အပိုင်း ၁၆
Viewers 15k

Chapter 16


သူခိုးကို မည်သည့်လောကဝတ်ယဥ်ကျေးမှုမှ ပြစရာမလိုပေ။


ဖူရင်းယွီက ဆွေ့ဆွေ့၏ကျီမင်းအပေါ်စွပ်စွဲချက်ကိုနားထောင်ပြီး စားပွဲပေါ်ရှိမုန့်ဘူးများကိုလှည့်ကြည့်ကာ အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။


ကျီမင်းက မုန့်များနှင့်ကလေးငယ်ဆီလာရသည့်ရည်ရွယ်ချက်ကို ဖူရင်းယွီမသိသော်လည်း စိတ်မကြည်မသာဖြစ်မိသည်တော့ အမှန်ပင်။


ကုဆွေ့ဆွေ့နှင့်ကျီမင်းက ယခုမှပထမဆုံးအကြိမ်တွေ့ဆုံဖူးခြင်းဖြစ်သည်။ နှစ်ဦးသားကြား မည်သည့်အငြိုးမျိုးမှ မရှိနိုင်လောက်ချေ။ အထူးသဖြင့် ဆွေ့ဆွေ့ကဲ့သို့ကလေးမျိုးက အဘယ်အမုန်းတရားမျိုးရှိနိုင်လိမ့်မည်နည်း။ ကျီမင်းက သူ(မ)နှင့်ဆွေ့ဆွေ့၏ဆက်ဆံရေးကို သိလိုသောကြောင့်သာ လာအစ်နေခြင်းဖြစ်ရမည်။


"ဆွေ့ဆွေ့.....အဆင်ပြေတယ်နော်.....မမရောက်ပြီ"။


ဆွေ့ဆွေ့တစ်ယောက်တည်းရှိနေချိန်တွင် ဝမ်းနည်းခြင်း ၊ ​ကြောက်ရွံ့ခြင်းအလျဥ်းမရှိခဲ့ပေ။ ထိုမမကျီမင်းက သူ(မ)အပေါ်အဘယ်ကြောင့် အငြိုးထားနေသည်ကို နားမလည်နိုင်ပဲ တွေဝေနေဆဲဖြစ်သည်။ သို့သော် သူ(မ)ဘေးတွင်မားမားမတ်မတ်ရပ်တည်ပေးသည့် တစ်စုံတစ်ယောက်ကိုတွေ့လိုက်ရချိန်တွင် ကုဆွေ့ဆွေ့ဝမ်းနည်းလာကာ မျက်ရည်များကမျက်ဝန်းထဲမှ ချက်ချင်းဆိုသလို တစ်လှိမ့်လှိမ့်စီးကျလာသည်။


လျှံကျလာတော့မည့်မျက်ရည်များကိုတားဆီးရန် သူ(မ)အတတ်နိုင်ဆုံးကြိုးစားပြီး မျက်လုံးများကို ပေကလတ် ပေကလတ်လုပ်လိုက်သည်။ ထို့နောက် ဝမ်းနည်းစွာဖြင့် သူ(မ)ဘေးတွင်ရှိသောသူကို အော်ခေါ်လိုက်သည်။ "မမဖူ....."။


ထိုမမကျီမင်းက သူ(မ)အားအဘယ်ကြောင့် ထိခိုက်နာကျင်စေလိုရပါသနည်း။ သူ(မ)အမှားတစ်ခုခုများ လုပ်မိလို့လား။


လွန်ခဲ့သည့်အခေါက်က မမစုယွီချင်း၏သူ(မ)အပေါ်မုန်းတီးမှုကို တွေ့ကြုံခံစားဖူးသောကြောင့် ယခုမူ အရင်ကလောက်မပျော့ညံ့တော့ပေ။ သူ(မ)ကိုမုန်းသောသူတစ်ယောက်ကြောင့် စိတ်ထိခိုက်မနေတော့ပေ။ သို့သော် သူ(မ)စိတ်ထဲတွင်မူ အနည်းငယ်မကြည်မသာဖြစ်နေသေးသည်။


ဖူရင်းယွီအားအော်ခေါ်လိုက်သော ကလေးငယ်၏အသံတွင် တုန်လှုပ်မှုများပါဝင်နေသယောင်ပင်။ ဖူရင်းယွီကိုယ်တိုင် ထိုကလေးအသံကိုကြားလိုက်ရသောအခါ စိတ်မချမ်းမသာဖြစ်မိသည်။ တစ်ချိန်တည်းတွင် ဆွေ့ဆွေ့အားစိတ်ထိခိုက်စေသူကို ဖူရင်းယွီအလွန်ဒေါသထွက်မိသည်။


တစ်ခုခုမကျေနပ်လျှင် သူ(မ)နှင့်တိုက်ရိုက်ရှင်းလို့ရသည်။ သူ(မ)နှင့်ကျီမင်းက နဂိုတည်းက ရန်သူများပင်ဖြစ်သည်။ အဘယ်ကြောင့် မဆိုင်သည့်သုံးနှစ်အရွယ်ကလေးအား စိတ်ဒုက္ခပေးရပါသနည်း။


"ကျီမင်း....နင်ဆွေ့ဆွေ့လေးကိုဘာလုပ်လိုက်တာလဲ...."။ 


ဖူရင်းယွီက ကျီမင်းအား အေးစက်စွာပြောလိုက်ပြီး သွေးအေးမှုတို့က သူ(မ)မျက်ဝန်းထဲ ထင်ဟပ်လျက်ရှိသည်။


မုန့်ဘူးလေးပေးကာ စကားသုံးလေးခွန်းလောက်သာပြောလိုက်ရသော ကျီမင်းတစ်ယောက် အလွန်ဇဝေဇဝါဖြစ်သွားရသည်။ အရွယ်ငယ်ငယ်ကလေးလေးက ဤသို့ပလီပလာနှင့် တိုင်တန်းတတ်လိမ့်မည်ဟု သူ(မ)မထင်ထားခဲ့ပေ။ လူတိုင်းကလည်း ထိုကလေးပြောသမျှကို ဘုမသိဘမသိနှင့်အကုန်ယုံကြသည်။


ပြဿနာတတ်တိုင်း နစ်နာသည့်အားနည်းသူတစ်ယောက်အနေနှင့် အမြဲတမ်းဟန်ဆောင်လေ့ရှိခဲ့သော ကျီမင်းတစ်ယောက် သူ(မ)ပြိုင်ဖက်ကို ပထမဆုံးအကြိမ်တွေ့လိုက်ရသည်။


ကလေးမလေး၏ မထင်ရသော ရုတ်တရက်အပြုအမူက သူ(မ)ကို အံ့အားသင့်သွားစေသည်။


အနီးအနားရှိဝနိထမ်းများက သူ(မ)တို့ကိုကြည့်နေသကဲ့သို့ ဝိုးတိုးဝါးတားခံစားမိသည်။ ကျီမင်းက မပြုံးချင်ပြုံးချက်နှင့်ပြုံးလိုက်ပြီး အသက်မပါစွာရှင်းပြလာသည်။


 "အကုန်လုံးအထင်လွဲနေကြတာပါ....ကျွန်မက ကလေးအတွက် မုန့်လေးတွေယူလာပေးတာ.....အဲဒါကို သူကမကြိုက်ဘူးထင်တယ်....အဲဒါကြောင့် သူနည်းနည်းဒေါသထွက်နေတာ"။


သို့သော် ဤတစ်ခေါက်တွင်လည်း ကျီမင်းမှားသွားခဲ့သည်။


ကုဆွေ့ဆွေ့၏အကျင့်စရိုက်က ရိုးရှင်းပြီးအပြစ်ကင်းသလို ပွင့်လင်းသည်။ သူ(မ)က ဘယ်တော့မှ လိမ်ညာမပြောတတ်ချေ။ ထို့ကြောင့် ကျီမင်း၏ရှင်းပြချက်ကိုကြားသောအခါ တုံ့ဆိုင်းမနေပဲ ချက်ချင်းပြန်လည် ခုခံပြောဆိုလာသည်။ 


"သမီးဒေါသမထွက်ပါဘူး မမ....ဘာလို့ အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေတာလဲ"။


မုန့်များကို သူ(မ)မကြိုက်တာလဲမဟုတ်သလို ဒေါသလည်းမထွက်မိပေ။


လိမ်ညာနေသူမှာ ထိုအစ်မကျီမင်းသာဖြစ်ပေ


လိမ့်မည်။


ကုဆွေ့ဆွေ့၏ ဖြူနုနုမျက်နှာလေးက ဤကိစ္စ


နှင့်ပတ်သတ်ပြီး မကျေနပ်ခြင်းများနှင့်ပြည့်နှက်နေသည်။


မုန့်ဘယ်လောက်လာပေးပေး ထိုအစ်မကို သူ(မ)ဒီ့ထက်ပိုပြီး သဘောကျတော့မည်မဟုတ်ပေ။


အခြားသူများကို အရှက်တကွဲအကျိုးနည်းဖြစ်အောင်လုပ်တတ်သော ကျီမင်း၏အကျင့်စရိုက်ကို ဖူရင်းယွီသိသည်။ သူ(မ)က ဆွေ့ဆွေ့၏ ပခုံးကို ညင်သာစွာပုတ်လိုက်ပြီး အနည်းငယ်နွမ်းနယ်နေဟန်ရှိသော ကလေးငယ်ကိုချော့မြှူပြီးပြောလိုက်သည်။ 


"စိတ်မပူပါနဲ့....သမီးကအမှန်အတိုင်းပြောတယ်ဆိုတာ မမသိတယ်....တစ်ခြားသူတွေ မယုံရင်တောင် မမကသမီးကိုယုံတယ်"။


ဆွေ့ဆွေ့က ကျီမင်း၏စကားကို မဟုတ်မမှန်ကြောင်းငြင်းလိုက်သည်မှာ အတန်ငယ်ကျယ်သွားသောကြောင့် ရိုက်ကွင်းပေါ်ရှိလူတိုင်း ကြားသွားပေလိမ့်မည်။ ကျီမင်းလည်း ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံးဆတ်ဆတ်တုန်နေသည်။


သေစမ်း! ထိုကလေးက အဘယ်ကြောင့် ဤမျှလောက် ကိုင်တွယ်ရခက်ခဲနေသနည်း။


ကျီမင်းအလွန်စိတ်ပျက်နေမိသည်။ ထိုအခိုက်တွင် ဖူရင်းယွီက ဆွေ့ဆွေ့၏ပခုံးပေါ်ရှိ သူ(မ)လက်ကိုလွှတ်လိုက်ပြီး ကျီမင်းဘေးသို့လျှောက်လာသည်။ နှုတ်ခမ်းပါးနီးနီးတို့က ပွင့်အာလာပြီး အသံကိုနိမ့်ကာ ကျီမင်းအားသတိပေးလာသည်။


 "ကျီမင်း.....ဒီနေ့နင်ဘာလုပ်ဖို့ ဒီကိုလာမှန်းငါမသိဘူး....ဒါပေမဲ့ ငါ့ဘေးနားက လူတွေကိုလာမထိနဲ့.....ငါတို့နှစ်ယောက်ကြားမှာ သီးသန့်ရှင်းစရာကိစ္စလေးတွေလည်း ရှိသေးတယ်လေ.....နင်အရမ်းစိတ်တိုသွားရင်လည်း မတတ်နိုင်ဘူး"။


တစ်ဖက်တွင်လည်း ရိုက်ကွင်းပေါ်ရှိလူများ၏ ပါးစပ်ပေါက်မျိုးစုံကြောင့် ဖူရင်းယွီတစ်ယောက် ကျီမင်းအား သိပ်ပြီးဂရုမစိုက်လိုပေ။ သို့သော် လက်လွတ်စပယ်လုပ်ခြင်းက သူ(မ)၏ပုံစံမဟုတ်ပေ။ တစ်ခုခုစလုပ်ဖို့ဆုံးဖြတ်လိုက်ပြီဆိုလျှင် တစ်ဖက်လူကိုမသေမရှင်ဖြင့် အရေခွံစုတ်ခွာသည်အထိလုပ်လိုက်ရမှ ကျေနပ်သူဖြစ်သည်။


သို့သော် သူ(မ)မဟုတ်ပဲ ဆွေ့ဆွေ့ဘက်သို့ပစ်မှတ်ပြောင်းလာသော ကျီမင်းအား ဖူရင်းယွီအလွန်စိတ်ပျက်မိသည်။


သူ(မ)အပေါ်မကျေနပ်သည့်ကိစ္စများကို နှစ်ကိုယ်ကြားတိုက်ရိုက်ရှင်းလို့ရပါလျှက်နှင့် ကျီမင်းက အပြစ်မရှိသည့်လူများကို ဆွဲဆွဲထည့်နေသည်။


ဖူရင်းယွီက သူ(မ)ကိုသတိပေးလာသောအခါ ကျီမင်းသွားကြိတ်လိုက်မိသော်လည်း မျက်နှာတွင်မူ အပြုံးတစ်ချက်မပျက်သွားပေ။ သူ(မ)သည်းခံနိုင်ပါသည်။ သို့မဟုတ်လျှင် သူ(မ)အချိန်အကြာကြီးထိန်းသိမ်းခဲ့ရသော နူးညံ့ပြီးစေတနာကောင်းသည့်ပုံရိပ်လေး ပျက်စီးသွားပေလိမ့်မည်။


ထို့အပြင် ယနေ့တွင် ဖူရင်းယွီက သူ(မ)ကိုအရှက်ခွဲပြီး ဘာမဟုတ်သည့်ကလေးငယ်ကိုကာကွယ်ပေးခဲ့သည်။ ယနေ့ကိစ္စကိုသူ(မ)မေ့ထားမည်မဟုတ်ချေ။ သေချာပေါက်ပြန်ပေးဆပ်စေရမည်။


ဖူရင်းယွီ၏အကျင့်စရိုက်က ပျင်းခြောက်ခြောက်နှင့်အထီးကျန်ဆန်ပြီး သူငယ်ချင်းဟူ၍ တစ်ဦးတစ်ယောက်မျှမရှိပေ။ သွေးသားအရင်းအချာမှလွဲ၍ ဂရုမစိုက်တတ်သောဖူရင်းယွီက သူစိမ်းကလေးငယ်တစ်ယောက်အား ကာကွယ်ပေးရသည့်အကြောင်းရင်းကို ကျီမင်းအမှန်တကယ်နားမလည်နိုင်ချေ။


ကျီမင်းနှင့်ဖူရင်းယွီတို့က မိန်းကလေးအဖွဲ့ဝင်တစ်ဆယ့်ရှစ်ယောက်ပါဝင်သော အဆိုတော်အဖွဲ့တစ်ဖွဲ့၏ အဖွဲ့ဝင်များဖြစ်ကြသည်။ နောက်ပိုင်းတွင် သူ(မ)ကဖူရင်းယွီနှင့် နေရာတိုင်းတွင်ယှဥ်ပြိုင်ခဲ့ပြီး ယခုလက်ရှိကုမ္ပဏီနှင့်စာချုပ်ချုပ်ဆိုနိုင်ခဲ့သည်။ 


ထိုကိစ္စဖြစ်ပြီးနောက် ဖူရင်းယွီက အချိန်အတော်ကြာကြာ လူမြင်ကွင်းမှပျောက်နေခဲ့သည်။ အတန်ငယ်ကြာပြီးမှ ကျီမင်းသူ(မ)ကိုပြန်တွေ့သောအခါ သူ(မ)ကကျီမင်းရှိရာ ထျန်းဟောင်ဖျော်ဖြေရေးကုမ္ပဏီနှင့်စာချုချုပ်ပြီး အနုပညာလောကထဲသို့ တစ်ဖန်ပြန်လည်ဝင်ရောက်လာခဲ့သည်။


ဖူရင်းယွီပျောက်နေသည့်အချိန်ကိုတွက်ကြည့်လျှင် ကလေးမလေး၏အသက်အရွယ်နှင့်ကွက်တိပင်ဖြစ်သည်။


အကြောင်းအရင်းကို ဂဂနနသိရန် သူ(မ)သက်သေအထောက်အထားများပိုရှာဖို့ လိုသည်။


အခြေအနေသိပ်မဟန်တော့သောကြောင့် ကျီမင်း၏လက်ထောက်က လူတိုင်းကြားနိုင်လောက်သော မတိုးမကျယ်လေသံဖြင့်ကျီမင်းအားပြောလာသည်။ 


"အစ်မကျီမင်း....နေ့လည်ပိုင်းမှာ နောက်ထပ်ဇာတ်ဝင်ခန်းတစ်ခုရိုက်ဖို့ရှိပါတယ်....ပြင်ဆင်ဖို့အတွက် အခုပဲ အဝတ်လဲခန်းကို သွားကြရအောင်"။


"ဟုတ်ပြီ ငါသိပြီ"။ လည်ဝယ်သောကလေးမလေးကိုသွားရှုပ်မိသောကြောင့် ဤနေရာတွင်ဆက်နေလျှင် အရှက်တကွဲအကျိုးနည်းဖြစ်မည်ကို သူ(မ)သိသည်။ လက်ထောက်က စကားလမ်းကြောင်းလွှဲပေးလိုက်သောကြောင့် သူ(မ)လည်း ဝတ်ကျေတမ်းကျေနှုတ်ဆက်ကာ အမြန်ထွက်လာလိုက်သည်။ 


စိတ်အနှောင့်အယှက်ပေးလွန်းသောကျီမင်းထွက်သွားသည်ကို မြင်သောအခါ ဟောင်ဖုန်းလည်း မနေနိုင်မထိုင်နိုင်ပဲ တီးတိုးပြောလိုက်မိသည်။


 "ကျီမင်းသာ အစောနလိုမျိုးဟန်ဆောင်ကောင်းရင်....ဇာတ်ကားရိုက်တဲ့အခါ သူသရုပ်ဆောင်တာ အဲ့လောက်ကြီးမဆိုးလောက်တော့ဘူး"။


ဖူရင်းယွီ ထိုကျီမင်းအား အာရုံစိုက်လိုစိတ်မရှိတော့ပေ။ ဘေးတွင်ရပ်နေသော ကုဆွေ့ဆွေ့ကိုကြည့်လိုက်ပြီး နူးညံ့သောဆံပင်လေးကို ပွတ်သပ်ကာ ချော့မော့ပြီးမေးလိုက်သည်။ 


"ဆွေ့ဆွေ့....သမီးအခုကြောက်နေသေးလား"။


ကုဆွေ့ဆွေ့က ခေါင်းယမ်းကာ သူ(မ)အဆင်ပြေကြောင်းပြောပြီး တည်ကြည်လေးနက်စွာပြောလာပြန်သည်။ "


မမဖူ....အဲဒီမမကျီမင်းက လုံးဝမကောင်းဘူး.....သူနဲ့မပေါင်းနဲ့တော့နော်"။


ဆွေ့ဆွေ့အဆင်ပြေနေသည်ကိုမြင်သောကြောင့် သူ(မ)လည်း တိတ်တဆိတ်စိတ်သက်သာရာရသွားကာ ပြုံးပြီးပြောလိုက်သည်။ "ဟုတ်ပါပြီ"။


ဖူရင်းယွီ အနည်းငယ် စိတ်ဖြေသာသွားသည်။ ကုဆွေ့ဆွေ့၏ ရိုက်ကူးရေးကလည်း ပြီးဆုံးခါနီးပြီ။ ရိုက်ကူးရေးပြီးလျှင် ကျီမင်းလည်း သူ(မ)အား ဘာမှလုပ်နိုင်တော့မည်မဟုတ်ပေ။ ကလေးငယ်လည်း ကျီမင်းကမည်သို့သောလူစားမျိုးမှန်း သိနေပြီဖြစ်သည်။ အရေးကြုံလာတိုင်း သူ(မ)ကိုအားကိုးလာတတ်သော ကလေးငယ်အား သူ(မ)ချစ်ခင်မိသည်။


နောင်တစ်ချိန်တွင် ယနေ့ကဲ့သို့အခြေအနေမျိုးကြုံလာတိုင်း ကလေးငယ်ကိုကာကွယ်ပြီး ကလေးငယ်ဘက်မှ သူ(မ)ရပ်တည်ပေးသွားမည်ဖြစ်သည်။ 


တစ်ဖက်တွင် လက်ထောက်နောက်လိုက်သွားပြီး 


အထူးသီးသန့်အဝတ်ခဲခန်းထဲသို့ပြန်သွားသော ကျီမင်းတစ်ယောက် ဒေါသထွက်လွန်းသောကြောင့် စားပွဲပေါ်ရှိ ရေသန့်ဘူးများနှင့် ဖန်ခွက်များကို မြေပြင်ပေါ်သို့တိုက်ချလိုက်သည်။ မှန်ထက်တွင်ပေါ်နေသော သူ(မ)၏ကြောက်မပ်ဖွယ်မျက်နှာကိုကြည့်ရင်း မူလတည်ငြိမ်နေသောဟန်ပန်က လုံးဝပျောက်ကွယ်သွားရတော့သည်။


"ဖူရင်းယွီ....မကြာခင်မှာ ဘယ်သူကနောက်ဆုံးအောင်နိုင်သူလည်းဆိုတာ.....နင်သိစေရမယ်....အခုတော့ လုပ်ထားဦးပေါ့....နောက်ကျရင် ငါနင့်ကိုပြန်ရိုက်ချိုးပြမယ်"။


ဤတစ်ခေါက်တွင် ကျီမင်းက ကုမ္ပဏီသူဌေး၏အငယ်ဆုံးသားဖြစ်သူကို အပီချုပ်ထားသောကြောင့် ဒါရိုက်တာဟဲ့ကျီလျန်ရိုက်ကူးသည့် ရုပ်ရှင်ကားကြီးတွင်ဇာတ်လိုက်မင်းသမီးနေရာရခြင်းဖြစ်သည်။ ဖူရင်းယွီကမူ ဒုတိယမင်းသမီးနေရာသာရခဲ့သည်။ ဖူရင်းယွီနှင့်ပတ်သတ်သည့် မဟုတ်မဟတ်သတင်းများဖန်တီးရန် မီဒီယာသတင်းများအား သူ(မ)ငွေပေးပြီးခိုင်းစေခဲ့သည်။ အနုပညာလောကကလက်တွေ့ဆန်လွန်းသည့် နယ်ပယ်တစ်ခုဖြစ်သည်။ သူ(မ)နှင့်ဖူရင်းယွီက အနုပညာသက်တမ်းရော အခြေအနေအဆင့်အတန်းရော အလားသဏ္ဍာန်တူညီသည်။ ဖူရင်းယွီက ဒုတိယမင်းသမီးနေရာတွင်သာရိုက်နေရလျှင် ပြင်ပ ပရိသတ်များက တစ်မျိုးတွေးကောင်းတွေးနိုင်သော်လည်း အနုပညာလောကမှအတွင်းလူများကမူ သူ(မ)ကိုကုမ္ပဏီ၏ မင်းသမီးခေါင်းဆောင်ဖြစ်လာတော့မည်ဟုထင်မှတ်ပြီး မျက်နှာချိုသွေးနေရာပေးကာ ဖူရင်းယွီကိုမူအဖက်လုပ်ကြတော့မည်မဟုတ်ပေ။


ထိုသို့စဥ်းစားလိုက်သောအခါ ကျီမင်း၏စိတ်တို့အနည်းငယ်ငြိမ်သက်သွားရသည်။ ဖူရင်းယွီက အပြောကြမ်းသည်မှလွဲ၍ ဘာများလုပ်နိုင်မှာမလို့လဲ။ ထျန်းဟောင်ဖျော်ဖြေရေး၏ အငယ်ဆုံးသားကို သူ(မ)အပိုင်ဖမ်းထားနိုင်သရွေ့ ဖူရင်းယွီက သူ(မ)ကိုနိုင်နိုင်မည်မဟုတ်ပေ။


ဖူရင်းယွီက သူ(မ)ကို မကြာခဏဆိုသလို မထိခလုတ်ရန်လာစတတ်သည်။ ထိုမိန်းမကို သူ(မ)သေသေချာချာ မချိုးထားလျှင် ဘယ်တော့မှ စိတ်ဖြောင့်ဖြောင့်နေရမည်မဟုတ်ပေ။ သူတို့နှစ်ဦးကြားရှိ ရန်ငြှိုးက သေရေးရှင်ရေးအခြေအနေသို့ရောက်နေပြီး နောက်ပြန်လှည့်ရန်မဖြစ်နိုင်တော့ပေ။


လွန်ခဲ့သောနှစ်ပေါင်းများစွာက သူ(မ)နှင့်ဖူရင်းယွီတို့ပါဝင်သည့် မိန်းကလေးဆယ့်ရှစ်ယောက်အဆိုတော်အဖွဲ့က မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် အဖွဲ့ကိုဖျက်သိမ်းခါနီးဖြစ်သွားခဲ့သည်။


ထိုအချိန်တွင် လူမသိသူမသိအနုပညာရှင်ဘဝအဖြစ်ဆက်ပြီးမနေလိုတော့သော ကျီမင်းက သူ(မ)အောင်မြင်မည့် လမ်းစကိုတွေ့သွားခဲ့သည်။ သူ(မ)တို့အဖွဲ့ဝင်အားလုံး စားသောက်နေကြချိန်တွင် အဖွဲ့ထဲတွင်အလှဆုံးဖြစ်သည့် ဖူရင်းယွီကို သူ(မ)တိတ်တဆိတ်ဆေးခပ်ခဲ့သည်။ ထို့နောက် ဖူရင်းယွီအား ရင်းနှီးမြှုပ်နှံသူတစ်ဦး၏အိပ်ရာပေါ်သို့ပို့ပြီး အသရေဖျက်ခဲ့သည်။ ဖူရင်းယွီ နာမည်ပျက်သွားစဥ်တွင် သူ(မ)ကအခွင့်ကောင်းယူကာ အနုပညာလောကထဲဝင်တိုးခဲ့သည်။


နာမည်အနည်းငယ်ရလာပြီးနောက် ထျန်းဟောင်ဖျော်ဖြေရေးနှင့် စာချုပ်ချုပ်ခဲ့ပြီး တစ်ဆင့်ပြီးတစ်ဆင့်တက်လှမ်းလာရာ ယနေ့အောင်မြင်နေသည့် သရုပ်ဆောင်ကျီမင်းအဖြစ်သို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။


ကျီမင်း၏ယနေ့ပိုင်ဆိုင်ထားသောအောင်မြင်မှုက ဖူရင်းယွီအားသူ(မ)ဒုက္ခရောက်အောင်လုပ်ခဲ့ခြင်းပင်။


သို့သော် ကျီမင်းမထင်ထားခဲ့သည်က သူ(မ)ချောက်ကမ်းပါးအစွန်းသို့တွန်းချခဲ့သော ဖူရင်းယွီက အနုပညာလောကထဲသို့ပြန်ရောက်ချလာပြီး အချိန်ခဏလေးအတွင်း သူ(မ)၏အောင်မြင်မှုကို အမီလိုက်လာသည်။ သူ(မ)နှင့်ရင်ဘောင်တန်းလာရုံသာမက သူ(မ)ကိုပင် တဖြေးဖြေးကျော်တက်သွားသည်။


.........


ရသစုံရှိုးမှ အပိုင်းတစ်ပိုင်းချင်းစီအတွက် တရားဝင်ထုတ်ပြန်ကြော်ငြာထားသည့် အာမခံတန်ဖိုးများကြောင့် ဖုန်းယောက်ချင်းစိတ်အ


နှောင့်အယှက်ဖြစ်မိသည်။ သို့သော် ရှုထောင့်အမျိုးမျိုးမှ စဥ်းစားကြည့်သောအခါ မဆိုးလှသောကြောင့် သူ(မ)သမီးအတွက် "ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးအစီအစဥ်တွင် စာချုပ်လက်မှတ်ထိုးလိုက်တော့သည်။


ကုဆွေ့ဆွေ့နှင့်စုယွီချင်းတို့နှစ်ဦး "ပါးကိုက်နားကိုက်" ရုပ်ရှင်ဇာတ်ကားကြီး၏နောက်ဆုံးဇာတ်ဝင်ခန်းကို အကြိမ်ပေါင်းများစွာရိုက်ကူးခဲ့သလို နောက်ဆုံးရလဒ်ကလည်းအလွန်ကောင်းမွန်သည်။ ဒါရိုက်တာဟဲ့ကျီလျန်လည်း အလွန်ကျေနပ်အားရသွားသည်။


ဟဲ့ကျီလျန်က ကလေးမလေးနှစ်ယောက်ကို


ကြည့်ကာပြုံးရင်းပြောလိုက်သည်။ "ဆွေ့ဆွေ့...ယွီချင်း...နောက်တစ်ခါ ဦးရုပ်ရှင်ကားကြီးထပ်ရိုက်လို့ ကလေးသရုပ်ဆောင်လေးတွေလိုရင်....သမီးတို့နှစ်ယောက်ကိုပဲ....သေချာပေါက်ခေါ်မယ်နော်"။


ကုဆွေ့ဆွေ့က စိတ်လှုပ်ရှားစွာဖြင့် ဒါရိုက်တာဟဲ့ကျီလျန်အားပြန်ဖြေလိုက်သည်။


 "ဟုတ်ကဲ့....သေချာပေါက်ခေါ်နော်...ဦးဦး"။ 


စုယွီချင်းကမူ တည်ငြိမ်ယဥ်ကျေးစွာဖြင့်ပြန်ဖြေသည်။


"ဟုတ်....ကျေးဇူးတင်ပါတယ်ရှင့်"။ အကျင့်စရိုက်ကွာခြားလှသော ထိုကလေးနှစ်ယောက်က နောင်တစ်ချိန်တွင် ထိပ်တန်းအနုပညာရှင်များဖြစ်လာမည်ကို ဟဲ့ကျီလျန်မြင်ယောင်နေမိသည်။


Xxxxxxxx