Part 103
မူလပိုင်ရှင်၏ အဝတ်ဗီရိုထဲတွင် ဆွဲဆောင်မှုရှိသည့် ညဝတ်အင်္ကျီများစွာရှိသည်။ သို့သော် ယွမ်ရှ ဤနေရာသို ကူးပြောင်းလာချိန်မှစ၍ ၎င်းတို့က ဖုန်တက်လာသည်။
ဘာကြောင့်လဲဆိုတော့ ...
မူလပိုင်ရှင်က ဤအိမ်တွင် အရွယ်ရောက်ပြီးအမျိုးသားတစ်ယောက်ရှိနေခြင်းကို ဥပေက္ခာပြုထားသော်လည်း သူမက ထိုသို့မလုပ်နိုင်ပေ။ ထို့ပြင် သူမက ရှေးဆန်သည့် ညဝတ်အင်္ကျီများကိုသာ သဘောကျသည်။ မည်သို့ပင်ဖြစ်စေ ထိုသို့ဝတ်ခြင်းဖြင့် တစ်စုံတစ်ယောက်၏ စိတ်ကူးယဉ်မှုများကို အရိုင်းဆန်မသွားစေပေ။
" ဒီနေ့က ပါပါးမွေးနေ့လေ ဝမ်လေးက သူနဲ့တူတူအိပ်သင့်တာပေါ့ ..."
ယွမ်ရှက စုန့်ထင်ရှန်း၏ရှေ့တွင် ဝမ်လေးကို ကျီစယ်လိုက်သည်။
ဝမ်လေးက ဤဝတ္ထု၏ဗီလိန်အကြီးစားဖြစ်လာရန် ထိုက်တန်ပေသည်။ သူက အသက်လေးနှစ်အရွယ်သာ ရှိသေးသော်လည်း လူအားလုံးကို ချောင်ပိတ်နိုင်သည့်စွမ်းရည်က တစ်နေ့ထက်တစ်နေ့ ပိုအားကောင်းလာသည်။ ဥပမာအားဖြင့် ယခုချိန်တွင် တခြားကလေးများဖြစ်ပါက ကိုးရို့ကားယားဖြစ်သွားနိုင်သော်လည်း သူက ထိုသို့မဖြစ်ပေ။ ထိုအစား သူက သူမကို မေးခွန်းတစ်ခု ပြန်ပေးလိုက်သည်။
" ဒီနေ့က ပါပါးမွေးနေ့ဆိုတော့ မားမားဒီညသူနဲ့အိပ်သင့်တာလေ ..."
ယွမ်ရှ : ငါတော့မှားပြီ ...
ဝမ်လေး၏မေးခွန်းကြောင့် ပုံမှန်အချိန်တွင် တည်ငြိမ်နေသည့်လူကြီးနှစ်ယောက်က နေရခက်သွားသည်။
စုန့်ထင်ရှန်းက ဝမ်လေး၏ခေါင်းကိုပွတ်သပ်ပြီးပြောလိုက်သည်။
" ပါပါးက ညဘက်အေးအေးချမ်းချမ်းပဲ အိပ်ချင်လို့ပါ ... မာမားနဲ့အိပ်မယ်ဆို ကောင်းကောင်းအိပ်နော် ..."
ထိုစကားများပြောပြီးနောက် ဝမ်လေးကိုချီကာ ဖက်နမ်းလိုက်သည်။
" ကောင်းသောညပါ သားလေး ..."
ပုံမှန်လုပ်နေကြအတိုင်းပင် စုန့်ထင်ရှန်းကို ဝမ်လေးက ပြန်နမ်းလိုက်သည်။
" ကောင်းသောညပါ ပါပါး ..."
မိဘနှင့်သားသမီးကြားမှ သဘာဝဆန်သည့် ချစ်ခင်ရင်းနှီးမှုကို ယွမ်ရှက ရပ်ကြည့်နေရန်သာ ရွေးချယ်လိုက်သည်။
သို့ရာတွင် ဝမ်လေးက သူမကိုလည်း အလွတ်မပေးပေ။ စုန့်ထင်ရှန်းက သူ့ကိုအောက်ချမည့်အချိန်တွင် တဲ့တိုးမေးလိုက်သည်။
" ပါပါး မာမားကိုလည်း အိပ်ရာဝင်အနမ်း မပေးတော့ဘူးလား ..."
စုန့်ထင်ရှန်းနှင့် ယွမ်ရှ : “…”
ယွမ်ရှ စုန့်ထင်ရှန်းကို စိုက်ကြည့်နေမိသည်။ အိပ်ရာဝင်အနမ်းက ဤသားအဖနှစ်ယောက်ကြားတွင် သာမန်ကိစ္စတစ်ခုသာဖြစ်ကြောင့် သူမအနေဖြင့် သေချာသည်။ သူမရှေ့တွင်သာ ဤသို့ မနမ်းခဲ့ခြင်းဖြစ်လိမ့်မည်။
သူမရှေ့မှာသူ ဝမ်လေးကို မနမ်းလိုက်သင့်ဘူး ... ဒီကလေးက အရမ်းအရိပ်အကဲသိတာ ... မြင်တဲ့အတိုင်းပဲ ခုဆိုရင် သူတို့နှစ်ယောက်ကို မေးခွန်းတွေမေးနေပြီ ...
စုန့်ထင်ရှန်း သူ့ကိုယ်သူသာ ဖြတ်ရိုက်ပစ်ချင်တော့သည်။
လူကြီးနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြသည်။ စုန့်ထင်ရှန်းက အရင်လက်လျှော့လိုက်ရပြီး ယွမ်ရှနားကိုကပ်လာသည့်အခါ သူမ အလိုလိုနောက်ဆုတ်သွားမိသည်။ သူက ယွမ်ရှ၏ မျက်နှာနှင့် နီးလာသည့်အခါရပ်လိုက်ပြီး သူမကို နမ်းဟန်ဆောင်ကာ "မွ" ဟူသော အသံပြုလိုက်သည်။
ကံကောင်းသည်မှာ သူက အရပ်မြင့်သဖြင့် ဝမ်လေးက အနမ်းတုတစ်ခုဖြစ်ကြောင်း မသိလိုက်ပေ။
ကလေးလေးက သူမကို အဘယ့်ကြောင့် စုန့်ထင်ရှန်းကို အနမ်းမပေးသည်ကိုမေးမည်စိုး၍ ယွမ်ရှက စုန့်ထင်ရှန်းအတိုင်း တစ်ပုံစံတည်းလိုက်လုပ်ပြီး "မွ" ဟူသောအသံကို သူ့ထက်ချဲ့ကားပြီး ပိုကျယ်အောင်လုပ်လိုက်သည်။
ရုပ်ရှင်ဧကရာဇ်နှင့် ဧကရီမကြီးတို့ သူတို့၏ သရုပ်ဆောင်ချက်များပြီးဆုံးသွားသည့်အခါ ရုပ်ရှင်ဧကရီက ဝမ်လေးကို သူမအခန်းထဲ လှစ်ခနဲခေါ်သွားသည်။ အခန်းတံခါးပိတ်ပြီးခါမှ စိတ်အေးလက်အေးသက်ပြင်းချနိုင်တော့သည်။
နေရခက်လွန်းလို့ အသက်ရှုကျပ်သေးတော့မယ်လို့တောင် ခံစားရတယ် ...
ယွမ်ရှက ဖြူစင်သောမျက်နှာနှင့် ဝမ်လေးကိုကြည့်ပြီး "ဟွန့်" ဟူသာ ပြောနိုင်တော့သည်။
" ဒီကလေးလေး တခြာလူတွေကို တော်တော်နေရခက်အောင်လုပ်တာပဲ ..."
အံ့အားသင့်စရာမှာ သူမ ထိုစကားများပြောပြီးချိန်တွင် ဝမ်လေးက သူမကိုဖက်လိုက်ပြီးနောက် ခေါင်းမော့ကြည့်နေသည်။
ယွမ်ရှ ကသိကအောက်ဖြစ်စွာဖြင့် မေးလိုက်သည်။
" ဘာလို့လဲ ..."
ဝမ်လေးက သူ၏လက်ဖောင်းဖောင်းလေးများဖြင့် သူမဗိုက်ကို ထိလိုက်ပြီး စပ်စုစွာမေးလိုက်သည်။
" မာမား သားက မာမားဗိုက်ထဲက ထွက်လာတာလား ..."
" ဟုတ်တယ်လေ ..."
မူလက သူ့ကို အမှိုက်ပုံးထဲမှ ကောက်လာသည်ဟု ကျီစယ်ရန် တွေးလိုက်မိသော်လည်း သူမ မိဘများကလည်း သူမငယ်စဉ်က ထိုသို့နောက်ပြောင်ခဲ့သည်ကို တွေးမိသွားသည်။ အချိန်အတော်ကြာသည်အထိ သူမက အမှိုက်ပုံးများနှင့် ပတ်သက်ပြီး စိတ်ဒဏ်ရာရခဲ့သည်။
ယွမ်ရှက ကလေးများ မည်သည့်နေရာမှ ရောက်လာသည်ကို ဝမ်လေးနားလည်အောင်ရှင်းပြရန် စွမ်းအင်များ စုစည်းနေစဉ် ဝမ်လေးက သူမဗိုက်ကို အကြိမ်ပေါင်းများစွာနမ်းလိုက်သည်။
သူက သူမကို မော့ကြည့်လိုက်သည့်အခါ မျက်လုံးထဲတွင် ကြယ်များ တလက်လက်တောက်ပနေသကဲ့သို့ပင်။
" မာမားကို သားအများကြီးနမ်းပေးမယ်လေ ... ဒါဆိုရင် မနာတော့ဘူးမလား ..."