အပိုင်း ၃
Viewers 15k

Chapter 3


"အိုး ငါ့ရဲ့ကလေးဆိုးလေးရေ အခုလေးတင်ဘယ်တွေသွားလိုက်တာလဲ!"


ကုဆွေ့ဆွေ့က အစ်မလှလှလေးပေးခဲ့သော နောက်ဆုံးတော်ဖီကို သူ(မ)၏အမေဆီပေးလိုက်ရမလား သို့မဟုတ် အားလုံးကိုတစ်ယောက်တည်းစားလိုက်ရမလားဟု စိတ်ထဲတွင်တုံ့ဆိုင်းနေချိန်တွင် ဝန်ထမ်းတစ်ယောက်ကအလျင်အမြန်ရှာတွေ့သွားသည်။


ဤတစ်ခေါက်တွင်မူ ချောင်ထဲရှိပန်းရိုင်းလေးကသူ(မ)ကိုထပ်ပြီးမဆွဲဆောင်နိုင်တော့ချေ။ ဝန်ထမ်းနောက်သို့အမှန်တကယ်လိုက်သွားပြီး ရိုက်ကူးရေးအဖွဲ့ကသူတို့အတွက်ပြင်ဆင်ပေးထားသော အဝတ်လဲခန်းသို့ ရောက်လာခဲ့သည်။


ကုဆွေ့ဆွေ့ကပင်ကိုစိတ်ရင်းလေးလှသောသူတစ်ယောက်ဖြစ်သည်။ သူ(မ)အားပိုမိုလှပစေသော အရာရာတိုင်းကိုနက်နက်နဲနဲ စိတ်ဝင်စားတတ်သည်။ သူ(မ)ကထိုင်ခုံတစ်ခုပေါ်တွင်ထိုင်ပြီး မှန်ကိုစိတ်အားထက်သန်စွာကြည့်လိုက်ကာ သူ(မ)ကိုအဝတ်အစားဆင်ယင်ပေးရန် ဘေးတွင်ရှိနေသော မိန်းမပျိုလေးကို ခွင့်ပြုပေးလိုက်သည်။ 


ကလေး၏အသားအရေလေးကကောင်းမွန်ပြီးချွေးပေါက်များလည်းမရှိပေ။ မျက်နှာဖြူဖြူလေးကလည်း ရဲနေသည်။ ဖောင်းဖောင်းမို့မို့မျက်နှာလေးက အလှပြင်ပစ္စည်းများကိုအလွန်အကျွံသုံးလျှင်  မကောင်းပေ။ ရိုက်ကူးရေးအဖွဲ့၏မိတ်ကပ်ဆရာက ဇာတ်ကောင်၏လိုအပ်ချက်အတိုင်း သူ(မ)ကို ရိုးရှင်းသောမိတ်ကပ်ပါးပါးလေးလိမ်းပေးသည်။ သူ(မ)၏ဆံနွယ်ကိုကျွမ်းကျင်စွာနှစ်ပိုင်းခွဲလိုက်ပြီး  ဆံထုံးလေးနှစ်ခုထုံးပေးလိုက်သည်။ ထို့နောက်သဘာဝအတိုင်းဆံပင်ချထားသည့်ပုံပေါက်အောင် ဆံထုံးလေးမှဆံနွယ်အနည်းငယ်ကိုချပေးလိုက်သည်။


ကုဆွေ့ဆွေ့ကလှပချောမောစွာမွေးဖွားလာခဲ့ခြင်းဖြစ်သည်။ အထုံးအဖွဲ့အပြင်အဆင်များအပြီးတွင် သူ(မ)၏ မျက်နှာလေးမှာ တစ်ဆိတ်စာလောက် နူးညံ့နေပြီး လူများ၏နှလုံးသားကိုအလျင်အမြန်အရည်ပျော်ကျစေလောက်သော ပါးချိုင့်လေးနှစ်ခုက ဘွားခနဲပေါ်လာသည်။


အား! ဤသည်ကရိုက်ကူးရေးအဖွဲ့ရလာသော သရုပ်ဆောင်လေးပင်။ သူ(မ)ကချစ်ဖို့ကောင်းလွန်းနေသည်။


"တိမ်မြှုပ်နေသော" ရုပ်ရှင်ဇာတ်လမ်းတွဲအဖွဲ့၏ မိတ်ကပ်ဆရာဖြစ်သူ စွန်းဟုန်က သူကိုယ်တိုင်ဖန်တီးပေးထားသော မင်းသမီးလေးကို ကြည့်လိုက်ရင်း ကြယ်ပွင့်မျက်လုံးလေးများကပေါ်လာတော့မည့်ဆဲဆဲပင်။ ကလေးမလေးက သူ၏ဖုန်းနှင့် ယခုပင် ဓာတ်ပုံအနည်းငယ်ရိုက်ထားချင်မိသည်။


#ကြည့်ထား လူတွေကသမီးတစ်သီတစ်တန်းကြီးကို မွေးချင်နေလိမ့်မယ်#


စွန်းဟုန်က ရွက်ပုန်းသီးများကိုစီမံကွပ်ကဲသူတစ်ယောက်ဖြစ်ရုံသာမက "တိမ်မြှုပ်နေသော" တ္ထု၏ပရိသတ်တစ်ယောက်လည်းဖြစ်သည်။


"တိမ်မြှုပ်နေသော" ဝတ္ထုကစာရေးဆရာပထမဆုံးရုပ်ရှင်နှင့် ရုပ်သံထုတ်လွှင့်မှု လက်ရာဖြစ်သည်။ ဝတ္ထုထဲတွင် ဇာတ်ကွက်အများအ​ပြားရှိသော ဇာတ်လိုက်မင်းသားနှင့်မင်းသမီးမှလွှဲ၍ သူတို့၏မူလပရိသတ်များက လက်အောက်ခံဘဝကျရောက်သွားသောတိုင်းပြည်၏မင်းသမီးလေး လင်းရာ၏ ဇာတ်ကောင်နှင့် ပတ်သတ်ပြီး စိုးရိမ်နေကြသည်။


အထူးသဖြင့်ဝတ္ထုထဲတွင်မင်းသမီးလေးသေဆုံးသွားသည့်ဇာတ်ဝင်ခန်းက စာဖတ်သူတို့၏နှလုံးသားကိုထိုးဖောက်သွားသည်။ ဖတ်လိုက်သည်နှင့်ချက်ချင်း လူများကိုငိုအောင်လုပ်နိုင်သည်။


ဇာတ်လိုက်မင်းသားအတွက်ထိုသတင်းကပို၍ပင်ဆိုးရွားသည်။ တိုင်းပြည်ပျက်စီးပြီးမိသားစုကလည်း ညတွင်းချင်းသေဆုံးသွားသည်။ မိဘများမသေခင်ကသူ့အားအပ်ထားခဲ့သော သူ့ညီမလေးကိုပင်မစောင့်ရှောက်လိုက်ရ။


သူ့ညီမလေးကဤကမ္ဘာပေါ်တွင် သူ၏တစ်ဦးတည်းသောဆွေမျိုးရင်းချာဖြစ်သည်။


 ညီမဖြစ်သူ၏သေဆုံးမှုကသူ့အားပေါက်ကွဲစေသောစနက်မီးဖြစ်သည်။ ဇာတ်လိုက်လီရှောင်က လုံးဝအမှောင်ဖုံးသွားသည်။ သူ့နာမဘ်ကိုရော မျိုးရိုးနာမည်ကိုပါပြောင်းပစ်လိုက်ပြီး ရန်သူ့တပ်စခန်းထဲသို့ဝင်ရောသည်။ နှစ်ပေါင်းများစွာ အယောင်ဆောင်နေခဲ့ပြီး အကောင်းဆုံးကြိုးစားခဲ့သည်။ အားလုံးကိုအပြတ်ရှင်းပစ်ခဲ့သည်။


မူရင်းဝတ္ထု၏ပရိသတ်တစ်ဦးဖြစ်သူ ဆန်းဟုန်က ရိုက်ကူးရေးအဖွဲ့မှငှားထားသောကလေးသရုပ်ဆောင်က ဤဇာတ်ကောင်နေရာအတွက်မသင့်တော်မည်ကို အစကစိုးရိမ်မိခဲ့သည်။ ယနေ့တွင်မူ ဒါရိုက်တာချန်း၏သရုပ်ဆောင်ရွေးချယ်မှုက အမှန်တကယ်ကောင်းမွန်ကြောင်း သိရှိသွားရသည်။


ဤကဲ့သို့အပြစ်ကင်းစင်ပြီးချစ်ဖို့ကောင်းလွန်းသောဘီမလေးတစ်ယောက်သာရှိလျှင် လက်ထဲထည့်ပြီး အလိုလိုက်မိမှာအသေအချာပင်။ သူ(မ)အား ထိခိုက်စေလိုသော မည်သူမဆိုကမ္ဘာအစွန်းဆီနှင်ထုတ်လိုက်ပြီး ပြန်ပေးဆပ်ရအောင်လုပ်ပစ်ရမည်ဖြစ်သည်။


လုချီကဤတစ်ခေါက်တွင်ဂူစူးစူးနှင့်သရုပ်ဆောင်ရမည့်ဇာတ်လိုက်အမျိုးသားဖြစ်သည်။


လတ်တလောတွင်လုချီကရုပ်ရှင်နှင့်ုပ်သံဇာတ်လမ်းအင်ပါယာကောလိပ်မှ ဂျူနီယာတစ်ယောက်ဖြစ်သည်။ သူ့အသက်ဆယ့်​ခေါက်နှစ်အရွယ်တွင် ဘဝတွင်ပထမဆုံးအကြိမ်အဖြစ်ရုပ်ရှင်ရိုက်ကူးခဲ့သည်။ သူကထိုရုပ်ရှင်ထဲတွင် ခံစားချက်ပြင်းပြပြီးနောင်တမရသော ဒုတိယမင်းသားအဖြစ်သရုပ်ဆောင်ခဲ့သည်။ ထိုအချိန်တည်းက ပေါက်ရောက်သွားပြီး နောက်ပိုင်းတွင်သရုပ်ဆောင်လုပ်တော့သည်။ သူ၏ဇာတ်လမ်းတွဲတိုင်းက သြချရလောက်ပြီး ပရိသတ်အများအပြားကိုဆွဲဆောင်နိုင်ခဲ့သည်။  


အင်ပါယာရုပ်ရှင်အကယ်ဒမီက ပထမနှစ်ကျောင်းသားများနှင့်ဒုတိယနှစ်ကျောင်းသားများကို ရုပ်ရှင်ထဲတွင်ပါဝင်ခွင့်မပြုချေ။ ထို့ကြောင့်ဤ "တိမ်မြှုပ်နေသော" ရုပ်ရှင်ကားကြီးက သူတက္ကသိုလ်တက်ပြီးတည်းက ပထမဆုံးရိုက်ကူးဖြစ်သောရုပ်ရှင်ဖြစ်သည်။ "တိမ်မြှုပ်နေသော" နေသောရုပ်ရှင်ဇာတ်ကားက မည်မည်ရရ ရုပ်ရှင်ဖြစ်သည်။ ဤတစ်ခေါက်တွင်သူဇာတ်လိုက်မင်းသားအဖြစ် နေရာရနိုင်သည်။ သူ၏လုပ်နိုင်စွမ်းကလည်း အဘက်ဘက်တွင် မဆိုးလှချေ။


"မင်္ဂလာပါ ညီမလေး" သူ့ရှေ့တွင်ရှိနေသော ကလေးငယ်လေးကိုဂရုစိုက်ရန် လုချီကဆောင့်ကြောင့်ထိုင်ချလိုက်ပြီး အပြုံးလေးနှင့်နှုတ်ဆက်လိုက်သည်။


လုချီကယခုခေတ်အ​ကျော်အမော်အဖြစ်ဆုံးလူငယ်တစ်ယောက်မဟုတ်ပေ။ သို့သော် သူ့တွင်အလွန်မမှတ်မိနိုင်စရာကောင်းလောက်သော မျက်နှာပေါက်ရှိသည်။ ခပ်တန်းတန်းမျက်ခုံး ၊ နှုတ်ခမ်းပါးတစ်စုံ နှင့်သုံးဖက်မြင်ရုပ်လုံးကြွ မျက်နှာပုံမျိုးဖြစ်သသည်။


လုချီတစ်ယောက်အဝတ်အစားလဲပြီးနောက် အနက်ရောင်ရှေးခေတ်ဝတ်စုံကိုဝတ်ဆင်ထားသည်။ သူကချောမောပြီး ငယ်ရွယ်နုပျိုမှု


နှင့်ပြည့်နှက်နေသည်။ ဤသည်က ရုပ်ရှင်အစပိုင်းတွင် အမှောင်မဖုံးလွှမ်းသေးသော ဇာတ်လိုက်လီရှောင်၏ ခံစားချက်မျိုးဖြစ်သည်။


ရုပ်ရှင်လောကထဲတွင်သူငါးနှစ်ခန့်ရှိနေပြီဖြစ်သော်ငြား အနည်းငယ်ကြီးနေပြီဖြစ်သော ကလေးနှင့် သရုပ်ဆောင်ရမည်က သူ့အတွက်ပထမဆုံးအကြိမ်ဖြစ်သည်။ လုချီကခေါင်းကိုက်နေပြီး လာမည့်အခါများအတွက် အဆင်သင့်ပင်မဖြစ်သေး။


"အစ်ကိုကြီးက ချောတယ်" ကုဆွေ့ဆွေ့ကအပေါ်မော့ကြည့်ပြီး သူ(မ)ကိုစကားပြောနေသည့်သူမှာ အလွန်စွဲမက်စရာကောင်းသော ခြေတံရှည်ရှည် ပခုံးကျယ်ကျယ်နှင့်အစ်ကိုကြီးတစ်ယောက်ဖြစ်ကြောင်းတွေ့လိုက်ရသည်။ သူက သူ(မ)အား


ရွှင်ရွှင်ပျပျပြုံးပြနေပြီး နူးညံ့သောအသံဖြင့်ပြောသည်။


 ဒီအစ်ကိုကအရမ်းချောတာပဲ~


သရုပ်ဆောင်တစ်ယောက်ဖြစ်ရသည်က ကောင်းလှသည်။ နေ့တိုင်းရုပ်ချောသည့် အစ်ကို အစ်မများကိုတွေ့ရသည်။


ကလေးကမငိုသလိုဘာပြဿနာမှမလုပ်ပဲ ကောင်းကောင်းပြုမူသည်ကိုတွေ့ရသောအခါ လုချီတစ်ယောက်စိတ်သက်သာရာရပြီး သက်ပြင်းမချပဲမနေနိုင်။ သူ့လေသံကလည်း ပိုပြီးနူးညံ့ညင်သာလာသည်။ "နောက်ပိုင်းကျရုပ်ရှင်ရိုက်ရင် စိတ်မလှုပ်ရှားနဲ့ ၊ ခါတိုင်းလိုပဲနော်"


ထားလိုက်ပါတော့။ ယနေ့ညနာရီအနည်းငယ်အတွင်းအလုပ်ပြီးဖို့အရေးကြီးသည်။ မည်သို့ပင်ဆိုစေ မည်သူကများမိတ်ကပ်လိမ်းခြယ်ထားသည့်ကလေးမလေးကို ခက်ထန်သောအကြည့်ဖြင့်ကြည့်နိုင်မည်နည်း။


ကုဆွေ့ဆွေ့၏ပထမဇာတ်ဝင်ခန်းကရုပ်ရှင်တစ်ခုလုံး၏ အဖွင့်ဖြစ်သော နန်းတော်ထဲတွင်ဖြစ်သည်။


ပူပင်ကြောင့်ကြမှုမရှိသောမင်းသမီးငယ်လေးက အထိန်းတော်အများအပြား၏စောင့်ရှောက်မှုအောက် နန်းတော်ထဲဝယ် စွန်လွှတ်နေသည်။ ထို့နောက် နန်းတော်တစ်ခွင်လုံးတွင် ငွေရောင်ဆည်းလည်းသဖွယ် ရယ်မောသံလေးကပျံ့လွင့်သွားသည်။


 ချန်းတိုင်ပြည်၏ဧကရာဇ်က ဧကရီတစ်ဦးတည်းကိုသာ လက်ထပ်ထိမ်းမြားခဲ့သည်။ ခင်ပွန်းနှင့်ဇနီးတို့က ချစ်ခင်ကြင်နာကြသည်။ သားတစ်ယောက်နှင့်သမီးတစ်ယောက်ရှိပြီး မိသားစုလေးယောက်က ပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့ကြသည်။


သို့သော်သုံးလအကြာတွင် ချူးနိုင်ငံက ချန်းနိုင်ငံအားတိုက်ခိုက်ရန် တပ်သားနှစ်သိန်းကိုစေလွှတ်ခဲ့သည်။ ချူးတပ်ကြီးက တောင်ဘက်သို့တစ်လျှောက်လုံးချီတက်သွားကြသည်။ မည်သူ့နယ်မြေမှမဟုတ်သကဲ့သို့ ချန်းနိုင်ငံကမြို့အမြောက်အမြားကို တစ်သီတစ်တန်းကြီးဆုံးရှုံးလိုက်ရသည်။ ချူးနိုင်ငံနှင့်ချန်းနိုင်ငံတို့က အင်အားချင်းညီမျှသောကြောင့် မပြိုလဲပေ။ သို့သော်တစ်ဖက်မှသစ္စာဖောက်တစ်ယောက်ကပေါ်လာပြီး မြို့ကာကွယ်ရေးမြေပုံကို ရန်သူဆီသို့ရောင်းလိုက်သည်။


အခြေအနေကအဖတ်ဆယ်၍မရတော့သောအခါ ဧကရာဇ်နှင့်ဧကရီတို့က သူတို့သားနှင့်သမီးနှစ်ယောက်ကို နန်းတော်အပြင်သို့အလောတကြီးပို့ရန်သာ အချိန်ရှိတော့သည်။ သို့သော်သူတို့နှစ်ဦးမှာမူ နန်းတော်ကြီးတစ်ခုလုံးနှင့်အတူမီးရှို့ခံလိုက်ရသည်။


ပထမဆုံးဇာဆ်ဝင်ခန်းတွင်စကားပြောခန်းမပါဝင်ပေ။ ဝန်ထမ်းကဂူစူးစူးကို အဓိကအချက်များအားရှင်းပြလိုက်ပြီး သူ(မ)ကအားလုံးပိုမှတ်မိသည်။


 မင်းသမီးငယ်လေး၏ကစားဖော်လုပ်သော နန်းတွင်းသူ အဖြစ်သရုပ်ဆောင်ရန်ကလေးကို ဤတစ်ခေါက်တွင်သူ(မ)နှင့်အတူလာသော ဒါဇင်နှင့်ချီရှိသည့် ကလေးများထဲမှ ရွေးချယ်ထားသည်။ သူတို့အယောက်တိုင်းကကုဆွေ့ဆွေ့ ထက်အတော်လေးကြီးကြသည်။


"မင်းတို့ထဲကဘယ်သူစွန်လွှတ်တတ်လဲ?" တစ်ဖက်တွင် အလုပ်ညှိနှိုင်းဆောင်ရွကိရန်တာဝန်ကျသော လီဖူကွေ့က ဤလူများထဲမှမေးလိုက်သည်။


လူတိုင်းကတစ်ယောက်နှင့်တစ်ယောက်မျက်စိဝေ့ကြည့်နေကြသည်။ သူတို့၏မျက်လုံးထဲတွင် ဘာမှသိပုံမရသော အကြည့်များကို သိသိသာသာမြင်နေရသည်။ မည်သူမျှ သိလိမ့်မည်မဟုတ်လောက်ပေ။


လီဖူကွေ့ကမျက်မှောင်ကြုတ်လိုက်သည့်အချိန်လေးတွင် ငယ်ရွယ်သောမိန်းမလှလေးတစ်ဦးက မတ်တပ်ထရန် ခြေလှမ်းပြင်လိုက်သည်။ "ဦးဦး သမီးစွန်လွှတ်တတ်ပါတယ် ၊ သမီးရဲ့ညီမလေးကိုအပြင်ခေါ်ကစားတဲ့အခါမှာ စွန်လွှတ်နေကျပါ"


လီဖူကွေ့ကခေါင်းညိမ့်လိုက်သည်။ "ဟုတ်ပြီ မင်းနောက်ကျရင် အဲ့ကိုသွားလို့ရပြီ"


စုယွီချင်း၏မျက်နှာပေါ်တွင် အပြုံးရိပ်လေးပေါ်နေသော်လည်း တစ်ကယ်တမ်းကျ သူ(မ)စိတ်ထဲတွင် ပျော်ရွှင်မှုစိုးစဥ်းမျှမရှိ။


သူ(မ)၏ညီမလေးကိုစွန်လွှတ်ရန်ခေါ်သွားနေကျဟု ယခုလေးတင် သူ(မ)ပြောလိုက်သောစကားမှာ အလိမ်အညာပင်ဖြစ်သည်။


အိုး ညီမလေး


စုယွီချင်းတွင် ညီမလေးတစ်ယောက်အမှန်တကယ်ရှိခဲ့ဖူးသည်။ သို့သော်ထိုညီမလေးက မိထွေးဖြစ်သူခေါ်သွင်းလာသော ဆီအိုးလိုလူဖြစ်သည်။ သူ(မ)၏ယခင်ဘဝတုန်းက ထိုသူကိုညီမအရင်းဟုသတ်မှတ်ခဲ့ပြီး စိတ်နှစ်ပြီးဆက်ဆံပေးခဲ့သည်။ ကောင်းသည့်အရာအားလုံးကို သူ(မ)အားပေးခဲ့သည်။


သို့သော်အကျိုးဆက်မှာမည်သို့နည်း? ထိုအဆင့်အတန်းမရှိသော ညီမကသူ(မ)၏နေရာကိုသာမက သူ(မ)ချစ်သူကောင်လေးကိုပါ လုယူသွားခဲ့သည်။


အိပ်ရာပေါ်တွင်နှစ်ဦးသားဖြစ်ပျက်ခဲ့သည်ကို ပြန်လည်စဥ်းစားကြည့်မိတော့ စုယွီချင်းတစ်ယောက် စက်ဆုပ်လာသည်။


သူ(မ)မျက်ခုံးပင့်လိုက်ပြီး မလှမ်းမကမ်းတွင်ထိုင်နေသော ကလေးမလေးကို ဂရုမစိုက်ဟန်ဖြင့် စိုက်ကြည့်လိုက်သည်။ သူ(မ)၏မျက်ဝန်းထဲရှိ မကောင်းသောခံစားချက်က ကြောက်စရာကောင်းလှသည်။ သူ(မ)ကထိုခံစားချက်ကို လျှပ်တစ်ပြက်အတွင်း ကောင်းကောင်းဖုံးကွယ်လိုက်သည်။


တစ်ချိန်တည်းမှာပင် ကာတွန်းရေဘူးကိုကိုင်ထားပြီး လည်ချောင်းကိုအစိုဓာတ်ပေးရန် ရေသောက်နေသော ကုဆွေ့ဆွေ့က ရုတ်တရက်တစ်ခုခုကိုသတိထားမိသွားပြီး လူစုနေသောနေရာသို့ကြည့်လိုက်မိသည်။


ဟေး သူ(မ)အခု အငြိုးအတေးပြင်းပြင်းတစ်ခုကို ခံစားလိုက်ရသည်။ သူ(မ)ကိုရည်ရွယ်သလိုမထင်ရပေမဲ့ ရည်ရွယ်နေသလိုပင်။ 


တစ်ကယ်ထူးဆန်းလှပေသည်.....။


Xxxxxxx