Chapter 148
Bonus Chapter 1
လက်ထပ်ပြီး နှစ်နှစ်အကြာ မနက်ခင်းတစ်ခုတွင် ရှန်းယွဲ့က ရှောင်လုံပေါင်များ ဖြည့်ထားသော စွပ်ပြုတ်၊ အမဲသားနှင့် ပဲပိစပ် ခေါက်ဆွဲ ပန်ကန်လုံးကြီး တစ်လုံး၊ အလွန်ထူလှသော အစေ့အဆန်ပေါင်းစုံဖြင့် လုပ်ထားသော ပန်ကိတ် တို့ကို စားနေပြီး အီကြာကွေးများဆီ လက်လှမ်းလျက်ရှိသော ထန်ချောင်းချောင်းကို ကြည့်နေခဲ့သည်။
"ငါ့မိန်းမက ဒီနေ့ စားချင်စိတ် အပြည့် ရှိနေပုံပဲ"
ထန်ချောင်းချောင်းက သူ့ကို ထူးဆန်းသည့်ဟန်ဖြင့် ကြည့်လိုက်သည်။
"ကျွန်မက နေ့တိုင်း အာသီသ ကောင်းကောင်း ရှိပါတယ်နော်"
ထို အီကြာကွေးများကို အမဲသားခေါက်ဆွဲပြုတ်ထဲ နှစ်စားပါက ပိုအရသာ ရှိပေသည်။
"ခုရက်ပိုင်း ပိုစားကောင်းနေသလားလို့" ရှန်းယွဲ့က ပြောလိုက်သည်။
ထန်ချောင်းချောင်း၏ စားချင်စိတ်က သာမန်လူများထက် ပိုကြီးသော်လည်း အစားကြူးသူတော့ မဟုတ်ပါပေ။ သူမက အနပ်တိုင်း နွားတစ်ကောင်လုံး စားနိုင်သူ မဟုတ်ခဲ့ပေ။
သို့သော်လည်း လွန်ခဲ့သည့် လဝက်အတွင်း သိသိသာသာပင် သူမက ပုံမှန်ထက် ပိုစားလာခဲ့သည်။
ထန်ချောင်းချောင်းက ထိုအကြောင်းကို ကြားသောအခါ ဝါးနေသည့်နှုန်းကို နှေးလိုက်ပြီး သေချာ စဥ်းစားကြည့်လိုက်သည်။
ကြည့်ရသည်မှာ သူမက ပုံမှန်ထက် ပိုစားဖြစ်နေပုံပင်။
ထိုအချိန်၌ အန်တီဝမ်က လောလောလတ်လတ် ပေါင်းထားသော ဖက်ထုပ်ကြည်ကြည်လေးများကို ယူလာခဲ့ပြီး ထိုနှစ်ယောက်၏ စကားများကို ကြားသည့်အချိန်ကိုက် ရောက်သွားခဲ့သည်။ သူမက သာမန်ကာလျှံကာမျှ စကားတစ်ခွန်း ထပ်ပေါင်းလိုက်လေသည်။
"မဒမ်ရှန်းရဲ့ စားချင်စိတ် ရုတ်တရက် တိုးလာတဲ့ အချိန်တစ်ခု ရှိခဲ့ဖူးတယ်... အဲ့ဒါ မဒမ် ဆရာ့ကို လွယ်ထားတဲ့ အချိန်တုန်းကလေ"
ဒေါက်
ရှန်းယွဲ့လက်ထဲမှ တူများ စားပွဲပေါ်သို့ ကျသွားခဲ့သည်။
သူနှင့် ထန်ချောင်းချောင်းတို့ အချင်းချင်း ကြည့်မိလိုက်ကြသည်။ အတွေးတစ်ခုက သူတို့၏ ခေါင်းထဲတွင် တစ်ပြိုင်နက်တည်း ပေါ်လာခဲ့လေသည်။
'ကိုယ်ဝန်လား'
ထန်ချောင်းချောင်းနှင့် ရှန်းယွဲ့က ကလေးများအပေါ်တွင် သာမန်သဘောထားသာ ရှိခဲ့ပြီး ကလေးတစ်ယောက် ယူရန်အတွက် တမင် ကြိုးစားခဲ့ခြင်း မရှိခဲ့ပေ။ သူမ၏ ဓမ္မတာကို သတိထားလေ့ မရှိသော ထန်ချောင်းချောင်း၏ ကြောင့်ကြမဲ့ စိတ်ကြောင့်လည်း သူတို့က ထိုအကြောင်းကို တွေးထားခြင်း မရှိခဲ့။
'တစ်ပတ်လောက် နောက်ကျနေပြီမလား'
နောက်တစ်စက္ကန့်တွင် ရှန်းယွဲ့က အစားရပ်လိုက်သည်။ သူက တောင့်ခဲနေသော ထန်ချောင်းချောင်း၏ လက်ထဲမှ အီကြာကွေးချောင်းကို ယူကာ ချထားလိုက်ပြီး တုန်လှုပ်စွာ ပြောလိုက်သည်။ "သွား...သွားရအောင် ဆေးရုံကို"
ဆေးရုံမှ စစ်ဆေးချက် ရလဒ်သည်ကား သူမ ကိုယ်ဝန်ရှိနေသည်မှာ တစ်လကျော်ပြီဟု ဖော်ပြလာခဲ့သည်။
ရှန်းယွဲ့က စိတ်လှုပ်ရှားနေခဲ့သည်။ သူက သူမမွေးဖွားသည့်အချိန်၌ အိမ်တွင် အတူရှိနေရန်ကိုသာ အာရုံနှစ်ထားရန်အတွက် လက်ထဲရှိ အလုပ်အားလုံးကို ပစ်ချလိုက်ခါနီးနီးပင်။
ထန်ချောင်းချောင်းက ပြောလိုက်ရသည်။
"အခုမှ တစ်လပဲ ရှိသေးတာ... မွေးဖို့ ပြင်ဆင်ဖို့ အရမ်း စောလွန်းနေသေးတယ်... မလိုသေးဘူးလေ"
ရှန်းယွဲ့က သူမ၏ ဗိုက်ကို ဂရုတစိုက်ထိကာ အလွန် ရင်ခုန်စိတ်လှုပ်ရှားနေဆဲပင်။
"ဒါပေမယ့် ဒေါက်တာပြောတာ ပထမဆုံးသုံးလမှာ မတည်ငြိမ်သေးဘူး... အန္တရာယ်များတယ်တဲ့"
"စိတ်ငြိမ်ငြိမ် ထားစမ်းပါ... ကျွန်မ ကိုယ်ဝန်ရှိနေတာလား... ရှင်ပဲ ကိုယ်ဝန်ရှိနေတာလားပဲ"
ထန်ချောင်းချောင်းက သူမဗိုက်ထဲမှ အသက်လေးတစ်ခုမှာ သူမကဲ့သို့ပင် အလွန်သန်မာကြောင်း ခံစားမိနေသည်။
ထိုညမှာပင် ထန်ချောင်းချောင်းက အခြားနာမည်ကျော်များကဲ့သို့ သုံးလ မစောင့်တော့ပဲ ဝေ့ပေါ်တွင် ထိုသတင်းကောင်းကို ကြေညာလိုက်သည်။
အင်တာနက်ပေါ်မှ လူများက တစ်ယောက်ပြီးတစ်ယောက် ဆုမွန်ကောင်းတောင်းပေးလာကြသည်။ သကြားယုန်လေးများကလည်း သူတို့တွင် ချောင်းချောင်း အသေးစားလေး တစ်ယောက် ရှိလာတော့မည်ကို သိလိုက်ရသောအခါ ဂုဏ်ပြုသည့်အနေနှင့် ကံစမ်းမဲများကိုပင် ပျော်ရွှင်စွာ လုပ်ပေးခဲ့ကြသည်။
ထန်ချောင်းချောင်း၏ အလုပ်က ပုံမှန်ကဲ့သို့ပင်။ သို့သော်လည်း ရှန်းယွဲ့က အမှန်တကယ်ပင် သူ့အလုပ်အများစုကို ဘေးပို့ထားလိုက်သည်။ သူက တစ်ဆင့်ချင်း ထန်ချောင်းချောင်းကိုသာ အဖော်ပြုနေတော့သည်။
ထန်ချောင်းချောင်း ရိုက်ကူးရေး လုပ်နေလျှင် သူက ထိုင်နေကာ ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေး ထိန်းကျောင်းမှုများအကြောင်း စာအုပ်များ ဖတ်နေခဲ့သည်။ သူ့မှတ်စုများက စာအုပ် ထုတ်၍ပင်ရနေပြီး ၎င်းကို မီဒီယာများက "ဇနီးကို ချစ်ခြင်းအဖြာဖြာ စာအုပ်"ဟု ချစ်စနိုး ခေါ်ကြလေသည်။
ထိုကဲ့သို့ပင် ကိုယ်ဝန် ကိုးလ လွယ်ပြီးသောအခါ သူတို့၏ ကလေး ရှန်းနန့်ထန် မွေးလာခဲ့လေသည်။
ကလေး၏ အမည်ကို သူတို့နှစ်ဦး အတူ စဥ်းစား ထားခြင်း ဖြစ်သည်။ မူလတွင် ရှန်းယွဲ့က သူ့သမီးလေးကို "ရှန်း အိုက် ထန်"ဟု ပေးချင်ခဲ့သော်လည်း ထန်ချောင်းချောင်းက ပယ်ချခဲ့သည်။
၎င်းက အလွန် ပရောပရီ ဆန်လွန်းပေသည်။
[T/N အိုက်က "ချစ်တယ်"လို့ အဓိပ္ပါယ်ရတာကြောင့် ရှန်းအိုက်ထန် = ရှန်း(ယွဲ့က) ထန်(ချောင်းချောင်းကို) ချစ်တယ်]
ထန်ချောင်းချောင်းက အလယ်နာမည်ကို ပြောင်းလိုက်ပြီး နန့်ထန်ဟု ခေါ်ကာ တော်ဖီလေး ဟူသည့် ချစ်စရာ အမည် ဖြစ်သွားသည်။ ဘယ်လောက် ချစ်စရာ ကောင်းလိုက်လဲ
[T/N Nickname (奶糖) က နန့်ထန်=တော်ဖီ ဆိုတဲ့ အသံထွက်ပေမယ့် နာမည် ရှန်းနန့်ထန်(沈乃唐) ဆိုတဲ့ နာမည်နဲ့ ရေးနည်းကွာပါတယ်။]
သူမကိုယ်တိုင်က မင်းသမီးလေး ဖြစ်ရန် အခွင့်အရေး မရခဲ့သော်လည်း သူမ၏ သမီးလေးကို ကမ္ဘာပေါ်မှာ ချစ်စရာ အကောင်းဆုံး မင်းသမီးလေး အဖြစ် ပျိုးထောင်ပေးမည်။
သို့သော်....
သူမ၏ သမီးလေးကလည်း လမ်းလွဲသွားပုံ ရသည်သာ။
.......
နေရောင်က တောက်ပပြီး ကောင်းကင်က ကြည်လင်နေသည်။
နှစ်ပေါင်းများစွာ ပျိုးထောင်လာပြီးနောက် ထန်ချောင်းချောင်း၏ လယ်တောက နိုင်ငံ၏ အကြီးဆုံးနှင့် အကျိုးအမြတ် အများဆုံး ကိုယ်ပိုင် လယ်တော တစ်ခု ဖြစ်လာခဲ့ပြီး နိုင်ငံအနှံ့ လက်ခွဲများစွာ ဖွင့်လှစ်နိုင်ခဲ့သည်။ မြို့တော်တွင် ရှိသော ထိုလယ်တောက ဧရိယာ အကြီးဆုံး ဖြစ်ကာ အထဲတွင် သူမ၏ အစားအသောက်များ ထုတ်လုပ်ရာ အပန်းဖြေအိမ်ရာ တစ်ခု ရှိသေးသည်။ ထိုအပန်းဖြေအိမ်အတွက် လည်ပတ်ချင်သူများက အတော်လေး မြင့်မားလှသည်။ တစ်နှစ် ကြိုတင် မှာယူထားရန် လိုအပ်ပေသည်။
"ဘန်းဘန်းဘန်း"
အစောင့်က တစ်ရေးအိပ်နေချိန်တွင် တံခါးကို ထုသည့်အသံအား ကြားလိုက်ရသည်။ ထိုအသံက ထူးဆန်းသည်။ တံခါး၏ အောက်ပိုင်းမှ လာခြင်း ဖြစ်လေသည်။
တံခါးစောင့်က အပေါ်ဘက် ပြတင်းပေါက်မှ ခေါင်းပြူကာ ကြည့်လိုက်ချိန်၌ တံခါး၏ အမြင့်တစ်ဝက်ထက်ပင် နိမ့်သော ကလေးမလေး တစ်ယောက်က လည်ပင်းဆန့်ကာ သူ့ကို ကြည့်နေသည်အား တွေ့လိုက်ရသည်။
"တော်ဖီလေးပါလား... ဒီနေ့လည်း ထပ်ရောက် လာတာပေါ့"
ကလေးလေးက သူဌေး၏ သမီး ဖြစ်ပေသည်။ သူမကို လျစ်လျူရှုထား၍ မရပေ။
မျက်နှာ ဝိုင်းဝိုင်းလေးနှင့် ကလေးမလေး၏ ဆံပင်ကို ဘောလုံးလေးသဖွယ် သခွပ်ပန်း ဆံပင်စည်းကြိုးလေးဖြင့် စုချည်ထားသည်။ သူမ၏ ကြီးမားသော အနက်ရောင် မျက်လုံးလေးများက လှည့်ပတ်ကြည့်နေကာ အရည်လဲ့နေပြီး အဖြူရောင် ပါးဖောင်းဖောင်းလေး ပေါ်တွင် ပါးအို့နီ နှစ်ခုလည်း ရှိနေသေးသည်။
အပြာရောင်နှင့် အဖြူရောင် မူကြို ဝတ်စုံကို ဝတ်ထားလျက် ရှန်းနန့်ထန်က အစောင့်ကို ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် သူမလည်ပင်းတွင် ချိတ်ဆွဲထားသော ကဒ်ကို ထုတ်ကာ နူးနူးညံ့ညံ့ အသံလေးနှင့် ပြောလိုက်သည်။
"ဦးဦး သမီးကို တံခါးဖွင့်ဖို့ ကူညီပေးပါအုံး"
ဝန်ထမ်းများက လယ်တောကို ဝင်ရောက်သည့် အချိန်နှင့် ထွက်ခွာချိန်များတွင် သူတို့၏ ကဒ်ကို ပွတ်ဆွဲကာ တံခါးဖွင့်ရပြီး ရှန်းနန့်ထန်တွင်လည်း ကဒ်တစ်ခု ရှိသည်။ သို့သော်လည်း ကဒ်ဆွဲရသည့်စက်က သူမအတွက် မြင့်လွန်းနေသည်။ သူမဝင်သည့် အချိန်တိုင်း အစောင့် ဦးဦးကို သူမအတွက် ကူညီပေးရန် ပြောရသည်။
မေးခွန်း: သူမမျက်နှာလေး ပြလိုက်တာနဲ့ ဘာလို့ ဝင်လို့မရတာလဲ...
အဖြေ: ဒါက သူမတောင်းဆိုထားတဲ့ အရာပါပဲ... သူမက ဒါကို ဓလေ့ထုံးတမ်းကို လိုက်နာခြင်းလို့ ခေါ်ပါတယ်...
"အိုကေ ဦးဦး လုပ်ပေးမယ်နော်" အစောင့်က ရှန်းနန့်ထန်အတွက် ကဒ်ဆွဲပေးလိုက်ပြီး တံခါး ဖွင့်ပေးလိုက်သည်။
ရှန်းနန့်ထန်က ကဒ်ကို ပြန်ယူပြီး ပုံမှန်အတိုင်း လည်ပင်းတွင် ပြန်ချိတ်ထားလိုက်ကာ နာခံစွာဖြင့် ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် ဦးဦး"
အစောင့် ကပြုံးလိုက်သည်။ "ရပါတယ်ဗျာ... အထဲကို ဦးဦး လိုက်ပို့ပေးရမလား"
သူမက ခပ်ဖြည်းဖြည်း ပြောလိုက်သည်။ "မလိုတော့ဘူး... သမီး လမ်းသိတယ်"
ထို့နောက် အစောင့်က ရွှေဖရုံသီး ပုံစံ အဝါရောင် ကျောင်းလွယ်အိတ်လေးကို သယ်ကာ ကျောက်စရစ်လေးလေးသို့ လျှောက်သွားသော ကလေးမလေးကို ကြည့်နေခဲ့သည်။
သူက နှလုံးသားထဲတွင် ကြိမ်းမောင်းနေခဲ့သည်။ သူ့သူဌေးက ဘာတွေတွေးနေပါလိမ့်... သူတို့က ကလေးငယ်လေးကို ဒီကို ခဏခဏ လာဆော့ဖို့ ခွင့်ပြုပေးထားတယ်... တစ်ခုခု ဖြစ်သွားမှာ မကြောက်ကြဘူးလား...
ရှန်းနန့်ထန် လမ်းချိုးလေးသို့ ဝင်သွားသည်နှင့် အစောင့်က သူမ၏ နောက်ကျောလေးကို ထပ်မမြင်ရတော့သည်ကြောင့် ပြန်လှည့်လိုက်ချိန်တွင် အံ့အားသင့်သွားရသည်။
နေကာ မျက်မှန်တပ်ထားသော အနက်ရောင် အနောက်တိုင်း ဝတ်စုံဝတ် လူ ခြောက်ယောက်က အတန်းနှစ်ခုဖြင့် တန်းစီကာ တံခါးရှေ့တွင် ရပ်နေကြလေသည်။
သူက ခပ်မြန်မြန် ခေါင်းငြိမ့်ကာ ဦးညွှတ်လိုက်ရသည်။
"ဟယ်လို... ကျေးဇူးပြုပြီး ဝင်ကြပါ"
တံခါးစောင့်က နှဖူးမှ ချွေးများကို သုတ်လိုက်ရသည်။ သူက ဘာတွေ စိတ်ပူပေးနေတာပါလိမ့်... ဒီလောက် ဘော်ဒီဂတ်တွေ အများကြီးက ကလေးနောက်ကို တိတ်တိတ်လေး လိုက်နေကြတာ... တစ်ခုခု ဖြစ်သွားတယ် ဆိုတာကမှ ထူးဆန်းအုံးမယ်...
ရှန်းနန့်ထန်က လျှောက်ရင်း လျှောက်ရင်းဖြင့် သူမ၏ ဦးတည်ရာသို့ ရောက်လာခဲ့သည်။ ထို စမ်းသပ်စိုက်ခင်း အသေးလေးက ထန်ချောင်းချောင်း သူမအတွက် အထူးတလှယ် လုပ်ပေးထားခြင်း ဖြစ်သည်။
မှန်ပေသည်။ ထိုကလေး ရှန်းနန့်ထန်က သူမမိခင်၏ ဝိဥာဏ်စွမ်းအင်နှင့် အသီးအရွက် စိုက်ပျိုးသည့် ဝါသနာကို ဆက်ခံထားသည်။ အခြားကလေးများက ဘာဘီရုပ်လေးများနှင့် ဆူဆူညံညံ ဆော့ကစားနေချိန်တွင် ရှန်းနန့်ထန်က အသီးအရွက် စိုက်ခင်း၏ ရွှံ့ထဲတွင် တစ်ယောက်တည်း ကစားနေရင်းဖြင့် အချိန်ဖြုန်းနိုင်သည်။
၎င်းက သူမအတွက် လှပသော မင်းသမီး ဝတ်စုံလေးများ တစ်ခန်းအပြည့် ပြင်ဆင်ထားသော ထန်ချောင်းချောင်းကို ရင်ကျိုးစေခဲ့ပေသည်။
ယခုတွင် ရှန်းနန့်ထန်က သုံးနှစ်အရွယ် ဖြစ်ပြီး ထန်ချောင်းချောင်းက သူမ၏ ကံကြမ္မာကို လက်ခံကာ သူမ၏ လယ်တောတွင် ကလေးအတွက် စိုက်ခင်းအသေးလေးတစ်ခု လုပ်ပေးခဲ့သည်။ သူမက သမီး ဖြစ်သူကို စိုက်ခင်းအတွင်း သွားခွင့်ပြုကာ သူမ မည်သည်ကို စိုက်ပျိုးနိုင်မည်အား ကြည့်ပေးခဲ့သည်။
ရှန်းနန့်ထန်က ဝန်ထမ်းများ အနားယူလေ့ရှိသော လယ်တောအတွင်းမှ အိမ်ကလေးထဲကို ဝင်သွားခဲ့သည်။ သူမက ကောက်ရိုးဦးထုပ်လေးကို ယူကာ ဦးထုပ်လေးဖြင့် ခေါင်းပေါ်မှ ဆံပင်အထုံးလေးကို ဖုံးလိုက်ပြီး မှန်ကိုကြည့်၍ သူမ၏ မေးအောက်တွင် ဦးထုပ်ကြိုးကို သေသေချာချာ ချည်လိုက်သည်။ ထို့နောက် ခြင်းသေးသေးလေးနှင့် ဂေါ်ပြားသေးသေးလေးကို ယူကာ သူမ၏ စိုက်ခင်းလေးသို့ သွားခဲ့သည်။
သူမက ရေတစ်ပုံးကို အသီးအရွက်ခင်းလေးဆီ ဆွဲသွားလိုက်သည်။ အမှောင်ထဲတွင် ပုန်းနေသော ဘော်ဒီဂတ်များမှာ အနည်းငယ် စိတ်ပူသွားကြသော်လည်း သူတို့က နေမြဲအတိုင်းနေရဆဲပင်။
ရှန်းနန့်ထန်က သေးလွန်းသဖြင့် စိုက်ခင်းလေးထဲ ထိုင်ချလိုက်သည်နှင့် ဦးထုပ် အနားလေးကိုသာ မြင်နိုင်တော့သည်။
သူမက ဂေါ်ဖီထုပ်အရွက်များကို သူမ၏ လက်ကလေးဖြင့် ညင်ညင်သာသာ ပွတ်ပေးလိုက်သည်။
သူမက ခရမ်းချဥ်သီး အစိမ်းလေးများကို ကြည့်လိုက်ပြီးနောက် သူမထည့်ပေးသော ဝိဥာဏ် စွမ်းအင်များက မလုံလောက်သေးကြောင်း ခံစားလိုက်ရသည်။ သူမက နောက်ထပ်လိုနေသော်လည်း သူမ၏ ဝိဥာဏ်စွမ်းအင်က နိမ့်လွန်းနေဆဲပင်။ သူမက သူတို့ကို နေ့တိုင်း နည်းနည်းသာ ပေးနိုင်သည်။ "ခရမ်းချဥ်သီးလေးရေ.. နင် မြန်မြန် ကြီးလာမှ ဖြစ်မယ်နော်"
သူမက သူမ၏ မိသားစု ငွေပြတ်၍ အဆာလွန်ပြီး မသေသွားရန်အတွက် ထိုစိုက်ကွင်းမှ အသီးအရွက်များကို တတ်နိုင်သမျှ မြန်မြန် ကြီးလာစေချင်သည်။
နေပါဦး... ဒီအတွေးအခေါ်က ဘယ်ကရောက်လာတာလဲ...
ရှန်းနန့်ထန်၏ အတွေးကမ္ဘာထဲတွင် သူမ၏ အဖေက အလုပ်မရှိဘဲ သူမအမေနောက်သာ ပြေးလိုက်နေရသည်။ သူမအမေက တီဗီပေါ်တွင်သာမက လယ်တောမှာပါ အလုပ်ကြိုးစားရသည်။
မူကြိုဆရာမက "ပေါင်းနှုတ်တဲ့နေ့မှာ ချွေးမြေကျ" ဟူသော ကဗျာကို သင်ပေးခဲ့သည်။ လယ်သမားတို့က ပင်ပင်ပန်းပန်း အလုပ်လုပ်ရသော်လည်း လယ်သမားဘိုးဘိုးတို့မှာ ငွေအများကြီး မရပေ။
သူမက ဘေးအိမ်မှ ဖက်တီးလေးထံမှ "လူတွေ က အိုမင်းလာပြီး ဆံပင်ဖြူလာမည်"ဟူသော စာကြောင်းအသစ်ကိုလည်း သင်ယူခဲ့ရသည်။
Xxxxxxx