အပိုင်း ၉
Viewers 15k

Chapter 9


ကုဆွေ့ဆွေ့ရုပ်ရှင်ရိုက်ကူးရေးတရားဝင်ပြီးဆုံးသည့်နေ့တွင် သူ(မ)၏ဝေ့ပေါ်ရှိပရိသတ်များက လေးသိန်းကျော်ထက်မကရှိသွားသည်။


လုချီနှင့်တွဲရိုက်ထားသောဝေ့ပေါ်ရှိဓာတ်ပုံကြောင့်သူ(မ)၏ပရိသတ်အရေအတွက်က အစပိုင်းတွင်တစ်ဟုန်ထိုးမြင့်တက်လာပြီး နေ့တစ်ဝက်အတွင်း လူနှစ်သိန်းအထိမြင့်တက်သွားသည်။ အချိန်ကြာလာသည်နှင့် အရှိန်ကနှေးကျသွားသည်။ သူ(မ)အား ဖော်လို (follow) လုပ်ထားကြသောပရိသတ်များကလည်း လုချီ၏မျက်နှာကြောင့်သာ ဖော်လို(follow) လုပ်ကြခြင်းဖြစ်ပြီး ကုဆွေ့ဆွေ့ကြောင့်ဆိုသည်မှာ အနည်းငယ်မျှသာဖြစ်သည်။


သို့သော် သူ(မ)ပါဝင်သရုပ်ဆောင်ထားသောတစ်ခုတည်းသောရုပ်ရှင်ကမည်သည့်အချိန်တွင်ထုတ်လွှင့်ပြသမည်ကို သူ(မ)မသိချေ။ ရုပ်ရှင်အားအထောက်အပံ့ပေးမှုနှင့် အခြားကြော်ငြာမှုများမရှိသောကြောင့် ထုတ်လွှင့်မှသာကြည့်ရှုနိုင်မည်ဖြစ်သည်။


"တိမ်မြှုပ်နေသော" ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့သားတွေအားလုံးအတွက် ဝမ်းသာပါတယ်!"


လက်အောက်ခံဘဝကျရောက်သွားသောတိုင်းပြည်၏မင်းသမီးငယ်လေးအဖြစ်သရုပ်ဆောင်ထားသော ကုဆွေ့ဆွေ့နှင့်အမျိုးသားဇာတ်လိုက်ဖြစ်သူ လုချီတို့က ရိုက်ကူးရေးကိုအတူတူအဆုံးသတ်လိုက်ကြသည်။ သူတို့နှစ်ဦးအတွက် ကိတ်ကြီးတစ်လုံးပြင်ဆင်ပေးရန် ဒါရိုက်တာချန်းက ဝန်ထမ်းအားပြောလိုက်သည်။


"တိမ်မြှုပ်နေသော" ရုပ်ရှင်အဖွဲ့သားကြီးက အနီးအနားရှိ ကြယ်ငါးပွင့်ဟိုတယ်တွင် နောက်ဆုံးဂုဏ်ပြုစားပွဲ ကျင်းပကြမည်ဖြစ်သည်။ ကလေးငယ်လေး၏အသက်ကငယ်လွန်းသောကြောင့် ဤသို့သောအခမ်းအနားပွဲများတွင်ပါဝင်ဆင်နွှဲရန် အမှန်တကယ်မသက့်တော်လှချေ။ ထို့ကြောင့်ယနေ့မှာထားသော ကိတ်ကြီးက သူ(မ)တစ်ယောက်တည်းအတွက် ဂုဏ်ပြုပေးရန်ရည်ရွယ်ထားခြင်းဖြစ်သည်။


ကုဆွေ့ဆွေ့က နောက်ဆုံးဂုဏ်ပြုစားပွဲသို့သွားနိုင်ရန် ၊ ရင်းနှီးမြှုပ်နှံသူများ ထုတ်လုပ်သူများနှင့်တွေ့နိုင်ရန် စိတ်မဝင်စားလှချေ။ သူ(မ)အရွယ်ကလေးအျားအတွက်မူ အရသာရှိသောစားစရာတစ်ခုခုရှိနေသရွေ့ အလွန်စိတ်ကျေနပ်အားရပြီး အခြားဘာကိုမျှမတွေးနိုင်တော့ချေ။


ကုဆွေ့ဆွေ့တစ်ယောက်လူတိုင်းနှင့်ကိတ်မုန့်စားသောက်ပြီးနောက် အဝတ်အစားလဲလိုက်သည်။ ဖုန်းယောက်ချင်းကလည်း ရိုက်ကူးရေးအဖွဲ့ထံသို့အပြေးအလွှားသွားတော့သည်။


"အစ်မက ဆွေ့ဆွေ့ရဲ့အမေမဟုတ်လား? မင်္ဂလာပါ ကျွန်တော်ကလုချီပါ" ။ ဆွေ့ဆွေ့အားချစ်ခင်သည့်အပြင် ဖုန်းယောက်ချင်းအပေါ်လုချီ၏သဘောထားကလည်း အလွန်ရင်းနှီးဖော်ရွေလှသည်။ နာမည်ကြီးအကျော်အမော်တစ်ဦး၏ ဟန်ပန်အနည်းငယ်ကိုပင် မတွေ့ရချေ။


ဖုန်းယောက်ချင်းကသူ(မ)သမီး၏လက်ကလေးကိုဆွဲရင်း သူ(မ)အားအကျော်အမော်ကြီးတစ်ယောက်က လာရောက်နှုတ်ဆက်သည်ကိုတွေ့လိုက်ရသည်။ "မင်္ဂလာပါ ကျွန်မကသမီးလေးရဲ့ အမေပါ ၊ နာမည်ကတော့ ဖုန်းယောက်ချင်းပါ ၊ ဒီအတောအတွင်းမှာ သမီးလေးကိုဂရုစိုက်ပေးတဲ့အတွက် မစ္စတာလုကို ကျေးဇူးတင်ပါတယ် ၊ ရိုက်ကူးရေးအဖွဲ့ထဲမှာ သမီးကိုဘယ်လိုမျိုးဂရုစိုက်ဆက်ဆံတာဆိုပြီးတော့ အိမ်မှာသမီးလေးက ကျွန်မကို မစ္စတာလုရဲ့အကြောင်းတွေမကြာမကြာပြောပြတတ်ပါတယ်"။


လီဖူကွေ့အားသူ(မ)ကောင်းကောင်းသိသည်။ ဆွေ့ဆွေ့အားတူမတစ်ယောက်သဖွယ်ကောင်းကောင်းဆက်ဆံပေးမည်ဟု ကတိပေးခဲ့သော်လည်း ရိုက်ကူးရေးအဖွဲ့တွင် ဆွေ့ဆွေ့ပြဿနာတစ်ခုဖြစ်ခဲ့ပါက သူဂရုစိုက်လိမ့်မည်မဟုတ်ပေ။


လုချီကတော့ ကွာခြားသည်။


ထိုနေ့တွင် သူသာမာန်ကာလျှံကာပေးပို့လိုက်သော ဝေဘို(Weibo) က မရင်းနှီးနေသော ဆွေ့ဆွေ့အတွက် အကျိုးများစွာဖြစ်စေခဲ့သည်။ သူ၏ကျောထောက်နောက်ခံအင်အားတောင့်သည်ကိုပြောနေစရာပင်မလိုပေ။ ဤအချိန်အထိရောက်လာသည်ကလည်း သူ့ဂရုစိုက်မှုကြောင့်သာဖြစ်သည်။ ရိုက်ကူးရေးအဖွဲ့တွင် သူနေ့တိုင်းပျော်ပျော်ရွှင်ရွှင်နေနိုင်သည်။ မည်သူကမှ သူ့အား အခက်တွေ့အောင်မလုပ်ရဲပေ။


သားအမိနှစ်ဦးလုံးကဆင်းရဲနွမ်းပါးပြီး ဖြူဖျော့နေကာ လက်ထဲတွင်လည်း ပိုင်ဆိုင်ထားသောပစ္စည်းဥစ္စာတစ်ခုတစ်လေမျှ မရှိပေ။ ငွေကြေးအနည်းငယ်လေးနှင့် လစာသန်းဆယ်နှင့်ချီရသော အကျော်အမော်တစ်ဦးက သူ(မ)တို့အပေါ်တစ်ခုခုလုပ်ရန်ကြိုးပမ်းလိမ့်မည်ဟု သူ(မ)လုံးဝစိုးရိမ်ခြင်းမရှိပေ။ ထိုအစား ဤပြဿနာကိုစိုးရိမ်သင့်သောသူက လုချီသာဖြစ်ပေလိမ့်မည်။


လုချီကနူးညံ့စွာပြုံးရင်းပြောလိုက်သည်။ "ကလေးလေးက အရမ်းချစ်ဖို့ကောင်းတယ် ၊ ဘယ်သူမဆိုသူ(မ)ကိုအများကြီးဂရုစိုက်ကြလိမ့်မယ်လို့ ကျွန်တော်ထင်တယ်"။


ရိုက်ကူးရေးက ယနေ့နံနက်တွင်ပြီးဆုံးသွားပြီး လုချီ၏ကိုယ်စားလှယ်ကလည်း ဘေးတွင်ရှိနေသည်။ ကုဆွေ့ဆွေ့၏အမေကိုတွေ့လိုက်သောအခါ သူ့မျက်လုံးတွင် အံ့သြမှုအရိပ်အယောင်လေးဖြတ်ပြေးသွားသည်။ မမျှော်လင့်ထားပဲ သားအမိနှစ်ဦး၏ပုံပန်းအသွင်အပြင်က အတော့်ကိုခြားနားသည်။ သမီးဖြစ်သူကုဆွေ့ဆွေ့က ဆိုင်ထဲတွင်ထားထားသော အရုပ်မလေးကဲ့သို့ သိမ်မွေ့လှပသည်။ မိခင်ဖြစ်သူဖုန်းယောက်ချင်းကမူ ရိုးရိုးသာမာန်ပင်ဖြစ်သည်။ သူ(မ)၏ရုပ်ရည်သွင်ပြင်က သာမာန်လူများကြားတွင် အလှပဂေးဟု သတ်မှတ်နိုင်သော်ငြားလည်း အလှပဂေးများစုပြုံနေသော ဖျော်ဖြေရေးအနုပညာအသိုင်းအဝိုင်းတွင်မူ ထင်သာမြင်သာရှိအောင် မလုံမလောက်ချေ။


ဤနေ့လည်ပိုင်းတွင် လုချီက အခြားကြော်ငြာတစ်ခုရိုက်ကူးရန်အလုပ်များနေသည်။ ရိုက်ကူးရေးအဖွဲ့အားနှုတ်ဆက်ပြီးနောက် သူအလောတကြီးထွက်ခွာရမည်ဖြစ်သည်။


ဖုန်းယောက်ချင်းက တန်ဖိုးကြီးသောကားကြီးကို ပထမဆုံးဖျတ်ခနဲအကြည့်တွင်ပင် ငေးစိုက်ကြည့်နေမိသည်။ လုချီအားလုံးလုံး မနာလိုမဖြစ်မိရန် မဖြစ်နိုင်ပေ။ သူ(မ)ကိုယ်တိုင်လည်း အခြားအတွေးများပင်မတွေးနိုင်တော့ချေ။


သူ(မ)ငယ်ရွယ်စဥ်တွင် ဆွေ့ဆွေ့လေးဖခင်ဖြစ်သူ၏ချောမောသောမျက်နှာတစ်ခုတည်းကို


ကြည့်ကာ ပိုက်ဆံရှိမရှိ အလုပ်အတည်တကျရှိမရှိ သူ(မ)ဂရုမစိုက်ခဲ့မိချေ။ ထို့ကြောင့်တုံ့ဆိုင်းခြင်းမရှိပဲ ထိုလူ့နောက်သို့လိုက်သွားခဲ့ပြီး လက်မထပ်ရသေးပဲ ကိုယ်ဝန်ရလာခဲ့သည်။ နောက်ဆုံးတွင် ဆွေ့ဆွေ့အားမွေးဖွားခဲ့ရသည်။ မျက်နှာတစ်ခုတည်းသောကြည့်ကောင်းသော ယောကျာ်းတစ်ယောက်ကို မရွေးခဲ့သင့်ကြောင်း ဖြစ်ရပ်မှန်များကသက်သေပြနေသည်။ လက်တွေ့ကျကျနှင့် လက်ထပ်ထိမ်းမြားရန် မှီခိုအားကိုးရလောက်သော လူချမ်းသာကို ရှာသင့်သည်။


အဘက်ဘက်တွင်အားမကိုးရသောယောကျာ်းကိုမရှာခဲ့မိပါက သူ(မ)လည်း သမီးလေးနှင့်အတူ ခက်ခဲသောဘဝတွင်နေရလိမ့်မည်မဟုတ်ပေ။


ဖုန်းယောက်ချင်းကသူ(မ)၏မနာလိုသောအားကျသောအ​ကြည့်ကိုပြန်ရုပ်သိမ်းလိုက်သည်။ ဆွေ့ဆွေ့ကိုခေါ်ကာ လမ်းပေါ်တွင်တက်စီတားနေစဥ်တွင် ကားဖြတ်မောင်းလာသော လီဖူကွေ့ကိုတွေ့လိုက်ရသည်။


လီဖူကွေ့ကသူတို့ဘေးတွင် ကားထိုးရပ်လိုက်ပြီး မှန်ချကာ ခေါင်းပြူထွက်လာရင်း အားတက်သရောပြောလာသည်။ "ရှောင်ဖုန်း ငါလည်းကိုင်ဖူလမ်းကိုသွားချင်နေတာ ၊ ကားထဲဝင် ၊ ငါနင်တို့နှစ်ယောက်ကို လမ်းတစ်လျှောက်လုံးခေါ်သွားပေးမယ်"။


ဖုန်းယောက်ချင်းကဝတ်ကျေတမ်းကျေပြုံးပြလိုက်ရင်း ပြောလိုက်သည်။


"အစ်ကိုလီ အစ်ကို့ကိုဒီနေ့တော့အနှောင့်အယှက်မပေးတော့ပါဘူး ၊ အခုကျွန်မနဲ့ဆွေ့ဆွေ့က အိမ်ပြန်ဖို့အစီအစဥ်မရှိသေးဘူး ၊ အပြင်ထွက်ဝယ်စရာလေးတွေရှိလို့ အလုပ်ရှုပ်ဦးမှာ ၊ အစ်ကိုတစ်ယောက်တည်းပဲဂရုတစိုက်မောင်းသွားလိုက်ပါနော် ၊ နောက်နေ့ကျမှကျွန်မတို့ထပ်ချိန်းကြမယ်လေ ၊ အဲဒီအခါကျရင် အစ်ကို့ကို ညစာဖိတ်ကျွေးပါ့မယ်" ။ 


နောက်တစ်နေ့တွေ့ကြမည်ဟု သူ(မ)ပြောလိုက်သည်။ တစ်ကယ်တမ်း အနာဂတ်တွင် သူတို့နှစ်ဦးပြန်ဆုံကြရန် အခွင့်အရေးရှိမရှိ မသေချာတော့ပေ။


လက်အောက်ခံအဖြစ်သိမ်းသွင်းခံရသောတိုင်းပြည်၏မင်းသမီးဇာတ်ရုပ်ကိုသူ(မ)သမီးရစေရန်အတွက်သာမဟုတ်ခဲ့လျှင် ဖုန်းယောက်ချင်းတစ်ယောက်လီဖူကွေ့အားလုံးဝအထင်အမြင်သေးလိမ့်မည်မဟုတ်ဟု ပြောခဲ့မိပေမည်။ လီဖူကွေ့ကလူအများပြောကြသလိုကြည့်မကောင်းပေ။ လေးထောင့်မျက်နှာ ၊ အနက်ရောင်မျက်ခုံးထူထူများနှင့် သူ(မ)ထက်နှစ်စင်တီမီတာခန့်သာပိုသော အရပ်တစ်မီတာနှင့်ခုနစ်လက်မသာရှိသူဖြစ်သည်။


ဆွေ့ဆွေ့ဖခင်၏အစားထိုးအနေနှင့် ယှဥ်ကြည့်ရမည်ဆိုလျှင် ပိုက်ဆံအတွက်သူ(မ)၏ရွေးချယ်မှုစံနှုန်းများကိုနိမ့်ချလိုက်မည်ဆိုလျှင်တောင် ရုပ်ဆိုးလွန်းသောသူတစ်ယောက်ကို မရှာနိုင်ပါ။ ထို့အပြင်လီဖူကွေ့က ငွေကြေးချမ်းသာကြွယ်ဝသူတစ်ယောက်မဟုတ် ၊ ရိုးရိုးသာမာန်ရိုက်ကူးရေးအဖွဲ့သားတစ်ယောက်သာဖြစ်သည်။ အင်ပါယာမြို့တော်ထဲတွင် ကိုယ်ပိုင်အိမ်တစ်လုံးပင်မရှိ။ ထို့ကြောင့်သူနှင့်ပတ်သတ်ပြီးစဥ်းစားပေးရန် သူ(မ)အတွက်ပိုလို့ပင် အလားအလာမရှိပေ။


အနာဂတ်တွင်အိမ်တစ်လုံးငှားနေနိုင်ရန်ထို့ထက်ရုပ်ဆိုးသောသူကိုသူ(မ)ရှာရမည်လား?


ဖုန်းယောက်ချင်းအလွန်တုံးအနေတော့မည်မဟုတ်ပေ။ သူ(မ)ငယ်ရွယ်ပြီး ဘာမှမသိနားမလည်သည့်အချိန်တွင် တစ်ကြိမ်တုံးအခဲ့ပြီးပြီဖြစ်သည်။ ဒုတိယအကြိမ်သာ ထပ်ပြီးတုံးအခဲ့လျှင် သူ(မ)စိတ်က မိုးမွှန်သွားတော့မည်ဖြစ်သည်။


သူ(မ)အတွက်မဟုတ်လျှင်တောင် သမီးဖြစ်သူဆွေ့ဆွေ့လေးအတွက် စဥ်းစားရမည်ဖြစ်သည်။ ဤအမျိုးသားက သူ(မ)နှင့်ဆွေ့ဆွေ့အား မိုးဒဏ် လေဒဏ်မှ အကာအကွယ်ပေးနိုင်ရန် ကိုယ်ပိုင်အိမ်တစ်လုံးပင်မရှိပေ။ ထို့ကြောင့် ဖုန်းယောက်ချင်းလည်း ထိုသူအား အခွင့်အရေးလုံးဝမပေးနိုင်ချေ။


သူ(မ)အမည်အောက်တွင် တစ်ကယ့်အိမ်ရာမြေကွက်တစ်ခုထားရှိပေးပြီး သူ(မ)တွင်သမီးတစ်ယောက်ရှိသည်ကိုလက်ခံပေးခြင်းက ခင်ပွန်းလောင်းရွေးချယ်ရန် ဖုန်းယောက်ချင်း၏တင်းကြပ်သော စံသတ်မှတ်ချက်များဖြစ်သည်။


ဆွေ့ဆွေ့၏ရုပ်ရှင်သရုပ်ဆောင်ခများက ယနေ့မနက်တွင် ဖုန်းယောက်ချင်း၏အကောင့်ထဲသို့ အားလုံးဝင်လာသည်။ နောက်ဆုံးသရုပ်ဆောင်ခ ယွမ်တစ်သောင်းလေးထောင်အပြင် စာချုပ်လက်မှတ်ထိုးပြီးချင်းချင်း ပေးငွေသုံးဆယ်ရာခိုင်နှုန်းဖြစ်သော ယွမ်ခြောက်ထောင်အပါအဝင် စုစုပေါင်း ယွမ်နှစ်သောင်းဖြစ်သည်။


"ဆွေ့ဆွေ့ သမီးရဲ့ရုပ်ရှင်သရုပ်ဆောင်ခတွေအကုန်လုံးကိုရပြီးပြီ ၊ မေမေကသမီးကိုဒီနေ့စျေးဝယ်ဖို့ခေါ်သွားမယ် ဟုတ်ပြီလား ၊ မေမေတို့စျေးဝယ်မထွရ်ရတာအတော်ကြာပြီနဲ့တူတယ်"။


"အဲဒါကောင်းတယ် မေမေ!"


မုန့်ချိုနှင့်တူသောနုနုနယ်နယ်ကလေးလေးက သူ(မ)ကိုယ်တိုင်ဝင်ငွေရှာနိုင်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူ(မ)အားထောက်ပံ့ပေးရန် အစ်မထောင်ယောင်ကို မှီခိုအားကိုးလေ့ရှိခဲ့သည်။ ထို့ကြောင့် ကိုယ်ပိုင်ဝင်ငွေရှာနိုင်သောအခါ သူ(မ)အလွန်ပျော်ရွှင်ပြီး ဂုဏ်ယူမိသည်။


အိမ်နှင့်မဝေးလှသောစျေးဝယ်မောလ်ကြီးတွင် သားအမိနှစ်ယောက်က ငါးအစပ်ပြုတ်ကိုစားခဲ့ကြပြီးနောက် ကလေးအဝတ်အစားစတိုးဆိုင်သို့ သွားကြသည်။


ဖုန်းယောက်ချင်းက ဆွေ့ဆွေ့ကို ဝတ်စုံနှစ်စုံပြလိုက်သည်။ တစ်စုံက အဖြူပြောက်လေးများနှင့်အနီရောင်ဝတ်စုံဖြစ်ပြီး နောက်တစ်စုံကအဖြူရောင်ဖြစ်သည်။ တစ်စုံကချစ်ဖို့ကောင်းကာမြူးမြူးလေးဖြစ်ပြီး နောက်တစ်စုံကရိုးရိုးရှင်းရှင်းလေးဖြစ်သည်။


ဤကလေးအဝတ်အစားစတိုးဆိုင်၏ စျေးဝယ်လမ်းညွှန်ကလည်း အလွန်ပိုင်နိုင်သည်။ သူ(မ)က ဖုန်းယောက်ချင်း၏တုံ့ဆိုင်းနေမှုကိုမြင်ပြီး ပြောဖို့အခွင့်အရေးယူလိုက်သည်။ "ဒီနှစ်စုံက ကျွန်မတို့ရဲ့နွေရာသီစတိုင်လ်အသစ်ပါ ၊ အခုစတိုးဆိုင်က လှုပ်ရှားမှုတွေမှာ အာရုံစိုက်လုပ်ဆောင်နေပါတယ် ၊ နှစ်စုံဝယ်မယ်ဆိုရင် 


ဆယ့်နှစ်ရာခိုင်နှုန်း လျှော့စျေးရပါမယ်"။


လျှော့စျေးပဲ!


ကုဆွေ့ဆွေ့က အစ်မထောင်ယောင်တစ်ယောက် သူ(မ)လျှော့စျေးရကြောင်းပြောဖူးသည်ကို သတိရသွားသည်။


"အဲဒါဆိုရင် ကျွန်မအတွက် ထုပ်ပေးပါ" ။ ဖုန်းယောက်ချင်းက သူ(မ)သမီး၏မျှော်လင့်စောင့်စားပြီးလိုချင်တောင့်တနေသော မျက်ဝန်းများကို နောက်ဆုံးတွင်အရှုံးပေးလိုက်ကာ စကပ်နှစ်ထည်လုံးကိုဝယ်ပေးလိုက်သည်။


ကုဆွေ့ဆွေ့က ဝတ်စုံလှလှလေးနှစ်စုံကို တစ်ခါတည်းရလာခဲ့သည်။ သူ(မ)ပျော်လွန်း၍ မျက်ခုံးလေးများတွန့်ကွေးသွားကာ မြေပြင်ပေါ်မှခုန်ထွက်မတတ်ဖြစ်သွားသည်။ ထို့နောက် ကိုယ်ကိုကိုင်းညွှတ်လိုက်ပြီး သူ(မ)နံဘေးရှိ ဖုန်းယောက်ချင်း၏ညာဘက်ပါးလေးကို လှမ်းနမ်းလိုက်သည်။


"မေမေက သိပ်ကြင်နာတတ်တာပဲ"


နောက်ထပ်ယွမ်ငါးရာကို တစ်ခါတည်းသုံးလိုက်မိပြန်ပြီ။ သူတို့ပန်းတစ်ချို့ဝယ်ထားသင့်မသင့်


နှင့်ပတ်သတ်ပြီး ပထမတွင် ဖုန်းယောက်ချင်းတစ်ယောက် အနည်းငယ် စိတ်မချမ်းမသာဖြစ်မိသည်။ သို့သော်သူ(မ)သမီးကိုဆက်ဆံသည့်နေရာတွင်ရှိနေသော အရှုပ်အထွေးများကို ပြန်လည်တွေးမိသွားသည်။ သို့သော်ဆွေ့ဆွေ့၏ သူ(မ)အပေါ် တရင်းတနှီးဆက်ဆံမှုအောက်တွင် ထိုအတွေးများက ချက်ချင်းလက်ငင်း ပျောက်ကွယ်သွားတော့သည်။ 


သူတို့တွင်ဆင်းရဲသောကလေးများရှိသည် ၊ ချမ်းသာသောကလေးများရှိသည်ဟုပြောတတ်ကြသည်။ သူ(မ)သမီးမွေးလာပြီးတည်းက ချမ်းသာသောဘဝကိုသူ(မ)မပေးခဲ့ရပေ။ ယခုသူ(မ)တို့လက်ထဲတွင် ငွေကြေးအနည်းငယ်ရှိနေပြီဖြစ်သည်။ သူ(မ)သမီးအတွက် စကပ်လှလှလေးများ အဘယ်ကြောင့်ပို၍ မဝယ်ပေးပဲနေနိုင်ပါမည်နည်း။


အသက်အရွယ်ငယ်ငယ်လေးသာရှိသေးသော သမီးလေးက မိသားစုအားထောက်ပံ့ရန်ငွေရှာရသည်ကိုတွေးမိကာ ဖုန်းယောက်ချင်းတစ်ယောက် သူ(မ)ခေါင်းကိုလှည့်လိုက်ပြီး ပူပန်သောကရောက်နေမိသည်။ ကလေးအဝတ်အစားစတိုးဆိုင်မှသူ(မ)ထွက်လာပြီးနောက် ဆွေ့ဆွေ့အတွက်အရောင်တူခေါင်းစီးကြိုးအများအပြားဝယ်ပေးရန် အောက်ထပ်ရှိလက်ဝတ်ရတနာဆိုင်သို့ဆင်းသွားလိုက်သည်။အသစ်စက်စက်ဝယ်ထားသောစကပ်လေးနှင့်တွဲသုံးရန်ဖြစ်သည်။


သူ(မ)သမီးအတွက်အဝယ်အစားများဝယ်ယူရန် ပိုက်ဆံသုံးလိုက်ပြီးနောက် သူ(မ)အတွက်မူမည်သည်ကိုမှ မဝယ်ခဲ့ချေ။ လက်ထဲတွင်ရှိနေသောပိုက်ဆံကိုအကောင်းဆုံးအသုံးပြုပြီး သူ(မ)သမီးပျော်ရွှင်အောင် လုပ်ပေးရန် စီစဥ်ထားသည်။ တစ်ချိန်တည်းမှာပင် ဓာတ်ပုံအချို့ရိုက်လိုက်ပြီး ဝေ့ပေါ်(Weibo)တွင် တင်လိုက်သည်။ ရှိနေပြီးသား ပရိသတ်အရေအတွက်ကို ခိုင်မာတောင့်တင်းစေရန်ဖြစ်သည်။


ရှောင်မန်ဂွါပုံများက ပြည်သူများကိုဆွဲဆောင်နိုင်ဆဲပင်။ ဤပုံများတင်လိုက်ပြီးနောက်တွင် ဆွေ့ဆွေ့၏ဝေဘို ဖော်လိုဝါများက အနည်းငယ်တိုးလာသည်။


ရုပ်ရှင်ရိုက်ရင်းအလုပ်ရှုပ်နေခဲ့သော ကုဆွေ့ဆွေ့က "တိမ်မြှုပ်နေသော" ရုပ်ရှင်ကားကြီး ရိုက်ကူးပြီးစီးသောအခါ ရုတ်တရက် အားလပ်ချိန်များရသွားသည်။ ယခုမူ နှစ်ဆယ့်လေးနာရီစတိုးဆိုင်အလုပ်သို့ ဖုန်းယောက်ချင်းကို နေ့တိုင်းအဖော်လိုက်ပါပေးသည်။


ဖုန်းယောက်ချင်းကပိုက်ဆံစုသိမ်းရန် ငွေထုတ်စက်ကိုစစ်ဆေးနေချိန်တွင် ကလေးမလေးကသူ(မ)ဘေးရှိခုံတွင်ထိုင်ကာ ကစားနေသည်။


လွန်ခဲ့သောရက်အနည်းငယ်တွင် ဖုန်းယောက်ချင်းလည်း အခြားဇာတ်လမ်းတွဲနှင့်ပတ်သတ်ပြီး ပိုမိုစုံစမ်းရန် အခွင့်အရေးယူလိုက်သည်။


လွန်ခဲ့သောအခေါက်ကသရုပ်ဆောင်ကြေးအများအပြားရလိုက်သည့်အပြင် တစ်ချိန်ကသူ(မ)သမီးကလေးအဝတ်အစားကြော်ငြာမော်ဒယ်ဖြစ်ခဲ့စဥ်တွင် ရရှိခဲ့သောဝင်ငွေများကြောင့် အာမခံငွေအနေနှင့် ယွမ်လေးသောင်း ငါးသောင်းခန့်စုမိသွားသည်။ သို့သော်ဤငွေပမာဏကသူတို့သားအမိနှစ်ဦးအတွက် အလှမ်းဝေးလွန်းသည်။ သူတို့ကဤမြို့ထဲတွင် ပုံမှန်လေးနေထိုင်နေခြင်းဖြစ်သည်။ အိမ်ငှားခကို နှစ်ဝက်စာပေးထားပြီးနောက် ရေခ လျှပ်စခလည်းကြေသွားနိုင်သည်။


ရိုက်ကူးရေးစတော့မည့်ရုပ်သံဇာတ်လမ်းတွဲမှာ နတ်သမီးအချစ်ဇာတ်လမ်းဖြစ်သည်။ သူ(မ)၏သမီးအတွက်ဖုန်းယောက်ချင်းရွေးချယ်ထားသော ဇာတ်ကောင်နေရာမှာ အမျိုးသမီးဇာတ်ပို့လေးယောက်မြောက်အဖြစ်သာ သတ်မှတ်နိုင်သည်။ ဆွေ့ဆွေ့က ထူးဆန်းသောပင်ကိုယ်စရိုက်ရှိသည့်ပမျိုးသမီးဇာတ်လိုက်၏ညီမဖြစ်သည်။ ဤဇာတ်လမ်းတွဲအတွက် ငွေကြေးရင်းနှီးမြှုပ်နှံမှုက သန်းပေါင်းရာနှင့်ချီအထိရောက်သွားပြီး ရုပ်ရှင်အဖွဲ့သားများကိုပေးသောအခကြေးငွေကလည်း အလွန်များသည်ဟု ကောလဟလများကြားနေရသည်။


ထို့အပြင် ရုပ်သံဇာတ်လမ်းတွဲများက ရုပ်ရှင်ကားကြီးနှင့်ကွာခြားသည်။ ရုပ်သံဇာတ်လမ်းတွဲတွင် သရုပ်ဆောင်ကြေးက မိမိဇာတ်ကောင်ပါဝင်သည့်အပိုင်းအရေအတွက်ပေါ် မူတည်သည်။ အပိုင်းဒါဇင်လိုက်ရှိသည့်ရုပ်သံဇာတ်လမ်းတွဲများတွင် သရုပ်ဆောင်ကြေးသန်းနှင့်ချီပြီး ရိုက်ကူးနိုင်မည်ဖြစ်သည်။


သို့သော် ဤဇာတ်ကောင်နေရာအတွက် လူရွေးပွဲရက်အတိအကျကို ရိုက်ကူးရေးအဖွဲ့ကမကြော်ငြာခင်တွင် ပယ်ဖျက်သွားသည်။ ဖုန်းယောက်ချင်းက ပိုက်ဆံရှာရန်ထိုသို့သော အခွင့်အရေးကောင်းကို လက်မလွှတ်ချင်ပေ။ ထို့ကြောင့် ပယ်ဖျက်ရသည့်အကြောင်းရင်းကို စုံစမ်းရန် တစ်ယောက်ယောက်ကိုတိတ်တဆိတ်တောင်းဆိုလိုက်သည်။ ရင်းနှီးမြှုပ်နှံသူက ဇာတ်ကောင်နေရာများကို ကြိုတင်ဆုံးဖြတ်ထားပြီး အခြားသရုပ်ဆောင်ရန်မည်သည့်နေရာမှမကျန်တော့သောကြောင့်ပယ်ဖျက်လိုက်ရကြောင်း နောက်ဆုံးတွင်သိလိုက်ရသည်။


Xxxxxxxx