အပိုင်း ၅
Viewers 15k

Chapter 5


"တိမ်မြှုပ်နေသော" ၏မူရင်းဝတ္ထုတွင် လက်အောက်ခံဘဝကျရောက်သွားသော မင်းသမီးလေး၏ဇာတ်ဝင်ခန်းက များများစားစားမပါရှိပေ။ မောင်နှမနှစ်ယောက် ရန်သူအလိုက်ခံရပြီး မင်းသမီးလေးက ဇာတ်လိုက်မင်းသား၏ လက်ပေါ်တွင် သေဆုံးသွားသည့် နောက်ဆုံးဇာတ်ဝင်ခန်းက ရိုက်ကူးရအခက်ဆုံးဖြစ်သည်။


သို့သော် ယနေ့ ကုဆွေ့ဆွေ့က ထိုဇာတ်ဝင်ခန်းကို မရိုက်ကူးရပေ။ သူ(မ)ရိုက်ရမည့် ဇာတ်ဝင်ခန်းမှာ ဇာတ်လိုက်မင်းသားနှင့်မင်းသမီးငယ်လေးကို သူတို့၏ မိဘနှစ်ပါးက နန်းတော်အပြင်သို့ လွှတ်လိုက်သည့်အခန်းပင်ဖြစ်သည်။


ရိုက်ကူးရေးအဖွဲ့တွင် တစ်လခွဲခန့်ပါဝင်ပြီးနောက် နုနုနယ်နယ်ကလေးမလေးက ဤနေရာတွင် ဘဝကိုလုံးလုံးလျားလျား နေသားတကျနေနိုင်ပြီဖြစ်သည်။ ရိုက်ကူးရေးအဖွဲ့ကလည်း ဤချစ်စရာကောင်းသောကလေးမလေးကို သဘောတကျရှိလှပြီး ရိုက်ကူးရေးလုပ်နေစဥ်မှာတောင် နေရာတိုင်းတွင် ဂရုစိုက်ပေးကြသည်။ ဒါရိုက်တာချန်းလည်းထို့အတူပင်ဖြစ်သည်။


ကုဆွေ့ဆွေ့တစ်ယောက် ကင်မရာရှေ့တွင် မနက်ခင်းရှစ်နာရီမှ နေ့လည်ခင်းဆယ့်နှစ်နာရီအထိ အကြိမ်ပေါင်းများစွာ ငိုခဲ့ပြီးဖြစ်သည်။ သို့သော် စိတ်အခြေအနေက သိပ်တော့မကောင်းနေပေ။


ယခုသူ(မ)ကညစ်ပတ်ပေရေနေပြီး လုံးဝမလှနေတော့ဟု ကုဆွေ့ဆွေ့ထင်နေမိသည်။ သူ(မ)က တစ်ကယ့်ခံစားချက်အစစ်အမှန်ဖြင့်ငိုနေခြင်းဖြစ်သည်။ သူ(မ)မျက်ရည်ခြွေလိုက်တိုင်း ခံစားချက်မကောင်းပေ။  


"ထားလိုက်တော့ အားလုံးအလုပ်ကြိုးစားခဲ့ကြပါတယ် ၊ နားကြစို့" ။ ရိုက်ကူးရေးအဖွဲ့၏ ရိုက်ကူးရေးလုပ်ငန်းစဥ်တစ်ခုလုံးက သူမျှော်လင့်ထားသည်ထက် ပိုမြန်သည်။ ဆက်တိုက်မှားသော ရိုက်ကွက်ပေါင်းများစွာက ဒါရိုက်တာချန်း၏စိတ်အခြေအနေကို ပိုဆိုးသွားအောင်တော့ မလုပ်နိုင်ချေ။ သို့သော် ဒါရိုက်တာချန်းက နောက်စမည့်ရိုက်ကူးရေးအတွက်သရုပ်ဆောင်များကို တည်တည်ငြိမ်ငြိမ်နှင့် နှစ်သိမ့်ပေးလိုက်သည်။


ကုဆွေ့ဆွေ့တစ်ယောက်မနက်ခင်းတွင် အများကြီးငိုထားသောကြောင့် သူ(မ)၏မျက်လုံးများက ယခုနီရဲနေသည်။ စွန်းဟုန်က နားနေချိန်ကို ကောင်းကောင်းအသုံးချပြီး သူ(မ)ကို မိတ်ကပ်ပြင်ပေးသည်။ ကလေးမလေး၏မျက်နှာထားက အနည်းငယ်ဝမ်းနည်းနေပြီး အင်အားမရှိဖြစ်နေသည်ကိုတွေ့လိုက်ရသောအခါ မိတ်ကပ်လိမ်းပေးနေရင်း သူနှစ်သိမ့်လိုက်မိသည်။ "ရီစူးလေးရေ ဘာမှမဖြစ်ပါဘူး ၊ သမီးကတော်ပြီးသားဆိုတာ ကိုယ်တို့အားလုံးသိတယ် ၊ အဲဒါကြောင့်မလို့ အရမ်းကြီး စိတ်ဖိစီးစရာမလိုဘူးနော်" 


အား! မားမားက မင်းကိုစိတ်ထဲမှာ အရူးအမူးဖြစ်နေပြီ!!


အချိန်အခါသာ မမှားဘူးဆိုလျှင် ပူပူနွေးနွေးဝါရင့်ပရိသတ်တစ်ယောက်ဖြစ်သော ဆန်းဟုန်က ချစ်စရာကောင်းသော ငန်းလေးကို ချစ်ခြင်းအပြည့်ဖြင့် ပွေ့ဖက်လိုက်ချင်မိသည်။ 


ဤတစ်ခေါက်တွင်ပရိသတ်တစ်ယောက်ဖြစ်သော စွန်းဟုန်၏ အမြင်တွင်သာ အမှန်တကယ်မဟုတ်။ ဒါရိုက်တာချန်း၏ရိုက်ကူးတွင် စည်းကမ်းတင်းကြပ်မှုက ရုပ်ရှင်လောကတွင် အကောင်းဆုံးဖြစ်သည်ကို လူအတော်များများသိကြသည်။ ဆွေ့ဆွေ့က ယနေ့တွင် တော်တော်ငိုခဲ့ရသော်လည်း ညဥ်းညူခြင်းမရှိပေ။ သူ(မ)ကဘအလွန်သန်မာသော ကလေးတစ်ယောက်ဖြစ်ပေသည်။ 


စွန်းဟုန်က ယခင်တုန်းက အခြားရိုက်ကူးရေးအဖွဲ့များနှင့်လည်း အလုပ်လုပ်ခဲ့ဖူးသည်။ ကလေးများကို ရိုက်ကူးရေးတွင် ညွှန်ကြားပေးရသည်မှာ မည်မျှခက်ခဲကြောင်းကိုလည်း သိသည်။ သူတို့က ရင့်ကျက်သော အရွယ်ရောက်ပြီးသူများနှင့် ကွာခြားသည်။ ဤအရွယ်ကလေးများက မည်သည့်အရာကိုမှ နားမလည်သည့်အပြင် စိတ်ခံစားချက်များကိုထိန်းချုပ်ရာတွင်လည်း မကောင်းကြပေ။


ကုဆွေ့ဆွေ့၏စိတ်ထဲတွင် အမှန်တကယ် ပြောမထွက်နိုင်လောက်သော မကျေနပ်ချက်မျိုးရှိနေသည်။ သူ(မ)မကျေမနပ်ဖြစ်နေသည်က ဆန်းဟုန်ကိုမဟုတ်ပေ။ သူ(မ)၏ဝတ်စုံကိုသဘောမကျသောကြောင့်ဖြစ်သည်။


အား! အခုအရမ်းရုပ်ဆိုးတာပဲ။ ကျောက်မီးသွေးလို မည်းနေလိုက်တာ။


ရိုက်ကူးရေးအပြီးသတ်ပြီး သူ(မ)မျက်နှာပေါ်ရှိအညစ်အကြေးများကို စောစောစီးစီး သန့်စင်ပစ်နိုင်ရန် နုနုနယ်နယ်ကလေးမလေးက "ပွင့်ပွင့်လင်းလင်းမေးမြန်းရန်ပြောထားသော" ရိုက်ကူးရေးအဖွဲ့တစ်ခုလုံး၏အာဏာအရှိဆုံး ဒါရိုက်တာဦးလေးကိုမေးလိုက်သည်။


"အခိုက်အတန့်ကအမှန်တကယ်ဖြစ်ပျက်နေတယ်လို့ မင်းယုံတဲ့အခါမှာ သရုပ်ဆောင်နေတာပဲ ၊ လက်ရှိပတ်ဝန်းကျင်မှာ မင်းကိုယ်မင်း စုစည်းထားရမယ် ၊ အဲဒါမှ သရုပ်ဆောင်တာက အစစ်အမှန်ဖြစ်လာမှာ" ။ ဒါရိုက်တာချန်းက ကလေးမလေးနှင့် ပတ်သတ်ပြီး အလွန်ယုံကြည်စိတ်ချသည်။ ဇာတ်ဝင်ခန်းအကြောင်းကိုလည်း စိတ်ရှည်လက်ရှည်ပြောပြပေးသည်။ သူ(မ)နားမလည်မည်စိုး၍ ခွဲခြမ်းစိတ်ဖြာချက်များအတိုင်းမပြောပဲ ရှင်းရှင်းလင်းလင်းနှင့် သူ(မ)ကိုရှင်းပြပေးသည်။


ကုဆွေ့ဆွေ့က ကာတွန်းပုံနှင့်သောက်ရေဗူး၏ ပိုက်တံကိုကိုက်ချလိုက်သည်။ "....ကိုယ့်ကိုကိုယ် အစားထိုးရမှာလား?"


ရုပ်ရှင်ထဲမှ အဖေနှင့်အမေကို အစ်မထောင် ယောင်နှင့်သစ်ပင်မကောင်းဆိုးဝါးအစ်မတို့ကို အစားထိုးလိုက်လျှင်...


ဤဖြစ်နိုင်ချေကိုတွေးကြည့်လိုက်သောအခါကုဆွေ့ဆွေ့ အလွန်ဝမ်းနည်းလာရသည်။ ဤဝမ်းနည်းမှုမျိုးက သူ(မ)မလှတော့မှန်းသိသွားသောအခါဖြစ်ပေါ်လာသော ဝမ်းနည်းမှုမျိုးနှင့်မတူပေ။ သို့သော် ဘာကမတူနေမှန်း သူ(မ)မသိ။ သူ(မ)ကိစ္စနှစ်ခုကိုသာသိသည်။ သူ(မ)၏ အစ်မတော်များ အဆင်ပြေမှဖြစ်မည်။


ထို့အပြင် သူ(မ)၏အစ်မများက အင်အားကြီးကြသည်။ ဘာများပြဿနာရှိနိုင်မည်နည်း?!


ဤအရာက စိတ်ကူးသက်သက်သာဖြစ်မှန်း ရှင်းရှင်းလင်းလင်းသိသော်လည်း မျက်လုံးအကြိတ်ကောင်းကောင်းဖွံ့ဖြိုးနေသော နုနုနယ်နယ်ကလေးမလေး၏ မျက်ရည်များက မျက်လုံးအိမ်ထဲတွင် စတင်ဝေ့သီလာတော့သည်။ ဒါအိုဒါ၏မျက်ရည်များက လူကြီးတိုင်း၏အသည်းနှလုံးကို နက်နက်ရှိုင်းရှိုင်းတို့ထိစေပြီး ခြွေချသည်။


" ဆွေ့ဆွေ့သမီး...." သူစကားပြောမပြီးခင်တွင် သူ့ဘေးရှိကလေးမလေးက ခံစားချက်ဝင်သွားနှင့်ပြီဖြစ်ကြောင်းကို ဒါရိုက်တာချန်းသိသွားသောအခါ အံ့အားသင့်သွားရသည်။ "ဟုတ်တယ် အဲဒါပဲ ၊ ရိုက်ကူးရေးစရင် မင်းအဲဒီခံစားချက်ကို ဆက်ထိန်းထားလို့ရပြီ"


ဤကဲ့သို့သောအချိန်ကောင်းမျိုးကို လွဲသွားလို့မရကြောင်း ဒါရိုက်တာချန်းသိသည်။ ထို့ကြောင့် အလျင်အမြန်စီစဥ်ခိုင်းလိုက်ပြီး ဇာတ်လိုက်မင်းသား လုချီအား သူ(မ)နှင့်အတူလာပြီးသရုပ်ဆောင်ရန်တောင်းဆိုလိုက်ကာ ရိုက်ကူးရေးဆက်တော့သည်။


ဤတစ်ခေါက်တွင် ကုဆွေ့ဆွေ့က အစမ်းသရုပ်ဆောင်ခြင်းကို ချောချောမွေ့မွေ့နှင့် အောင်မြင်သွားပြီး ကြောက်ရွံ့မှုနှင့်မလိုလားမှု ခံစားချက်တို့ကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့သည်။


မမှိတ်မသုန်ငိုလိုက်ခြင်း၏ အကျိုးဆက်က အတော်လေးပြင်းထန်သည်။ ဒါရိုက်တာက "ကတ်" ဟုအော်လိုက်ပြီး ဆယ်မိနစ်ခန့်ကြာသည်အထိ သူ(မ)မျက်ရည်များကမရပ်တန့်နိုင်ခဲ့ပေ။


"စီနီယာဆွေ့ ဒီလိုငိုနေမယ်ဆိုရင် မျက်လုံးတွေကမို့ရောင်လာလိမ့်မယ်" ။ လုချီကရိုက်ကူးရေးပြီးနောက် ဝတ်စုံပင်မလဲရသေးပေ။ ကလေးမလေး၏ မျက်ရည်ကိုသုတ်ပေးရန် မျက်နှာသုတ်ပဝါစလေးကို ယူလိုက်သည်။


ရုပ်ရှင်ထဲတွင်ပါရသည်က မည်သို့သောခံစားချက်မျိုးဖြစ်သည်ကို သူသိပါသည်။ နှစ်ပေါင်းများစွာရုပ်ရှင်ရိုက်လာကြသော လူတော်တော်များများပင်လျှင် စိတ်ခံစားချက်မှ ချက်ချင်းထွက်လာရန် ခက်ခဲလှသည်။ ဆွေ့ဆွေ့ကဲ့သို့ သုံးနှစ်အရွယ်ကလေးဆိုလျှင် ပြောစရာပင်မလိုတော့ချေ။


သို့သော် လုချီက အိမ်တွင်တစ်ဦးတည်းသော ကလေးဖြစ်ကာ မောင်နှမလည်းမရှိသလို လူများကိုချော့ဖူးသော အတွေ့အကြုံလည်းမရှိပေ။ သူအရမ်းရှုပ်​ထွေးနေ၍ အဆုံးတွင် ကလေးမလေးကို ပျော်အောင်မချော့လိုက်နိုင်ပေ။


"အစ်မရင်းယွီက ဒီမှာကိုး"


"အေး ဟုတ်တယ်"


ဖူရင်းယွီက ယနေ့ညတွင် "တိမ်မြှုပ်နေသော" ရုပ်ရှင်ရိုက်ကူးရေးတွင် သူ(မ)၏နောက်ဆုံးဇာတ်ဝင်ခန်းကို အပြီးသတ်တော့မည်ဖြစ်သည်။


အစက သူ(မ)၏အထူးသီးသန့်အဝတ်လဲခန်းသို့ မိတ်ကပ်လိမ်းရန် သွားတော့မလို့ပင်။ သို့သော် ရင်းနှီးနေသော ပုံရိပ်လေးကိုတွေ့လိုက်ရသည်။


ဤကလေးမလေးကို သူ(မ)တွေ့လိုက်တိုင်း ဘာကြောင့်များအမြဲငိုနေရတာပါလိမ့်။


ဟေး အငိုသန်လေးပါလား


ဖူရင်းယွီက သူ(မ)၏အေးစက်စက်မျက်ခုံးကိုအနည်းငယ်ပင့်လိုက်ရင်း လျှောက်သွားလိုက်သည်။ သူ(မ)အိပ်ကပ်ထဲမှ ချိုချဥ်လေးတစ်လုံးကို ထုတ်လိုက်ကာ ပြောသည်။ "ကလေးရေ ဒီနေ့ချိုချဥ်က စတော်ဘယ်ရီအရသာလေ"


ကုဆွေ့ဆွေ့ပြန်မဖြေနိုင်ခင်တွင် တစ်ဖက်တွင်ရှိနေသော လုချီက ဖူရင်းယွီအား အံ့သြတကြီးကြည့်နေသည်။ ဖူရင်းယွီက ဤဇာတ်လမ်းတွဲထဲတွင် အမျိုးသမီးဇာတ်လိုက်ဖြစ်သည်။ သူ(မ)နှင့်နှစ်လကျော်ကျော်လောက် သူရိုက်ကူးရေးလုပ်ခဲ့သည်။ ထိုအမျိုးသမီးက အတွင်းရော အပြင်မှာပါ ကြင်နာတတ်သူမဟုတ်ကြောင်းလည်း သူသိသည်။


ယနေ့နေက အနောက်အရပ်မှ ထွက်လာသည်လား?