Chapter 140
မေတ္တယျ ဗုဒ္ဓ
ထန်ချောင်းချောင်း နှင်းလူ၏ အစိတ်အပိုင်းများနှင့် အလှဆင်ပစ္စည်းများ တပ်ဆင်လိုက်ပြီးနောက်တွင် နှင်းလူသား၏ မျက်နှာက လူတိုင်းရှေ့တွင် ထွက်ပေါ်လာတော့သည်။
၎င်းက အမှန်တကယ်တွင်မူ မေတ္တယျ ဗုဒ္ဓပုံသာ ဖြစ်နေသည်။
ထန်ချောင်းချောင်းက မေတ္တယျ ဗုဒ္ဓအတွက် နားရွက်ရှည်ကြီးနှစ်ခုကို ဂရုတစိုက် လုပ်ပေးလိုက်ပြီး အနက်ရောင် ဖန်လုံး နှစ်ခု ဖြင့် မျက်လုံးကွေးလေးများနှင့် ရယ်မောနေသော နှုတ်ခမ်းတစ်စုံကိုလည်း ပုံဖော်ထားခဲ့သည်။
နောက်ထပ် ထန်ချောင်းချောင်းက မေတ္တယျ ဗုဒ္ဓ၏ ပွင့်ဟနေသော ရင်ဖတ်နှင့် ရင်သားနေရာတွင် ခရမ်းနီရောင် အဝိုင်းအကြီးကြီး နှစ်ခုကိုလည်း တပ်ပေးထားခဲ့သည်။
အဝေးမှ ကြည့်လျှင်ပင် ရယ်မောနေသော သက်ရှိ ဗုဒ္ဓကို မြင်တွေ့ရသကဲ့သို့ ဖြစ်နေသည်။
ရှန်းယွဲ့က စိတ်ရှုပ်ထွေးသွားပုံပင်။
ရှန်းယုံမိသားစုမှ သုံးယောက်သားကလည်း ကြက်သေသေသွားတော့သည်။
ထန်ချောင်းချောင်းက လှေကားပေါ်မှ ဆင်းလိုက်ပြီးနောက် သူမ၏ လက်ရာအပေါ်တွင် အတော်လေး စိတ်ကျေနပ်သွားခဲ့သည်။ သူမက လှည့်ကာ ရှန်းယွဲ့ကို စိတ်အားထက်သန်စွာဖြင့် မေးလိုက်လေသည်။
"ဘယ်လိုလဲ... တူရဲ့လား"
ရှန်းယွဲ့၏ အမူအယာက ရှုပ်ထွေးနေသည်။ "ဘယ်လိုလုပ် မေတ္တယျ ဗုဒ္ဓ လုပ်ဖို့ တွေးမိတာလဲ"
ထန်ချောင်းချောင်းက နှုတ်ခမ်းဆူကာ ပြောလိုက်သည်။
"တကယ်က ချမ်းသာခြင်း နတ်ဘုရားကို လုပ်မလို့လေ... ချမ်းသာခြင်း နတ်ဘုရားရဲ့ အဝတ်အစားတွေကျ ရှုပ်ထွေးလွန်းလို့ လက်လျှော့လိုက်တာ... မေတ္တယျဗုဒ္ဓက ရယ်မောခြင်း နတ်ဘုရားလေ... နှစ်သစ်ရဲ့ ပထမဆုံးနေ့မှာ အနာဂါတ်မှာ လူတိုင်းကို မကြာခဏ ရယ်မောနိုင်စေဖို့ ဆုတောင်းပေးလိုက်တာ"
'ချမ်းသာခြင်း နတ်ဘုရားလား'
ရှန်းယွဲ့က ရှန်းမိသာစု ခြံဝင်းတွင် ချမ်းသာခြင်း နတ်ဘုရား ရွှေချောင်းကို ကိုင်လျက် ရပ်နေမည့် မြင်ကွင်းကို တွေးကြည့်မိလိုက်သည်။ ထန်ချောင်းချောင်း သူမစိတ်ကူးကို ပြောင်းလိုက်သည့်အတွက် ကျေးဇူးတင်ရမည်လားပင် မပြောတတ်တော့။
ထန်ချောင်းချောင်းက ပြောသည်။
"အဆင်ပြေလား မပြေလား မပြောရသေးဘူးလေ"
"အဆင်ပြေတယ်"
သူတို့နောက်မှ ကျယ်လောင်သော ကြည်ညိုသံထွက်လာခဲ့သည်။ မဒမ်ရှန်းက ထူထဲသော ဂွမ်းဂျက်ကတ်ကို ဝတ်ထားပြီး အံ့သားသင့်နေသော မျက်နှာနှင့် မေတ္တယျ ဗုဒ္ဓဆီသို့ ပြေးလာကာ အမောတကော ဆိုသည်။
"လက်ရာမြောက်လွန်းတယ်... ချောင်းချောင်း သမီးကိုယ်တိုင် လုပ်ထားတာလား"
ထန်ချောင်းချောင်းက ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။
"တကယ် လက်ရာမြောက်တယ်... ငါ ရှိခိုးရမယ်" အမေရှန်းက မေတ္တယျဗုဒ္ဓကို ဦးညွှတ်လိုက်သည်။ ရှန်းယွဲ့က သူမနှင့် ထန်ချောင်းချောင်းတို့က အမေနှင့် သမီးအစစ် ဖြစ်သင့်သည်ဟု တွေးမိသွားသည်။ မဟုတ်လျှင် သူတို့၏ အတွေးများက အဘယ်ကြောင့် တူညီနေရမည်နည်း။
မဒမ်ရှန်းက နှင်းလူရုပ်ကို ခေတ္တမျှသာ ကြည့်နိုင်သည်။ အဆုံးမှာ သူမက အပြင်ဘက်က အအေးဒဏ်ကို ခံနိုင်ရန် အသက်ကြီးလွန်းနေပေပြီ။ သူမက ပြန်မဝင်ခင် သူတို့ကို အပြင်တွင် အကြာကြီး မနေရန် ပြောခဲ့သေးသည်။
ထန်ချောင်းချောင်းက နှင်းလူကို ကြည့်လေလေ စိတ်ကျေနပ်လေလေပင်။သူမက ထိုကဲ့သို့သော လက်ရာကောင်းမျိုးကို သူမချည်းသာ တန်ဖိုးထားရန်မသင့်ဟု တွေးမိသဖြင့် ဖုန်းကို ထုတ်၍ သူမ၏ ချစ်လှစွာသော ဖန်လေးများကို ပြသရန် ပြင်ဆင်လိုက်သည်။
တိုက်ရိုက်မလွှင့်သည်မှာလည်း အတော်ကြာနေပြီဖြစ်သဖြင့် ထန်ချောင်းချောင်းက တိုက်ရိုက်ကြည့်ရှုမှုကိုသာ တန်းဖွင့်လိုက်သည်။ နှစ်သစ်၏ မနက်အချိန်တွင် လူအတော်များများက အိမ်တွင်သာ နေနေကြသည်။ သူမ၏ တိုက်ရိုက် ထုတ်လွှင့်မှု စတင်သည်နှင့် ဖန်အတော်များများက ချက်ချင်း တိုးဝင်လာကြတော့သည်။
"ဟေး လူတိုင်း Happy New Yearပါ... မင်းတို့အားလုံး ချမ်းသာ ကြွယ်ဝပြီး ကံကောင်းကြဖို့ ဆုတောင်းပေးပါတယ်..."
ထန်ချောင်းချောင်းက လက်အိတ်ဝတ်ထားသော လက်လေးများဖြင့် ကင်မရာသို့ လက်ကို ဝှေ့ယမ်းပြလိုက်သည်။ ပန်းပွားလုံးလေးနှစ်ခုက သူမ၏ ဦးထုပ်ဘေးဘက်များမှ တွဲလောင်းကျနေခဲ့သည်။ သူမ၏ ပါးအို့လေးများက အအေးဒဏ်ကြောင့် နီရဲနေသော်လည်း အသားအရည်လေးကမူ နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူနေပေသည်။ သူမ၏ အရည်လဲ့နေသော မျက်လုံးလေးများက ကျောက်နက်လေးများကဲ့သို့ပင် အလွန်လှပနေခဲ့ပေသည်။
[ New Yearနေ့မှာ ချောင်းပေါင်ရဲ့ liveကို ကြည့်ရတော့မယ်ကွ]
[ချောင်းပေါင်ရဲ့ နှစ်သစ်ကူးနေ့ အနီရောင် ဦးထုပ်လေး ဆောင်းထားတာက ချစ်စရာ ကောင်းလိုက်တာ]
[မင်း ချက်ပြုတ်တာကို တိုက်ရိုက် လွှင့်မလို့လား]
ထန်ချောင်းချောင်းက တိုက်ရိုက်ထုတ်လွှင့်မှု စကားပြောခန်းကို ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
"ဒီနေ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုက ဟင်းချက်ပြဖို့ မဟုတ်ပါဘူး... မနေ့က နှင်းတွေအများကြီးကျတယ်လေ... ကျွန်မ အခုလေးတင် နှင်းလူရုပ်လုပ်ထားတာ... ရှင်တို့ကို ကျွန်မရဲ့ လက်ရာလေး ပြမလို့"
"တဒါ.... မှန်းကြည့်... ကျွန်မ ဘာလုပ်ထားတာလဲ မှန်းကြည့်လေ"
ထန်ချောင်းချောင်းက စိတ်လှုပ်ရှားစွာဖြင့် ဖုန်းကင်မရာကို နှင်းလူရုပ်ထံ လှည့်ပြလိုက်သည်။ သူမက နှင်းလူရုပ်၏ အောက်ခြေမှ အပေါ်သို့ တဖြည်းဖြည်း မြှင့်ပြလိုက်ပြီး ကြည့်ရှုသူများကလည်း ကင်မရာနောက်လိုက်ကာ ခန့်မှန်းနေကြသည်။
ကြည့်ရှုသူများမှာ ထိုနှင်းလူက အတော်လေးကြီးကာ အရပ်ရှည်လှသည်ဟု တွေးနေကြသည်။ အတော်ကြာသည်အထိ အပေါ်ဆုံးသို့ပင် မရောက်သေးပါချေ။
ထန်ချောင်းချောင်းက ရိုက်ကူးနေရင်းပင် ကြည့်ရှုသူများ၏ သိလိုစိတ်များကို ဆွဲယူနေလေသည်။
"ဒါက ဝမ်းဗိုက်လေ... ပြီးတော့ အပေါ်က..."
သို့သော်လည်း သူမပြော၍ မပြီးခင်မှာပင် တိုက်ရိုက်ထုတ်လွှင့်မှုက ရုတ်တရက် မဲမှောင်သွားသည်။ ပေါ်လာသည်မှာ "သင့်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ညစ်ညမ်းတဲ့ အကြောင်းအရာအချို့ ပါနေသည်ဟု ယူဆရသဖြင့် 12နာရီ blockခံရမည်"ဟူ၍ပင်။
ထန်ချောင်းချောင်း: 'မြှောင်မြှောင်'။
သူမက ဥပဒေကို လိုက်နာတဲ့ အမျိုးကောင်းသမီးလေးပါ... အသိုင်းအဝိုင်းထဲ ဂုဏ်သရေရှိတဲ့သူ ဖြစ်တဲ့အပြင် ပေါင်းသင်းရလွယ်ပြီး ကြင်နာတတ်သေးတယ်... သူမက စည်းမျဥ်းတွေ ချိုးဖောက်တယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ...
စိတ်အားထက်သန်စွာ ကြည့်ရှုနေကြသူများကလည်း တစ်ခဏမျှ ရှုပ်ထွေးသွားသည်။ သူတို့က screenshotsများ ရိုက်ကာ အဘယ့်ကြောင့် သူတို့ လက်လွတ်စပယ် blockခံရသည့်အကြောင်းကို ဝေ့ပေါ် လက်ထောက်လေးထံ မေးမြန်းလာကြသည်။
ရှန်းယွဲ့က ထန်ချောင်းချောင်း ကြက်သေသေနေပုံရသည်ကို တွေ့လိုက်ရသဖြင့် မေးလိုက်သည်။ "ဘာလို့ ရပ်လိုက်တာလဲ"
ထန်ချောင်းချောင်းက ထုံထုံအအဖြင့် ပြန်ဖြေလိုက်သည်။ "ကျွန်မ blockခံလိုက်ရတယ်"
သူမက ရှန်းယွဲ့ကို တိုက်ရိုက်ထုတ်လွှင့်မှုမှ စာကြောင်းအား ပြလိုက်ပြီးနောက် သူက မေးလာခဲ့သည်။
"မင်း... ခုနက ဘယ်နေရာကို ရိုက်နေတာလဲ"
"ကျွန်မ ရင်ဘတ်ကို ရိုက်လိုက်တာ... " ထန်ချောင်းချောင်း မျက်လုံးများ ပြူးကျယ်သွားသည်။ အိုး... နားလည်သွားပြီ"
သူမ ခုနက တိုက်ရိုက်ထုတ်လွှင့်တဲ့ အချိန်တုန်းက နှင်းလူရဲ့ ရင်ဘတ်ကို ရိုက်မိလို့ စည်းမျဥ်းတွေ ချိုးဖောက်တယ်လို့ ယူဆလိုက်လိုက်ကြတာပေါ့...
ဝူး...
သူမက တုံ့အော် ထက်တောင် မှားယွင်းစွပ်စွဲခံရတာပဲ...။
[T/N တုံ့အော်က ကွမ်ဟန်ချင်း ရေးတဲ့ "တုံ့အော်ရဲ့ မတရားခံရမှု" လို့ခေါ်တဲ့ ယွမ်မင်းဆက်က ဝမ်းနည်းစရာ ဇာတ်လမ်းတစ်ပုဒ်ရဲ့ အဓိက ဇာတ်ကောင်ပါ... ဇာတ်လမ်းက အတော်လေး ရှည်ပါတယ်... Googleမှာ Injustice to Dou Eဆိုပြီး ရှာနိုင်ပါတယ်]
ရှန်းယွဲ့သည်လည်း ကိစ္စများကို ဤသို့ ထူးဆန်းကာ ရယ်မောစရာ ကိစ္စဖြစ်လာမည်ဟု မထင်ထားခဲ့ပေ။ ထန်ချောင်းချောင်းက အမှန်တကယ်ပင် သူ၏ ပျော်စရာ သစ်သီးလေးပင်။
ထန်ချောင်းချောင်း စိုက်ကြည့်ခြင်းကို ခံလိုက်ရပြီးမှ သူပြုံးကာ ပြောလိုက်သည်။
"ဒီဘက်က ပြောနေတာ မင်းလုပ်ထားတဲ့ နှင်းလူက အသက်ဝင်လွန်းတယ်တဲ့... မင်းကို အဲ့ဒီ အနီရောင် အစက်ကြီးကြီး ချထားရမယ်လို့ ပြောလို့လဲ... တွေးတတ်လိုက်တာ"
ထန်ချောင်းချောင်းက ဒေါသတကြီး ပြောလိုက်သည်။ "ကျေးဇူးပါနော်"
ဤအကြိမ်က ထိုကဲ့သို့ အခြေအနေကို ကြုံဖူးခြင်း ဖြစ်သည်။ သူမ မေတ္တာရပ်ခံနိုင်မည့် ကိစ္စတစ်ခုခု ရှိမည်လားဟု ရှာဖွေရအုံးမည်ပင်။
ရှန်းယွဲ့က အတော်ကြာရယ်မောခဲ့ပြီးသွားလေပြီ။ သူက ဖုန်းကို ကောက်ကိုင်ကာ မေတ္တယျဗုဒ္ဓ၏ ပုံကို ရိုက်ယူလိုက်သည်။ လည်ပင်း အောက်ပိုင်းနှင့် ဝမ်းဗိုက်အပေါ်ကို နေရာကို ချိန်ထားခြင်းဖြစ်သည်။ ထိုပုံကို အောက်ပါစာကြောင်းဖြင့် ဝေ့ပေါ်တွင် တင်လိုက်သည်။ "သူပြောတာ သူက တုံ့အော် ထက်တောင် မတရားခံနေရတယ်တဲ့...@ဝေ့ပေါ်လက်ထောက်ရေ
[ကိစ္စက ဒီလိုပေါ့... ငါပြောပါတယ် ထန်ချောင်းချောင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ဘယ်လို ညစ်ပတ်တဲ့ အရာကများ ရှိနေမှာလဲလို့... ဒါက ဒီလို ဖြစ်သွားတာကိုး ဟားဟားဟား
[အိုးမိုင်ဂေါ့... နှစ်သစ်ရဲ့ ပထမဆုံးရက်မှာတင် ကျယ်ကျယ်လောင်လောင် ရယ်ချလိုက်ပြီ... ထန်ချောင်းချောင်းက မေတ္တယျ ဗုဒ္ဓကို ဒီလောက်မြင့်အောင် လုပ်ထားတယ်... သေစမ်း]
[လူတိုင်းက နေရာတိုင်းမှာ အဝါအရောင် ဆန်ကုန်မြေလေး ကိစ္စတွေ လုပ်နေကြတာပဲကို တစ်ယောက်ယောက်က နှင်းလူရဲ့ ပုံလေး ရိုက်မိတော့ ဘလော့တယ်ပေါ့... ဆင်ဆာဖြတ်တဲ့ကောင် ထွက်လာရင် အရိုက်ခံရသင့်တယ်]
[နှင်းနဲ့ လုပ်ထားတာလေးတောင် တိုက်ရိုက်ထုတ်လွှင့်မှုက blockခံရတယ် ချောင်းပေါင်လေး တုံ့အော် ထက် မတရားခံနေရတာပဲ]
...
ထန်ချောင်းချောင်း ရှန်းယွဲ့၏ ဝေ့ပေါ်ကို တွေ့ပြီးနောက် အထွန့်တက်လိုက်သည်။
"ရှင် ကျွန်မရဲ့ နှင်းလူကို ဖော်လိုက်ပြီ... စိတ်ဝင်စားစရာ ကောင်းတော့မှာ မဟုတ်ဘူး"
ရှန်းယွဲ့ ပြောသည်မှာ "မင်းရဲ့ နှင်းလူက ဘယ်လောက်ပဲ ဆန်းကြယ်နေပါစေ... မင်းသာ blockခံထားရရင် ဒါကိုတောင် စဥ်းစားနိုင်မှာ မဟုတ်ဘူး"
ထန်ချောင်းချောင်း: ...
ရုတ်တရက်ပင် ကြည့်ရှုသူအုပ်လိုက်ကြီးက ထိုပုံနှစ်ပုံကို ကိုင်ကာ ထန်ချောင်းချောင်း၏ မတရားမှုကို ဖော်ထုတ်လိုက်ကြပြီး ဆင်ဆာကောင်လေး၏ အာရုံစိုက်မှု ရသွားခဲ့သည်။ နားလည်မှု လွဲသည်ကို သိသွားသောအခါ သူမ တိုက်ရိုက်ထုတ်လွှင့်မှုသည်လည်း ရုတ်တရက် blockပြေသွားသည်။
သို့သော်လည်း ထန်ချောင်းချောင်း တိုက်ရိုက်ထုတ်လွှင့်မှု ပြန်ရလာချိန်တွင်
ကြည့်ရှုသူများက လနှစ်သစ်၏ ပထမဆုံးရက်တွင် ရှန်းယွဲ့က ထန်ချောင်းချောင်းနှင့် အတူရှိနေရသည့်အကြောင်းကိုသာ ပိုစိတ်ဝင်စားနေကြသည်။ သူတို့နှစ်ယောက် အတူတူနေကြပြီလား စသည်ဖြင့်ပင်...
မည်သူကမှ သူမ နှစ်နာရီကြာအောင် ကြိုးစားခဲ့ရသည့် လက်ရာလေးကို ဂရုမစိုက်ကြပေ။
ထန်ချောင်းချောင်းက သူ့လက်များကို ရဲရဲတင်းတင်း ဖြန့်ကားနေသည့် ရှန်းယွဲ့ကိုသာ စိုက်ကြည့်မိတော့သည်။
အဆုံးတွင် သူမက စကားအများကြီး မပြောတော့ဘဲ တိုက်ရိုက်ထုတ်လွှင့်မှုကိုသာ ပိတ်လိုက်တော့သည်။ သို့သော်လည်း လမင်းယုန်လေး CP ဖန်များက သူတို့အကြောင်းကို ဂရုစိုက်နေဆဲပင်။
ထန်ချောင်းချောင်းက ထိုနှစ်သစ်တွင် နှစ်ရက်ခန့်သာ နားခဲ့ပြီး ဇာတ်ညွှန်းတစ်ခုက သူမ၏ တံခါးဝအထိ ရောက်လာခဲ့သည်။ ဒါရိုက်တာက ထန်ချောင်းချောင်း၏ အသည်း ခေါက်ဆွဲအရောကနေ ဖမ်းမိသွားခဲ့သည့် လူများထဲမှ တစ်ယောက် ဖြစ်သည်။
သူ "ငါတို့မိသားစု" အဖွဲ့တွင် ဧည့်သည်အဖြစ် ပါဝင်ခဲ့စဥ်က ချမ်ပျောင်က ထန်ချောင်းချောင်း၏ သရုပ်ဆောင်မှုက သဘာဝဆန်ပြီး ကိုယ်ပိုင် အရောင်အဝါလည်း ရှိနေသည်ကို တွေ့ခဲ့ရသည်။ ထိုအချိန်ကတည်းက သူ ထန်ချောင်းချောင်းနှင့် အလုပ်တွဲလုပ်နိုင်မည့် အခွင့်အရေးကို ရှာဖွေနေခဲ့သည်။ မကြာသေးမီက သူမက အချိန်တစ်ခုအထိ ရှိုးများကို ရိုက်ကူးမည်မဟုတ်ကြောင်း ကြားသိခဲ့ရပြီး သူသည်လည်း အလွန်ကောင်းမွန်သည့် တီဗွီဒရာမာ ပရောဂျက် တစ်ခု လက်ထဲရှိနေခဲ့သည်။ ဝူလင်းနှင့် ပြန်လည်တိုင်ပင်ပြီးနောက် သူသည်လည်း တီဗွီဒရာမာ နယ်ပယ်နှင့် အကျွမ်းတဝင်ရှိလာခဲ့လေပြီ။
ဤတစ်ကြိမ်က သူ တီဗွီစီးရီး ရိုက်ကူးရန် ပထမဆုံး ယုံကြည်မှု ရခဲ့ခြင်းဖြစ်သည်။ ချမ်ပျောင်က သရုပ်ဆောင် ရွေးချယ်ခြင်းကို အလွန်အလေးထားနေသည်။ ထန်ချောင်းချောင်းမှ လွဲ၍ ပိုမိုသင့်တော်သော ဇာတ်လိုက်ကို မစဥ်းစားမိပေ။
ချမ်ပျောင်က သူအနည်းငယ် အတ္တကြီးမိကြောင်းကို ဝန်ခံပါ၏။ ကောင်းပြီလေ... အနည်းငယ်ထက်တော့ ပိုတာပေါ့... သူက ထန်ချောင်းချောင်း၏ အရသာရှိသော အစားအသောက်များကို လောဘတက်မိ၍ သူမအတွက် ဇာတ်လိုက်နေရာကို ပေးရန် ဆန္ဒရှိနေခြင်းဖြစ်သည်။
ထို တီဗွီစီးရီး၏ ဇာတ်လိုက်က လူနှစ်ယောက်ပင်- ကွဲပြားသော ကိုယ်ရည်ကိုယ်သွေးများ ရှိကြသည့် အမွှာ ညီအစ်မတစ်တွဲဖြစ်သည်။
ထိုအကြောင်းကို ချမ်ပျောင်က ထန်ချောင်းချောင်းကို ပြောခဲ့သည်။ "နေရာနှစ်ခု သရုပ်ဆောင်ရမှာ... နှစ်ခုလုံးက ဇာတ်လိုက်ပဲ... တကယ့်ဇာတ်လိုက်အကောင်ကြီးတွေနော်... အဲ့လို ဆိုရင်ရော... ရင်ထဲ မထိသွားဘူးလား"
သူက ထပ်ပြောသေးသည်။ "အဲ့ညီအစ်မတွေရဲ့ အကျင့်တွေက မင်းနဲ့တူတယ်... တစ်ယောက်က နူးညံ့ပြီး အားနည်းတယ်... တစ်ယောက်က အရမ်း အားသန်တယ်"
ထန်ချောင်းချောင်း: "စောင်းပြောနေတာပဲ"
သူမမှာ ပုံစံနှစ်မျိုး ရှိတယ်ဆိုပြီး ပြောနေတယ်လို့ ခံစားနေရပါလိမ့်... သူမက အဲ့လိုဟုတ်လို့လား...
လူတွေ ပေါက်ကရ လာပြောရင် သေလောက်တဲ့အထိ ကန်ပေးလိုက်မယ်...
အဆုံးတွင် ထန်ချောင်းချောင်းက အဓိက မေးခွန်းကို မေးလိုက်သည်။
"ဒါဆို ဝင်ငွေကရော နှစ်ဆရမှာလား"
ချမ်ပျောင်: ...
နှစ်ဆမဟုတ်သော်လည်း သေချာပေါက် နည်းမည် မဟုတ်ပေ။
Xxxxxxx