Chapter 141
ထန်ချောင်းချောင်းက မွေးကတည်းက ခွဲခွာခဲ့ကြရသော အမွှာညီအစ်မ၏ ကံကြမ္မာအပေါ်တွင် ဇာတ်အိမ်တည်ထားသည့် "စစ်သည်တော်များ" အမည်ရှိ ထိုဇာတ်ညွှန်းကို လက်ခံလိုက်သည်။
ဘုရင်မက သမီးအမွှာ နှစ်ယောက် မွေးပြီးသည်နှင့် ရန်သူများက နန်းတော်ကို တိုက်ခိုက်ခဲ့ကြသည်။ ရုန်းရင်းဆန်ခတ် အခြေအနေများ အကြား အမွှာထဲမှ တစ်ယောက်ကို ရန်သူဘက်မှ ဖမ်းမိသွားပြီး နန်းတော်အတွင်း တစ်နေရာတွင် သမီးအဖြစ် ပျိုးထောင်ထားခဲ့ချိန်တွင် သူပုန်များက အခြားတစ်ယောက်ကို ကယ်ဆယ်နိုင်ခဲ့သည်။ ဆယ့်ရှစ်နှစ်ကြာသောအခါ ဝမ်ယွီက ရန်သူဖြစ်သူကို အဖေဟုသာ သိထားပြီး လောကကြီးအကြောင်း တစ်လုံးတစ်ပါဒမှ မသိရသည့် မင်းသမီးငယ်လေးဖြစ်လာချိန်တွင် အားချင်းက သွေးအေး လူသတ်သမားအဖြစ် ပျိုးထောင်ခြင်း ခံခဲ့ရသည်။ တစ်ထပ်တည်းတူသော အမွှာညီအစ်မတို့ ပြန်လည် တွေ့ဆုံကြသောအခါ ကံကြမ္မာ တစ်ပတ်လည်လာခဲ့တော့သည်။
"စစ်သည်တော်များ" တီဗီစီးရီး၏ ထုတ်လုပ်ရေးအဖွဲ့၊ သရုပ်ဆောင်များအကြောင်းနှင့် စတင်ရိုက်ကူးတော့မည့် သတင်းများ ပေါ်ထွက်လာသည်နှင့် လူအများ၏ အာရုံကို ဆွဲခေါ်နိုင်ခဲ့သည်။ ၎င်းက နာမည်ကျော် ဒါရိုက်တာ ချမ်ပျောင်၏ ပထမဆုံး တီဗီစီးရီး ရိုက်ကူးခြင်း ဖြစ်သည်သာမက ထန်ချောင်းချောင်းကိုယ်တိုင် ဇာတ်ကောင်နေရာ နှစ်ခုတွင် သရုပ်ဆောင်မည်ကြောင့်လည်း ဖြစ်ပေသည်။ ထုတ်လွှင့်သည်နှင့် ထိုဇာတ်ကောင်နှစ်ခုသည်လည်း အရူးအမူး နှိုင်းယှဥ်ချက်များအတွက် ဆွဲထုတ်ခံရမည်မှာလည်း သေချာသလောက်ပင်။ ခက်ခဲမှုက စိတ်ကူးကြည့်၍ ရပေသည်။ လူများစွာက သူမကို လှောင်ပြောင်လာကြသည်။ တစ်ချိန်တည်းမှာပင် ကြည့်ရှုသူများက ထိုဇာတ်လမ်းသည် IPကြီးတစ်ခုမှ ပြုပြင်ပြောင်းလဲထားခြင်း မဟုတ်ဘဲ မူလစာအုပ်၏ ဖန်များပင် မထောက်ခံကြဟူသည်ကို ရှာတွေ့လာကြသည်။
သို့သော်လည်း ထန်ချောင်းချောင်း၏ ဖန်များကမူ အရေးလုပ်မနေကြပါပေ။ သူတို့၏ ချောင်းပေါင်လေးက ထိုကဲ့သို့ ထူးချွန်သည့် ဒါရိုက်တာ တစ်ယောက်နှင့် အလုပ်တွဲလုပ်ရပြီး ဇာတ်လိုက်အနေဖြင့် ပထမဆုံး စီးရီးလည်း ဖြစ်နေသေးသည်။ သူမကို ထောက်ပံ့ရင်း တီဗီစီးရီးကိုပါ ထောက်ပံ့ပေးကြမည် ဖြစ်သည်။ ထပ်ပြီးတော့ မူရင်းဝတ္ထုနှင့် မတူတာမျိုးက ပိုတောင်ကောင်းသေးသည်။ ထို့ကြောင့်ပင် ကြည့်ရှုသူများကလည်း ကြိုတင် မှန်းဆချက်များ ထားနိုင်ကြမည် မဟုတ်ပေ။
"အင်တာနက်တစ်ခွင်က လူများ ဖိုရမ်ပေါ်တွင် အကျိတ်အနယ် ဆွေးနွေးကြပြီးနောက် "စစ်သည်တော်များ"က လပြက္ခဒိန်၏ ဒုတိယလတွင် တရားဝင် ချပြလာခဲ့သည်။
ဒီတစ်ကြိမ်၏ လုံးဝ အဓိက ဇာတ်ဆောင်ဖြစ်သည်နှင့်အညီ ထန်ချောင်းချောင်းမှာ အလွန်တရာ လေးပင်လှသော ဇာတ်ကောင်နေရာ ရရှိနေသည်။ ထိုအကြောင်းကြောင့် များစွာသော ရသစုံရှိုးများကို ငြင်းပယ်ထားလိုက်ပြီး ဇာတ်ကားတွင်သာ အာရုံစိုက်ထားလိုက်သည်။
ဒါရိုက်တာ ချမ်ပျောင်က အလွန်အသေးစိတ်လုပ်တတ် ပြီး ရိုက်ကူးရေးတွင် ပို၍ အသေးစိတ်သေးသည်။ ထို့ကြောင့် သရုပ်ဆောင်များကလည်း လှည့်စားမှု သေးသေးလေးပင် မလုပ်ရဲကြပေ။ လူတိုင်းက ရိုက်ကူးရေး လုပ်နေစဥ်တွင် အလွန် ရိုးသားကြပေသည်။
တစ်ခုကလွဲ၍ပင်။ ထန်ချောင်းချောင်းသူမ၏ RVအတွင်း ဟင်းချက်လေတိုင်း ဒါရိုက်တာကလည်း ဇာတ်ညွှန်း ဆွေးနွေးရန်ဟူသော အကြောင်းပြချက်ဖြင့် သူမ၏ RVသို့ အပြေးလာတတ်သည်။ ထို့နောက် သူက လုပ်ရိုးလုပ်စဥ် ပုံစံဖြင့် မေးလိမ့်မည်။ "မင်း စားနေတာလား"ဟုပင်။
[RVက သရုပ်ဆောင်တွေ နားနေခန်းလို လုပ်ထားတဲ့ ကားပါ]
ထန်ချောင်းချောင်းကလည်း မတုံးအပေ။ "ရှင်ရော အတူတူစားမလား"
"ကောင်းပြီလေ" ချမ်ပျောင်သည်လည်း တစ်စက္ကန့်လေးတောင် တွန့်ဆုတ်နေမည် မဟုတ်ပေ။
ထိုကဲ့သို့ နှစ်ကြိမ် သုံးကြိမ်မျှ ဖြစ်ပြီးသွားသောအခါ ထန်ချောင်းချောင်းက အဆုံးတွင် မနေနိုင်ဘဲ ပြောလိုက်ရသည်။ "ဒါရိုက်တာ... နောက်တစ်ခါ အကြောင်းပြချက်တွေ ပေးမနေပါနဲ့တော့ လာသာ စားလိုက်ပါ"
ချမ်ပျောင်၏ အနက်ရောင် အသားအရည်က မသိမသာ နီသွားပြီး မဲ့ပြုံးပြုံးလိုက်ရသည်။
"ဒါဆိုလည်း ပိုပြီး တလေးတစား လုပ်ရတော့မှာပေါ့... အခုကစပြီး အသီးအရွက်တွေ ဝယ်ဖို့ ပိုက်ဆံကို ငါ့ကို ပေးခွင့်ပြုပါ"
နောက်ပိုင်းတွင် ထန်ချောင်းချောင်းနှင့် အတူတွဲ သရုပ်ဆောင်ကြသည့် ဇာတ်လိုက်အတော်များများကလည်း ထိုဖရီးကြိတ်မည့် အုပ်စုထဲသို့ ပါဝင်လာကြတော့သည်။ သူမ ချက်ပြုတ်တိုင်း ထိုအမှိုက်အိတ်တစ်စုက သူမနောက်သို့ လိုက်လာကြပြီး စုရုံးစုရုံး ဖြစ်လို့နေခဲ့သည်။
ထန်ချောင်းချောင်းက ရိုက်ကွင်းတွင်သာ အခြေချနေခဲ့သည့်အတွက် ရှန်းယွဲ့က အစတွင် နှစ်ခါမျှ လာလည်ခဲ့သေးသည်။ သူတို့နှစ်ယောက်က ယခု ပွင့်လင်းမြင်သာစွာ တွဲခုတ်နေကြပြီဖြစ်သဖြင့် အဖွဲ့သားများ၏ မသင်္ကာမှုများကိုလည်း ရှောင်ရှားမနေတော့။ သူလာသည့်အချိန်တိုင်း အဖွဲ့အတွက် အစားအသောက်များ၊ ပစ္စည်းကောင်းလေးများ သယ်လာမည်ဖြစ်သည်။ အဖွဲ့သားများကလည်း သူ့ကို "နိုင်ငံ့ ချစ်သူကောင်းလေး"ဟု ခေါ်နေကြသည်။
သို့သော်လည်း ရှန်းယွဲ့ လာလည်သည့်ကိစ္စ၌ ချမ်ပျောင်၏ အတွေးများမှာမူ ရှုပ်ထွေးပေသည်။ ရှန်းယွဲ့က ရက်ရောသော်လည်း သူရှိနေသ၍ ဒါရိုက်တာချမ် ထန်ချောင်းချောင်းဆီ ကပ်စားရန် အလွန် ရှက်ရွံ့နေခဲ့လေသည်။
ရိုက်ကူးရေး ပထမလတွင် ရှန်းယွဲ့ နှစ်ကြိမ်မျှ လာလည်ပြီးနောက် အချိန်အတော်ကြာသည်အထိ လှုပ်ရှားမလာခဲ့ပေ။ ထန်ချောင်းချောင်းပင် သူဘာလုပ်နေသည်ကို မသိရပေ။ ရှန်းယွဲ့က မည်သည်ကိုမျှ ရှင်းပြမလာဘဲ စီးပွားရေး ခရီးတစ်ခုအတွက် ပြည်ပထွက်ရမည်ဟုသာ ပြောထားခဲ့သည်။
အမျိုးသမီး ကြယ်ပွင့်လေးနှင့် လူချမ်းသာ တစ်ယောက်၏ အချစ်ရေးက အမြဲလိုလို မီဒီယာများ၏ အာရုံစိုက်စရာ ဖြစ်ခဲ့သည်။ ရှန်းယွဲ့ ပထမဆုံးလာလည်ခဲ့သည့် နှစ်ကြိမ်လုံးကို နေရာအနှံ့မှ ပါပါရာဇီများက ဓါတ်ပုံရိုက်ထားခဲ့ကြသည်။ "စစ်သည်တော်များ" ရိုက်ကူးရရေးကို အဓိကထား ရိုက်ကူးကြသည့် ပါပါရာဇီများပင် ရှိနေသေးသည်။
သို့သော်လည်း ထိုနှစ်ကြိမ်ပြီးနောက် ရှန်းယွဲ့က ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ ပါပါရာဇီများကပင် ထိုကဲ့သို့ ပုံမှန်မဟုတ်သော အခြေအနေအတွက် ပို၍ပင် မရိုးမရွ ဖြစ်နေကြပေသည်။
အမျိုးသမီးစတားတစ်ယောက်က ချမ်းသာသော မိသားစုတစ်ခုနှင့် အောင်အောင်မြင်မြင် လက်ထပ်နိုင်ခဲ့သည့် သတင်းထက် ကန်ထုတ်ခံရသော စတားတစ်ယောက်၏ သတင်းက ဖရဲသီးစားချင်သူများ၏ အာရုံစိုက်မှု ပိုခံရသည်။
ထို့ကြောင့်ပင် "ရှန်းယွဲ့နဲ့ ထန်ချောင်းချောင်းတို့ရဲ့ သွေးအေးစစ်ပွဲ... လူကုံထံ အမျိုးသားက ပျောက်ကွယ်သွားပြီ... အစ်မချောင်းတော့ ဝမ်းနည်းမှု အပြည့် ဖြစ်နေရပြီ..."ဟု ခေါင်းစဥ်ရသော ဆောင်းပါးထွက်လာပြီး အဓိက ဝက်ဘ်ဆိုက်များတွင် ပျံ့နှံ့လာဖို့ အချိန်သိပ်မကြာလိုက်ပေ။ ထိုဆောင်းပါးက အမှန်တကယ် ဖြစ်နေသည့်အလား ချောချောမွေ့မွေ့ ရေးသားထားသည်။ ထန်ချောင်းချောင်း ရိုက်ကူးရေးအတွင်း မျက်မှောင်ကြုတ်ကာ လမ်းလျှောက်နေသည့် ပုံနှစ်ပုံပါ ထည့်ပေးထားလိုက်သေးသည်။
ထိုသတင်းက ကြောက်စရာ ကောင်းလှသည်။ အင်တာနက်ပေါ်မှ လူများက ထိုသတင်း မှန်မမှန်အား ခန့်မှန်းလာကြသည်။ အသံခပ်ရှုပ်ရှုပ်များပင် ထွက်ပေါ်လာပေသည်။
【ရှန်းယွဲ့က ချမ်းသာတဲ့ မိသားစုက သားလေ... ပန်းလေးတွေနဲ့ ရှုပ်ချင်ရင်တောင် အပျော်ပဲနေမှာပေါ့... ဘာလို့ လူတိုင်းက အတည်ကြီး ဖြစ်နေရတာလဲ... ဘာလို့ သူ မလာတာလဲ... သူ့နှလုံးသား ပြောင်းလဲသွားလို့ပဲ ဖြစ်ရမယ်】
【ငါအရင်ကတည်းက မျှော်လင့်ထားပြီးသားပဲ... ထန်ချောင်းချောင်းက အမြဲတမ်း မျက်နှာပဲပြနေတဲ့ အမျိုးသမီး စတားလေ... သူက ထန်တ ရဲ့ သမီးဖြစ်ရင်တောင် တောဘက်မှာ ကြီးလာတာ...ဒီလို နောက်ခံမျိုးက ချစ်ကျွမ်းဝင်ဖို့ အဆင်ပြေပေမယ့် တံခါးကို ဖြတ်နိုင်ဖို့တော့ မဖြစ်နိုင်ဘူး】
【ဟီး... မစ္စတာရှန်းကချိုင်းထောက်နဲ့ လူဖြစ်နေတာတောင် ချေးများနေရသေးတယ်... ထန်ချောင်းချောင်းက စိတ်ထားလှတယ်... အဲ့ဒီအမှိုက်ကောင်ကို ပစ်ထုတ်လိုက်ဖို့ အဆင်မပြေနေလို့လား】
သို့သော်လည်း အချို့လူများကမူ ထန်ချောင်းချောင်းကသာ ပြောင်းလဲသွားပြီး အရင် သစ္စာဖောက်ခဲ့သည်ဟုပင်။ သူမက ရိုက်ကူးရေးမှ သရုပ်ဆောင်တစ်ယောက်နှင့် အမြဲတမ်း စားသောက်နေပြီး မဟုတ်တာလုပ်နေကြသည်ဟု ထုတ်ဖော်လာကြသည်။
ထန်ချောင်းချောင်းနှင့် ရှန်းယွဲ့၏ CPဖန်များကမူ သဘာဝကျကျပင် သူတို့ကို မယုံကြပါပေ။ သူတို့က ကောလဟာလများကို ရှေ့တန်းမှနေ၍ တက်တက်ကြွကြွ ချေပကြသည်။
ထန်ချောင်းချောင်း၏ဖန်များက ထန်ချောင်းချောင်း ဖောက်ပြန်သည့်အကြောင်းကို ခုခံချေပကြသည်ကို ထပ်ပေါင်း၍ များစွာသော မူလဖန်အစစ်များသည်လည်း ရှန်းယွဲ့ကို တာဝန်မယူသည့်အတွက် ဆူပူကြိမ်းမောင်းရင်း သူတို့၏ ကလေးလေး၏ စိတ်အခြေအနေကို ကာကွယ်ပေးကြသည်။
အင်တာနက်ပေါ် သတင်းတက်လာသည့်အချိန်တွင် ထန်ချောင်းချောင်းက ရိုက်ကူးရေး လုပ်နေခဲ့သည်။ သူမက ညဥ့်နက်သည်အထိ ထိုသတင်းကို မတွေ့ခဲ့ရပေ။
သူမ၏ ဝမ်းနည်းနေသော မျက်နှာပုံကို တွေ့သောအခါ သူမ တီးတိုး ရေရွတ်မိသွားသည်။ "အဲ့ခွေးတွေကတော့ လုံးဝကို မတိုးတက်သေးတာပဲ... ပုံကိုပဲ ကြည့်ခိုင်းပြီး မျက်လှည့်အသစ်တွေကျ မသုံးတတ်သေးဘူး"ထိုအချိန်၌ သူမက ဇာတ်ကြောင်းကိုပဲ တွေးနေခဲ့ပြီး သူမ၏ လမ်းလျှောက်ပုံကို လေ့ကျင့်ရင်း လမ်းပတ်လျှောက်နေခဲ့သည်သာ။
ထပ်ပြီးတော့ သရုပ်ဆောင် တစ်ယောက်နှင့် ညစာအတူစားသည်ဟူသော သတင်းအတွက်ကား...
ဒါရိုက်တာများ၊ မင်းသမီးများနှင့် လက်ထောက်များသည်လည်း ပေါ်ပေါ်ထင်ထင် ရှိနေကြသေးသည်။ သူမနှင့် မည်သည့်မင်းသားကမှ တစ်နေရာထဲတွင် နှစ်ယောက်တည်း မည်သည့်အခါမှ အတူမရှိဖူးခဲ့ပေ။
ထန်ချောင်းချောင်းက ထိုအဆင့်နိမ့်ကောလဟာလများကို ပူပန်မနေပါချေ။ အစ်ကိုချမ်ကသာ သူမ၏ အေးဂျင့်စီအား သူတို့ကို ကိုင်တွယ် ခိုင်းလိုက်မည် ဖြစ်သည်။
ဖန့်ယွမ်က စိတ်ပူနေပုံဖြင့် ပြောလာသည်။ "သူကအခုထိ အိမ်ပြန်မရောက်သေးဘူးလား"
ထန်ချောင်းချောင်း ခေါင်းကိုသာ ယမ်းပြလိုက်ရသည်။ ရှန်းယွဲ့က စီးပွားရေး ကိစ္စများအတွက် ပြည်ပထွက်သွားသည်မှာ တစ်လကျော်နေပေပြီ။ သူက သူမကို နှုတ်ဆက်ရန်အတွက် ရံဖန်ရံခါမှသာ မက်ဆေ့ချ်များ ပို့ပေးတတ်သည်။ သူ့အမေပင် သူ ဘာလုပ်နေမှန်း မသိရပေ။
"ယောကျ်ားတွေ မကောင်းဘူး... လီကျိတောင် အခု ဘယ်သွားသေနေလဲ မသိဘူး" ဖန့်ယွမ်က စိတ်ဆိုးမာန်ဆိုး ဖြစ်နေပုံပင်။ "ချောင်းချောင်း... ရှန်းယွဲသာ နင့်ကို သစ္စာဖောက်ခဲ့ရင် ငါလည်း လီကျိနဲ့ လမ်းခွဲလိုက်မယ်"
"အာ.... အဲ့တာ လီကျိနဲ့ ဘာဆိုင်လို့လဲ" ထန်ချောင်းချောင်းက ရယ်ချင်ပက်ကျိ ဖြစ်နေပုံနှင့် မေးလိုက်သည်။
ဖန်းယွမ်က နှုတ်ခမ်းဆူကာ "လီကျိက ရှန်းယွဲ့ရဲ့ ကိုယ်စားလှယ်နဲ့ ညီအစ်ကိုပဲလေ... ဒါကြောင့်မို့ အမှိုက်ထုပ်တွေက တူရာ စုကြတာ"
ထန်ချောင်းချောင်းက ပြုံးလိုက်ရသည်။ "အဲ့လောက်ထိ မလိုအပ်ပါဘူး"
ရှန်းယွဲ့ သူမကို စွန့်ပစ်ရဲမည် မဟုတ်ကြောင်း သူမသိပါသည်။ သူမစိုးရိမ်သည်က သူဘာလုပ်နေသည်ကိုပင်။
ထိုကိစ္စပြီးနောက် ရက်အနည်းငယ်အကြာတွင် ညဘက်ရိုက်ကွင်း ပြီးသည့်အချိန်၌ ထန်ချောင်းချောင်း ဟိုတယ်သို့ ချိနဲ့စွာ ပြန်လာခဲ့သည်။ သို့သော်လည်း သူမအခန်း၏ ရေချိုးခန်းတံခါးက အတော်လေး ချောင်နေပြီး ပြုပြင်ရန် လိုအပ်နေသည်ဟု ပြောလာခဲ့သည်။ ဟိုတယ်ဘက်မှ အဆင်မပြေမှုကို တောင်းပန်ရန်အတွက် အခန်းကို အပေါ်ဆုံးအထပ်ရှိ Presidential Suitသို့ အဆင့်မြှင့်ပေးခဲ့သည်။
ထိုကဲ့သို့ ကိစ္စကောင်းလေး ဖြစ်သွားသည့်အတွက် ထန်ချောင်းချောင်းက ပျော်ရွှင်စွာဖြင့် အပေါ်ဆုံးအထပ်သို့ တက်သွားလိုက်လေသည်။
ထန်ချောင်းချောင်းက ဟိုတယ်အခန်း၏ တံခါးကို ဖွင့်လိုက်ချိန်တွင် အတွင်း၌ မဲမှောင်နေခဲ့သည်။ သူမက နှစ်လှမ်း သုံးလှမ်းမျှ လှမ်းဝင်လိုက်ပြီးနောက် တစ်ခုခု မှားနေသည်ကို သတိပြုမိသွားခဲ့သည်။ အခန်းထဲတွင် တစ်ယောက်ယောက် ရှိနေခဲ့ပေသည်။
ဒီနေ့ ကပ်စေးနှဲ ဟိုတယ်က ထိုမျှလောက် ရက်ရောနေခြင်းမှာ အံ့သြစရာ မရှိတော့ပေ။ ကြိုတင်ကြံစည်မှု တစ်ခု ဖြစ်နေပုံရသည်။ ထန်ချောင်းချောင်းက ရုပ်ရှင်ထဲမှ ပြစ်မှု ကျူးလွန်ကြသည့် ဇာတ်ကြောင်းပေါင်းများစွာကို ရုတ်တရက် သတိရမိသွားသည်။ သူမက အသက်ပြင်းပြင်းရှုကာ တိတ်တဆိတ် လှုပ်ရှားလိုက်သည်။
တစ်ယောက်ယောက် ချဥ်းကပ်လာသည်ကို သတိပြုမိလိုက်ချိန်တွင် သူမက လက်သီးကို ကျစ်ကျစ်ဆုပ်ကာ ပစ်သွင်းလိုက်သည်။
"ကိုယ်ပါ"
ထိုလူအော်လိုက်သည်နှင့် ထန်ချောင်းချောင်း၏ လက်သီးရပ်သွားတော့သည်။ သူမက ရင်းနှီးနေသော ရနံ့ ခပ်ဖျော့ဖျော့ကိုလည်းရလိုက်သည်။
သူမ ထိုအနံ့ကို ရှန်းယွဲ့၏ ကိုယ်မှသာ ရခဲ့ခြင်းဖြစ်သည်။ ထိုအနံ့က သူမကြာခဏ သုံးလေ့ရှိသည့် မုတ်ဆိတ်ရိတ်ခရင်မ်အနံ့ပင်။
နောက်တစ်စက္ကန့်မှာပင် အခန်းက လင်းထိန်သွားခဲ့သည်။ ထန်ချောင်းချောင်းနှင့် ရှန်းယွဲ့က အချင်းချင်း စိုက်ကြည့်နေခဲ့ကြသည်။ သူက ဝှီးချဲပေါ်တွင် ရှိနေပြီး သူမလက်သီးက သူ့နှဖူးနှင့် စင်တီမီတာ အနည်းငယ်သာ ကွာဝေးနေလေသည်။
ရှန်းယွဲ့က ထန်ချောင်းချောင်း၏ လက်သီးကို အောက်ချကာ သူ့လက်များတွင် ဆုပ်ကိုင်ထားလိုက်ပြီးနောက် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။
"မင်း မုဆိုးမ ဖြစ်တော့မလို့ပဲ"
ထန်ချောင်းချောင်းက အသံတစ်ချက်မှ မထွက်ဘဲ မျက်တောင်ခတ်လိုက်သည်။
ရှန်းယွဲ့က သူမ၏ လက်ချောင်းသွယ်သွယ်လေးများကို ပွတ်သပ်လိုက်သည်။
"ဘာလို့ စကားမပြောတာလဲ... ကိုယ့်ကို မတွေ့တာကြာတော့ ကြောင်အသွားပြီလား"
Xxxxx