Chapter 138
ကံကောင်းစေမည့် ရတနာရှစ်ပါး ဘဲသားဟင်း
မဒမ်ရှန်းက သူမဘေးတစ်ဝိုက်တွင် ထိုင်နေကြသော သားများ၊ ချွေးမများနှင့် မြေးဖြစ်သူတို့ကို ကြည့်လိုက်သည်။ သူမမျက်လုံးထောင့်မှ အရေးအကြောင်းများပင် ပြန့်ပြူးလာသလိုပင်။ သူမက ဝိုင်ခွက်ကို မြှောက်လိုက်သည်။
"ဒီနေ့လို မိသားစုအကုန်လုံး စုံရတာ ရှားပါးတယ်... အချင်းချင်း ဆုတောင်းပေးရအောင်... နှစ်သစ်မှာ ငါတို့အားလုံး ကျန်းမာပြီး အကုန်အဆင်ပြေသွားဖို့ ဆုတောင်းတယ်"
အစ်ကိုအကြီးဆုံးအနေနှင့် ရှန်းယုံက အရင် ထရပ်လိုက်သည်။ ထို့နောက် အခြားသူများကလည်း ထရပ်လာကာ သူတို့၏ ခွက်များကို မြှောက်ကာ မဒမ်ရှန်းကို ဆုတောင်းပေးလိုက်ကြသည်။
"ကျွန်တော်တို့လို လူငယ်တွေကသာ အမေ့ကို အရင် ဆုတောင်းပေးသင့်တာပါ... အမေ့ဆုတောင်းတွေ အကုန်ပြည့်ပါစေ... အရှေ့ပင်လယ်လို ကောင်းမွန်နိုင်ပါစေ..."
ထန်ချောင်းချောင်းက ချိုသာသော အပြုံလေးဖြင့် ပြောလိုက်သည်။ "အမေ နှစ်သစ်မှာ များများ ရယ်မောရပါစေ... အသက်ရှည်သလောက် ငယ်ရွယ်နုပျိုပါစေ"
မဒမ်ရှန်းက ပျော်ရွှင်နေကာ နားရွက်များ တက်ချိတ် မတတ် ပြုံးနေခဲ့သည်။ "ကောင်းပြီ... ကောင်းပြီ... လူတိုင်း ထိုင်ကြတော့"
ဟူဟုန်က မနေနိုင်ဘဲ ထူးဆန်းသည့် ထေ့လုံးငေါ့လုံးများ ပြောလာပြန်သည်။
"တကယ်တော့လေ... အမေမှာ အခု ဘာပူပန်စရာမှ မရှိဘဲနော်... ရှန်းယွဲ့ရဲ့ ခြေထောက်ကလည်း ပြန်ကောင်းနေပြီး ကုမ္ပဏီကလည်း တဖြည်းဖြည်း တိုးတက်နေပြီ... တစ်ခုပဲ ပူပန်စရာ ရှိတော့တယ်" သူမက ထန်ချောင်းချောင်းကို ဖြည်းဖြည်းချင်း စိုက်ကြည့်လိုက်သည်။
"ကျွန်မရဲ့ မတ်လေးတို့ ကလေးရဖို့ပဲ စိုးရိမ်စရာ ရှိတော့တယ်နော်... အချိန်အကြာကြီး လက်ထပ်ထားတာတောင် သတင်းကောင်း မကြားရသေးဘူး... ပြဿနာတစ်ခုခုရှိရင် ဒေါက်တာနဲ့ တတ်နိုင်သမျှ ချက်ချင်းပြတာ အကောင်းဆုံးပဲ... ဆရာဝန်နဲ့ပြရမှာ ရှက်မနေနဲ့လေ"
ရှန်းယုံက ထိုစကားကို ကြားလိုက်ချိန်တွင် မျက်မှောင်ကြုတ်သွားပြီး သူ့ညီကို လှမ်းကြည့်လိုက်သည်။ ကံကောင်းစွာဖြင့် ရှန်းယွဲ့က တည်ငြိမ်နေသည်။
သူက တိတ်တဆိတ် မကောင်းတာ တစ်ခုခုကို ခံစားနေရသည်။ သူက ချောင်းဟန့်ကာ သူမ မဟုတ်တရုတ်များ ထပ်မပြောလာရန် ဟူဟုန်၏ ခြေထောက်ကို နင်းကာ သတိပေးလိုက်သည်။
ဟူဟုန်က သူ့ကို လျစ်လျူရှုထားရုံသာမက သေခြင်းတရားကို မကြောက်ရွံ့ဘဲ ဆက်ပြောနေသေးသည်။
"မတ်လေးဖြစ်ဖြစ် ယောက်မပဲဖြစ်ဖြစ် လိုအပ်ရင် တရုတ်ဆရာဝန်အိုကြီး တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်လေ"
ရှန်းယွဲ့က စကားပြောတော့မည့်အချိန်တွင် ထန်ချောင်းချောင်းက သူ့လက်ဖမိုးကို ဖိကာ ရယ်မောလိုက်သည်။
"ကျွန်မတို့က ငယ်သေးတော့ အလျင်မလိုဘူးလေ... ယောက်မကသာ ကလေးတွေကို အရမ်း သဘောကျတယ်ဆိုရင် ဘယ်တော့လောက် ဒုတိယကလေး ထပ်မွေးဖို့ အစီအစဥ် ရှိလဲ... ရှင် သွေးမဆုံးခင်အချိန်လေးကို အခွင့်ကောင်းယူပြီး နောက်တစ်ယောက် ထပ်မယူသင့်ဘူးလားနော်... ဒါဆို ရှင်လည်း ပိုနေတဲ့ အင်အားတွေကို လွှဲပြောင်းပေးလို့ ရတာပေါ့... ဘယ်လိုထင်လဲ"
သူမနဲ့ ရှန်းယွဲ့တို့ဘက်ကို လှည့်လာပြီး ကလေးမမွေးသေးလို့ ဆူတာက ဒုတိယအကြောင်းအရာလေးပဲ... ဒါပေမယ့် အဓိကက လူကြီးတွေ လက်ထပ်ဖို့တွေ ကလေးမွေးဖို့ အကြောင်းတွေ လာပြောတာက စိတ်ရှုပ်စရာ အကောင်းဆုံးကိစ္စ ဖြစ်နေလို့...
ဟူဟုန်၏ မျက်နှာက ဖြူတလှည့် စိမ်းတလှည့် ဖြစ်နေသည်။ ထန်ချောင်းချောင်းက သူမကို သွေးဆုံးဖို့ နီးနေပြီး အိုနေပြီဟု ဟောင်ဖွာဖွာ ပြောလိုက်သေးသည်။
သူမက ဒေါသကို ဖိနှိပ်ကာ ပြဿနာ ထရှာတော့မည့် ဆဲဆဲတွင် ထိုအချိန်၌ပင် မဒမ်ရှန်းက ထပြောလိုက်သည်။
"ကောင်းပြီ... လက်ထပ်တာနဲ့ ကလေးမွေးတာကို တိုက်တွန်းတဲ့ အကြောင်းတွေ ပြောမနေနဲ့တော့... ငါတို့က နှစ်သစ်ကို ကျင်းပနေတာလေ... ဒီနေ့ခေတ် လူငယ်တွေက အဲ့အကြောင်းတွေ ပြောရတာ မကြိုက်တဲ့အကြောင်း ငါတောင်သိသေးတယ်... ဘာလို့ ပြဿနာ ရှာချင်နေရတာလဲ"
ဟူဟုန်က မတရားခံရသော ပုံစံဖြင့် "အမေရယ်... ကျွန်မက အမေ့အတွက် စိတ်ပူလို့ပါ... အမေ့ကို နောက်ထပ်မြေးလေးတစ်ယောက် ထပ်ချီရစေချင်လို့လေ"
မဒမ်ရှန်းက ခပ်ပေါ့ပေါ့သာ ပြောလိုက်သည်။ "တကယ်လား... ဒါဆို မင်း ငါ့အတွက် မြစ်လေး တစ်ယောက် စောစောချီနိုင်ဖို့ ရှန်းလျန့်ကိုပဲ လောဆော်သင့်တယ်နော်... မျိုးဆက်လေးဆက် အတူနေရတာက ကောင်းတဲ့အချက်ပဲ"
ရှန်းလျန့်က ပုခုံးများ ကြုံ့သွားသည်။ မြို့တံခါးက မီးပွားက ရေကန်ထဲက ငါးကိုပါ လာစင်ချေပြီ။ သူဘာများ လုပ်ခဲ့လို့လဲ... သူ့ဖန်တွေက သူ့ကို လက်ထပ်ဖို့ ခွင့်ပြုကြမှာ မဟုတ်ဘူး...
ရှန်းယုံက ဟူဟုန်ကို ဆူပူလိုက်သည်။ "ထပ်မပြောနဲ့တော့... စားစရာ ရှိတာစား"
"ဟုတ်တယ်... ညစာစားကြရအောင်... ကျွန်တော် သေလောက်အောာင် ဗိုက်ဆာနေပြီ" ရှန်းလျန့်က သူ့အဖေ၏ စကားများနောက် လိုက်ပြောကာ စကားလမ်းကြောင်း လွှဲလိုက်သည်။
ဟူဟုန်က ရှန်းယုံနှင့် သူမသားတို့ကြောင့် ဒေါသထွက်ရလွန်းပြီး သေတော့မတတ်ပင်။
မဒမ်ရှန်းက ရယ်မောလိုက်သည်။ "ဒီလို စားရမှာ တိတ်ဆိတ်လွန်းမနေဘူးလား... တက်တက်ကြွကြွ မရှိတော့ဘူး... သီချင်းလေး ဖွင့်ရင် ကောင်းမယ်"
ရှန်းယွဲ့က နာရီကို ကြည့်လိုက်သည်။ "ခုနစ်နာရီကျော်ပြီ... နွေဦးပွဲတော် ပျော်ပွဲရွှင်ပွဲ စတော့မယ်"
မဒမ်ရှန်းက ခေါင်းယမ်းပြလိုက်သည်။ "မစသေးဘူးလေ... တစ်ခုခု နားထောင်ရအောင်"
"ရှန်းလျန့်ရဲ့ သီချင်း ဖွင့်လိုက်ပါလား... သူ လတ်တလော သီချင်းသစ် ထုတ်ထားတယ်... Major Chartတွေမှာ နံပါတ်တစ်နေရာ ရောက်နေတာလေ" ဟူဟုန်၏ စိတ်အခြေအနေက လျင်မြန်စွာ ပြောင်းလဲသွားပြီး ယခုတွင်မူ သူမက ထပ်ပြီး ဂုဏ်ယူသည့်ဟန် ဖြစ်သွားလေသည်။
"အဲ့ဒီလို ပေါ့ပေါ့တန်တန်နဲ့ ချစ်လွယ်ကြိုက်လွယ်တဲ့ အချစ်သီချင်းတွေ နားထောင်ရတာ မကြိုက်ဘူး" သခင်မကြီးက ရိုးရိုးသားသား ပြောလိုက်သည်။
ထန်ချောင်းချောင်းက သူမကို လက်မအကြီးကြီး ပေးလိုက်ချင်သည်။ သူမက အမှန်ကိုပဲ ပြောခဲ့သည်။
မဒမ်ရှန်းက ပြောပြီးနောက် တီဗွီဆီသို့ သွားကာ အကြိမ်အနည်းငယ် လျှောက်နှိပ်နေလိုက်သည်။ ထို့နောက် ရင်းနှီးနေသော သီချင်းသံက ဧည့်ခန်းတလျှောက် ပျံ့လွင့်လာခဲ့သည်။
ထန်ချောင်းချောင်း ထိုအသံကို ကြားလိုက်သောအခါ ရှန်းယွဲ့သည်လည်း တုန့်ပြန်လာခဲ့သည်။ အပြုံးတစ်ခုက သူ့မျက်လုံးကိုဖြတ်၍ ထင်ဟပ်လာခဲ့သည်။
မဒမ်ရှန်း လှည့်ကာ ထွက်သွားပါမှ ထန်ချောင်းချောင်းက တီဗွီမျက်နှာပြင် တွင် ပေါ်လာခဲ့သည်။
မဒမ်ရှန်းက နှစ်သစ်ကူးနေ့အကြို ဖျော်ဖြေပွဲတွင် ဆိုခဲ့သည့် "နှစ်သစ်မှာ ပျော်ရွှင်ပါစေ"ဟူသော သီချင်းကို ဖွင့်ထားခဲ့သည်။
မဒမ်ရှန်းက ပြုံးကာ ပြောလိုက်ငည်။ "ငါ ချောင်းချောင်း ဆိုထားတဲ့ "နှစ်သစ်မှာ ပျော်ရွှင်ပါစေ"ဆိုတဲ့ သီချင်းကို ကြိုက်တယ်... နားထောင်လို့လည်း ကောင်းတယ်...ဒီနေ့နဲ့ လည်းလိုက်တယ်လေ"
ထို့ကြောင့်ပင် သူတို့က နွေဦးပွဲတော် ပျော်ပွဲရွှင်ပွဲ မလာခင်အထိ "နှစ်သစ်မှာ ပျော်ရွှင်ပါစေ" သီချင်းကို ဆယ်ကြိမ်ထက်ပင် ကျော်သည်အထိ ထပ်ကာထပ်ကာ နားထောင်လိုက်ရသည်။
ထိုနေ့နှစ်သစ်ကူး ညစာပြီးနောက် မည်သူကမှ ထို"နှစ်သစ်မှာ ပျော်ရွှင်ပါစေ" သီချင်းအကြောင်းကို ထပ်ပြောချင်စိတ် မရှိကြတော့ပေ။
မဒမ်ရှန်းက စားပွဲပေါ်မှ စားကောင်းသောက်ဖွယ်များကို ကြည့်ပြီးနောက် အံ့သြတကြီး ပြောလိုက်သည်။ "ချောင်းချောင်းရဲ့ အချက်အပြုတ်စကေးကတော့ ကြယ်ငါးပွင့် ဟိုတယ်တွေ ထက်တောင် မြင့်သေးတယ်... သူက ပန်းပုံတွေတောင် ဖော်တတ်သေးတယ်ပေါ့... ဘယ်ဟင်းပွဲကို စနှိုက်ရမလဲတောင် မသိတော့ဘူး"
ထန်ချောင်းချောင်းက ပြုံးကာ ပြောလိုက်သည်။ "အမေ... ကံကောင်းစေဖို့ ရတနာ ရှစ်မျိုး ဘဲသားကို အရင်မြည်းကြည့်လိုက်လေ"
အဖြူရောင် ကြွေထည် ပန်းကန်ပြားပေါ်တွင် ဆူဖြိုးသော ဘဲတစ်ကောင်က လဲလျောင်းနေခဲ့သည်။ ထိုဘဲက အနီရောင် ရှိနေပြီး ဘူးသီး တစ်လုံးကဲ့သို့ အလည်တွင် ကြိုးဖြင့် ချည်ထားပြီး အပေါ်ပိုင်းတွင် ပုစွန်နှင့် ပဲစိမ်းဆော့စ့် တစ်လွှာဖြင့် ဖုံးထားကာ သလင်းကျောက်ကဲသို့ တောက်ပနေခဲ့သည်။
ထို ရတနာရှစ်မျိုး ဘဲသားမှ အရိုးအများစုကို ဖယ်ထုတ်ထားပြီး ဖြစ်သော်လည်း အသားကတော့ ပကတိ ဖြစ်နေဆဲပင်။
ထန်ချောင်းချောင်းက ဘဲသား၏ ဝမ်းဗိုက်ပိုင်းကို သူမအရင်ကတည်းက ပြင်ထားသော ဓါးဖြင့် ညင်ညင်သာသာ လှီးဖြတ်လိုက်သည်နှင့် ရုတ်တရက်ပင် ဝမ်းဗိုက်အတွင်း သွပ်ထားသော ရတနာ ရှစ်မျိုးက လျှံကျလာခဲ့သည်။ "ရတနာ ရှစ်မျိုး" အဆာသွပ်မှာ ဆန်စေး၊ ဆောင်းဦးမှို၊ သစ်အယ်သီး၊ ကြက်အသဲအမြစ်၊ ဝက်ပေါင်ခြောက်၊ မျှစ်အတုံးလေးများ၊ ဂျင်ကိုရွက်၊ ကြာစေ့နှင့် ကမာတို့ပင်။ ပါဝင်ပစ္စည်းများကို အရသာ ပြည့်စုံသွားသည်အထိ ပေါင်းထားသည်။ ဆန်စေး၏ ရနံ့က ဘဲသား၏ နှုတ်မြိန်ဖွယ် အရသာနှင့် ရောနှောသွားပြီး သူတို့၏ နှခေါင်းဝသို့ ထိုးဖော်ထားကာ လက်ချောင်းလေးများကိုပင် လှုပ်ရှားစေခဲ့သည်။
ဘဲက ပါးလျသော အရေခွံရှိပေသည်။ ထန်ချောင်းချောင်းက တူများဖြင့် အပိုင်းတစ်ပိုင်းကို ညင်ညင်သာသာ ဆွဲယူပြီးနောက် ရတနာရှစ်မျိုးဆန်စေးကို တစ်ဇွန်းအပြည့်ကော်ကာ မဒမ်ရှန်းထံသို့ ကမ်းပေးလိုက်သည်။
မဒမ်ရှန်းက ပြုံးလိုက်ကာ ဘဲသားကို မြည်းစမ်းကြည့်လိုက်သည်။ ဘဲသားက နူးညံ့ကာ ကြွပ်ဆပ်နေပြီး အသားရည်က ထူပျစ်ကာ အရသာ ရှိလှ၍ ဘဲသား၏ အထူးတလှယ် ညှီနံ့ရမနေပါပေ။ သူမ ဂရုတစိုက် မြည်းကြည့်လိုက်သည့်အခါ ထူပျစ်သော အဆီ အနီရောင် ဆောစ့်၏ အရသာအောက်တွင် ချိုမြမြ အရသာလေး ရနေသည်။ ရတနာရှစ်မျိုး ဆန်စေးက ဘဲသား၏ သွားရည်ကျဖွယ် အရသာ အပြည့်ဖြစ်နေသည်။ ၎င်းက အနည်းငယ် ငန်ကာ အရသာရှိပြီး နူးညံ့ပျော့ပျောင်းပေသည်။
"အရမ်း အရသာ ရှိတာပဲ... ငါ့ဘဝမှာ စားဖူးသမျှ အကောင်းဆုံး အရသာရှစ်ပါး ဘဲသားပဲ..." မဒမ်ရှန်းက သူမကိုယ်တိုင်ပင် ရတနာရှစ်ပါး ဆန်စေးကို တစ်ဇွန်း အပြည့်ကော်ကာ ဘဲသားနှင့် စားလိုက်သည်။
ထန်ချောင်းချောင်းက ချိုသာသော အပြုံးလေးဖြင့် ပြောလိုက်သည်။ "အမေကြိုက်တယ်ဆိုလို့ တော်သေးတာပေါ့"
မဒမ်ရှန်း သူမတူများကို လှုပ်ရှားပြီးသည်နှင့် အခြားသူများလည်း စတင် လှုပ်ရှားကြတော့သည်။ ရှန်းလျန့်က အချိန်အတော်ကြာကတည်းက စိတ်မရှည်ဖြစ်နေပြီးသား ဖြစ်သည်။ ဘဲသား သူ့ပါးစပ်ထဲသို့ ရောက်လာသည်နှင့် သူ့မျက်လုံးများ ပြူးကျယ်သွားသည်။ အသားက နူးညံ့ ပျော့ပျောင်းနေကာ အချိုရည်အပြည့်ပင်။ အရသာ ရှစ်ပါး ဆန်စေးက မွှေးကြိုင်ကာ ပျော့ပျောင်းပြီး အရသာကလည်း ကြွယ်ဝသည်။ ၎င်းက သေချာပေါက် ကမ္ဘာမြေပေါ်မှ ကောင်းကင်ဘုံသာ ဖြစ်ပေလိမ့်မည်။
ရှန်းယုံက ထန်ချောင်းချောင်းနှင့် အဆက်အဆံ သိပ်မရှိခဲ့ဘဲ သူမ၏ ဟင်းများကိုလည်း မစားခဲ့ဖူးပါပေ။ သို့သော်လည်း မဒမ်ရှန်းနှင့် သူ့သားက စွဲစွဲလမ်းလမ်း ဖြစ်နေသည်ကို တွေ့သောအခါ သိလိုစိတ်အပြည့်ဖြင့် သူ့တူကို ဆန့်ထုတ်ကာ သူ့ရှေ့မှ သန္တာကျောက်တန်းငါးဟင်း တစ်ပိုင်းကို ကောက်ယူလိုက်သည်။
ထိုဟင်းပွဲကို သန္တာကျောက်တန်းငါးဟင်းဟု ခေါ်ရခြင်းသည်ကား ငါးတစ်ကောင်လုံးကို အသားချည်းသက်သက် ရသည်အထိ အရိုးထွင်ထားပြီး အရိုးမပါသည့် ငါးအသား တစ်ဝက်ကို အရွယ်အစား ညီညီ ဖြင့် ခပ်စောင်းစောင်း လှီးပြီး ငါးအရေခွံကို ဆက်လျက် ထားရသည်။
လှီးထားသော ငါးအသားကို ပြန်လှန်ပြီး အပ်ချည်ကြိုး ပုံစံ လှီးဖြတ်ကာ "သန္တာကျောက်တန်း" ပုံစံ ဖြတ်ရာလေးများက ငါးအရေခွံပေါ်တွင် ပေါ်လာကာ လှပသော ပုံစံလေး ပေါ်လာခဲ့သည်။
ထို "သန္တာကျောက်တန်း" ဖြတ်ရာလေးများ ပေါ်လာပြီးနောက် အရသာနယ်ကာ ကော်မှုန့်ဖြူး၍ ကြော်ရသည်။ သေချာ ကြော်ထားသော "သန္တာကျောက်တန်း" ငါးကြော်က ထူးခြားသော အရသာရှိပြီး ရွှေရောင်သန်းနေသည်။ သူတို့က ပင်လယ်ကြမ်းပြင်မှ သန္တာကျောက်တန်းလေးများ စုဝေးနေပုံနှင့် တူနေပြီး နောက်တွင် အကြည်ရောင်ဆောစ့်ဖြင့် ဆမ်းပေးရသည်။ အနံလေးကလျှံကျ၍ပင် လာနေသည်။
သန္တာကျောက်တန်း ငါးကြော်က အပြင်ဘက်တွင် ကြွပ်ရွနေပြီး အတွင်းဘက်မူ နူးညံ့၏။ အချိုနှင့် အချဥ်အရသာ ဆောစ့်က နူးညံ့သော ငါးအသားကို လွှမ်ခြုံထားပြီး အလွန်စားချင့်စဖွယ်ပင်။
ရှန်းယုံက အချိုနှင့် အချဥ်အရသာကို ကြိုက်ပြီး စားနေခြင်းကို မရပ်နိုင်တော့။
လူတစ်ယောက်ကမှ သူမဟင်းကို မနှိုက်ကြသည်အား တွေ့လိုက်ရသောအခါ ဟူဟုန်က လက်ဦးမှု ယူပြီး မဒမ်ရှန်းကို ပြောလိုက်သည်။
"အမေ... ကျွန်မလုပ်ထားတဲ့ အမဲသားနဲ့ အာလူးစတူးကို စားကြည့်လို့ရတယ်နော်"
မဒမ်ရှန်းက သူမ၏ ချွေးမအကြီးကိုလည်း မျက်နှာသာ ပေးသင့်သည်ဟု ခံစားရသဖြင့် ယူစားကြည့်လိုက်သည်။ သူမ အမဲသားတစ်တုံးကို ကိုက်ကြည့်လိုက်သောအခါ မျက်မှောင်ကြုတ်မိသွားသည်။ ခက်ခက်ခဲခဲ မျိုချပြီးနောက် ခပ်ဖျော့ဖျော့ ပြုံးပြလိုက်ရသည်။
"အာ... မဆိုးပါဘူး"
Xxxxxx