အပိုင်း ၈
Viewers 15k

Chapter 8


နောက်တစ်နေ့နံနက်ခင်းစောစောတွင် ဖုန်းရလာသောကုဆွေ့ဆွေ့က ပျော်ရွှင်စွာဖြင့် လုချီထံသို့ချဥ်းကပ်လာသည်။


"အစ်ကိုလုချီ မေမေကသမီးကိုဖုန်းအသစ်တစ်လုံးဝယ်ပေးတယ် ၊ ဝီချက်မှာတစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းလုပ်ထားရအောင်"


 သူ(မ)၏ဝါဖျော့ဖျော့မျက်ဝန်းတစ်စုံနှင့် ပေကလတ်ပေကလတ်လုပ်နေကာ ရိုးသားမှုတို့ပြည့်နှက်နေသော အဖြူအနက်မျက်လုံးလေးများက လူတိုင်းကိုမငြင်းဆန်နိုင်အောင်လုပ်နေသယောင်ပင်။


လုချီကလည်း ဆွေ့ဆွေ့၏စကားကိုငြင်းဆိုရန် မည်သည့်အခါမှ မတွေးခဲ့ချေ။


လုချီကသူ၏ဖုန်းကိုထုတ်လိုက်ကာ သိလိုစိတ်ပြင်းပြစွာဖြင့်မေးလိုက်သည်။ "ဆွေ့ဆွေ့ ရိုက်ကူးရေးအဖွဲ့ထဲမှာ အစ်ကိုကသမီးရဲ့ဝီချတ်မှာ သူငယ်ချင်းဖြစ်ခွင့်ရတဲ့ ပထမဆုံးသူလား?"


ကုဆွေ့ဆွေ့က "ဒါပေါ့" ဟူသောမျက်နှာအမူအရာမျိုးလုပ်ပြလိုက်သည်။ လုချီကဆွေ့ဆွေ့၏ထိုအမူအရာလေးကိုတွေ့လိုက်ရသောအခါ ချက်ချင်းပင်ပျော်မြူးသွားတော့သည်။ ဆွေ့ဆွေ့အားတစ်ချိန်လုံး မုန့်ပဲသရေစာများနှင့်အသီးအနှံများကျွေးရန် သူ့လက်ထောက်အားစီစဥ်ခိုင်းခဲ့သည်က အချည်းနှီးဖြစ်သွားလိမ့်မည်ဟု သူထင်ခဲ့သည်။ သို့သော် အမှန်တကယ်တွင် အလကားသက်သက်မဖြစ်ခဲ့ပေ။


ကလေးမလေး၏စိတ်နှလုံးထဲတွင် သူကမည်မျှအရေးကြီးသည်ကိုသဘောပေါက်သွားသောအခါ လုချီကသူ့နှုတ်ခမ်းကိုအနည်းငယ်ပင့်တင်လိုက်ရင်း ဆွေ့ဆွေ့က ကျူအာကုတ်ကို စကန်ဖတ်ပြီး ဝီချတ်ထဲသို့ထည့်လိုက်ကာ မှတ်ချက်တွင် "အစ်ကိုလုချီ" ဟုပြောင်းလဲမှတ်သားလိုက်သည်ကို ကျေနပ်အားရစွာကြည့်နေမိသည်။


"သမီးကိုဝီချက်တစ်ခုထဲနဲ့အဆက်အသွယ်လုပ်ဖို့က အဆင်မပြေဘူး ၊ အစ်ကိုကသမီးကို အစ်ကို့ရဲ့ဖုန်းနံပါတ်ပေးလိုက်မယ်" ။ 


ထို့နောက် လုချီက ဆွေ့ဆွေ့အား သူ၏ကိုယ်ပိုင်ဖုန်းနံပါတ်ကိုပေးလိုက်သည်။


ဤရုပ်ရှင်အသိုင်းအဝိုင်းရှိလူတော်တော်များများက လုချီ၏ဖုန်းနံပါတ်ကိုမသိကြပေ။ လုချီကိုယ်တိုင်လည်း တစ်နေ့တွင် သူ့ဖုန်းနံပါတ်အား သုံးနှစ်အရွယ်ကလေးမလေးကို ပေးလိုက်လိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။


သူတို့နှစ်ဦးအတူရှိသည်မှာ တစ်လခွဲကျော်ကျော်မျှသာရှိသေးသော်လည်း လုချီတစ်ယောက် ကုဆွေ့ဆွေ့လေးကို အမှန်တကယ်သဘောကျမိသည်။ သူ့အမြင်တွင် ဤကလေးငယ်လေးက သူ့အတွက် ရိုးရိုးရှင်းရှင်းလေးနှင့် အမြဲပြုံးပျော်အောင်လုပ်ပေးတတ်သောသူဖြစ်သည်။ ရံဖန်ရံခါတွင် သူ(မ)၏နှုတ်မှထွက်လာသော ကလေးဆန်ဆန်စကားလုံးများကို သူ့အားအမြဲတစေ ရယ်မောစေသည်။


ရက်အနည်းငယ်လောက်က ယခင်နေအိမ်သို့ပြန်သွားသောအခါ အမြဲတမ်းတည်ကြည်လေးနက်ကာရှေးဆန်သောအဖိုးကပင် လတ်တလောတွင်သူစိတ်အခြေအနေကောင်းနေသည်ကိုပြောနိုင်သည်။ သူကောင်းသောအရာတစ်ခုခုနှင့်များကြုံခဲ့သလားဟု မေးလာသည်။


"ဒါနဲ့လေ တစ်ခုခုကြောင့်သမီးအစ်ကိုရဲ့ဖုန်းကိုခေါ်လို့မရရင် ဘေးမှာရှိနေတဲ့ဦးဦးရဲ့ဖုန်းကိုပဲခေါ်လိုက်နော် ၊ သူ့ရဲ့ဖုန်းကတစ်ရက်မှာ နှစ်ဆယ့်လေးနာရီလုံးလုံးဖွင့်ထားတယ်"


ဘေးတွင်ရပ်နေသောလုချီ၏ကိုယ်စားလှယ်: "ငါကသူ့ထက် လေးငါးနှစ်လောက်ပဲကြီးတာပါ ၊ ပြီးတော့ငါကခံ့ညားလွန်းတဲ့ အရွယ်စွန်းစွန်းလေးပါနော် ၊ သူကကျတော့အစ်ကိုကြီးဖြစ်တော့ ငါကကျတော့ဘာလို့ဦးလေးဖြစ်ရမှာလဲ ၊ ဒါကအရမ်းကိုမတရားတာပဲ"


ကုဆွေ့ဆွေ့ကရိုက်ကူးရေးအဖွဲ့တွင် ကျော်ကြားသည်။ အရင်းခံအားဖြင့် သူ(မ)ကိုမသိသော ဝန်ထမ်းတစ်ယောက်မှမရှိပေ။ သူ(မ)က ချစ်ဖွယ်ကောင်းလွန်းသည်။ သူ(မ)နှင့်တွေ့သောသူတိုင်းက သူတို့အား အစ်ကို ၊ အစ်မ ၊ ဦးလေး ၊ ဒေါ်လေးဟုခေါ်ရန် လက်ဦးမှုယူကြစမြဲဖြစ်သည်။


မိတ်ကပ်ပေါင်ဒါမှုန့်များ လိမ်းကျံထားသော ကလေးမလေးက ဖယောင်းသားကဲ့သို့နူးညံ့ပျော့ပျောင်းသောအသံလေးနှင့် အငိုသန်လေးဖြစ်သည်။ လူကြီးဘယ်နှစ်ယောက်ကများ အသည်းမာပြီးရက်စက်နိုင်လိမ့်မည်နည်း။ ထို့အပြင် ဒါရိုက်တာကြီးနှင့်အမျိုးသားဇာတ်လိုက် လုချီကလည်း ဤကလေးငယ်လေးအား အလွန်ချစ်ကြသည်ကို ရိုက်ကူးရေးအဖွဲ့ရှိလူတိုင်း သိကြသည်။ လူတိုင်း၏စိတ်ထဲတွင် က​လေးမလေးကိုဂရုမစိုက်ချင်ကြ။ သို့သော်ပေါ်တင်လည်းထုတ်မပြရဲပေ။


သို့သော် ရိုက်ကူးရေးအဖွဲ့ထဲရှိ မည်သူကမှ အဆင်အခြင်မမဲ့ကြပေ။


လူကြီးများကစိတ်ဝင်စားကြသော်ငြားလည်း များသောအားဖြင့် သုံးနှစ်အရွယ်သာရှိသေးသောကလေးငယ်လေးအား တားဆီးပိတ်ပင်ခြင်းမျိုးတော့မလုပ်ကြ။ ဆွေ့ဆွေ့လေးက ဆက်သွယ်ရန် အချက်အလက်များလိုက်တောင်းနေသည်ကိုတွေ့ကြသောအခါ သူ(မ)၏ခြေတံတိုတိုလေးများနှင့်သူတို့ဆီလာမည်ကိုပင် မစောင့်တော့ပဲ သူ(မ)ထံသို့အရင်သွားလိုက်ကြသည်။


မိတ်ကပ်ဆရာစွန်းဟုန်လည်း ထိုထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ 


ဤကဲ့သို့လုပ်နေခြင်းမှာ ဒါရိုက်တာကြီးနှင့်ဇာတ်လိုက်မင်းသားလုချီတို့အား စိတ်ကျေနပ်စေရန်မဟုတ်ပဲ ကလေးမလေးကိုသူချစ်ခင်နေမိသောကြောင့်ဖြစ်သည်။


အပြင်ပန်းကတည်ငြိမ်နေသော်လည်း တစ်ကယ်တမ်း စွန်းဟုန်၏စိတ်ထဲတွင်တော့ အော်ဟစ်နေမိရင်း အသည်းကြော်လေးနှင့်အုပ်စုဓာတ်ပုံတွဲရိုက်ရန် ဤအခွင့်အရေးကိုအရယူလိုက်သည်။


"အာ! သူ(မ)ကနေ့တိုင်းကို ချစ်ဖို့ကောင်းလာတော့တာပဲ ၊ ငါတစ်ကယ်ပဲထပ်ပြီးထိကိုင်ချင်လိုက်တာ"


"ဆံပင်လေးကအရမ်းနူးညံ့ပုံပဲ ကိုင်လိုက်ရရင်အရမ်းသက်တောင့်သက်သာရှိနေမှာ...."


စွန်းဟုန်ကဖုန်းကိုယူပြီးတိတ်တခိုးကွယ်ကာ အနည်းငယ်ချောင်းဟန့်လိုက်သည်။


ကလေးမလေးက သူ့အား "ဒေါ်ဒေါ်" ဟုခေါင်းစဥ်တပ်လိုက်မည်ကို ကာကွယ်သည့်အနေဖြင့် သူ့ကိုယ်သူထိန်းချုပ်လိုက်သည်။


ကုဆွေ့ဆွေ့ကရိုက်ကွင်းကိုလှည့်သွားလိုက်ပြီး တစ်ခဏအကြာတွင် သူ(မ)ယခုလေးတင်ဖွင့်ထားသော ဝီချက် အကောင့်က သူငယ်ချင်းအယောက်နှစ်ဆယ်ကျော်ကျော်ပင်ရှိနေပြီဖြစ်သည်။


သို့သော် သူ(မ)အားချိုချဥ်ပေးခဲ့သော်အစ်မလှလှလေးက ရိုက်ကူးရေးအဖွဲ့ထဲတွင်ရှိမနေခဲ့။ ထိုအစ်မကရိုက်ကူးရေးပြီးသွားနှင့်ပြီဟု အစ်ကိုလုချီပြောသောကြောင့် နုနုနယ်နယ်ကလေးလေးက ဤတစ်ခေါက်တွင် အစ်မလှလှ၏ဆက်သွယ်ရန်အချက်အလက်ကို ရနိုင်တော့မည်မဟုတ်ပေ။


"ရေကန်ငယ်" ဆိုသည်မှာ လုချီ၏ပရိသတ်များကသူ့အတွက်ပေးထားသော ချစ်စနိုးအမည်ဖြစ်သည်။


အားလုံးသိကြသည့်အတိုင်းတွင် နာမည်ကျော်တစ်ဦးကပို၍နာ​​​မည်ကြီးလာလေ ဝေ့ပေါ်(Weibo)တွင်ပုံတင်သော အကြိမ်ရေကပို၍နည်းလာသည်။ ဇာတ်လမ်းတွဲအသစ်များအတွက်မရှိမဖြစ်လိုအပ်သော ကြော်ငြာချက်များ အတည်ပြုချက်များအပြင် ယေဘုယျအားဖြင့်ပြောရမည်ဆိုလျှင် သူတို့၏ကိုယ်ပိုင်အကောင့်တွင် အတွင်းရေးဓာတ်ပုံအနည်းငယ်ရှိသည်။


သို့သော် ယနေ့တွင်မူ သူတို့ရဲ့ကိုကိုလုချီက "တိမ်မြှုပ်နေသော" ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့မှ မနေ့က ထုတ်ပေးထားသောပုံသေမိတ်ကပ်ဓာတ်ပုံကို သူ၏ဝေ့ပေါ်(Weibo)တွင် အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ပြန်တင်ထားသည်ကို ပရိသတ်များကတွေ့သွားခဲ့ကြသည်။


လုချီ: မိတ်ဆက်ပေးမယ်နော် ဒါကကျွန်တော့်ရဲ့မင်းသမီးလေးပါ။


"အား! ဘာတွေဖြစ်နေတာလဲ? ဒီနေ့အစ်ကိုကရုတ်တရက်ကြီးငါ့ရဲ့ဓာတ်ပုံတွေကို တင်လိုက်တယ်"။


"ဒီဓာတ်ပုံက"တိမ်မြှုပ်နေသော" ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ကရိုက်ထားတဲ့ပုံလား? ဓာတ်ပုံရဲ့နောက်နားလေးမှာ ဝန်ထမ်းကိုမြင်နေရတယ်"


"ဘုရားရေ! လုချီလက်ပေါ်မှာရှိနေတဲ့ကလေးမလေးကိုပဲ ငါမနာလိုဖြစ်မိတယ် ၊ ညီမလေးရေ အဲဒီကိုကိုကို လွှတ်လိုက်ပြီး မမပဲလာပါရစေနော်"


"ကျီမင်းသိသားပြီလား? ကလေးမလေးက မနေ့ကမိတ်ကပ်ဓာတ်ပုံထဲက တစ်ယောက်ပဲဖြစ်မယ်နဲ့တူတယ်"


"Lunge@'s ဆိုတဲ့အကောင့်က အသစ်စက်စက်မှတ်ပုံတင်ထားတဲ့ ဝေ့ပေါ်(Weibo) အကောင့်ဖြစ်ပုံရတယ် ၊ ပြီးတော့ပုံတစ်ပုံပဲပြန်တင်ထားပြီး ကျန်တဲ့ဟာကဘာမှမရှိဘူး"


"လူသိရှင်ကြားဖြစ်ပြီးတဲ့လူတွေအတွက် အကောင့်အတုလုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ၊ ဒါကလက်အောက်ခံဘဝကျရောက်သွားတဲ့တိုင်းပြည်ရဲ့မင်းသမီးငယ်လေးအဖြစ်သရုပ်ဆောင်ထားတဲ့ ကလေးသရုပ်ဆောင်လေးပဲဖြစ်ရမယ် ၊ လုချီရဲ့ပရိသတ်တစ်ယောက်အနေနဲ့ အစ်ကိုလုချီကတစ်ခြားတစ်ယောက်အတွက်နဲ့ဒီလိုလုပ်ပေးတာကို ပထမဆုံးမြင်ဖူးတာပဲ ၊ ငါ့အစ်ကိုအရင်းဖြစ်နေရင်တောင်မှ စိတ်ဝင်စားမိဦးမှာပဲ"။


"လုချီက အယောက်တစ်သောင်းထက်မကတဲ့လူတွေကိုစိတ်ဝင်စားလာအောင်လုပ်ထားတာမလို့ ရုပ်ရှင်ထဲကမောင်နှမနှစ်ယောက်ရဲ့ သရုပ်ဆောင်မှုကိုငါမျှော်နေမိပြီ" ။


အင်တာနက်ကွန်ရက်၏ဝရုမ်းသုန်းကားအခြေအနေနှင့်ပတ်သတ်၍ စကပ်တိုလေးအတွက်ကြော်ငြာကိုလေးလေးနက်နက်ရိုက်ကူးနေသော ကုဆွေ့ဆွေ့ကမသိလိုက်ပေ။


အုပ်စုဓာတ်ပုံရိုက်နေရင်း ဆွေ့ဆွေ့ကတစ်စုံတစ်ယောက်နှင့်ဓာတ်ပုံတွဲရိုက်နေသည်ကို လုချီတွေ့လိုက်မိသည်။ ထို့ကြောင့် သူလည်းပဲဓာတ်ပုံတွဲရိုက်ရန်ကလေးမလေးကို တိတ်တဆိတ်တောင်းဆိုလိုက်သည်။ ထို့နောက်ဝေ့ပေါ်တွင် သူတို့နှစ်ဦးတွဲရိုက်ထားသောပုံကိုတင်လိုက်ရန်က သူ့ကိုယ်ပိုင်အတွေးဖြစ်သည်။ ကုဆွေ့ဆွေ့ကိုပင် သူမပြောပြလိုက်ချေ။


ကလေးမလေးကို အံ့သြသွားစေလိုသောကြောင့်ဖြစ်သည်။


လုချီ၏ဝေ့ပေါ်(Weibo)အကောင့်ကအမြဲတစေသူ့လက်ထဲတွင်သာရှိသည်။ ထိုပုံက ရိုက်ကူးရေးအဖွဲ့ထဲမှကလေးများနှင့်အတူတွဲရိုက်ထားသော ပုံတစ်ပုံမျှသာဖြစ်သည်။ သူတင်ချင်သော်လည်း သူ့ကိုယ်စားလှယ်ကတစ်ခုခုပြောလိုက်သည်။


ထိုနေ့လည်ခင်းတွင် ဖုန်းယောက်ချင်းက သူ(မ)၏နှစ်ဆယ့်လေးနာရီစတိုးဆိုင်အလုပ်ကိုအပြီးသတ်လိုက်ပြီး အဝတ်အစားလဲလိုက်ကာ ရိုက်ကူးရေးအဖွဲ့ရှိသူ(မ)သမီးကိုကြိုရန်သွားတော့သည်။ သူ(မ)ဖုန်းထုတ်လိုက်သောအခါ ဝေ့ပေါ်(Weibo) အကောင့်မှ မက်ဆေ့ချ်များက ဖုန်းမျက်နှာပြင်ထက်တွင် အများအပြားပေါ်လာသည်။ 


ထို့နောက်ချက်ချင်းလက်ငင်းပင် သူ(မ)သမီးအတွက် ယမန်နေ့ညက မှတ်ပုံတင်ပေးထားသော ဝေ့ပေါ်(Weibo)အကောင့်တွင် ပရိသတ်များကထိန်းမနိုင်သိမ်းမရတိုးပွားလာသည်ကို တွေ့လိုက်ရသည်။ ဤအကောင့်တွင် ပရိသတ်အရေအတွက်က ရုတ်ချည်းတိုးပွားလာသည်။


ဖုန်းယောက်ချင်းက ဂဏန်းနှစ်လုံးနောက်ရှိနံပါတ်ကိုရေတွက်လိုက်ပြီး ကြက်သေသေသွားသည်။ "....??!"


မည်သို့ဖြစ်နိုင်မည်နည်း။


ဝေ့ပေါ်(Weibo)၏နောက်ခံစနစ်က ချွတ်ယွင်းနေသောကြောင့်လား? ?


သံသယအပြည့်နှင့် ဤဝေ့ပေါ်(Weibo) အကောင့်အောက်တွင်တင်ထားသော တစ်ခုတည်းသောမှတ်ချက်ကိုဝင်ဖတ်လိုက်သောအခါ ပရိသတ်တစ်ဟုန်ထိုးတိုးပွားလာခြင်း၏အကြောင်းရင်းကိုနောက်ဆုံးတွင် သိလိုက်ရသည်။


ဤမနက်တွင် လုချီကရိုက်ကွင်းပေါ်တွင် ဆွေ့ဆွေ့နှင့်တွဲရိုက်ထားသောပုံကိုရုတ်တရက်တင်လိုက်ပြီး သူ(မ)၏အကောင့်ကိုတွဲတင်ထားသောကြောင့်ဖြစ်သည်။


လုချီ၏ဝေ့ပေါ်(Weibo)အကောင့်က ဖော်လိုဝါ(follower) သန်းနှစ်ဆယ်ကျော်ထက်မကရှိသည်။ သူပုံတင်အပြီး နေ့တစ်ဝက်ခန့်သာကြာသည်။ သူ(မ)သမီးအတွက်အသစ်စက်စက်မှတ်ပုံတင်ပေးထားသော ဖုန်းယောက်ချင်း၏ဝေ့ပေါ်(Weibo)အကောင့်က ချက်ချင်းပင် ဖော်လိုဝါ(follower)နှစ်သိန်းသို့ တိုးသွားသည်။


Xxxxxxxx

အားပေးဖတ်ရှုတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ် ❤️