Chapter 149
Bonus chapter 2
ထိုဖက်တီးလေး ပြောသည်မှာ သူမ၏ အမေသာ အိုမင်းလာပြီး ဆံဖြူလာပါက မည်သူကမှ သရုပ်ဆောင်စေချင်ကြမည် မဟုတ်ဟု ပြောခဲ့သည်။ သူမ သရုပ်မဆောင်နိုင်တော့လျှင် ငွေမရှာနိုင်တော့ပေ။ သူမအမေသာ အိုမင်းလာပါက လယ်တောကိုလည်း စိုက်ပျိုးနိုင်တော့မည် မဟုတ်ပေ။ သူမ၏ အဖေကလည်း အလုပ် မရှိသည့်အတွက် သူမတို့ မိသားစု ငွေပြတ်လပ်မှုကြောင့် ဗိုက်ဆာပြီး သေသွားရလိမ့်မည်။
ထို့ကြောင့် ရှန်းနန့်ထန်လေးက မိသားစုတစ်စုလုံး အတွက် အစားအစာ ထောက်ပံ့ပေးရန် အသီးအရွက် မည်သို့ စိုက်ပျိုးရမည်ကို လေ့လာရန် တိတ်တိတ်လေး ဆုံးဖြတ်ခဲ့သည်။ သူမအမေသာ အသက်ကြီးလာပြီး မလှုပ်ရှားနိုင်တော့ပါက သူမက သူမအမေအစား လယ်တောတွင် စိုက်ပျိုးရေး လုပ်မည် ဖြစ်သည်။
သူမက ယခုတွင် ငယ်သေးသောကြောင့် သူမအမေက မီးဖိုချောင်ကို ထိခိုင်းမည် မဟုတ်ပေ။ သူမသာ အရပ်ပိုရှည်လာပါက သူမအမေထံမှ ဟင်းချက်နည်းများ သင်ယူမည် ဖြစ်သည်။ သူတို့က လုံးဝ အစာငတ်ပြီး သေသွားတော့မည် မဟုတ်ပေ။
ယနေ့ မနက်ပိုင်း မူကြိုကျောင်းတွင် ထန်ချောင်းချောင်းနှင့် ရှန်းယွဲ့က ရွှမ်ချောင်း မီဒီယာ၏ ဇာတ်ကားသစ် သတင်းစာ ရှင်းလင်းပွဲကို တက်ရောက် ရမည် ဖြစ်သောကြောင့် နာနီကို သူတို့အစား ကျောင်းကြိုပေးရန် ခိုင်းလိုက်သည်။
ရှန်းနန့်ထန်း အိမ်ပြန်ရောက်သည်နှင့် ဆိုဖာကိုပင် ထိမသွားဘဲ လယ်တောထဲသို့ ပြေးသွားတော့သည်။
နာနီက သူမကို မတားပေ။ မဒမ်က သူမကို သခင်မလေး သွားချင်သည့်နေရာ မှန်သမျှ သွားခိုင်းရန် ပြောထားသည်။ မည်သို့ပင် ဆိုစေကာမူ လယ်တောကလည်း ဗီလာနှင့် မဝေးပေ။
ရှန်းနန့်ထန်က မိသားစု တစ်ခုလုံး၏ အနာဂါတ်မှာ သူမ ပုခုံးပေါ်တွင် ရှိနေသည်ဟု တွေးခဲ့ပြီး သူမ၏ ပါးစုန့်ဝိုင်းကြီးများကို ဖောင်းကားလိုက်လေသည်။
'အလားလား... ဘဝက မလွယ်ကူလိုက်တာ' ရှန်းနန့်ထန် သက်ပြင်းချလိုက်သည်။
သို့သော်လည်း ကိစ္စမရှိပါ။ သူမ၏ ခရမ်းချဥ်ပင်လေးက အသီးလေး သီးလာခဲ့ပြီ။ သူမ အလုပ်ကြိုးစားနေသမျှ မကြာခင် ရင့်မှည့် လာတော့မည် ဖြစ်သည်။
"မင်းတို့လယ်တောရဲ့ ပတ်ဝန်းကျင်က အတော်လေး ကောင်းတာပဲ... ငါဝင်လာတာနဲ့ လန်းဆန်းပြီး ပျော်သွားခဲ့တာ" "လမ်းလျှောက်ခြင်း အနုပညာ" အစီအစဥ်၏ ဒါရိုက်တာက ဝန်ထမ်း၏ လမ်းပြမှု အောက်တွင် လယ်တော၏ နေရာ အတော်များများကို လည်ပတ်ပြီးပြီ ဖြစ်သည်။
သူတို့၏ အစားအသောက် မှတ်တမ်း အစီအစဥ်က နိုင်ငံတစ်ခွင်မှ ကွဲပြားခြားနားသော အစားအသောက်များ၊ ဆက်စပ်နေသော လူမျိုးနွယ်စုများနှင့် ရိုးရာဓလေ့ထုံးတမ်းများကို ရှာဖွေနေသော အစီအစဥ်ဖြစ်သည်။
ဤတစ်ကြိမ်တွင် အချက်အလက်များ စုဆောင်းရန် ထိပ်တန်းကြယ်ပွင့် ထန်ချောင်းချောင်း၏ လယ်တောသို့ ရောက်လာခဲ့ကြသည်။ ထိုလယ်တောက ကောင်းကင်ဘုံကဲ့သို့ ဖြစ်ကာ တောင်တန်းများ မြစ်ချောင်းများ ခြံရံထားသည်။ ဤနေရာရှိ အရာအားလုံးက အစားအသောက်အတွက်ပဲ ဖြစ်ကာ ကိုယ်တိုင်အတွက် အပြည့်အဝ လုံလောက်ပေသည်။ ဆူညံလှသော မြို့တော်တွင် ဤကဲ့သို့ သန့်စင်လှသော နေရာလေး ရှိနေသည်မှာ လူအများ စွဲမက်ချင်စဖွယ်ပင်။
ဒါရုက်တာက ဝန်ထမ်းကို ပြောလိုက်သည်။ " ငါတို့ ကိုယ့်ဘာသာ လျှောက်ကြည့်လိူ့ရမလား... ဒီအသီးအရွက်ခင်းတွေနဲ့ သစ်ခွတွေထဲက အချို့ကို ဓါတ်ပုံရိုက်ရုံလေးပဲ"
ဝန်ထမ်းက ခေါင်းငြိမ့်ပြလိုက်သည်။ "ရပါတယ် ခင်ဗျားတို့ လမ်းညွှန် ဆိုင်းဘုတ်တွေနောက် လိုက်သွားရင် ရပြီ"
ဒါရိုက်တာက ဓါတ်ပုံများ ရိုက်ပြီး မည်သည့် ရည်ရွယ်ချက်မှ မရှိဘဲ လယ်တောထဲသို့ လှည့်ပတ်ကြည့်နေခဲ့သည်။ သို့သော်လည်း ရုတ်တရက် အသီးအရွက်ခင်းထဲက အရွက်များအကြားတွင် ပုန်းကွယ်နေသည့် အဝါရောင်အရာတစ်ခုကို တွေ့သွားသည်။ သူအနီးကပ် ကြည့်လိုက်သောအခါ ၎င်းက အဝါရောင် ကောက်ရိုးဦးထုပ် ဆောင်းထားသော ကလေးလေး တစ်ယောက် ဖြစ်နေခဲ့သည်။
ဒီလယ်တောက ကလေးလုပ်သားတွေပါ ငှားထားတာလား... မဖြစ်နိုင်ပါဘူး... ဝန်ထမ်းတစ်ယောက်ယောက်ရဲ့ ကလေး ဆော့နေတာပဲ နေမှာပါ...
ဒါရိုက်တာက ထိုနေရာဆီ လျှောက်သွားပြီး ထိုင်ချကာ မေးလိုက်သည်။
"ကလေးလေး ဘာတွေ လုပ်နေတာလဲ"
ရေလောင်းနေသည့် ရှန်းနန့်ထန်က မော့ကြည့်လိုက်သောအခါ မရင်းနှီးသော ဦးဦး တစ်ယောက်ကို တွေ့လိုက်ရသည်။
ဒါရိုက်တာ၏ မျက်လုံးများ ရုတ်တရက် ဝင်းလက်သွားလေသည်... ဘယ်လောက်တောင် လှလိုက်တဲ့ ကလေးမလေးလဲ... သူမ မျက်လုံးများက ကြီးမား ဝိုင်းစက်ကာ တောက်ပနေပြီး မျက်တောင်များက ယပ်တောင်ငယ်လေးများသဖွယ် ထူထဲနေကာ ပါးအို့နှင့် နှာခေါင်းတို့မှာ ရဲတွတ်နေ၍ အတော်လေး ချစ်စရာ ကောင်းပေသည်။
"ဦးဦး... သမီး ရေလောင်းနေတာ" ရှန်းနန့်ထန်က ခပ်ပြတ်ပြတ် ပြောလိုက်သည်။
ဒါရိုက်တာက ပြုံးကာ မေးလိုက်သည်။ "ဘာလို့ အပင်တွေကို ရေလောင်းနေရတာလဲ"
"သူတို့ကို ရေမလောင်းပေးရင် ခရမ်းချဥ်သီးလေးတွေ ရေဆာလို့ သေသွားလိမ့်မယ်" ရှန်းနန့်ထန်၏ မျက်နှာပေါ်မှ အကြည့်က "ဒီဦးဦးက ဒါလေးတောင် မသိဘူး... တုံးလိုက်တာ"ဟု ပြောချင်နေသည့်ဟန်ပင်။
ဒါရိုက်တာက ရှက်ရွံ့သွားသည်။
"ကလေးလေး ဘာလို့ ဒီစိုက်ခင်းကို ရေလောင်းပေးတာလဲ"
"ဒါက သမီးရဲ့ အခင်းမို့လို့လေ"
"သမီးရဲ့ မိဘတွေကရော ဘယ်မှာလဲ"
ရှန်းနန့်ထန်က သက်ပြင်းချလိုက်သည်။ "မားမားက အလုပ်သွားတယ်... ပါးပါးက အလုပ်မရှိဘူး... ဒါကြောင့် မားမားနောက် လိုက်သွားရတယ်"
ဒါရိုက်တာက ယနေ့ခေတ် မိသားစုများမှာ မလွယ်ကူကြဟု တွေးမိသွားသည်။ အမေဖြစ်သူက အိမ်ကို ထောက်ပံ့နေရပြီး အဖေဖြစ်သူကတော့ အစာပျော့များ စားနေနိုင်သည်။
"သမီးကို ဒီနေရာမှာ အသီးအရွက် စိုက်ဖို့ ဘယ်သူပြောတာလဲ" ဒါရိုက်တာက ထပ်မေးလိုက်သည်။
ရှန်းနန့်ထန်က ဖြေသည်။ "သမီးမားမားလေ... သမီးသာ ခရမ်းချဥ်သီးလေးတွေ စိုက်နိုင်သရွေ့ သမီးမိဘတွေနဲ့ သမီးတို့မှာ အစာအသောက် မရှိမှာ ပူစရာ မလိုဘူးတဲ့"
"ဘာလို့လဲ"
"သမီး မားမားသာ အသက်ကြီးလာရင် သမီးတို့ အသီးအရွက်တွေ ထပ်မစိုက်နိုင်တော့ဘူး... ပါးပါးကလည်း ငွေမရှာနိုင်ဘူး... ငွေမရှိရင် အစားအသောက် မဝယ်နိုင်တော့ဘူးလေ... သူတို့က အသီးအရွက် စိုက်ဖို့ သမီးကိုပဲ မှီခို ကြရမှာ" ရှန်းနန့်ထန်က အလေးအနက် ပြောလိုက်သည်။
ဒါရိုက်တာနှင့် ကင်မရာမန်းတို့က ခံစားချက်အပြည်ဖြင့် သက်ပြင်းချလိုက်သည်။ 'ဝမ်းနည်းဖို့ ကောင်းလိုက်တာ... ဆင်းရဲတဲ့ မိသားစုက ကလေးတွေက မြန်မြန် ရင့်ကျက်လာတာပဲ"
အမှောင်ထဲမှ ဘော်ဒီဂတ်တစ်ယောက်က မေးလိုက်သည်။
"ဒီလူစိမ်းတွေက ဦးနှောက်မှာ ပြဿနာ ရှိနေကြတာလားပဲ... ကျွန်တော် သွားပြီး စစ်ဆေးလိုက်ရမလား"
ဘော်ဒီဂတ် ခေါင်းဆောင်က ပြောသည်။ "မဟုတ်ဘူး... သူက တီဗီစီးရီးတွေ ရိုက်တဲ့ ဒါရိုက်တာ တစ်ယောက်ပဲ... ဒီတိုင်းသာ ကြည့်နေကြပါ"
ဒါရိုက်တာက ဂေါ်ပြားကိုင်ထားသော ကောင်မလေးကို ကြည့်လိုက်သည်။ ကလေးမလေး၏ ခြေထောက်နားမှ ရေပုံးက ရေကုန်လုနီးပါး ဖြစ်နေလေပြီ။
"ဦးဦး ရေသယ်ပေးမယ်လေ... သမီး မနိုင်မှာ မဟုတ်ဘူး" ရေပုံး၏ အရွယ်အစား သေးသေးလေးကို အကြည့်ပါနှင့်။ ၎င်းက လက်မောင်းနှင့် ခြေထောက် သေးသေးလေးများ ရှိသော ကလေးလေးတစ်ယောက်အတွက် ထိုရေပမာဏကို မနိုင်ရန်မူ အလွန်ခက်ခဲနေဆဲပင်။
ရှန်းနန့်ထန်က ခေါင်းကို ခပ်ဖြည်းဖြည်း ယမ်းပြလိုက်သည်။ "ကျေးဇူးပါ ဦးဦး... ဒါပေမယ့် သမီးရဲ့ ပါးပါးပြောတာ ကိုယ့်ရဲ့အလုပ်ကို ကိုယ်တိုင် လုပ်မှ ဖြစ်မယ်တဲ့... သမီး ရေသယ်နိုင်ပါတယ်"
ထို့နောက် ရှန်းနန့်ထန်က ရေပုံးကို ကောက်ကိုင်ကာ တဲအပြင်ဘက်ရှိ ဘုံဘိုင်ခေါင်းလေးဆီ လျှောက်သွားလိုက်သည်။
ဒါရိုက်တက ဓါတ်ပုံဆရာကို ဆက်ရိုက်ထားရန် ပြောလိုက်သည်။ ထိုအရုပ်ကလေးက အတော်လေး စိတ်ဝင်စားစရာ ကောင်းသည်။ ၎င်းကို သူ့မှတ်တမ်းရုပ်ရှင်ထဲ ထည့်လိုက်ပါက အတော်လေး ကလေးဆန်သွားမည် မဟုတ်လောက်ပေ။
ဒါရိုက်တာက လျှောက်သွားကာ ပြောလိုက်သည်။ "ကလေးလေး မင်း ရေပုံးတစ်ဝက်လောက်ပဲ သယ်နိုင်မှာ... အများကြီး မသယ်နိုင်လောက်ဘူး"
ရှန်းနန့်ထန်က အလေးအနက် ပြောလိုက်သည်။ "သမီး လုပ်နိုင်တယ်"
ဒါရိုက်တာက ရယ်မောလိုက်သည်။ ထိုကလေးမလေးက အတော်လေး လုပ်နိုင်ကိုင်နိုင်စွမ်း ရှိပေသည်။
သို့သော်လည်း ထိုကလေးမလေးက ရေအပြည့်ပါသော ရေပုံးကို အလွယ်တကူ မနိုင်လိုက်သည်အား တွေ့လိုက်ရချိန်တွင် သူ့အမူအယာက ကြောင်အသွားတော့သည်။
ဒါက ဟာကြူလီတစ်ယောက်ပဲ... သူမက ပုန်းကွယ်နေတဲ့ ဘုရင်တစ်ပါးဆိုတာ သေချာပေါက်ပဲ..
ဒါရိုက်တာက သူမကို ပို၍ပင် စိတ်ဝင်စားလာသည်။
"မိတ်ဆွေလေး... ဒီ ခရမ်းချဥ်သီးလေး ကြီးလာရင် မင်းရဲ့ ဦးဦးရော စားလို့ရမလား"
ရှန်းနန့်ထန်က ပြုံးလိုက်သည့်အချိန်တွင် ပါးချိုင့်တိမ်တိမ်လေးများကို ဖော်ပြလာခဲ့သည်။ "ဟုတ်"
"ဒီဘက်မှာ မှည့်နေတဲ့ နှစ်လုံး ရှိနေတယ်" ဓါတ်ပုံဆရာက အသီးအရွက်ခင်း၏ အခြားတစ်ဖက်ကို လက်ညှိုးထိုးပြလာခဲ့သည်။ ထိုနေရာတွင် အနီရောင် ခရမ်းချဥ်သီး နှစ်လုံး ရှိနေခဲ့သည်။
ရှန်းနန့်ထန်က ခပ်မြန်မြန် ထရပ်ကာ အမောတကော ပြောလာခဲ့သည်။ "ဦးဦး ဘယ်နေရာမှာလဲ"
ဓါတ်ပုံဆရာ ညွှန်ပြသော နေရာကို တွေ့သွားသောအခါ သူမက ထိုဘက်သို့ ပြေးထွက်သွားသည်။ ကြည့်ရသည်မှာ ထိုခရမ်းချဥ်သီးများမှာ အနီရောင် ပြောင်းနေပြီ ဖြစ်သော်လည်း ခုနက သူမ သူတို့ကို မတွေ့မိခဲ့ပုံပင်။
ကောင်းလိုက်တာ... သူမလုပ်နိုင်ခဲ့ပြီ...
ဒါရိုက်တာက မေးလိုက်သည်။ "ဒါဆို ဦးဦး မြည်းကြည့်ဖို့ ဒီခရမ်းချဥ်သီးနှစ်လုံးကို ပေးလို့ ရမလား"
ရှန်းနန့်ထန်၏ မျက်ခုံးများ ကွေးတက်သွားကာ တစ်ခဏမျှ တွေးတော လိုက်ပြီးနောက် ပြောလိုက်သည်။ "တောင်းပန်ပါတယ်... ဦးဦး... သမီး မားမားကို ကတိပေးထားတယ်... သမီးစိုက်တဲ့ ပထမဆုံး ခရမ်းချဥ်သီးကို မားမားဆီ ပေးရမှာ... မားမားက သမီးရဲ့ ပါးပါးနဲ့ အတူစားမှာ"
သို့သော်လည်း ထိုဦးဦး၏ စိတ်ပျက်လက်ပျက် အမူအယာကို တွေ့သောအခါ ရှန်းနန့်ထန်က အမောတကော ပြောလိုက်သာည်။ "ဒါပေမယ့်... ဦးဦး နှစ်ရက်အတွင်း ထပ်လာခဲ့ရင် သမီး ခရမ်းချဥ်သီး ကျွေးမယ်လေ"
ဒါရိုက်တာက သူမကို စနောက်လိုက်သည်။ "တကယ်လား"
ရှန်းနန့်ထန်၏ မျက်လုံးဝိုင်းဝိုင်းလေးက လေးနက်မှုများ ပြည့်နေခဲ့သည်။ "တော်ဖီလေးက ဘယ်တော့မှ မလိမ်ဘူး"
'ကောင်းလိုက်တာ... အရမ်း ချစ်ဖို့ကောင်းချက်ပဲ'
ဒါရိုက်တာက ပြုံးလိုက်သည်။ "ဒါဆို သမီးနာမည်က တော်ဖီလေးလား"
ထိုနာမည်က အတော်လေး ရင်းနှီးနေသည်။
ဓါတ်ပုံဆရာက သူ့ကို အသံနိမ့်နိမ့်ဖြင့် သတိပေးလာခဲ့သည်။ "ထန်ချောင်းချောင်း သမီးရဲ့ အိမ်နာမည်ကလည်း တော်ဖီလေးထင်တယ်"
ဟုတ်သားပဲ... ထန်ချောင်းချောင်းက သူ့သမီးကို ဘယ်တုန်းကမှ ထုတ်မပြဖူးပေမယ့် သူ့သမီးရဲ့ အိမ်နာမည်က တော်ဖီလေး ဆိုတဲ့အကြောင်း လူတွေကို ပြောပြဖူးတယ်...
ဒါရိုက်တာက ရှောခ့်ရသွားသည်။ "သမီးရဲ့ မျိုးရိုးနာမည်က ဘာလဲ"
ရှန်းနန့်ထန်: "သမီးရဲ့ မျိုးရိုးနာမည်က ရှန်းပါ"
"ရှန်းယွဲ့က သမီးရဲ့ အဖေလား" ဒါရိုက်တာက မဝံ့မရဲ မေးလိုက်သည်။
"ဦးဦးက ပါးပါးကို သိတာလား"
'သေစမ်း သူမက တကယ်ကြီး ရှန်းယွဲ့နဲ့ ထန်ချောင်းချောင်းတို့ရဲ့ သမီးဟ'
ဆင်းရဲတဲ့ မိသားစုက သနားစရာ ကလေးလေးလို့ သူထင်ထားခဲ့တဲ့ ကလေးက ဒီလယ်တောရဲ့ ပိုင်ရှင်ငယ်လေးတဲ့လား... သူမက ဒီလောက်ငယ်တဲ့ အရွယ်မှာတင် သန်မာနေတာ အံ့သြစရာ မရှိတော့ဘူး... ကြည့်ရတာ သူ့အမေဆီက ခွန်အားတွေ အမွေရထားပုံပဲ...
ဒါဆို သူမရဲ့ မိသားစုက အနောက်တောင်လေကို သောက်ရတော့မယ်လို့ ဘာလို့ ထင်နေရတာလဲ...
ဒါရိုက်တာက ရှုပ်ထွေးသော အမူအယာ ရှိနေသည်။ သူက မူလတွင် ကလေး၏ မိဘများကို ရှာကာ သူ့မှတ်တမ်း ရုပ်ရှင်တွင် သူမ ပါဝင်ရန်အတွက် သဘောတူရန် သူတို့အား မေးမြန်းချင်ခဲ့သည်။ ၎င်းက သေချာပေါက် ခက်ခဲနိုင်သည်။
ရှန်းနန့်ထန်က ဒါရိုက်တာ၏ ရှုပ်ထွေးနေသော အတွေးများကို မသိခဲ့ပေ။ သူမက ခရမ်းချဥ်သီး အနီလေးများကို ကြည့်ရင်း ပြုံးနေခဲ့သည်။
ညအချိန်တွင် ရှန်းယွဲ့နှင့် ထန်ချောင်းချောင်းတို့ အိမ်ပြန်ရောက်သောအခါ ရှန်းနန့်ထန်က ခရမ်းချဥ်သီး နှစ်လုံးဖြင့် အပြေးရောက်လာခဲ့သည်။
"ပါးပါး... မားမား ကြည့် သမီးစိုက်ထားတဲ့ ခရမ်းချဥ်သီးတွေ မှည့်နေပြီ"
ရှန်းယွဲ့က သမီးဖြစ်သူကို ကောက်ချီကာ နှခေါင်းလေးကို ပွတ်ကာ ချီးကျူးလိုက်သည်။ "ဝိုး... ပါးပါးရဲ့ ကလေးလေးက တကယ်ကြီး စိုက်နိုင်ခဲ့တယ်ပေါ့"
ရှန်းနန့်ထန်က ချီးကျူးခံလိုက်ရသဖြင့် ရှက်သွားကာ တခစ်ခစ် ရယ်မောလိုက်သည်။
"မားမားတို့ စားကြည့်... သမီး အကုန် ဆေးထားပြီးသား"
ဆိုဖာပေါ်တွင် ရှန်းယွဲ့နှင့် ထန်ချောင်းချောင်းတို့က ခရမ်းချဥ်သီးလေး တစ်လုံးစီ ကိုင်လျက် သမီးဖြစ်သူ၏ တစ်ဖက် တစ်ချက်တွင် ထိုင်နေခဲ့ကြသည်။
ရှန်းနန့်ထန်က စောင့်စားနေဆဲပင်။ "ပါးပါးနဲ့ မားမား မြန်မြန် စားကြည့်"
ရှန်းယွဲ့က အကြီးကြီးကိုက်ကာ မနေနိုင်ဘဲ ထပ်ချီးကျူးပြန်သည်။ "အရသာ ရှိလိုက်တာ... ချဥ်ချဥ် ချိုချိုလေး... ပါးပါးရဲ့ တော်ဖီလေးက အရမ်း အံ့သြဖို့ ကာင်းတာပဲ"
ရှန်းနန့်ထန်က ပြုံးလိုက်သည်။ သူမက သူမ၏ အမေဘက်လှည့်ကာ ကြည့်လိုက်ပြီး ရုတ်တရက် ဗျာများ လာတော့သည်။
Xxxxxx