အပိုင်း ၁၄
Viewers 15k

Chapter 14


ဤကလေးမလေးအား သူ(မ)စပြီးသဘောကျလာသည်ကို ဖူရင်းယွီသိသည်။


သူ(မ)၏မျက်လုံးထဲတွင် ကောင်းကောင်းအံဝင်ဂွင်ကျဖြစ်သည့်သူကိုတွေ့ရန်မှာ ခဲယဥ်းလှသည်။ သို့သော် ထိုသူမှာ သုံးနှစ်အရွာ်ကလေးတစ်ယောက်ဖြစ်လိမ့်မည်ဟု သူ(မ)မမျှော်လင့်မိခဲ့ပေ။


"ကလေးလေး ဒီရိုက်ကူးရေးအဖွဲ့ကိုဘယ်လိုရောက်လာခဲ့တာလဲ"။ ဖူရင်းယွီကစိတ်အခြေအနေကောင်းနေသည်။ ပထမဆုံးအကြိမ်အဖြစ် သူစိမ်းတစ်ယောက်အကြောင်း သူ(မ)သိလိုစိတ်ဖြစ်မိသည်။


ကုဆွေ့ဆွေ့: "သမီးကို အရင်ရိုက်ကူးရေးအဖွဲ့က ဒါရိုက်တာက ထောက်ခံပေးတာပါ ၊ ဒီရိုက်ကူးရေးအဖွဲ့မှာ ကလေးသရုပ်ဆောင်နေရာလွတ်လေးရှိနေတယ်ပြောလို့ပါ ၊ အဲ့ဇာတ်ကောင်နေရာက သမီးနဲ့လိုက်တယ်လို့လည်း ဒါရိုက်တာကြီးကပြောတယ် ၊ သမီးကူညီပေးချင်လားလို့သူမေးတယ်လေ"


ကိစ္စတစ်ခုလုံးက သာမာန်ကာလျှံကာလေးဖြစ်ပြီး ရိုးရှင်းသည်ကိုကြားလိုက်ရသောအခါ ဖူရင်းယွီအံ့သြမိသွားသည်။


ဒါရိုက်တာချန်းက ဤချစ်စရာကလေးမလေးကို အမှန်တကယ် သဘောကျပုံရသည်။ ကလေးများနှင့်မိဘများကို စိတ်ပိုင်းဆိုင်ရာဖိအားဖြစ်စေမည်စိုးသောကြောင့် ဇာတ်ကောင်နေရာများကိုထောက်ခံပေးရာတွင် ဒါရိုက်တာချန်းက စကားလှလှလေးများ အလွန်သုံးလေ့ရှိသည်။ ဒါရိုက်တာဟဲ့၏ဂုဏ်သတင်းနှင့် ကြော်ငြာတန်ဖိုးတို့က ဒါရိုက်တာချန်းလောက်မကောင်းသော်လည်း စာပေနှင့်ရသရုပ်ရှင်တို့တွင် အလွန်ထူးချွန်ပြောင်မြောက်ကာ ရုပ်ရှင်ပွဲတော်များတွင်လည်း မကြာခဏဆုရလေ့ရှိသည်။


"ကလေး ငါမှတ်မိတာမှန်တယ်ဆိုရင် မင်းက ဆွေ့ဆွေ့ပဲဖြစ်ရမယ်"။ ရိုက်ကွင်းပေါ်တွင်ကလေးမလေးငိုနေသည်ကို သူ(မ)တွေ့ခဲ့စဥ်က လုချီ၏ပါးစပ်ဖျားမှ ထိုချစ်စနိုးနာမည်လေးကို ကြားလိုက်မိသည်။


နုနုနယ်နယ်ကလေးလေးက သူ(မ)၏နာမည်ကို ဂုဏ်ယူစွာဖြင့်ပြောလိုက်သည်။ "သမီးနာမည်က ကုဆွေ့ဆွေ့ပါ ၊ အသက်ကသုံးနှစ်ပါရှင့်"


ဖူရင်းယွီပြုံးမိသွားသည်။ "ကုဆွေ့ဆွေ့က နာမည်ကောင်းလေးပဲ ၊ လုံခြုံမှုလို့အဓိပ္ပါယ်ရတယ် ၊ မင်းမိဘတွေကမင်းကို အရမ်းချစ်မှာပဲနော်"


ကလေးလေးကိုဤကဲ့သို့သောနာမည်မျိုးပေးထားသော မိဘများက သူတို့ကလေးကို အလွန်ချစ်သောသူများဖြစ်ရမည်။


ဆွေ့ဆွေ့ကဲ့သို့ချစ်စရာကောင်းသော ကလေးလေးကို မည်သူကမချစ်ပဲနေနိုင်မည်နည်း။


"ကလေးလေး ဒီတစ်ခေါက်မင်းကငါ့ဇာတ်


ကောင်ရဲ့ကလေးဘဝအနေနဲ့ သရုပ်ဆောင်မှာလား"။ ဖူရင်းယွီ တစ်ခဏမျှစဥ်းစားလိုက်ပြီး ရုပ်ရှင်ထဲတွင် ကလေးမလေးသရုပ်ဆောင်မည့်ဇာတ်ကောင်နေရာကို အလျင်အမြန်ခန့်မှန်းလိုက်သည်။


"ပါးကိုက်နားကိုက်" ရုပ်ရှင်တွင် ကလေးဇာတ်ကောင်နေရာစုစုပေါင်းနှစ်နေရာရှိသည်။ အစ်မကြီးနေရာတွင် သရုပ်ဆောင်ရမည့်သူက လိုအပ်ချက်များနှင့်မကိုက်ညီသောကြောင့် သူ(မ)တစ်ယောက်တည်းကျန်တော့သည်မဟုတ်လား။


ကုဆွေ့ဆွေ့လည်းသိချင်မိသည်။ "မမလှလှရော ဘယ်ဇာတ်ကောင်နေရာမှာသရုပ်ဆောင်ရလဲဟင်"


ရုပ်ရှင်ထဲတွင် ကုဆွေ့ဆွေ့၏ဇာတ်ဝင်ခန်းကအလွန်နည်းသည်။ သူ(မ)ရထားသောဇာတ်ညွှန်းအားလုံးက တစ်ဦးတည်းသရုပ်ဆောင်ရမည့် ဇာတ်ညွှန်းများဖြစ်သည်။ ထိုဇာတ်ညွှန်းပေါ်ရှိ စာသားများကို ဝန်ထမ်းများကဖတ်ပြပေးသည်။ဖုန်းယောက်ချင်းကလည်း တစ်ကြောင်းပြီးတစ်ကြောင်း ဖတ်ပြပေးသည်။ သူ(မ)ကချရေးရုံသာလိုသည်။ ဖတ်ပြသည့်စာသားအတိုင်းလိုက်လုပ်ရုံပင်ဖြစ်သည်။


 ဖူရင်းယွီက ဇာတ်ညွှန်းကိုထုတ်လိုက်ပြီး ရှင်းပြသည်။ "ဒါကမင်းရဲ့ဇာတ်ကောင်ကြီးလာတဲ့အခါမှာ ဘယ်လိုဖြစ်လာမယ်ဆိုတာပဲ ၊ မင်းကဒီရုပ်ရှင်ထဲမှာ ဒုတိယအမျိုးသမီးဇာတ်လိုက်လေ"


နုနုနယ်နယ်ကလေးလေး၏ရင့်ကျက်သည့်အချိန်က တိုတောင်းနေသေးသည်။ သူ(မ)၏သုခုမမူဟန်အားလုံးက ညီအစ်မနှစ်ယောက်ဇာတ်ရုပ်ပေါ်တွင် အခြေခံထားသည်။


ဖူရင်းယွီပြောသောအရာကို ကုဆွေ့ဆွေ့ကြားလိုက်သောအခါ သူ(မ)၏ပါးမို့မို့လေးများကို လက်ဖြင့်ကိုင်ထားပြီး အစ်မဒရိုင်ယတ်နှင့် ပင်ကိုစရိုက်ချင်းတူသော မမလှလှလေးကိုကြည့်ရင်း သူ(မ)၏မျက်ဝန်းများက လင်းလက်လာကာ စိတ်လှုပ်တရှား ပြောလိုက်သည်။ "တစ်ကယ်လား ၊ ကောင်းတာပေါ့"


ဆွေ့ဆွေ့၏အမူအရာကိုမြင်သောအခါ ဖူရင်းယွီကမျက်ခုံးပင့်လိုက်သည်။ "မင်းပျော်သလို အစ်မလည်းပျော်ပါတယ်"


သူ(မ)၏စရိုက်က နှစ်လိုဖွယ်ရာမကောင်းသည်ကို သူ(မ)အမြဲတမ်းသတိပြုသည်။ သူ(မ)၏အလှအပနှင့် အလိုက်အထိုက်နေရန် ဆန္ဒမျိုးသာမရှိလျှင် ယခုသူ(မ)တွင်ရှိသော အောင်မြင်မှုများနှင့် အင်အားအရင်းအမြစ်များကို ရလာလိမ့်မည်မဟုတ်ပေ။


သူ(မ)နှင့်ရင်းနှီးရန် လက်ဦးမှုယူလိုသော ပထမဆုံးကလေးလေးကိုတွေ့သောအခါ ထိုကလေးမလေးက လူကောင်းတစ်ယောက်ဖြစ်မည်ဟု သူ(မ)တွေးမိလိုက်သည်။


"မမက ချောလိုက်တာနော်"။ ကုဆွေ့ဆွေ့က တုံ့ဆိုင်းခြင်းမရှိပဲပြောလိုက်သည်။


"ကလေးလေး မင်းရဲ့နားထောင်လို့ကောင်းတဲ့ စကားလေးတွေကြောင့် မမကဒီနေ့မင်းကို ဘဝရဲ့အမှန်တရားတစ်ခုသင်ပေးမယ်"။  ဖူရင်းယွီ၏နှုတ်ခမ်းဖျားက အပြုံးဖျော့ဖျော့လေးများဖြင့် ပြည့်နေသည်။ "တစ်ခြားသူတွေကို လွယ်လွယ်မယုံလိုက်နဲ့ ၊ ပိုပြီးလှတဲ့ညီမလေးတွေ မောင်လေးတွေက ပိုပြီးတော့လှည့်ဖြားတတ်ကြတယ်"။


သဘာဝအလှတရားကိုပိုင်ဆိုင်ထားသော ကုဆွေ့ဆွေ့က မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ငေးစိုက်ကြည့်နေသည်။ "မမလှလှကရော သူတို့ထဲကတစ်ယောက်လား"


ဖူရင်းယွီက ကလေးငယ်လေးကို မလိမ်ညာချင်ပေ။ "အင်း ဒါကြောင့်မမကိုလည်း လွယ်လွယ်မယုံလိုက်နဲ့"။ လူတွေကိုစကားပြောသည့်အခါ ပေါက်ကရတွေ ပြောလိုက်ပါ ၊ ပေါက်ကရမပြောနိုင်လျှင် စကားနည်းနည်းသာပြောပါ။ ဤသည်က ဖျော်ဖြေရေးလောကတွင်ရှင်သန်နိုင်ရန် အခြေခံစည်းမျဥ်းဖြစ်သည်။


ကုဆွေ့ဆွေ့၏အသစ်စက်စက်ဖွံ့ဖြိုးနေသောဦးခေါင်းလေးကို လှည့်လိုက်ပြီး ရုတ်တရက်သဘောပေါက်သွားသောကြောင့် လေးနက်သောမျက်နှာလေးနှင့်ပြောလာသည်။ "အဲဒါဆိုရင် သမီးကြီးလာတဲ့အခါကျရင် သမီးလည်းလှည့်ဖြားတတ်တဲ့ညီမလေးတစ်ယောက်ဖြစ်လာလိမ့်မယ်"။ တစ်ကယ်တမ်းတွင် ထိုအရာကအလိမ်အညာတစ်ခုဖြစ်လိမ့်မည်လား? သူ(မ)ကပိုလှချင်သောအဓိကအချက်ကြောင့် ထိုစကားက အရေးကြီးလှပါသည်။


ဖူရင်းယွီ: "...." သူ(မ)ပြောလိုက်သောစကားက ထိုသို့အဓိပ္ပါယ်ပေါက်သွားခဲ့သည်လား?


သုံးနှစ်အရွယ်ကလေး၏ဥာဏ်ရည်ကို သူ(မ)အမြင့်ကြီးထင်နေခဲ့မှန်း သေချာသလောက်ပင်ဖြစ်သည်။


ဤအငိုသန်လေးက ကျီမင်း၏အရေးပါမှုကိုသာ မြင်နိုင်ခဲ့သည်။ ထိုအရာကလုံးဝအမှတ်မထင်ဖြစ်သည်။ ကုဆွေ့ဆွေ့လေးကို အစပိုင်းတွင်သူ(မ)ချိုချဥ်နှစ်လုံးပေးလိုက်ရုံနှင့် ဆွေ့ဆွေ့က သူ(မ)အားလူကောင်းတစ်ယောက်အဖြစ်ယူဆခဲ့သည်။


ဤကဲ့သို့အပြစ်ကင်းစင်သည့်ကလေးလေးက သူ(မ)ပြောသောစကားများကို မည်သို့နားလည်နိုင်လိမ့်မည်နည်း။


ဖူရင်းယွီကတိတ်တဆိတ်သက်ပြင်းချလိုက်ရင်း ကလေးမလေး၏ခေါင်းလေးကိုပွတ်သပ်ကာ ပြောလိုက်သည်။ "ဆွေ့ဆွေ့ နောက်ကျရင် မမကို မမလှလှလို့မခေါ်နဲ့နော် ၊ မမဖူလို့ပဲခေါ်ပါ"


သူ(မ)အသက်ကနှစ်ဆယ်ထဲတွင်ရှိနေပြီး ဆွေ့ဆွေ့ကမူ အသက်သုံးနှစ်ခန့်သာရှိသေးသည်။ ကလေးလေးက သူ(မ)နောက်ကိုလိုက်ပြီး မမလှလှဟုခေါ်နေသည်မှာ အလွန်ရှက်စရာကောင်းလှပါသည်။


ကုဆွေ့ဆွေ့ကအတော်လေးသိတတ်သောကလေးဖြစ်ပြီး အရှိကိုအရှိတိုင်းလက်ခံတတ်သည်။ သူ(မ)ကပြတ်ပြတ်သားသားနှင့် ချိုချိုသာသာအော်ပြောလိုက်သည်။ " မမဖူ! "


ဖူရင်းယွီကနှာမှုတ်လိုက်သည်။ သူ(မ)၏သဘောထားက မနွေးထွေးသော်လည်း ပြုံးပြလာသည်။ "နောက်ကျရင် သမီးမမဖူနဲ့ ချိုချဥ်တွေစားဦးမယ်"။ သူ(မ)အခြားဘာမှမပြောရဲပေ။ ရိုက်ကူးရေးအဖွဲ့ထဲတွင်ပင် အနည်းဆုံးသူ(မ)ကိုဖုံးပေးလို့ရသည်။


သို့သော် ဤကလေးလေးက ရူးကြောင်ကြောင်နိုင်သော်လည်း အဘယ်ကြောင့်ချစ်ခင်စရာကောင်းနေမှန်း သူ(မ)မသိပေ။


"မမဖူက အရမ်းကြင်နာတတ်တာပဲ!" ကုဆွေ့ဆွေ့၏အာရုံအားလုံးက သကြားလုံးပေါ်တွင်သာရှိနေကာ အသည်းအသန်ခေါင်းညိမ့်ပြလာသည်။


"တိမ်မြှုပ်နေသော"ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့မှလုချီအား ယာယီထောက်ပံ့ပေးသူကိုတွေ့သောအခါ ကုဆွေ့ဆွေ့လိုက်သွားလိုက်ပြီး "ပါးကိုက်နားကိုက်" ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့တွင် အစ်မဖူ၏မျက်နှာကို မှတ်မိသွားသည်။


နောက်တစ်နေ့တွင် သူ(မ)၏ဘဝလေးက အဆင်ပြေနေပြီး ဇာတ်လိုက်နှစ်ဦး၏ငယ်ရွယ်စဥ်ဘဝဇာတ်ဝင်ခန်းကို ရိုက်ကူး၍ပြီးဆုံးခါနီးဖြစ်သည်။ မနက်ဖြန်နောက်ဆုံးဇာတ်ဝင်ခန်းကိုရိုက်ကူးပြီးလျှင် ကုဆွေ့ဆွေ့၏ရိုက်ကူးရေးပြီးဆုံးသွားပြီဖြစ်သည်။


"မမစု ဒါကသမီးကိုမမဖူဒီနေ့ပေးလိုက်တဲ့ မုန့်ချိုခဲပါ ၊ မမလည်းတစ်ခုစားလို့ရတယ်"။ ကုဆွေ့ဆွေ့၏စိတ်ထဲတွင် ချိုချဥ်ကိုနှစ်ပိုင်းပိုင်းပြီးသားဖြစ်သည်။ တစ်ပိုင်းကိုသူ(မ)အမေအားပေးပြီး နောက်တစ်ပိုင်းကိုစုယွီချင်းအားပေးရန်ဖြစ်သည်။ 


"ဟင့်အင်း ငါချိုချဥ်တွေမကြိုက်ဘူး"။ သူ(မ)တွင်ချိုချဥ်သုံးခုရှိနှင့်ပြီးဖြစ်သောကြောင့် ရူးကြောင်ကြောင်ဖြစ်ချင်လာပြီး တစ်ဖက်သို့အကြည့်လွှဲလိုက်သည်။ သို့သော် ကုဆွေ့ဆွေ့က သူ(မ)၏ချိုချဥ်ကိုအတင်းထိုးပေးနေသောကြောင့် ခေါင်းကိုက်လာရသည်။


"မမစု တစ်ခုပဲယူလိုက်ပါ ၊ အရမ်းချိုတာနော်"။ ကုဆွေ့ဆွေ့က သူ(မ)၏အင်္ကျီလက်ရှည်နားကို အသာအယာလှမ်းဆွဲလိုက်ပြီး မြှူသလိုပြောနေသည်။


စုယွီချင်းရုတ်တရက်ကြီးနောင်တရမိသွားသည်။ ရိုက်ကူးရေးပထမနေ့တွင် သူ(မ)ရိုက်ကူးရေးအဆင်မပြေသောကြောင့် အနည်းငယ်အလျှော့ပေးလိုက်မိခြင်းဖြစ်သည်။


ဤသုံးနှစ်အရွယ်ကလေးမလေး ကုဆွေ့ဆွေ့ကို မုန့်ချိုခဲမှလုပ်ထားခြင်းလား? သို့မဟုတ်လျှင် အဘယ်ကြောင့် ဤမျှလောက်အချွဲသန်နေရပါသနည်း။


 သူ(မ)ကိုမျက်နှာသာပေးပြီး စကားအနည်းငယ်ပြောလိုက်မိသည်မဟုတ်လား? ယခုတော့ သူ(မ)ကို မောင်းထုတ်၍မရနိုင်တော့ပေ။ 


လွန်ခဲ့သောရက်အနည်းငယ်က သူ(မ)၏မုန့်ပဲသရေစာများကို ကုဆွေ့ဆွေ့နှင့် နေ့တိုင်း မည်သည့်အချိန်တွင်မဆို မျှဝေစားခဲ့သည်။ သူ(မ)ထိုသို့မလုပ်လျှင် ကုဆွေ့ဆွေ့က ငိုတော့မငိုပဲ အပြစ်ကင်းသောမျက်လုံးဝိုင်းဝိုင်းကြီးများဖြင့် သူ(မ)အားဆက်တိုက်ကြည့်နေမည်ဖြစ်သည်။ ထိုနေရာမှ ထွက်လည်းမထွက်သွားပေ။


ဤအရာကို မည်သူက ခံနိုင်ပါမည်နည်း။


ထို့အပြင် သူ(မ)၏ယခင်ဘဝတွင် စုယွီချင်းက ကုဆွေ့ဆွေ့အားရန်လိုနေသေးသည်။ ဤကလေးမလေးနှင့်နေ့တိုင်းမျက်နှာချင်းဆိုင်တွေ့ရန် သူ(မ)ကိုယ်သူ(မ)တွန်းအားပေးနေရသည်။ ဘာမှမလုပ်မိအောင်လည်း အောင့်ထားရသည်။ ပြန်လည်မွေးဖွားလာပြီးနောက် သူ(မ)၏စိတ်ရှည်သည်းခံမှုများက ခြေကုန်လက်ပန်းကျချင်လာသည်။


 စုယွီချင်းက မုန့်ချိုခဲကို သုန်မှုန်နေသောမျက်နှာထားဖြင့်ကောက်ယူလိုက်သည်။ စက္ကူခွံကိုခွာလိုက်ကာ ပါးစပ်ထဲသွတ်ထည့်လိုက်သည်။ 


"ငါစားပြီးပြီ ၊  အခုကျေနပ်သွားပြီလား ၊ နင်အခုသွားတော့လေ"။


ကုဆွေ့ဆွေ့၏အသံလေးက ဖယောင်းသားလေးကဲ့သို့ နူးညံ့နေသည်။ "ကျေနပ်ပြီ ၊ အဆင်ပြေသွားပြီနော်"


"ဟီးဟီး မမစုက ဒီနေ့လည်း သူ(မ)ရဲ့မုန့်ကိုထပ်ပြီးစားလိုက်ပြန်ပြီ"


သူ(မ)ပေးသောမုန့်များကို အကြိမ်ပေါင်းများစွာ စားပေးခဲ့သောကြောင့် သူ(မ)အပေါ်ထားရှိသည့် မကောင်းသောအတွေးများကို ဖယ်ထုတ်ပစ်သင့်ပြီမဟုတ်လား?


ထိုသို့မဖြစ်သင့်ဘူးလား?


မည်သို့ပင်ဆိုစေ မုန့်ပဲသရေစာနှင့် ချော့မေ့ခြင်းကို အဘယ်သူကငြင်းပယ်နိုင်မည်နည်း။ အရသာရှိသောအစားအစာမဟုတ်ပေလား။


သူ(မ)၏အစီအစဥ်က အလုပ်ဖြစ်သည်ဟု ကုဆွေ့ဆွေ့က ခိုင်ခိုင်မာမာယုံကြည်ထားသည်။ သူ(မ)၏လက်ချောင်းကလေးများကို လှုပ်ခါလိုက်ပြီး အစီအစဥ်အောင်မြင်ရန် အကြိမ်မည်မျှကျန်နေသေးသည်ကို စိတ်ထဲတွင်ရေတွက်နေလိုက်သည်။


ရိုက်ကူးရေးအဖွဲ့ထဲတွင် ဖုန်းယောက်ချင်းက သူ(မ)သမီးလေး၏နေ့စဥ်ဘဝကို ဂရုစိုက်ရုံမျှမက လူအများအပြားနှင့်တွေ့ဆုံရန်လည်း အခွင့်အရေးအရယူခဲ့သည်။


သူ(မ)ကိုယ်ဝန်ရှိလာပြီး ကလေးမမွေးဖွားမီတွင် ဖုန်းယောက်ချင်း၏ အထက်တန်းအောင်ပညာအရည်အချင်းနှင့် အင်ပါယာမြို့တော်ထဲတွင် တည်မြဲပြီးလွယ်ကူသောအလုပ်တစ်ခုကို မရှာနိုင်ခဲ့ပေ။ ထို့ကြောင့် ဘားများ ၊ နယ်မြေသစ်များတွင် သူ(မ)ဝိုင်များရောင်းခဲ့ရပြီး သူ(မ)အား လူမှုဆက်ဆံရေးအရည်အသွေးများကို လေ့ကျင့်ပေးခဲ့သည်။


ရိုက်ကူးသို့လာသောနှစ်ရက်အတွင်းမှာပင် ဝန်ထမ်းများနှင့်သူ(မ)သိကျွမ်းခဲ့ရပြီး သူတို့ဆီမှအသုံးဝင်သော သတင်းအများအပြားကို ရလာခဲ့သည်။


"ရှောင်ဂျူ နင်ငါ့ကိုအရင်တစ်ခေါက်ပြောခဲ့တုန်းကလေ ကလေးတွေနဲ့လူကြီးတွေအတွက် ထုတ်လွှင့်ပေးနေတဲ့ ရသစုံရှိုးအစီအစဥ်ရှိတယ်ဆိုတာ အမှန်ပဲလား?" ဖုန်းယောက်ချင်းက သူ(မ)နံဘေးရှိ ဆံပင်အတိုနှင့်အမျိုးသမီးကို စီးကရက်တစ်လိပ်ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။


"ဒါပေါ့ အဲဒါကအမှန်ပဲ" ။ မီးအလင်းအမှောင် အင်ဂျီနီယာဖြစ်သူ ရှောင်ဂျူက သူ(မ)သယ်လာသောမီးခြစ်ကိုထုတ်ကာ လက်ထဲရှိစီးကရက်ကိုမီးညှိလိုက်သည်။ "အစ်မဖုန်း အစ်မရဲ့အသက်နဲ့အစ်မကလိုက်တယ်လို့ ကျွန်မထင်မိတယ် ၊ ဘယ်လောက်လှလိုက်သလဲ ၊ ဘယ်လိုပဲဖြစ်ဖြစ် အစ်မရဲ့ကလေးကိုနာမည်တစ်ခုရအောင်လုပ်ပေးလိုက်ပါ ၊ ပိုက်ဆံမသုံးချင်ဘူးဆိုရင် ကြိုးစားကြည့်လိုက် ၊ အစ်မရဲ့ကလေးကို အစီအစဥ်အဖွဲ့က တစ်ကယ်ရွေးသွားရင် ဘယ်နှယ့်လုပ်မလဲ"။


ချစ်စရာကလေးများကိုခရီးခေါ်သွားသော ရသစုံရှိုးမျိုးက အတွေ့အကြုံနုသေးသော ကလေးများကို အစီအစဥ်အဖွဲ့မှရွေးချယ်တတ်သည်။ ပေါ်တင်ပြောရမည်ဆိုလျှင် အကျော်အမော်တစ်ဦးနှင့်အဖော်လိုက်ပြီး အတူတကွခရီးသွားရန် ကြည့်ကောင်းသော ကလေးကိုရွေးချယ်ခြင်းဖြစ်သည်။ မပင်ပန်းသည့်အပြင် ကြော်ငြာခနှုန်းလည်းအများအပြားတိုးလာမည်ဖြစ်သည်။


အတွေ့အကြုံနုသေးသောကလေးငယ်များ၏ အသွင်အပြင်အတွက်လိုအပ်ချက်မြင့်မားသော ရသစုံရှိုးမျိုးဖြစ်သည်။ အစီအစဥ်တွင်ပါဝင်လိုက်ပါသော ဒုတိယမျိုးဆက်အကျော်အမော်များ၏ ကလေးများက ပုံပန်းသွင်ပြင်သိပ်ပြီး မခြားနားကြသော်လည်း ကုဆွေ့ဆွေ့လေးကိုမူ သူ(မ)လုံးဝစိတ်ပူစရာမလိုပေ။ ဆွေ့ဆွေ့လေးက အသွင်အပြင်သေးသေးကွေးကွေးလေးနှင့် ဖျတ်လတ်ပြီး လိမ္မာသည်။ သူ(မ)ကသေချာပေါက် ကမ္ဘာတစ်ဝှမ်းတွင် မရေမတွက်နိုင်လောက်သော ပရိသတ်များကို သေချာပေါက် ရရှိပေလိမ့်မည်။


သူ(မ)သာအစီအစဥ်၏အဖွဲ့ဝင်တစ်ဦးဖြစ်လျှင် ချက်ချင်းလက်ငင်းပင် အရွေးချယ်ခံရမည်ဖြစ်သည်။


"သူ(မ)အရွေးခံရရင် ဒီရသစုံရှိုးအတွက်ဆုငွေကဘယ်လောက်လဲ?"။ ဤသည်က ဖုန်းယောက်ချင်း စိတ်အပူဆုံးအရာဖြစ်သည်။ ထိုရသစုံရှိုး၏ စံသတ်မှတ်ချက်က မမြင့်သောကြောင့် အခကြေးငွေလည်းမြင့်မည်မဟုတ်ပေ။


ရှောင်ဂျူက စီးကရက်ကို ပျင်းရိပျင်းတွဲ့နှင့် ထွေးထုတ်လိုက်ပြီး လက်ငါးချောင်းကိုဆန့်ထုတ်ပြလိုက်သည်။


ဖုန်းယောက်ချင်းက ခန့်မှန်းလိုက်သည်။ "စုစုပေါင်း ယွမ်ငါးသောင်းလား"။


ရှောင်ဂျူကပြုံးပြီး ခေါင်းယမ်းကာပြောလိုက်သည်။ "အစ်မဖုန်း ဘာတွေစဥ်းစားနေတာလဲ? 


ဒီလိုရသစုံရှိုးတစ်ခုအတွက် ကြော်ငြာခက ဘယ်လိုလုပ်ပြီး အရမ်းနည်းနေရမှာလဲ ၊ အစီအစဥ်တစ်ခုအတွက် ယွမ်ငါးသောင်းပါ"။


"ဒါကကိန်းဂဏန်းတစ်ခုပဲဆိုတာ အစ်မသိထားရမယ် ၊ အစ်မရဲ့ကလေးက အတွေ့အကြုံနုနေသေးတာမလို့ပဲ ၊ တစ်ခြားအကျော်အမော်တွေတော်တော်များများက သူတို့ကလေးကို သူတို့နဲ့အတူခေါ်သွားနေကျပဲ ၊ နာမည်အကြီးဆုံး ကျန်ရင်ဟောင်ကို နမူနာယူလေ ၊ သူ(မ)ရဲ့ပထမဆုံး ကြော်ငြာခက ဂဏန်းခုနစ်လုံးနော်"။


ဘာ?တစ်သန်းလား?!


ထိုကိန်းဂဏန်းကိုကြားလိုက်ရချိန်တွင် ဖုန်းယောက်ချင်းတစ်ယောက် အသက်ရှူရန်ပင်မေ့သွားခဲ့သည်။ သရုပ်ဆောင်တစ်ယောက်ရသောဝင်ငွေကို သူ(မ)သိထားသော်လည်း ဤမျှလောက်များလိမ့်မည်ဟု သူ(မ)မမျှော်လင့်ခဲ့ပေ။


ခရီးသွားရာတွင်ကလေးကိုအတူခေါ်လာခွင့်ပေးသည့် ရသစုံရှိုးက ခက်ခဲပုံမပေါ်သော်လည်း ကလေးအား စားသောက်ခွင့်ပေးသည် ၊ ကစားခွင့်ပေးသည် ၊ တစ်ကြိမ်တည်းမှာပင် ဝင်ငွေအများအပြားလည်းရှာနိုင်သေးသည်။


Xxxxxxxx