Chapter 139
ထို့နောက် နောက်တစ်စက္ကန့်မှာပင် သူမက ထန်ချောင်းချောင်း၏ ဝက်သားနှပ်ဘက်သို့ လှည့်သွားတော့သည်။
ဟူဟုန်က ဒေါသထွက်ကာ စိတ်ညစ်ညူးသွားရသဖြင့် ပျော်ရွှင်စွာ စားသောက်နေသော သူမ၏ သားဖြစ်သူဘက် လှည့်သွားပြန်သည်။
"ဒါက အမေချက်ထားတဲ့ အမဲသားလေ... စားကြည့်"
သူမ၏ ရက်စက်သော အကြည့်က မင်းမစားရင် မိဘကျေးဇူး မသိတတ်တာပဲနော်ဟု ပြောနေသလိုပင်။
ရှန်းလျန့်က တွန့်ဆုတ်စွာဖြင့် အမဲသားကို ကိုက်စားလိုက်သည်။ သူ၏ အာရုံခံ ငါးရပ်က ရှုပ်ထွေးသွားသလိုပင်။ ထို့နောက် မသိလိုက်မသိဘာသာဖြင့် ပြောမိသွားသည်။
"အမေ... အမဲသားစတူးက အကျက်လွန်နေတာ... ဝါးလို့တောင် မရတော့ဘူး"
ဟူဟုန်က ကြက်သေသေသွားတော့၏။ သူမ၏ သားအရင်းကပင် သူမ၏ ဟင်းပွဲများကို စားမကောင်းဘဲ အဆင့်မမီဟု ပြောလာသည်။ ထိုအခြင်းအရာက သူမ၏ မျက်နှာကို ပူနွေးလာရစေသည်။ မဖြစ်နိုင်ပေ... သူမက ထိုဟင်းကို ပိုင်တု၏ တစ်ဆင့်ခြင်း လုပ်ပြထားသော အချက်အလက်များကို ကြည့်ကာ လုပ်ထားခြင်း ဖြစ်သည်။
သူမက မယုံကြည်နိုင်ခဲ့ပေ။ သူမကိုယ်တိုင် စားကြည့်မှ ဖြစ်မည်။
ထို့ကြောင့်ပင် ဟူဟုန်က အမဲသား အပိုင်းအကြီးကြီးကို ကောက်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်ပြီး ဝါးစားလိုက်သည်။ ကြောက်မက်ဖွယ် ကောင်းလှသည်။ ၎င်းက လုံးလုံး အရသာ ရှိမနေခဲ့ပါပေ။
တဖြည်းဖြည်းဖြင့် ဟူဟုန် သူမကိုယ်သူမ မလိမ်ညာနိုင်တော့ပေ။ အမဲသားက အကျက်လွန်နေပြီး သစ်သားကဲ့သို့ ဖြစ်နေကာ သူမ၏ သွားကြားမှာပင် ညှပ်နေခဲ့သည်။
သူမက ၎င်းကို မထွေးထုတ်မိစေရန် အားကုန်သုံးလိုက်ရသည်။ သူမက ထန်ချောင်းချောင်း လုပ်ထားသည့် ရတနာရှစ်ပါး ဘဲသားနှင့် သန္တာကျောက်တန်း ငါးကြော်တို့ကို ကြည့်လိုက်သောအခါ မိသာစုဝင်များက အများစုကို စားပြီးသွားကြပြီ ဖြစ်သည်။
'တကယ် အရသာ ရှိလို့လား'
ဟူဟုန်က မူလတွင် ဤ နှစ်သစ်ကူး ညစာစားပွဲ၌ ထန်ချောင်းချောင်း လုပ်သော ဟင်းများကို တစ်ကိုက်မျှပင် ကိုက်မည်မဟုတ်ဟု တွေးထားခဲ့သည်။ သို့သော်လည်း ယခုတွင်မူ သူမက ထပ်ပြီးရင်း ထပ်ပြီး ရှုပ်ထွေးလာရသည်။ သူမက မခုခံနိုင်တော့ဘဲ လူတိုင်း၏ အာရုံက အစားစားခြင်းတွင်ပဲ ရောက်နေကြသည်ကို အခွင့်ကောင်းယူပြီး သူမ၏ တူများကို ရတနာရှစ်ပါး ဘဲသားဟင်းဆီ တိတ်တိတ်လေး လှမ်းလိုက်သည်။
ထို့နောက် သူမတိတ်ဆိတ်သွားတော့၏။
သူမလုပ်ထားသည့် အခြားဟင်းနှစ်ပွဲက အကြံပြုစရာပင် မလိုကြောင်း သိလိုက်ရသည်။ ထန်ချောင်းချောင်း၏ ဟင်းပွဲများနှင့် ယှဥ်လိုက်ပါက ၎င်းတို့မှာ ဝက်စာများသာပင်။
ထန်ချောင်းချောင်းက ဟူဟုန်ကို မျက်လုံးထောင့်မှကြည့်လိုက်ပြီးနောက် အဆုံးတွင် သူမက အရသာရှိသော အစားအသောက်များ၏ ဆွဲဆောင်မှုကို တောင့်မခံနိုင်တော့ဘဲ ပျော်ရွှင်စွာ စားသောက်နေကြောင်း တွေ့လိုက်ရသည်။ သူမ၏ နှုတ်ခမ်းထောင့်များပင် မစေ့နိုင်တော့ချေ။
ရှန်းယွဲ့က သူမ ထူးထူးခြားခြား ပြုံးနေသည်ကို ကြည့်နေခဲ့ပြီး သူသည်လည်း ပြုံးကာ သူမပန်းကန်ထဲသို့ အခွံနွာထားသော ပုစွန်များ ထည့်ပေးလာခဲ့သည်။
ထန်ချောင်းချောင်းက ချိုမြမြပုစွန်သားများကို တစ်လုတ်တည်း ဝါးစားလိုက်ပြီး သူ့ကို ချိုမွှေးမွှေး ပဲနီလေးဆန်ကိတ်တစ်ပိုင်း ပြန်ထည့်ပေးလိုက်သည်။
"အခု ဒါစားပြီးရင် ရှင့်ရဲ့ အလုပ်အကိုင်က နောက်တစ်နှစ်မှာ နောက်တစ်ဆင့်ထိ သေချာပေါက် တက်သွားလိမ့်မယ်"
ရှန်းယွဲ့က သူ့လက်များကို ယှက်ကာ ထန်ချောင်းချောင်းဘက်သို့ နာခံစွာ ကိုင်းချလိုက်သည်။
သူက နှုတ်ခမ်းသားများကို သူမ၏ နားရွက်လေးများထံ ကပ်ကာ အသံကြည်ကြည်လင်လင် ရှင်းရှင်းလင်းလင်းဖြင့် တီးတိုးကပ်ပြောလိုက်သည်။
"ကိုယ်က အနာဂါတ်မှာ နှစ်တိုင်း နေ့ရက်တိုင်း ဒီလိုမျိုးလေးပဲ မင်းနဲ့ အမြဲတမ်း အတူရှိချင်တာ..."။
ရှန်းယွဲ့၏ ရုတ်တရက်ဆန်သော အချစ်စကားများက သူမ မျက်နှာကို ပူလောင်လာရစေသည်။
ဒီလိုမျက်နှာထားနဲ့ အချစ်စကားတွေပြောလာတာ သောက်ရမ်း ဆက်ဆီကျလွန်းတယ်ဟ...။
မဒမ်ရှန်းက ထန်ချောင်းချောင်းနှင့် ရှန်းယွဲ့တို့ ချစ်ကြည်နူးနေကြသည်ကို တွေ့သောအခါ ပျော်ရွှင်လာရတော့သည်။
ညစာစားပွဲ၏ ဒုတိယအပိုင်းအတွက်ကား ထန်ချောင်းချောင်းက သူမ ထုပ်ထားသော ဖက်ထုပ်များကို ချက်ပြုတ်ရန် မီးဖိုချောင်အတွင်းသို့ ဝင်သွားခဲ့သည်။ နှစ်သစ်ကူး ညစာမှာ ဖက်ထုပ် မပါလို့ ဘယ်ဖြစ်ပါ့မလဲ...
ထန်ချောင်းချောင်းက အဆာသွပ်ရန်အတွက် ဆောင်းဦးမျှစ်နှင့် မှိုအဆာသွပ်၊အသား အဆာသွပ်နှင့်၊ အသီးအရွက် အဆာသွပ် စသည့် အမျိုးအစား သုံးမျိုး လုပ်ထားခဲ့သည်။
ဖက်ထုပ်ပန်းကန်ကြီး သုံးပန်းကန် ပြောင်ရှင်းသွားပြီးနောက် နှစ်သစ်ကူး ညစာစားပွဲ ပြီးဆုံးလေပြီ။
ထိုအချိန်၌ သန်းခေါင်ပင် မရောက်သေးပေ။ မဒမ်ရှန်းနှင့် ရှန်းယုံတို့က နွေဦးပွဲတော် ပျော်ပွဲရွှင်ပွဲကို ကြည့်ရန်အတွက် ဧည့်ခန်းတွင် ထိုင်လိုက်ကြသည်။
ထန်ချောင်းချောင်းက ရုတ်တရက် တစ်စုံတစ်ခု ခံစားလိုက်ရသဖြင့် ကော်ရစ်ဒါဆီသို့ ပြေးသွားကာ ကောင်းကင်ပေါ်ကို ကြည့်လိုက်သည်။ ကောင်းကင်မှ ဖြူဖွေးနေသော သလင်းကျောက်ပုံစံ နှင်းများ ကျဆင်းလာသည်ကို တွေ့လိုက်ရသည်။ ခြံဝင်းအတွင်းမှ ဝါကျင့်ကျင့် လမ်းမီးလေးနှင့် ယှဥ်တွဲလိုက်လျှင် လေထဲ၌ ကြောင်မြီးပန်းလေးများ ဝေ့ဝဲနေသလိုပင်။
"နှင်းကျနေပြီ... ဒီနှစ်ရဲ့ ပထမဆုံးနှင်းပဲ"
ထန်ချောင်းချောင်းက စိတ်လှုပ်ရှားစွာဖြင့် ခြံဝင်းထဲသို့ ပြေးထွက်သွားကာ ပတ်ပြေးနေသည်။ သူမက လက်ဖဝါးလေးများ ဖြန့်ကာ နှင်းပွင့်လေးများကို ဖမ်းလိုက်ပြီး ချက်ချင်း အရည်ပျော်သွားသည့်တိုင် စိတ်လှုပ်ရှားနေခဲ့သည်။
ကော်ရစ်ဒါတွင် ရပ်နေသော ရှန်းယွဲ့က ခပ်ကျယ်ကျယ် အော်လိုက်သည်။
"မင်း နှင်းကို မမြင်ဖူးဘူးလို့တော့ မပြောနဲ့နော်... ဘာလို့ အဲ့လောက် စိတ်လှုပ်ရှားနေရတာလဲ"
ထန်ချောင်းချောင်းက ပြောသည်။
"နှင်းတွေကို ကိုယ်တိုင်မြင်ရတာ တကယ် ပထမဆုံးအကြိမ်ပဲ"
ရှန်းယွဲ့က ပြောစရာမဲ့သွားပြီးနောက် သူမကို သတိပေးလိုက်သည်။
"ဂရုစိုက်အုံး... မြေပြင်က တော်တော်လေးချော်နေတာ... အဲ့လို ခုန်နေရင် ချော်လဲမယ်နော်"
"ကျွန်မ မကြောက်ဘူး..."
ထန်ချောင်းချောင်း ပြောပြီးသည်နှင့် ခြေချော်ကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ သူမ၏ မြှီးညှောင့်ရိုးလေး နာကျင်သွားရတော့၏။
ရှန်းယွဲ့က စိုးရိမ်သွားသော်လည်း ချက်ချင်းပင် ဖုန်းထုတ်ကာ ထိုမြင်ကွင်းကို ဓါတ်ပုံ ရိုက်ထားလိုက်သည်။
ထန်ချောင်းချောင်းက ကျောရိုးကို ပွတ်ရင်းဖြင့် ထရပ်လိုက်ပြီးနောက် စိတ်ဆိုးမာန်ဆိုးဖြင့် ရှန်းယွဲ့ဆီ ပြေးသွားတော့သည်။
"ရှင် ကျွန်မကို ချစ်တယ်လို့ ပြောခဲ့တယ်... ကျွန်မ လဲသွားတာကို ချက်ချင်း ပြေးလာပြီး ကျွန်မ အန္တာယ်မဖြစ်အောင် လူသားကူရှင် လုပ်မပေးသင့်ဘူးလား"
ရှန်းယွဲ့က သူမ၏ မြှီးညောင့်ရိုးကို စစ်ဆေးရန် ခေါင်းငုံ့ကြည့်လိုက်သည်။
"ကိုယ့်မှာ အဖျား မရှိဘူး... မင်း ဦးနှောက်ပျက်စေတဲ့ တီဗီဒရာမာတွေ အကြည့်လွန်နေပြီ... နောက်ဆို ဒီလို ဇာတ်ညွှန်းမျိုးတွေ ချက်ချင်း ငြင်းပစ်ရမယ်... နောက်ဆို မင်း ဦးနှောက်ပျက်စေမဲ့ တီဗီ ဇာတ်လမ်းတွေ မကြည့်ရဘူး"
ထန်ချောင်းချောင်းက မျက်လုံးကို ကျဥ်းမြောင်းလိုက်သည်။ "ဟုတ်လား... ဘယ်သူကများ ကျွန်မရဲ့ မြေခွေးမ ဇာတ်လမ်းကို တိတ်တိတ်လေး ပုန်းပြီး ကြည့်ခဲ့ပါလိမ့်"
ရှန်းယွဲ့က မျက်နှာ မပြောင်းလဲသည့် အပြင် "ကိုယ် မင်းကို ပြောပြီးသားပဲ... အမှိုက်လို ကြော်ငြာတစ်ခုကို မတော်တဆ နှိပ်မိတာပါလို့" ဟု ပြောသည့်အချိန်တွင်လည်း နှလုံးခုန်သံပင် မြန်မနေခဲ့ပါပေ။
"ဟုတ်လား သေချာတယ်ပေါ့"... 'ရှင် မျက်နှာ မပျက်အောင်လေ'
ထန်ချောင်းချောင်းက ကော်ရစ်ဒါတွင် ရပ်နေပြီး ရှန်းယွဲ့က သူမထပ်ပြီး လဲသွားမည်ကို စိုးရိမ်နေခဲ့သည်။ သူမ ခါးလေးကို ပွေ့ပိုက်ထားပြီး ပြေးလာပြီးသည့်နောက် နီမြန်းနေသည့် မျက်နှာလေးကို တွေ့လိုက်ရသည်တွင် သူ့နှလုံးသားလေး ပျော့ပျောင်းသွားတော့၏။
ထိုအချိန်တွင် ကောင်းကင်ပေါ်မှ ခမ်းနားကြီးကျယ်လှသော မီးရှူးမီးပန်းများ ထွက်ပေါ်လာတော့သည်။ သန်းခေါင်ကျော်လွန်၍ နှစ်သစ်၏ရောက်ပေပြီ။
"Happy New Year"ဟု နှစ်ယောက်သား ပြိုင်တူ အော်မိလိုက်ကြပြီး ပြုံးမိသွားကြတော့သည်။
တစ်ညလုံး နှင်းကျနေခဲ့ပြီး နောက်တစ်နေ့မနက် စောစောတွင် နှင်းအလွှာ ထူထူထဲထဲ တစ်လွှာက မြေပြင်ပေါ်တွင် စုပုံနေတော့သည်။
ထန်ချောင်းချောင်းက လူးလဲထကာ အပြင်ဘက်မှ နှင်းများကို ကြည့်ရန် ပြတင်းပေါက်သို့ ပြေးသွားလိုက်သည်၊ မဒမ်ရှန်းက သူမ၏ "နှစ်သစ်မှာ ပျော်ရွှင်ပါစေ" သီချင်းကို စောစောစီးစီး ဖွင့်ထားလျှင်တောင် သူမက ပျော်ရွှင်နေဆဲပင်။
သူမက အနီရောင် ဂျာကင် အင်္ကျီကို ဝတ်ကာ အနီရောင် ဦးထုပ်ကို ဆောင်း၍ ဂေါ်ပြားတစ်လက်ကို ကိုင်လျက် နှင်းထုကြီးထံ ပြေးသွားကာ နှင်းလူသားတစ်ခု စတင် ပြုလုပ်တော့သည်။ သူမက ထိုအကြောင်းကို တစ်ညလုံး စဥ်းစားထားခဲ့ခြင်းဖြစ်သည်။
ထန်ချောင်းချောင်းက သန်မာပြီး အားတက်သရော ရှိလှသည်။ မကြာမီပင် နှင်းလူရုပ်အကြီးကြီးကို ပုံဖော်တော့သည်။
ရှန်းလျန့်က အိပ်ချင်နေဆဲဖြစ်သော်လည်း မနက်စောစောတွင် ထန်ချောင်းချောင်း၏ သီချင်းသံကြောင့် နိုးလာရတော့သည်။
သူက အောက်ထပ်သို့ ပြေးသွားကာ ထိုသီချင်းသံကို ပိတ်လိုက်ရန် ကြိုးစားလိုက်သော်လည်း ခြံဝင်းတစ်ခုလုံး စိတ်လှုပ်ရှားဖွယ်အတိ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
သူ လျှောက်ကြည့်လိုက်သည့်အခါ နှင်းလူရုပ် လုပ်နေသော ထန်ချောင်းချောင်း ဖြစ်နေသည်။
ထန်ချောင်းချောင်းက နှင်းများအကြားတွင် စိတ်အားထက်သန်မှု အပြည့်နှင့် ကလေးငယ်တစ်ယောက်လိုပင် အရာအားလုံးကို လျစ်လျု ရှုထားသည်။
ရှန်းလျန့်က စိတ်ထဲတွင် တိတ်တဆိတ် ပွစိပွစိ ပြောနေပြီးနောက် အမှုမဲ့အမှတ်မဲ့ မျက်ခွံများပင့်မိသွားသည်။
'ကောင်လေး... ဒါက နှင်းလူသားတဲ့လား... နှင်းဘီလူးကြီးပဲ ဖြစ်ရမယ်"
ယေဘုယျအားဖြင့် ပြောရလျှင် လူတိုင်းက နှင်းလူရုပ်တစ်ခုကို လူ့အရပ်တစ်ဝက်သော်လည်းကောင်း လူတရပ် နီးပါးသော်လည်းကောင်း လုပ်ကြလိမ့်မည်။
သို့သော်လည်း ထန်ချောင်းချောင်း လုပ်ထားသော နှင်းလူရုပ်၏ ခန္ဓါကိုယ်က သူ့ထက်ပင် ရှည်သေးသည့် 1.8 မီတာ ရှည်သော လူကြီးပင်။ ၎င်းမှာ နှင်းလူ၏ ခေါင်းကိုပင် ထည့်မတွက်ရသေးပါချေ။
ရှန်းလျန်က လမ်းပျောက်သွားသည်။ 'သူဘယ်လိုများ လုပ်ခဲ့ပါလိမ့်'
ထန်ချောင်းချောင်းမှာ နှင်းလူ၏ ခေါင်းကို လှိမ့်နေဆဲပင်။ ထိုကဲ့သို့ မြင့်မားသော ခန္ဓါကိုယ်နှင့်ဆိုလျှင် သေချာပေါက် သူက ခေါင်းကြီးကြီး တပ်ရပေလိမ့်မည်။
ထိုကဲ့သို့သော နှင်းလူရုပ်ဖြင့်ပင် ထန်ချောင်းချောင်းက တစ်ခြံဝင်းလုံးက နှင်းများကိုပင် ကြုံးခဲ့ရသည်။ နောက်ပိုင်း သန့်ရှင်းရေးလုပ်မည့် အစေခံများက သူမကို အလွန်ကျေးဇူးတင်ကြမည်ကို သူသေချာ သိနေသည်။
ရှန်းယွဲ့က ဝှီးချဲပေါ်တွင် ရှိနေပြီး သူမဘေးတွင် ညွှန်ကြားပေးနေခဲ့သည်။
ရှန်းလျန့်က ထိုကဲ့သို့သော ဂိမ်းများကို ကစားရန် စိတ်မဝင်စားခဲ့ဖူးပါပေ။ လူတွေပြောကြသည်မှာ မင်နားနီးလျှင် သင်ပါ မည်းညစ်မည် ဟုပင်။ ထန်ချောင်းချောင်းက ရှန်းယွဲ့ကိုပါ ခေါ်ထုတ်လာခဲ့သည်။
သူက ကော်ရစ်ဒါတွင် တုန်တုန်ယင်ယင် ရပ်နေခဲ့သည်။ သူက ထန်ချောင်းချောင်း ထိုလေးလံသော နှင်းလူခေါင်းကြီးကို ကိုယ်ပေါ်သို့ မည်ကဲ့သို့ တင်လိုက်မည်ကို ကြည့်ချင်နေခဲသည်။
သူ ထန်ချောင်းချောင်း လုံးဝ ကျရှုံးလိမ့်မည်ဟု တွေးနေချိန်မှာပင် သူမက နှင်းလူခေါင်းကို လက်တစ်ဖက်တည်းဖြင့် မကာ နောက်တစ်ဖက်က နှင်းလူရုပ်နောက်မှ လှေကားသေးသေးလေးကို ဆွဲထုတ်လိုက်သည်။ ထို့နောက် လှေကားပေါ်သို့ တက်ကာ နှင်းလူခေါင်းကို မြဲမြဲမြံမြံ တပ်ဆင်လိုက်သည်။
ရှန်းလျန့်: ...
သူမေ့သွားတာပဲ... သူ ထန်ချောင်းချောင်းက ဝက်ဝဝကြီးကို မနိုင်တဲ့ မိန်းမတစ်ယောက်ဆိုတာကို မေ့သွားခဲ့တာ... သူ့အတွက် နှင်းလူခေါင်းဆိုတာ ဝါဂွမ်းဘောလုံးလောက်ပဲ ရှိမှာပေါ့...
ထပ်ပြီး နေရာတွင် ကြက်သေသေစွာ ရပ်နေကြသူများမှာ အခုလေးတင် ထွက်လာသော ရှန်းယုံနှင့် ဟူဟုန်တို့ပင်။
ရုတ်တရက် ဟူဟုန်က ထန်ချောင်းချောင်းနှင့် ဆိုးဝါးသည့် ကတောက်ကဆများကို ဖန်တီးရန် အခွင့်အရေး မရခဲ့သည်ကို ကျေးဇူးတင်မိသည်။ မဟုတ်လျှင် ထန်ချောင်းချောင်းက သူမကို လက်သီးတစ်ချက် သုံး၍ပင် သတ်နိုင်လောက်သည်။ ဒါ နောက်စရာ မဟုတ်ပေ
"ခေါင်းက တည့်ရဲ့လား" ထန်ချောင်းချောင်းက မြေပြင်ပေါ်ဆင်းကာ ရှန်းယွဲ့ကို မေးလိုက်သည်။
ရှန်းယွဲ့က သူ့ဖုန်းဖြင့် ဓါတ်ပုံရိုက်လိုက်ကာ "အင်း"ဟု ပြောလိုက်သည်။
ထန်ချောင်းချောင်းက အောက်သို့ဆင်းလာကာ သူမ၏ လက်ရာလေးကို ရင်ဖတ်ပေါ်တွင် လက်နှစ်ဖက်တင်၍ အားရပါးရ ရှုစားလိုက်သည်။
ရှန်းယွဲ့က သူမကို သတိပေးလိုက်သည်။ "မျက်လုံးနဲ့ နှာခေါင်းတွေ မတပ်ရသေးဘူးနော်"
"ကျွန်မ သိပါတယ်" ထန်ချောင်းချောင်းက တစ်ခုခု ရှာဖွေရန် အိမ်ထဲသို့ ပြေးသွားလိုက်သည်။
ရှန်းယွဲ့က သူမကို အော်ပြောလိုက်သည်။ "ကြည့်ကောင်းတာလေးတွေ ရှာလာခဲ့... နှာခေါင်း ရှည်ရှည်နဲ့ မျက်လုံးကို ခပ်မှောင်မှောင် ဖြစ်စေမဲ့ဟာမျိုး"
ရှန်းယွဲ့က ထန်ချောင်းချောင်း ထိုကဲ့သို့ အရပ်ရှည်ရှည် အင်အားကြီးမားသည့် နှင်းလူမျိုး လုပ်ထားခဲ့သည်မှာ သေချာပေါက် သူနှင့် တူအောင် လုပ်ထားခြင်း ဖြစ်မည်ဟု တွေးခဲ့သည်။ သေချာပေါက်ပင် အာရုံငါးပါးလုံးက ကြည့်ကောင်းရန်လိုအပ်ပေသည်။။ မဟုတ်ပါက သူ့ မျက်နှာချောချောလေး အတွက် တရားမည်မဟုတ်။
မကြာမီပင် ထန်ချောင်းချောင်း တစ်ယောက် ကိရိယာ အသေးစားလေးများ တပွေ့တပိုက်ဖြင့် ပြန်လာခဲ့သည်။
သူမက လှေကားပေါ် ပျော်ပျော်ရွှင်ရွှင် တက်ကာ နှင်းလူ၏ မျက်နှာ အစိတ်အပိုင်းများနှင့် ခန္ဓါကိုယ်ကို အလှဆင် တော့သည်။
ရှန်းယွဲ့က မော့ကြည့်လိုက်သော်လည်း သူကြည့်လေလေ တစ်ခုခု မှားနေသည်ဟု ခံစားရလေလေပင်။
Xxxxx