Chapter 145
မင်းသားနှင့် မင်းသမီးလေး
အင်တာနက်ပေါ်က လူများကလည်း ထပ်ပြီး လီမွန်သီးများ စားရပြန်တော့သည်။ သူ့ရဲ့ မဟာဗျူဟာမြောက် အမြင်ရှိပုံကိုသာ ကြည့်လိုက်ပါ... သူက အလှလေးရဲ့ နှလုံးသားကို အောင်နိုင်ပြီး ငွေအများကြီးလည်း ရှာနိုင်လိုက်သေးတယ်... ဘယ်သူက မနာလိုဘဲ နေမှာလဲ...
တစ်ချိန်တည်းမှာပင် ထန်ချောင်းချောင်းက ပရိုမိုးရှင်း အစီအစဥ်များ ပြီးနောက် "စစ်သည်တော်များ" ရိုက်ကူးရေးသို့ ပြန်လာခဲ့သည်။ အရင်တစ်ခေါက် ဖောက်ပြန်သည့် ကောလဟာလကြောင့် ထန်ချောင်းချောင်းက နောက်ပိုင်းတွင် လူတိုင်းနှင့် အတူတကွ စားသောက်သည့်အချိန်တိုင်း တိုက်ရိုက်လွှင့်ပြမှုတစ်ခုကိုသာ ရိုးရိုးရှင်းရှင်း တင်လိုက်သည်ပင်။ blackဖန်များ ပြောစရာ မဲ့သွားရုံသာမက ရိုက်ကူးရေး ပရိုမိုးရှင်း ဆင်းရန် နောက်ထပ် ချန်နယ်တစ်ခု ထပ်ပေါင်းလိုက်သလိုပင်။ ချမ်ပျောင်က အတော်လေး ပျော်နေခဲ့သည်။
ရလဒ်အနေဖြင့် "စစ်သည်တော်များ" ရိုက်ကူးရေးရှိ လူများ နေ့တိုင်း စားသောက်နေသည်ကို ကြည့်ရခြင်းက အင်တာနက် ပေါ်မှ လူအများ၏ ပျော်စရာ တစ်ခု ဖြစ်လာတော့သည်။
အချစ်စစ်ဖြင့် ချစ်ကြသော ဖန်များကလည်း သရုပ်ဆောင်များ နေ့တိုင်း စားသောက်ကြသော အရာများကို မှတ်တမ်းတင်နေကြချိန်တွင် အလုပ်အကိုင်ကို ချစ်ကြသော ဖန်များမှာမူ ကွဲပြားသည်။ သူတို့က အမြဲတမ်း သရုပ်ဆောင်များ၏ စားသောက်နေထိုင်မှုကို ကြီးကြပ်လေ့ရှိကြသည်။ အများကြီး မစားနဲ့... ဆီအများကြီး မစားနဲ့ စသည်ဖြင့်ပင်... ၎င်းတို့က သရုပ်ဆောင်၏ ရုပ်ရည်သွင်ပြင်ပေါ်တွင် သက်ရောက်စေလိမ့်မည်...
သို့သော်လည်း ဖန်များ စိတ်ပူနေသည်က အလကားသာ ဖြစ်သည်။ ထန်ချောင်းချောင်းက အသားနှင့် အသီးအရွက်တို့ ပါဝင်မှုနှင့် သင့်တင့် မျှတသည့် အာဟာရကို အလေးပေးလေ့ရှိသည်။ သူမက အန်တီဝမ်ကို သူမ၏ စိုက်ခင်းထဲမှ အသီးအရွက်များကို အဆက်မပြတ် ပို့ခိုင်းခဲ့သည်။ ထိုအသီးအရွက်များမှာ သူမ ဝိဥာဏ်စွမ်းအားဖြင့် အာဟာရဖြည့်ထားခြင်း ဖြစ်သည်။ နေရာတိုင်းတွင် ဝယ်၍ မရနိုင်ပေ။ သရုပ်ဆောင်များအတွက် အလေးချိန် မတက်ရုံသာမက ရေရှည်စားသုံးခြင်းက လူသား ခန္ဓါကိုယ်အတွက် အလွန် အထောက်အပံ့ပေးနိုင်သည်။
"စစ်သည်တော်များ" အဖွဲ့၏ သရုပ်ဆောင်များမှာ ထန်ချောင်းချောင်း ချက်သော ဟင်းများကို တစ်လ နှစ်လမျှ စားခဲ့ရသည်။ သူတို့က အားအင် ပြည့်ဝနေပြီး အသားအရည်မှာလည်း ပို၍ပင် စိုရွှမ်းလာကြတော့သည်။
အခြားအဖွဲ့မှ သရုပ်ဆောင်များမှာ ရိုက်ကူးရေး ကြာလာသည်နှင့်အမျှ နွမ်းနယ်လာလေ့ရှိကြသည်။ သို့သော်လည်း "စစ်သည်တော်များ"မှ သရုပ်ဆောင်များကမူ ပို၍ ပို၍ လန်းဆန်းတက်ကြွနေကြသည်။ အမျိုးသား သရုပ်ဆောင်များကမူ သိပ် ဂရုစိုက်လေ့မရှိဘဲ သူတို့အတွက် မသိသာသော်လည်း အမျိုးသမီး သရုပ်ဆောင်များကမူ သူတို့ အသားအရည်ကို အလွန်အမင်း ဂရုစိုက်လေ့ရှိကြသည်။ သူတို့က ထန်ချောင်းချောင်း၏ အစားအစာများကို ကပ်စားပြီးနောက် သူတို့၏ အသားအရည် ပိုကောင်းလာကြောင်း သိသွားကြသည်။
သူတို့၏ ကျေးဇူးသိတတ်မှုကို ပြသရန်အတွက် သူတို့က ထန်ချောင်းချောင်းကို အရသာ ရှိပြီး လှပသော ပစ္စည်းကောင်းလေးများစွာ ပေးလာကြသည်။ ၎င်းတို့က အလွန် စျေးကြီးပြီး အတွေးအမြင်များ အပြည့်ပါနေသည်။
ထန်ချောင်းချောင်းက သူမကိုယ်တိုင် စိုက်သော အသီးအရွက်များကို အသုံးပြုသည့်အကြောင်း သူတို့ သိသွားချိန်တွင် သူတို့အားလုံးက သူမစိုက်ထားသည့် သန့်စင်သော အသီးအရွက်များမှာ လှပစေပြီး ကိုယ်တွင်း အဆိပ်အတောက်များ ပြေလျော့ စေနိုင်သည့် အာနိသင်များ ရှိသည်ဟု လက်ခံလိုက်ကြသည်။ သူတို့ အားလုံးက သူမထံမှ အသီးအရွက်များ ဝယ်နိုင်ရန်အတွက် ငွေသုံးရန် ရည်ရွယ်ထားကြသည်။
ထန်ချောင်းချောင်းက စီးပွားရေး အခွင့်အလမ်းတစ်ခုကို သတိပြုမိသွားသည်။ သူမ၏ ကျော်ကြားမှုသည်လည်း မြင့်တက်လာသည်ကြောင့် သူမကို ချစ်ကြသော လူအများထံမှ ရရှိသည့် ဝိဥာဏ်စွမ်းအားများကလည်း တစ်နေ့ထက်တစ်နေ့ တိုးလာနေသည်။ သူမ ကိုင်တွယ်နိုင်သည့် နေရာကလည်း အနောက်ဘက်ခြံလေးလောက်သာ မဟုတ်တော့ပေ။
သူမက ရှန်းယွဲ့နှင့် တိုင်ပင်ပြီးနောက် ဗီလာနောက်မှ မြေအကျယ်ကြီးအား အသီးအရွက်များ စိုက်ပျိုးထားလိုက်သည်။ သူမက ကြက်နှင့် ဘဲများ မွေးမြူရန် နေရာတစ်ခုလည်း လုပ်ထားခဲ့သေးသည်။
အသီးအရွက်များ ရင့်မှည့်ချိန်တွင် ထန်ချောင်းချောင်းက ဝီချက်ပေါ်တွင် အော်ဒါတင်နိုင်ရန် လုပ်ဆောင်ခဲ့သည်။ စျေးနှုန်းက သာမန် အသီးအရွက်များထက် အတော်လေးများသော်လည်း အကုန် ပြောင်သည်အထိ ရောင်းကုန် သွားဆဲပင်။
နောက်ပိုင်းတွင် ထန်ချောင်းချောင်း၏ စိုက်ပျိုး မွေးမြူရေး စီးပွားရေးက ကြီးသထက် ကြီးလာပြီး သူမကိုယ်ပိုင် လယ်တော တစ်ခုပါ ပိုင်ဆိုင်နိုင်ခဲ့သည်။ သို့သော်လည်း ထိုအရာများက နောက်ပိုင်းမှ ဖြစ်လာမည့် ကိစ္စများပင်။
ဇွန်လ ဝင်သောအခါ လေးလတာ ရိုက်ကူး ပြီးနောက် "စစ်သည်တော်များ" ရိုက်ကူးရေးသည်လည်း အဆုံးသတ်သို့ ရောက်ရှိလာခဲ့သည်။ လူတိုင်းက ရိုက်ကူးရေးနှင့် ခွဲခွာရန် တွန့်ဆုတ်နေကြသည်။ အချို့သော သရုပ်ဆောင်များက ထန်ချောင်းချောင်းကို ဖက်တွယ်ထားတာ သူမကို လွှတ်မပေးလိုကြ။ သူတို့က သူမ၏ နောက်လာမည့် အလုပ်ကို မေးနေကြသည်။ သူတို့က ထိုနေရာတွင် ပဲအနှစ်ဆောစ့်များ လုပ်ရမည်ဆိုလျှင်တောင် ပါဝင်လိုနေကြသည်။
ထန်ချောင်းချောင်း: 'မဟုတ်သေးပါဘူး... အဲ့လောက် မလိုပါဘူးနော်'
အပြီးသတ် မရောက်ခင်လေးမှာပင် ထန်ချောင်းချောင်းအတွက် သတင်းကောင်း ကြားရသည်။ သူမ ရုပ်ရှင် "ပိုးအိမ်" က နှစ်စဥ်ကျင်းပနေကြဖြစ်သော ရွှေပုလဲ ရုပ်ရှင်ပွဲတော်တွင် စကားတင်ဝင်နိုင်ခဲ့သည်။ သူမကိုယ်တိုင်ကပင် အကောင်းဆုံး အမျိုးသမီး သရုပ်ဆေင်ဆုအတွက် ဆန်ကာတင်ဝင်ခဲ့ပေသည်။
ရွှေပုလဲ ဆုပေးပွဲက ပြည်တွင်းရုပ်ရှင်များ၏ အမြင့်ဆုံး ဆုပေးပွဲ ဖြစ်သည်။ "ပိုးအိမ်"က ထိုရုပ်ရှင်ပွဲတော်၌ စကားတင် ဝင်ခဲ့ခြင်းကပင် လူအများ၏ မျှော်မှန်းချက်ထက် အလွန်အမင်း သာလွန်သွားခဲ့သည်။ မထင်မှတ်ထားရသည်မှာ ထန်ချောင်းချောင်းပင် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်အတွက် ဆန်ကာတင် ဝင်ခဲ့ခြင်း ဖြစ်သည်။
အဆုံးတွင်မူ ထိုရုပ်ရှင်က ထန်ချောင်းချောင်းပထမဆုံး ပါဝင်ခဲ့သည့် အကြီးဆုံး အလုပ်ဖြစ်သည်ပင်။
ဒီ ဒဏ္ဍာရီလာ ကံကောင်းတဲ့ ကြယ်ပွင့်လေးက ကောင်းကင်က ကျလာတာများလား...
သကြားယုန်များကလည်း ဤတစ်ကြိမ်တွင် ကြွားဝါကြခြင်း မရှိတော့ပေ။ သူတို့က ဤတစ်ကြိမ်တွင် ပို၍ သိုသိုသိပ်သိပ်နေလေ ဆန်ကာတင်စာရင်းက ပို၍ ခိုင်မာလေလေ ဖြစ်မည်ဟု တွေးထားကြသည်။ ချောင်းပေါင်လေး အကာင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုအတွက် ဆန်ကာတင်စာရင်း ဝင်သည်ကပင် သူတို့အတွက် အကောင်းဆုံး အင်အား ဖြစ်နေပြီးပြီ။ သူမက ရုပ်ရှင်လောကတွင် လျှောက်လမ်းရမည့် လမ်းက အရှည်ကြီး ရှိနေသေးသည်။ သူမ ဆုမရလျှင်တောင် အတွေ့အကြုံကောင်းတစ်ခု ဖြစ်လာမည်ပင်။
ထန်ချောင်းချောင်း ကိုယ်၌က ဖန်များထက်ပင် တည်ငြိမ်သေးသည်။ သူမအတွက် ရွှေဖလား ဖြစ်ဖြစ် ငွေဖလားဖြစ်ဖြစ် သူမအပေါ် ပရိတ်သတ်တို့၏ အချစ်လောက် မကောင်းနိုင်ပေ။ သို့သော်လည်း သိသိသာသာပင် သူမဘေးမှ လူအများက ပို၍ စိတ်လှုပ်ရှားနေကြသည်။ သူမ၏ အေဂျင်စီကလည်း ပါတီတစ်ခု ကြိုလုပ်ပေးသည်။ မဒမ်ရှန်းက ချွေးမဖြစ်သူ အတွက် အလွန်အမင်း ဂုဏ်ယူနေပြီး ဘိုးဘွားများထံမှ လက်ဆင့်ကမ်းခဲ့သော ပုလဲလက်ဝတ်ရတနာ တစ်စုံကိုလည်း သူမထံ ပေးလာခဲ့သည်။
ပြီးတော့ ရှန်းယွဲ့သည်ကား...
သူက မအားလပ်သော်လည်း ဆုပေးပွဲသို့ ထန်ချောင်းချောင်းကို အဖော်ပြုတက်ရောက်ရန် ဆုံးဖြတ်လိုက်သည်။
ရှန်းယွဲ့ပြောသည်မှာ "မင်းဆုရခဲ့ရင် မင်းကို ဂုဏ်ပြုပေးမဲ့ ပထမဆုံးလူ ဖြစ်ချင်တယ်... မင်း ဆုမရရင်တော့ မင်း မှီထားလို့ ရမယ့် ပထမဆုံးလူ ဖြစ်ပေးမယ်"
၎င်းက အတော်လေး အငြင်းပွားဖွယ် ဖြစ်နေသော်လည်း သူက ရုပ်ရှင်၏ ထုတ်လုပ်သူလည်း ဖြစ်ပေသည်။ ထုတ်လုပ်သူက သူမနှင့်အတူ ကော်ဇောနီပေါ် တွဲလျှောက်သည်ကလည်း မမှန်ကန် သည့် အရာမဟုတ်ပေ။
ရွှေပုလဲ ဆုပေးပွဲတွင် စတားများက တလက်လက် တောက်ပနေကြသည်။ ကော်ဇောနီ၏ ပထမဆုံးအပိုင်းတွင် ဖန်များက နှစ်ဖက်လုံး၌ ပြည့်နေပြီး ဒုတိယအပိုင်းတွင် ကင်မရာ အကြီးကြီးများ သယ်ထား ကြသော မီဒီယာသမားများ အုပ်စုလိုက် ရှိနေကြသည်။
ရုပ်ရှင်အဖွဲ့များ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ကော်ဇောနီပေါ်တွင် လျှောက်သွားကြသည်။ အမျိုးသမီးသရုပ်ဆောင်များ၏ ပြိုင်ဆိုင်မှုက ကော်ဇောနီပေါ်မှာ ကတည်းက စတင်နေသည်။ အဖွဲ့တစ်ခုချင်းစီက စိတ်လှုပ်ရှားမှု အပြည့်ဖြစ်ပြီး အလှအပအတွက် ယှဥ်ပြိုင်နေကြသည်။ ဆုပေးပွဲမှာ ဖြစ်ဖြစ် အင်တာနက်ပေါ်တွင် ဖြစ်ဖြစ် အလွန်အမင်း အသက်ဝင်နေကြသည်။
အခမ်းအနားမှုက အရှေ့ဖက်မှ ကြေညာလိုက်သည်။ "ကောဇောနီပေါ် နောက်ထပ် လျှောက် လာမဲ့သူတွေကတော့ Hitဖြစ်သွားတဲ့ ရုပ်ရှင် "ပိုးအိမ်"ရဲ့ အဓိက သရုပ်ဆောင်တွေ ဖြစ်ပါတယ်... "ပိုးအိမ်"
ကတော့ လတ်တလောမှာ အထင်အမြင်ကောင်းတွေ အများကြီး ရရှိထားတာပါ" ဒါရိုက်တာ ချန်ဟောင်က အဖွဲ့၏ အလယ်တွင် ရှိနေပြီး သူ့အပြုံးကြောင့် မျက်လုံးများက မှေးကျဥ်းနေခဲ့သည်။
သတင်းထောက်များက ရှာပြီးရင်း ရှာကြသော်လည်း ဇာတ်လိုက်ဖြစ်သူ ထန်ချောင်းချောင်းကို မတွေ့ကြရပေ။
"ထန်ချောင်းချောင်း မတက်ဘူးလား"
"အကောင်းဆုံး သရုပ်ဆောင်ဆု ဆန်ကာတင်ဝင်တဲ့သူ တစ်ယောက်က ဘယ်လိုလုပ် မလာဘဲနေမှာလဲ"
သတင်းထောက်များ ပဟေဠိ ဖြစ်နေချိန်မှာတွင် အနောက်ဘက် ဖန်အုပ်စုထံမှ မိုးလောက်မြင့်သော အော်သံများ ပေါက်ကွဲလာသည်ကို ရုတ်တရက် ကြားလိုက်ကြရသည်။
သတင်းထောက်များနှင့် ဓါတ်ပုံဆရာများ လည်ပင်းဆန့်ပြီး အနောက်ဘက်ကို ကြည့်လိုက်ကြသည်။ နောက်ဆုံးတွင် သူတို့မျှော်နေသောသူက ယောကျ်ားတစ်ယောက်၏ လက်ကို တွဲကာ ကော်ဇောနီ တဖြည်းဖြည်း လျှောက်လှမ်းလာသည်ကို တွေ့လိုက်ကြရလေသည်။
ထိုသူက ထန်ချောင်းချောင်း ဖြစ်သော်လည်း သူမဘေးမှ ထိုယောကျ်ားက သရုပ်ဆောင် တစ်ယောက် မဟုတ်ခဲ့ပေ။
သူတို့ အနီးကပ်ကြည့်လိုက်သောအခါ ထိုလူက ရှန်းယွဲ့ဖြစ်နေသည်။
ထန်ချောင်းချောင်းနှင့် ရှန်းယွဲ့က လက်ချင်းတွဲကာ ဆုပေးပွဲကို ဆက်ရောက်လာသည်။
ထိုအခိုက်အတန့်လေးက စိတ်လှုပ်ရှားမှု အပြည့် ဖြစ်နေသည်။ ကင်မရာသမားများက ရှန်းယွဲ့နှင့် ထန်ချောင်းချောင်းကို မရပ်မနား တဖျတ်ဖျတ် ရိုက်နေသည်။သတင်းထောက်များက ထိုအခိုက်အတန့်လေးကို သတင်းခေါင်းစီးအကြီးကြီး တစ်ခု ပြုလုပ်ရန် အပြေးအလွှား ဖမ်းယူနေကြသည်။
အစီအစဥ်မှုးက သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးလိုက်သည်။ "ထန်ချောင်းချောင်းနဲ့ ရွှမ်ချောင်း မီဒီယာရဲ့ သူဌေးလည်းဖြစ် "ပိုးအိမ်" ရဲ့ ပရိုဂျူဆာလည်း ဖြစ်တဲ့ ရှန်းယွဲ့တို့ ကော်ဇောနီပေါ် အတူ လျှောက်လှမ်းနေကြတာပါ"
ထိုမိတ်ဆက်စကားက အလွန် လေးနက်ပြီး အလွန် တရားဝင်ဆန်နေသည်။ သို့သော်လည်း ရလဒ်အနေဖြင့် အင်တာနက်ပေါ်မှ လူများက ကသုတ်ကရက်ပင် ဖုန်းမျက်နှာပြင်ကို ပွတ်ဆွဲနေကြတော့သည်:
【အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးငါတော့ အခေါင်းထဲမှာ လဲနေရရင်တောင် အက်ကွဲနေတဲ့အသံနဲ့ ထအော်လိုက်အုံးမယ်... ရှန်းယွဲ့နဲ့ ထန်ချောင်းချောင်းတို့က အလိုက်ဖက်ဆုံး အတွဲပဲဟေ့】
【ငါကတော့ အလှလေးနဲ့ ရုပ်ချောချော ကောင်လေးကိုပဲ မြင်ချင်ရုံလေး.... သူတို့က ဘာလို့ အချစ်တွေ ပြနေရတာလဲ.... ချိုလွန်းတယ်လို့ အိုး...】
【သောက်ကျိုးနည်း... ဥက္ကဌရှန်း ပွဲဦးမထွက်တာက အင်တာတိန်းမန့်လောကရဲ့ အကြီးမားဆုံး ဆုံးရှုံးခြင်းပဲနော်... သူက ရှန်းလျန့်ထက်တောင် ချောသေးတယ် 】
【ဖာခ့်... ငါ CPတွေကို မကြိုက်တာတောင်မှ တွင်းထဲကို ခုန်ဆင်းတော့မယ်ဟေ့!】
【ဒီအတွဲက ဘာလို့ နတ်ပုံပြင်ထဲကလိုနဲ့ တူနေပါလိမ့်... ငါကြေညာတယ်.... ဒီညရဲ့ အကောင်းဆုံး ဝတ်စုံဆုကို လမင်းယုန်လေး CPက ရသွားပါတယ်】
ထိုဆုပေးပွဲက နိုင်ငံအဆင့်ဆုပေးပွဲ ဖြစ်သည့်အတွက် ထန်ချောင်းချောင်းက အထူးပြုပြင် ချုပ်လုပ်ထားသော တရုတ်ရိုးရာ Cheng sam ဝတ်စုံကို ရွေးချယ်ခဲ့သည်။ တောက်ပသော အဝါရောင် ဖဲသားတွင် ပန်းထိုးထားကာ ကျော့ရှင်း လှပ၍ ခြေထောက်များတွင် အခွဲကြောင်းများ လုပ်ထားသော ဒီဇိုင်းဖြင့် Chengsam ဖြစ်သည်။ ၎င်းက ထန်ချောင်းချောင်း၏ စတိုင်ကျပြီး သိမ်မွေ့လှသော ပုံရိပ်ကို အပြည့်အဝ ပေါ်လွင်စေသည်။ သူမ၏ နက်မှောင်လှသော ဆံနွယ်များကို ခေါင်းအနောက်ဘက်တွင် ရိုးရိုးကျစ်ဆံမြီးကျစ်ကာ ထုံးဖွဲ့ထားသည်။ သူမက မဒမ်ရှန်းပေးသော ပုလဲလက်ဝတ်ရတနာများ မဝတ်ခဲ့ဘဲ ရှန်းယွဲ့ သူမအတွက် လေလံဆွဲပေးခဲ့သော ကျောက်စိမ်း လက်ကောက်ကိုသာ ဝတ်ဆင်ထားသည်။
ရှန်းယွဲ့က သေးငယ်သော လည်စည်းနှင့် အနက်ရောင် အနောက်တိုင်း ဝတ်စုံ ဝတ်ထားပြီး ဆံပင်များ နောက်လှန်ဖြီးထားသည်။ ထိုသူက လုံးဝ ချောမောနေခဲ့လေသည်။
ရှန်းယွဲ့ အပေါ်ယံ တည်ငြိမ်နေသည်ကိုသာ မကြည့်ပါနှင့်။ အမှန်တကယ်တွင်မူ သူက လည်ချောင်းကိုဖိကာ ထန်ချောင်းချောင်းကို ပြောလိုက်သည်၊ "ကင်မရာ အလင်းရောင်တွေကြောင့် ကိုယ့်မျက်လုံးတွေ ကန်းလုနီးနီးပဲ"
ထန်ချောင်းချောင်းက မသိကအောက် ပြုံးလိုက်ရသည်။ ကင်မရာများထံမှ အရူးအမူး လျှပ်တပြက် အလင်းရောင်များနှင့် ရင်ဆိုင်ရခြင်းသည် နာမည်ကျော်များအတွက် မဖြစ်မနေ လုပ်ဆောင်ရမည်သာ ဖြစ်သည်။
အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကဲ့သို့သော ဆုများမှာ နောက်ဆုံးမှသာ ပေးလေ့ရှိသည်။ အခမ်းအနားအတွင်း ထန်ချောင်းချောင်းနှင့် ရှန်းယွဲ့တို့က အတူတူထိုင်ကြသည်။ သူတို့နှစ်ယောက်က အချင်းချင်း တီးတိုးပြောကာ ရယ်မောနေကြသည်။ ၎င်းတို့အားလုံးကို ကင်မရာမှ ရိုက်ကူးထားသည်။ အင်တာနက်ပေါ်က လူအများမှာ ချဥ်စုပ်စုပ် လီမွန်များကြောင့် သေလုနီးနီးပင်။ သို့သော်လည်း သူတို့က စားရန် ၎င်းတို့ကို တူးထုတ်နေကြဆဲ။
ည ဆယ်နာရီ ကျော်သောအခါ အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကို ကြေညာရန် အချိန်ရောက်လာခဲ့သည်။
ဤတစ်ကြိမ်၌ ဆန်ကာတင်ဝင်သော နှစ်ယောက် သုံးယောက်မှာ စွမ်းဆောင်ရည်ရှိသော စီနီယာ သရုပ်ဆောင်များဟု အသိအမှတ် ပြုခံရသူများပင်။ ထန်ချောင်းချောင်းက အလွန်တည်ငြိမ်သော စိတ်အခြေအနေ ရှိနေသော်လည်း ဖန်သားပြင်ပေါ် မှ သူမ၏ ဆန်ကာတင်ဝင်သော ဇာတ်ကား အပိုင်းတိုလေးကို ပြသသည့် အလှည့် ရောက်သောအခါ ရှင်းမပြနိုင်အောင်ပင် မတည်မငြိမ် ဖြစ်သွားသည်။
ရှန်းယွဲ့က သူမ၏ လက်ကို ခပ်ဖွဖွ လှုပ်ခါကာ အားပေးလိုက်သည်။
Xxxxxx