်ရှန်းက ထန်ချောင်းချောင်းကို တွေ့ပြီးနောက် တိမ်ဖုံးနေသော မျက်နှာက ချက်ချင်း နေသာသွားသလိုပင်။
"မင်းက ငါနဲ့ ဖန်လုံအိမ်စိုက်ခင်းဘက် လိုက်ခဲ့လေ... မနေ့တုန်းက ငါစိုက်ထားတဲ့ အသီးအရွက်တွေ ကြည့်ချင်တယ်လို့ ပြောခဲ့တယ်မလား"
"ဟုတ်" ထန်ချောင်းချောင်း ထရပ်ကာ သူမကို ကူညီပေးရန် လျှောက်သွားလိုက်သည်။
မဒမ်ရှန်းက ဟင်းမချက်တတ်သော်လည်း အသီးအရွက်စိုက်ရသည်ကို သဘောကျသည်။ ၎င်းက တရုတ် လူမျိုးများ အရိုးထိစွဲနေသော ဝါသနာစ်ခု ဖြစ်ပုံပင်။ သူမက ထန်ချောင်းချောင်း တစ်ခြံလုံးအပြည့် အသီးအရွက်များ စိုက်ထားသည်ကို တွေ့သွားပြီးနောက် ပြန်လာသည်နှင့် အသီးအရွက်စိုက်ရန် ဖန်လုံအိမ်တစ်ခု ဆောက်ခဲ့သည်။
အခြားသော လူချမ်းသာများက ရှားပါးပြီး ထူးခြားဆန်းပြားသော အပင်များ စိုက်ပျိုးရန် တန်ဖိုးမြင့် ဥယျာဥ်များ ပြုလုပ်ထားကြသော်လည်း ထိုအမျိုးသမီးကြီးကတော့ ခြေတစ်လှမ်း တိုးကာ အသီးအရွက်စိုက်ခင်း ဖန်လုံအိမ်ကို အိမ်တွင် ဆောက်ထားခဲ့သည်။
ဟူဟုန်က ထိုအကြောင်းကို ကြားသည့်အချိန်တွင် အထင်အမြင်သေးစိတ် ပေါ်လာခဲ့သည်။ သူမစိတ်ထဲတွင် အသီးအရွက် စိုက်ခြင်းက ညစ်ပတ်ပြီး ပြဿနာများပေသည်။ အသီးအရွက်တွေကို အပြင်က မှာယူပြီး လာသွင်းခိုင်းတာကမှ ပိုကောင်းသေးတယ်... ဘာလို့ အလုပ်ရှုပ်ခံနေရအုံးမှာလဲ... သေချာပေါက် သူမက ထိုစကားလုံးများကို ဗိုက်ထဲသို့သာ ပြန်မျိုချလိုက်သည်။
မဒမ်ရှန်းက တံခါးဝဆီ လျှောက်သွားလိုက်ပြီး ပြန်လှည့်ကာ ဟူဟုန်ကို ထပ်ပြောလိုက်သည်။
"ပြီးရင် ကူဖို့ ဖန်လုံအိမ်ကိုပဲ တန်းလာခဲ့... ရှန်းလျန့်လည်း လာရမယ်"
ဟူဟုန်နှင့် ရှန်းလျန့်တို့ ကြက်သေသေသွားကြသည်။
"... ဟုတ်ကဲ့ပါ"
နှစ်နာရီအကြာမျှ ဟူဟုန်နှင့် ရှန်းလျန့်တို့က မဒမ်ရှန်း၏ အပင်များကို လှည့်ရန် ပေါင်းနှုတ်ရန်၊ မြေဆွရန်၊ ရေလောင်းရန် စသည်ဖြင့် ခိုင်းစေခြင်းကို ခံလိုက်ရသည်။ ထိုသူနှစ်ယောက်က ပုံမှန်အားဖြင့် အားသုံးရသော အလုပ်များ မလုပ်ဖူးကြပေ။ ခဏကြာသည်နှင့် ပင်ပန်းလာကြတော့သည်။
ထန်ချောင်းချောင်းက လုံးဝမပင်ပန်းပါချေ။ သူမက ဖန်လုံအိမ်တစ်ဝိုက် လှည့်ပတ်ရင်း ဟိုဟိုသည်သည် လိုက်ပါ ခံစားနေသည်။ သူမ မည်သည့်အရာ လုပ်နေသည်အား မသိနိုင်ကြ။
မဒမ်ရှန်း၏ အသီးအရွက်များက ကောင်းပါသော်လည်း ထန်ချောင်းချောင်း၏ အသီးအရွက် စိုက်ခင်းနှင့် ယှဥ်ပါက အနည်းငယ် စွမ်းအင်မဲ့နေဆဲပင်။ သူမက နေရာတိုင်း ပတ်ကြည့်ချင်ယောင်ဆောင်ကာ ဝိဥာဏ်စွမ်းအင်အချို့ကို မြေဆီလွှာထဲသို့ တိတ်တဆိတ် ထည့်ပေးလိုက်သည်။
သူမ၏ အလုပ်ပြီးနောက် ထန်ချောင်းချောင်းက အသီးအရွက်ခြင်းအပြည့် ယူခဲ့လိုက်သည်။ ထိုအသီးအရွက်များက မကောက်လျှင် ညှိုးသွားတော့မည်သာ။ သူမက ပိုသည့်အရွက်များကို ဆားရည်စိမ်လုပ်ရန် စီစဥ်ထားခဲ့သည်။
"တဆိတ်လောက်"
ဟူဟုန်က လေးတွဲစွာ ထိုင်နေပြီး သူမခေါင်းပေါ်မှ ထန်ချောင်းချောင်း၏ အသံကို ကြားလိုက်ရသည်။
ထန်ချောင်းချောင်းက သူမကို နှိမ့်ချစွာ ကြည့်လိုက်ပြီး လက်တစ်ဖက်တည်းဖြင့်ပင်ကြီးမားသော အသီးအရွက်ခြင်းကြီးကို မထားလိုက်သည်။
"ယောက်မ... ပင်ပန်းနေပြီလား... ကြည့်ရတာ ရှင့်ခန္ဓါကိုယ်က နည်းနည်း အားနည်းနေသလိုပဲနော်... ရှင့်အရွယ်မှာ ခန္ဓါကိုယ်ကို သေချာအာရုံစိုက်ပြီး ထိန်းသိမ်းသင့်တယ်နော်"
ပြောပြီးနောက် ထန်ချောင်းချောင်းက သူမကို ဖြတ်လျှောက်သွားလိုက်ကာ သွေးအန်လောက်သည်အထိ ဒေါသထွက်နေသူကို ချန်ထားခဲ့သည်။
နှစ်သစ်ကူးအကြိုနေ့၏ အရေးအကြီးဆုံးအချက်မှာ မိသားစု ပြန်လည်ဆုံဆည်းသည့် ညစာစားပွဲဖြစ်သည်။
လွန်ခဲ့သည့် နှစ်များတွင် ရှန်မိသားစုက အပြင်ထွက်စားရမည့် ပြဿနာကို ရှောင်ရှားရန် ကြယ်ငါးပွင့် စာဖိုမှုးကို အိမ်၌ ချက်ပြုတ်ပေးရန် ဖိတ်ခေါ်လိမ့်မည်ပင်။
သို့သော်လည်း ယခုနှစ်က ကွဲပြားသည်။ စာဖိုမှုး ထန်ချောင်းချောင်းနှင့်ပင် မဒမ်ရှန်းက သူမကို မီးဖိုချောင် ထိန်းချုပ်ခွင့် အပြည့်အဝပေးခဲ့သည်။
ဟူဟုန်က မနာလိုဖြစ်ခဲ့ရသည်။ ထန်ချောင်းချောင်းက ထန်မိသားစုအိမ်ကို ရောက်သည်မှာ မကြာသေးသော်လည်း သခင်မကြီးကို စိတ်ကျေနပ်စေခဲ့သည်။ သူမက ရှန်းယုံကို နှစ်ပေါင်းများစွာ ပေါင်းသင်းလာပြီး သူမအတွက် မြေးကောင်းလေး ရှန်းလျန့်ကို မွေးပေးခဲ့ရသော်လည်း မဒမ်ရှန်း သူမကို မျက်နှာသာပေးသည်က ရှားပါးလှသည်။
'ချက်ပြုတ်တာလေးပဲ မဟုတ်ဘူးလား... လူတိုင်း လုပ်တတ်တယ်'
ဟူဟုန်က အင်္ကျီလက်ကို ခေါက်တင်ကာ အေပရွန် ဝတ်ပြီးနောက် ပြောလိုက်သည်။
"အမေ... ယောက်မလေး တစ်ယောက်တည်းကိုပဲ ဟင်းပွဲတွေအများကြီး ချက်ခိုင်းလိုက်ရင် အတော်လေး ပင်ပန်းမှာပဲ... အမေလည်း ကျွန်မလက်ရာကို မြည်းလို့ရအောင် ဟင်းပွဲတချို့ ချက်လိုက်မယ်လေ"
"မင်းက ချက်တတ်လို့လား" မဒမ်ရှန်းက သံသယ ရှိနေသည်။ သူမရဲ့ ချွေးမကြီး ချက်ပြုတ်တာကို တစ်ခါမှ မမြင်ဖူးပါဘူး...
ဟူဟုန်က ခိုင်မာစွာ ခေါင်းငြိမ့်ပြလိုက်သည်။ "ကျွန်မ ချက်တတ်ပါတယ်... ဟိုတလောက ဟင်းပွဲတစ်ချို့ ချက်ကြည့်ထားတာလေ.... ရှန်းယုံကလည်း တော်တော်လေး ကြိုက်နေတာ"
"ကောင်းပြီလေ... မင်းလည်းကူပေါ့... မင်းတို့နှစ်ယောက် အတူတူဆွေးနွေးလိုက်ကြ" မဒမ်ရှန်းက ဆိုသည်။
ထန်ချောင်းချောင်းက နှုတ်ခမ်းထောင့်များကို တွန့်ကွေးလိုက်သည်။ "ယောက်မ... ရှင် ဘာလုပ်ချင်လဲ... အရမ်းကြီး လေးပင်တာတွေ မလုပ်ကြရအောင်နော်"
ဟူဟုန်က ကောင်တာပေါ်မှ ပါဝင်ပစ္စည်းများကို ကြည့်ကာ စိတ်လှုပ်ရှားစွာ တံတွေးမျိုချလိုက်ပြီးနောက် အချို့ကိုကြုံရာကျပန်း ကောက်ယူလိုက်သည်။
"ငါဒါတွေ သုံးမယ်"
သူမက မချက်ပြုတ်နိုင်ပေ။ သို့သော် ကိစ္စမရှိပါ... ပိုင်တုကို သုံး၍ ရနေသည်လေ...
ဟူဟုန်က ပြုလုပ်ရသည်မှာ အလွန်ရိုးရှင်းသည်ဟု တွေးခဲ့သော်လည်း စချက်သည်နှင့် ထန်ချောင်းချောင်း၏ ဓါးစွမ်းရည်က သူမ၏ အာရုံများကို ယူဆောင်သွားတော့သည်။
ထန်ချောင်းချောင်း၏ ဓါးချက်များက အလွန်ချောမွေ့လှသည်။ ပုံမပေါ်ခင်အထိ "စွပ်"ဟူသော အသံသာ ကြားလိုက်ရသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် မုန်လာဥနီတစ်ခုကို အရွယ်တူ အမျှင်လေးများ ဖြစ်သည်အထိ ဖြတ်တောက်ပြီးသွားချေပြီ။
မဒမ်ရှန်းက ထပ်၍ထပ်၍ အံ့သြရပြန်သည်။ ဟူဟုန်က ရုတ်တရက်ပင် သူမလက်ထဲမှာ အာလူးပူကြီးတစ်ခု ကိုင်ထားနေရသကဲ့သို့ ခံစားနေရသည်။
ထန်ချောင်းချောင်းက ဟူဟုန် မည်သည့်အရာ လုပ်နေကို စိုးရိမ်ရန် အချိန်မရှိပါချေ။ သူမက ချက်ပြုတ်နေသည့်အရာပေါ်တွင်သာ အာရုံစိုက်ထားခဲ့သည်။ ထို့အပြင် မီးဖိုချောင်က နေရာကျယ်ပြီး သူတို့က တစ်ယောက်နှင့်တစ်ယောက် အနှောင့်အယှက်ဖြစ်ရန် မလိုပါပေ။
အရသာ ရှစ်မျိုး ဘဲသား၊ သန္တာကျောက်တန်းငါး၊ ပုစွန်ပေါင်း၊ ဝက်သားနှပ်၊ မှိုကြက်သားစတူး၊ ဆန်ကိတ်ပေါင်း...
ထန်ချောင်းချောင်းက နည်းစနစ် ကျလှသည်။ ဟင်းမျိုးစုံကို တစ်ချိန်တည်းမှာပင် ချက်ပြုတ်သွားပြီး မီးဖိုချောင်တစ်ခုလုံးက ကြွယ်ဝသော အနံ့လေးများ သင်းပျံ့နေသည်။
တစ်ဖက်တွင် ဟူဟုန်က အလျင်လိုနေရသည်။ အမဲသားကို အိုးထဲမှ ထုတ်သည့်အချိန်တွင် အသီးအရွက်များ လှီးရန် မေ့သွားကြောင်း တွေ့လိုက်ရသည်။ အဖုံးကို ကိုင်လိုက်ပြီးနောက် ထပ်ပြီးထပ်ပြီး ပြုတ်ကျနေသည်။ အချိန်နှင့်အမျှ "ပူလိုက်တာ"ဟူသော အော်သံက ကပ်ပါလာသည်။
မဒမ်ရှန်းက ထိတ်လန့်နေသည်။ "ဂရုစိုက်အုံး... နှစ်သစ်မှာ ငါ့မီးဖိုချောင် မီးမလောင်သွားစေနဲ့အုံး"
ဟူဟုန်က ကသိကအောက် ပြုံးပြလိုက်ရန်သာ တတ်နိုင်တော့သည်။
ထန်ချောင်းချောင်းက ဟင်းအိုးကို ဖွင့်လိုက်ပြီး ကြက်သားဟင်းရည်ကို မြည်းလိုက်သည်။ မိုရယ်မှို ထည့်လိုက်ပြီးနောက် ပိုအရသာ ရှိသွားသည်။
"အကူအညီ လိုသေးလား" အချိန်ကိုက်ပင် ရှန်းယွဲ့က သူမနောက်မှာ ပေါ်လာခဲ့သည်။
မဒမ်ရှန်းက နောက်ပြောင်လိုက်သည်။ "အနံ့လေးပဲ ရှုလိုက်"
ရှန်းယွဲ့က ပြောလိုက်သည်။ "တကယ် ကူပေးမလို့ပါဆို"
ထန်ချောင်းချောင်းက မယုံသော်လည်း သူနှင့် မဒမ်ရှန်းတို့အတွက် အစာအိမ် အဆာခံစေရန် စွပ်ပြုတ် တစ်ခွက်စီ ထည့်ပေးလိုက်သည်။
ရှန်းလျန့်က အနံ့ရပြီးနောက် ဧည့်ခန်းအတွင်း အချိန်အတော်ကြာ တရွရွ ဖြစ်နေရသော်လည်း မနေနိုင်ဘဲ ဝင်ကြည့်မိသွားသည်။ သို့သော်လည်း ထန်ချောင်းချောင်းဆီ သွားရန် ရှက်လှသဖြင့် ဟူဟုန် ချက်ပြုတ်နေသည်ကိုသာ သွားကြည့်ချင်ယောင် ဆောင်လိုက်သည်။
သို့သော်လည်း သူ့အမေ ချက်ထားသော ဟင်းများကို ကြည့်ပြီးနောက် ထိုဟင်းများ၏ ဝေးဝေးမှာသာ သွားထိုင်ရန် ဆုံးဖြတ်လိုက်တော့သည်။
အလုပ်များသော ဟင်းတစ်နပ် ကျက်ပြီးနောက် နှစ်သစ်ကူးညစာ အသင့်ဖြစ်နေလေပြီ။
ညနေ ရှစ်နာရီ မထိုးခင်ပင် ရှန်းမိသားစု၏ အဓိကခန်းမ၌ မီးများလင်ယထိန်နေပေပြီ။
စားပွဲဝိုင်းကြီးပေါ်တွင် အရောင်အသွေး စုံလင်ကာ အနံ့အရသာနှင့် ပြည့်စုံသော စားကောင်း သောက်ဖွယ်များ ရှိနေသည်။ မိုရယ်မှို ကြက်သားစွပ်ပြုတ်က အလယ်ရှိ ဟင်းရည်အိုးထဲတွင် ပွက်ပွက်ဆူနေဆဲပင်။
ရှန်းမိသားစုက မရှုပ်ထွေးပေ။ ရှေ့မျိုးဆက်တွင် ရှန်းယွဲ့၏ အဘိုးသာ အသက်ရှင်နေဆဲဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ သူက တောင်ဘက်ရှိ မိသားစု၏ ဦးလေးနှင့်သာ အတူနေသည်။ မဒမ်ရှန်းက လက်ရှိ မိသားစုခေါင်းဆောင် ဖြစ်ပြီး အဓိကနေရာတွင် ထိုင်နေသည်။ ရှန်းယွဲ့က သူမဘေးတွင် မထိုင်လိုက်နိုင်မှာပင် မဒမ်ရှန်းက သူ့ကို ဘေးသို့ တွန်းလိုက်လေသည်။
"ချောင်းချောင်းက နှစ်သစ်ကို ပထမဆုံးအကြိမ် ငါတို့နဲ့ လာဆင်နွှဲတာလေ... ဒီကိုလာပြီး ငါ့ဘေးနားမှာ လာထိုင်" ထန်ချောင်းချောင်းက နောက်ဆုံးတွင် သူမဘေးမှာ မထိုင်ခင်အထိ အကြိမ်အနည်းငယ်မျှ ငြင်းဆိုလိုက်သေးသည်။
မဒမ်ရှန်း၏ အခြားတစ်ဖက်တွင် ရှန်းယုံ ထိုင်နေခဲ့သည်။ ဟူဟုန်က မကျေမချမ်း ဖြစ်နေပုံဖြင့် နှုတ်ခမ်းတွန့်ကာ သူမခင်ပွန်း ဘေးတွင်သာ ခါးသက်သက် ထိုင်လိုက်ရသည်။
သူတို့ နှစ်ယောက်လုံးက ချွေးမများ ဖြစ်ကြသော်လည်း ထိုအဘွားကြီးက ပေါ်ပေါ်ထင်ထင် ဘက်လိုက်လွန်းနေသည်။ သူမ၏ ညာဘက်နှင့် ဘယ်ဘက်မှ အမျိုးသားနှစ်ယောက်ကလည်း သူမအတွက် ပြောမပေးကြပေ။
သူမယောကျ်ားက ပျင်းစရာကောင်းတဲ့ ဘူးသီးခေါင်း ဖြစ်နေပြီးတော့ သူမရဲ့သားကျတော့ရော...
မေ့လိုက်တော့။ သူမက ရန်းလျန့် သူမအတွက် ပြောပေးမည်ဟု မျှော်လင့်ထား၍ မရနိုင်ပါပေ။ သူ့မျက်လုံးများက စားပွဲပေါ်ရှိ ဟင်းပွဲများ ထံတွင်သာ မြဲမြဲမြံနေသည်။
ဟူဟုန်က စားပွဲအောက်မှ နေ၍ သူမသား၏ လက်မောင်းများကို ခပ်ဖွဖွ ပုတ်ကာ အသံနိမ့်ဖြင့် ပြောလိုက်သည်။
"မျက်လုံးတွေကို သတိထားလေ... မင်းမျက်လုံးက အစာငတ်သေတဲ့သရဲ ဝင်ပူးနေသလိုပဲ"
ရှန်းလျန့်က အကြည့်များကို ပြန်တင်လိုက်သော်လည်း ညစာစစားမည့် အချိန်ကို တွေးတောနေဆဲပင်။ ထန်ချောင်းချောင်း၏ အချက်အပြုတ်စကေးက သူ့ကို အမြဲတမ်း စွဲလမ်းစေသည်။ သို့သော်လည်း သူ ထန်ချောင်းချောင်း ချက်ထားသည့် တရုတ်နှစ်သစ်ကူး ညစာကို မျှော်နေခဲ့သည်ဟု မပြောနိုင်ခဲ့ပေ။
Xxxxxx