အပိုင်း ၁၇
Viewers 15k

Chapter 17


သူ(မ)နောက်ဆုံးတော့ အိမ်ပြန်နိုင်ခဲ့ပြီ။


"ပါးကိုက်နားကိုက်" ရုပ်ရှင်ကားကြီး၏ရိုက်ကူးရေးအဖွဲ့က စီစဥ်ပေးသောအစားအသောက်များနှင့် တည်းခိုစရာနေရာအားလုံးက အတော်အလေးကောင်းမွန်လှသော်လည်း ကိုယ့်အိမ်ကိုယ်ရာလောက်တော့ သက်တောင့်သက်သာမရှိနိုင်ပေ။


ဖုန်းယောက်ချင်းက ဟိုတယ်သို့ပြန်လာပြီး သူ(မ)နှင့်သူ(မ)သမီးဆွေ့ဆွေ့တို့၏ ပစ္စည်းပစ္စယများကို ဘူးအကြီးတစ်ခုအတွင်းသို့ထည့်ကာ ထုပ်ပိုးလိုက်သည်။ မြို့တော်သို့ပြန်ရန်


ပထမတန်းစားအမြန်ရထားကို သူ(မ)ကြိုတင်မှာယူထားသည်။ ညနေပိုင်း ခြောက်နာရီဆယ်မိနစ်ခန့်တွင် ရထားထွက်ပြီး မြို့တော်အနောက်ပိုင်းဘူတာရုံကို တစ်နာရီအတွင်းဆိုက်မည်ဖြစ်သည်။


"ဆွေ့ဆွေ့အမေ......ကျွန်မလက်ထောက်နဲ့ ရထားဘူတာဆီ မောင်းပို့ခိုင်းလိုက်ပါ့မယ်"။


 ကုဆွေ့ဆွေ့တို့ ဤနေ့ညနေထွက်ခွာမည်ကို ဖူရင်းယွီသိပြီးနောက် ကလေးငယ််နှင့်နောက်ဆုံးအကြိမ်ဖြစ်ဖြစ်တွေ့ရန် သူ(မ)ဆုံးဖြတ်လိုက်သည်။


သရုပ်ဆောင်တစ်ယောက်က မိတ်ဆွေအပေါင်းအသင်း ၊ မိသားစုများနှင့်အတူတွေ့ဆုံပျော်ပါးရန် အခွင့်အရေးနည်းပါးလွန်းလှသည်။ နာမည်ကြီးလာလေလေ အလုပ်ပိုများလေလေပင်။ ရိုက်ကူးရေးအဖွဲ့ထဲရှိ ဝန်ထမ်းအနည်းငယ်နှင့်မှလွဲ၍ ဤနှစ်အတွင်း မိသားစုဝင်များကိုပင် သူ(မ)မတွေ့ရသေးပေ။


ဤတစ်ခေါက်တွင်ကုဆွေ့ဆွေ့နှင့်ခွဲခွာပြီးနောက် မည်သည့်အချိန်တွင်မှ သူတို့နှစ်ဦးပြန်လည်တွေ့ဆုံရမည်ကို မပြောတတ်ချေ။


ဖုန်းယောက်ချင်းကပြုံးပြီးပြောသည်။ 


"မဟုတ်တာ....ရပါတယ်....မစ္စစ်ဖူရယ်....ကျွန်မတို့မှာ အထုပ်အပိုးတွေသိပ်မပါဘူး....ကိုယ့်ဘာသာကိုယ် တက္ကစီစီးသွားလို့ရပါတယ်ရှင်"။


ကုဆွေ့ဆွေ့က အရာရာကိုလျှို့ဝှက်မထားတတ်သော ကလေးငယ်ဖြစ်သည်။ ရိုက်ကွင်းပေါ်တွင် မည်သူကသူ(မ)အားအရသာရှိသောအစားအသောက်များဝယ်ကျွေးသည် ၊ မည်သူကတော့ သူ(မ)အားကောင်းမွန်စွာဆက်ဆံသည် စသဖြင့် ဘာတစ်ခုကိုမှမထိမ်မဝှက်ပဲ သူ(မ)၏မိခင်အား အမြဲတစေပြောပြလေ့ရှိသူဖြစ်သည်။ ထို့ကြောင့် သူ(မ)သမီးကို အရေးပေးဆက်ဆံသော ဖူရင်းယွီကို သူ(မ)သိပါသည်။


ရိုက်ကူးရေးလုပ်နေစဥ် ငယ်ရွယ်သောကုဆွေ့ဆွေ့အား အားလုံးကဂိုင်းပြီးဂရုစိုက်ပေးခဲ့ကြသည်။ ဤသို့သော အသေးအဖွဲ့ကိစ္စများအတွက် သူ(မ)သူတစ်ပါးကို အနှောင့်အယှက်မပေးလိုတော့ပေ။ ထို့ကြောင့် ဖူရင်းယွီ၏ အကူအညီကို သူ(မ)ငြင်းဆိုလိုက်ခြင်းဖြစ်သည်။


ဖူရင်းယွီက သူ(မ)၏လက်ပတ်နာရီကို ဖြတ်ခနဲကြည့်လိုက်ပြီး ရှင်းပြသည်။


 "ဒီအချိန်ဆို လူတော်တော်များနေမှာ....တက္ကစီရဖို့ခက်လိမ့်မယ်....ကျွန်မကိုအားနာမနေပါနဲ့....အမြန်ရထားမမီပဲ နေလိမ့်မယ်"။


ဖုန်းယောက်ချင်း တစ်ခဏမျှတုံ့ဆိုင်းသွားသည်။ သူ(မ)ဝယ်ထားသော အမြန်ရထားလက်မှတ်က အချိန်ဆွဲ၍မရပေ။ နောက်ကျပါက ရထားလွတ်သွားမည်ဖြစ်ပြီး နောက်ရထားတစ်စင်းကို နှစ်နာရီခန့်ထပ်စောင့်ရမည်ဖြစ်သည်။ ထိုသို့စဥ်းစားမိသောကြောင့် ဖူရင်းယွီ၏စကားကို သူ(မ)သဘောတူလိုက်သည်။


ဖူရင်းယွီကိုကျေးဇူးတင်ပြီးနောက် သူ(မ)နှင့်သူ(မ)သမီးတို့ ဖူရင်းယွီ၏ဇိမ်ခံကားပေါ်သို့ တက်လိုက်ရသည်။


ကားပေါ်ရှိ ပစ္စည်းကိရိယာများက အလွန်ပြည့်စုံသည်။ တီဗွီ ၊ စတီရီယို ၊ ရေခဲသေတ္တာ အစုံပင်ဖြစ်သည်။ ဖုန်းယောက်ချင်းကိုယ်တိုင်လည်း ဤသို့သောကားမျိုးကို ပထမဆုံးအကြိမ်စီးဖူးခြင်းဖြစ်သည်။ ကားစီးရသည်မှာ သေချာပေါက် သက်တောင့်သက်သာရှိလွန်းလှသည်။ ကားပေါ်ရှိ လိုက်ကာများကိုဆွဲလိုက်သည်နှင့် အပြင်ဘက်မှ မည်သည်ကိုမှမမြင်နိုင်တော့ချေ။


သူ(မ)တို့သားအမိလည်း မည်သည့်အချိန်မှ ဤသို့သောဇိမ်ခံကားမျိုး စီးနိုင်လိမ့်မည်မသိ။


"ရှောင်ဝူ....သူတို့ကို အမြန်ရထားဘူတာဆီ ဘေးကင်းကင်းနဲ့မောင်းပို့ပေးပါ"။


ညနေပိုင်းတွင် ဖူရင်းယွီ အမျိုးသမီးဇာတ်လိုက်နေရာအတွက် ယှဥ်ပြိုင်ရန်ရှိသေးသည်။ ထို့ကြောင့် စာသားများကိုလေ့ကျင့်ရန် ဟိုတယ်သို့သူ(မ)ပြန်သွားရမည်ဖြစ်သည်။ ဆွေ့ဆွေ့တို့သားအမိအား အမြန်ရထားဘူတာရုံသို့ မောင်းပို့ပေးရန် သူ(မ)၏လက်ထောက်ရှောင်ဝူကိုသာ အကူအညီတောင်းလိုက်ရသည်။


ကုဆွေ့ဆွေ့က လက်ကလေးကိုဝေ့ယမ်းပြီး ချိုသာစွာဖြင့်သူ(မ)ကိုနှုတ်ဆက်စကားဆိုလာသည်။


"တာ့တာ"။


ရိုက်ကွင်းတွင် ကလေးငယ်နှင့်နေသားတကျဖြစ်လာသော ဖူရင်းယွီတစ်ယောက် ထွက်ခွာသွားသောကားလေးကိုကြည့်ပြီး စိတ်ထဲတွင်ရုတ်တရက် လစ်ဟာသွားသလိုခံစားလိုက်ရသည်။ ထို့ကြောင့် အနည်းငယ်စိတ်မကြည်မသာဖြစ်လာရသည်။


ညနေ ခုနစ်နာရီခွဲတွင် တက္ကစီလေးက သူ(မ)တို့ရပ်ကွက်၏ အဝင်လမ်းတွင်ရပ်သွားသည်။


အိမ်တွင်တစ်ပတ်မျှမရှိသောကြောင့် ဖုန်းယောက်ချင်း အိမ်ကိုအရင်ဆုံးသန့်ရှင်းရေးလုပ်ချင်မိသည်။ သို့သော်သူ(မ)တစ်ယောက်တည်း အိမ်သန့်ရှင်းရေးလုပ်ပြီးအလုပ်ရှုပ်နေလျှင် ဆွေ့ဆွေ့က ကူလုပ်ပေးမည်ဟု တကျီကျီပူဆာနေပေလိမ့်မည်။ ထို့ကြောင့် ဖုန်းယောက်ချင်းခဏတာမျှစဥ်းစားပြီး ဆွေ့ဆွေ့အား အဝတ်စုတ်လေးတစ်ခုပေးထားလိုက်သည်။


"ဆွေ့ဆွေ့....ဖုန်သုတ်ရင် ဂရုစိုက်ပြီးသုတ်နော်....သုတ်လို့မရတဲ့ နေရာတွေကို ထားခဲ့လိုက်...မေမေသုတ်လိုက်မယ်"။ 


ဖုန်းယောက်ချင်းက စိုးရိမ်တကြီးနှင့်ပြောလိုက်သည်။ 


"သမီးသိပါပြီ....မေမေ"။


အရေးကြီးသည့်တာဝန်ပေးအပ်ခံရသော ကလေးငယ်လေးက သူ(မ)လက်ထဲရှိအဝတ်စုတ်လေး


နှင့် သူ(မ)အမေလုပ်သည့်အတိုင်း တစ်အိမ်လုံးရှိပရိဘောဂများကို လိုက်သုတ်နေသည်။


ဖုန်းယောက်ချင်းက သန့်ရှင်းသပ်ရပ်သွားသောအိမ်လေးကို ကျေနပ်အားရသောမျက်နှာထားလေးဖြင့်ကြည့်ရင်း ချီးကျူးလိုက်သည်။


 "ငါတို့ရဲ့ ကလေးလေးက အရမ်းသိတတ်တာပဲ....မေမေကို ဘယ်လိုကူညီရမလဲသိတယ်တော့"။


သူ(မ)၏သမီးလေးကလည်း ပိုပိုပြီးလိမ္မာလာသလို ငွေရေးကြေးရေးအခြေအနေကလည်း ပိုပိုပြီးကောင်းမွန်လာသည်။ အရာအားလုံးက သူ(မ)တို့အတွက် ပိုပိုပြီးကောင်းမွန်လာသလိုပင်။


သူ(မ)ရှေ့တွင်ချစ်ဖို့ကောင်းပြီး လိမ္မာကာသိတတ်သောကလေးငယ်လေးကိုကြည့်ရင်း ဖုန်းယောက်ချင်း၏စိတ်ထဲတွင် တစ်မျိုးတစ်ဖုံငြိမ်းအေးခြင်းခံစားချက်မျိုးရလာသည်။


သူ(မ)စဥ်းစားနေမိသည်။ ရှောင်ကျူပြောခဲ့သောရသစုံရှိုးတစ်ခုတွင် ဆွေ့ဆွေ့အရွေးချယ်ခံရပါက တစ်ပိုင်းကို ယွမ်ခုနစ်သိန်းခန့်ရပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ(မ)တို့လည်း မြို့ထဲတစ်နေရာတွင် အကျစ်ကျပေးငွေဖြင့် လုံးချင်းအိမ်လေးတစ်လုံးဝယ်နိုင်လိမ့်မည်။


ဤနည်းလမ်းအားဖြင့်သာ သူ(မ)တို့သားအမိနှစ်ဦး ကိုယ်ပိုင်အိမ်ဖြင့်နေရပေမည်။


ဧည့်သည်တစ်ဦးက ရသစုံရှိုးတွင်ပါဝင်ရန် နှုတ်ထွက်လိုက်သောကြောင့် "ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးအစီအစဥ်အဖွဲ့သားများအားလုံး အလွန်အလုပ်ရှုပ်သွားရသည်။


အထူးသဖြင့် ဤရသစုံရှိုးကြီး၏ အဓိကဒါရိုက်တာနှင့်ထုတ်လုပ်သူဖြစ်သော ရီကျောက်လည်း ဧည့်သည်စာရင်းကိုအတည်ပြုထုတ်ပြန်ရန် အလွန်ပူပင်သောကရောက်နေသည်။


ဆွေးနွေးညှိနှိုင်းမှုလည်းကောင်းမွန်စွာပြီးဆုံးပြီး စာချုပ်ချုပ်ရန်အသင့်ဖြစ်နေသော်လည်း ယန်ဒုံကျူ၏ကိုယ်စားလှယ်က စာချုပ်မချုပ်မီတစ်နာရီအလိုခန့်တွင် ရုတ်တရက်ဖုန်းဆက်လာပြီး သူ့အနုပညာရှင်က အခြားရိုက်ကူးရေးများလက်ခံထားကာ မအားတော့သောကြောင့် ရသစုံရှိုးတွင်မပါဝင်နိုင်တော့ကြောင်းပြောလာသည်။


ဤအခြေအနေမျိုးတွင် အခြားဧည့်သည်တစ်ယောက်ကို သူတို့မည်သို့သွားရှာရပါမည်နည်း။


"ငါတို့ရဲ့အရန်စာရင်းထဲမှာ သင့်တော်တဲ့အမျိုးသားပနုပညာရှင်တွေရှိလားဆိုတာ ကြည့်ကြရအောင်....မိန်းကလေးအနုပညာရှင်ဆိုရင်လည်း အဆင်ပြေပါတယ်....ဘယ်လိုပဲဖြစ်ဖြစ် ဆက်သွယ်လို့ရပြီဆိုတာနဲ့ ငါ့ကိုချက်ချင်းခေါ်လိုက်ပါ....မနက်ဖြန် နေ့လည်မရောက်ခင် လူရမှဖြစ်မယ်"။


မိန်းကလေးအနုပညာရှင်ထက် ယောကျာ်လေးအနုပညာရှင်ကို ပိုအာရုံစိုက်ပြီးရှာရသည့်အကြောင်းရင်းမှာ မိန်းကလေးအနုပညာရှင်များက နည်းနည်းလေးနာမည်ရလာပြီဆိုလျှင် မိခင်ဇာတ်ရုပ်တွင်သရုပ်မဆောင်ချင်ကြတော့ပေ။ ဇာတ်လိုက်နေရာတွင်သာ သရုပ်ဆောင်ချင်ကြသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ဤသို့သောရသစုံအစီအစဥ်များကို အထင်သေးကြခြင်းဖြစ်သည်။


ဧည့်သည်တစ်ဦးနှုတ်ထွက်သွားသည့်သတင်းဆိုးကြောင့် ရိုက်ကူးရေးအဖွဲ့ဝန်ထမ်းများတစ်ယောက်ပြီးတစ်ယောက် သက်ပြင်းချရုံသာတတ်နိုင်သည်။ ယနေ့လည်း သူတို့အချိန်ပိုအလုပ်ဆင်းရဦးမည်နှင့်တူသည်။


သို့သော် ညလုံးပေါက်အချိန်ပိုအလုပ်ဆင်းရသည်က ရိုက်ကူးရေးဝန်ထမ်းများအတွက် ကြောက်စရာအကောင်းဆုံးအရာမျိုးမဟုတ်ပေ။ 


သူတို့လိုဝန်ထမ်းများ အကြောက်ရဆုံးအရာမှာ အနုပညာရှင်များ၏ကိုယ်စားလှယ်များနှင့် ဆွေးနွေးညှိနှိုင်းရသည့်အလုပ်ဖြစ်သည်။ ထိုအလုပ်က အလွန်ခဲယဥ်းလှသည်။


"ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးအစီအစဥ်က အသစ်စက်စက်အစီအစဥ်တစ်ခုဖြစ်သည်။ ရုပ်သံထုတ်လွှင့်ပြသလျှင် ကြည့်ရှုနှုန်းများမည်လား ပရိသတ်များကိုဆွဲဆောင်နိုင်မည်လား သူတို့မသိပေ။ ရေရေရာရာ အာမခံချက်မရှိသော်လည်း သူတို့အကောင်းဆုံးကြိုးစားရပေမည်။ ထို့အပြင် ယခုအစီအစဥ်တွင်ပါဝင်မည့် အနုပညာရှင်အချို့က အလွန်အမင်းနာမည်ကြီးနေသူများမဟုတ်ပေ။


အစီအစဥ်တွင်ပါဝင်ပေးရန် ကျန်းဟွီကျင်တို့သားအမိကို သွားရောက်ဖိတ်ကြားရာတွင် အလကားသက်သက်အချိန်ကုန်လူပန်းဖြစ်ခဲ့ရသည်။ ဒါရိုက်တာရီကျောက်က သူ(မ)၏အိမ်သို့အကြိမ်ပေါင်းများစွာသွားပြီး သွားရောက်ကမ်းလှမ်းခဲ့သော်လည်း လက်မခံခဲ့ပေ။ နောက်ဆုံးတွင်သူ(မ)၏ အေဂျင်စီဟောင်းဖြစ်သော ထျန်းဟောင်ဖျော်ဖြေရေး၏အချိတ်အဆက်ကြောင့်သာ ဤအစီအစဥ်တွင်ပါဝင်ရန် လက်ခံခဲ့ခြင်းဖြစ်သည်။


"ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးက အခြားပုံမှန်ရသစုံရှိုးများနှင့်မတူပဲ ကွဲထွက်နေသည်။ စူးစမ်းလေ့လာမှုပေါ်အခြေခံပြီး အနုပညာရှင်ဧည့်သည်များကို အပူပိုင်းမိုးသစ်တော ၊ လူသူကင်းမဲ့သည့်ကျွန်းနှင့် ရှင်သန်ရန်ခက်ခဲသောအခြားနေရာများတွင် နေထိုင်စေကာ ပရိသတ်များတွေ့နေကျပုံစံနှင့်ကွဲပြားခြားနားသည့် သူတို့၏ပုံစံကိုပြသမည့် ရသစုံရှိုးကြီးဖြစ်သည်။ ထို့အတွက် အကျော်အမော်များနှင့်သူတို့သားသမီးများကို ဤအစီအစဥ်တွင် ပါဝင်စေခြင်းပင်။ မိဘနှင့်သားသမီးကြားနွေးထွေးသော နေ့စဥ်ဘဝပုံစံနှင့် အိမ်ထောင်တစ်ခုတည်ဆောက်ထားသော အနုပညာရှင်များ၏ဘဝနှင့်ပတ်သတ်၍ ဖန်သားပြင်ရှေ့ရှိ ပရိသတ်များ၏ သိချင်စိတ်ကိုလှုံ့ဆော်ပေးပြီး အကျော်အမော်အနုပညာရှင်များနှင့်သာမာန်ပြည်သူလူထုတို့ ပိုမိုရင်းနှီးကျွမ်းဝင်လာစေရန် ရည်ရွယ်ပြီး ရိုက်ကူးမည့်အစီအစဥ်ဖြစ်သည်။


ထို့အပြင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ယှဥ်ပြိုင်သည့်ပုံဇစံမျိုးဖြစ်စေရန် ဧည့်သည်အဖွဲ့ငါးဖွဲ့ပင်ထည့်ထားသည်။ ထူးခြားသည်မှာ ဧည့်သည်အဖွဲ့များထဲမှ တစ်ဖွဲ့ကသွေးမတော်သားမစပ်သည့်သားအဖများဖြစ်သည်။ ရိုက်ကူးရေးအဖွဲ့က အနုပညာရှင်များနှင့်သူတို့သားသမီးအရင်းများဖြစ်သည့် အခြားအဖွဲ့လေးဖွဲ့ကိုကြိုတင်ဆုံးဖြတ်ထားပြီးသားဖြစ်သော်လည်း သွေးသယးရင်းချာမဟုတ်သည့် အနုပညာရှင်နှင့်ကလေးတစ်ဦးကို ရှာဖွေရန်မှာမလွယ်ကူခဲ့ပေ။


အစပိုင်းတွင် ရိုက်ကူးရေးအဖွဲ့က ကလေးအဖေမဟုတ်သောဧည့်သည်အနုပညာရှင်အနေနှင့် 


"ရှန်းဘုရင်ကြီး၏ဒဏ္ဍာရီ" ဇာတ်ကားဖြင့် လတ်တလောတွင် နာမည်ကြီးနေသည့် ကျူယန်ဒုံကို ရွေးချယ်ခဲ့သည်။ အကြိုရုပ်ရှင်မရိုက်ကူးမီနှစ်ရက်အလိုတွင် ဆွေးနွေးညှိနှိုင်းခြင်းများ အစစအရာရာအဆင်ပြေခဲ့သည်။ သို့သော် နောက်နေ့တွင် အခြားရိုက်ကူးရေးရှိသည်ဟုဆိုလာကာ ရိုက်ကူးရေးမှနှုတ်ထွက်သွားသည်။ သူ့အသက်အရွယ် အခြားအမျိုးသားအနုပညာရှင်များကိုရှာဖွေရန် မလွယ်ကူပေ။ အများစုက ရသစုံရှိုးဖြစ်နေသောကြောင့် စိတ်မဝင်စားကြပေ။


"ဒါနဲ့.....ကလေးတွေရဲ့ လူရွေးပွဲကော ဘယ်လိုနေလဲ"။


"လူရွေးပွဲလာပြိုင်တဲ့ ကလေးအယောက်ရာနဲ့ချီကနေပြီးတော့.....အဘက်ဘက်ကနေ အသင့်တော်ဆုံးဖြစ်မဲ့ ကလေးဆယ်ယောက်ကိုရွေးထားပါတယ်.....နောက်ဆုံးရွေးချယ်မှုအနေနဲ့ကတော့.....ဒါရိုက်တာကြီး သဘောတွေ့တဲ့သူကိုရွေးလိုက်ပါ"။ 


သင့်တော်သည့်ကလေးကိုရွေးချယ်ရန်မှာ အသေးအဖွဲကိစ္စဖြစ်သော်လည်း သူတို့လိုသာမာန်ဝန်ထမ်းများ ကျွမ်းကျင်သည့်အရာတော့မဟုတ်ပေ။ ထို့ကြောင့် ဒါရိုက်တာကြီးကိုသာရွေးချယ်ခိုင်းရသည်။


"ဒီရသစုံရှိုးကို.....သစ်သီးရုပ်သံလှိုင်းက နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားခဲ့တာ....ရုပ်သံချန်နယ်ရဲ့ အကြီးပိုင်းတွေကိုယ်တိုင်...ထုတ်လုပ်ရေးမှာ ပါတယ်.....အဲဒါကြောင့် နည်းနည်းလေးမှ အမှားပါလို့မဖြစ်ဘူး"။


ရီကျောက်က ရွေးချယ်ထားသည့်ကလေးစာရင်းကို တစ်ချက်ကြည့်ပြီးပြောလိုက်သည်။ "ရွေးထားတဲ့ ကလေးဆယ်ယောက်လုံးကို သေသေချာချာ စောင့်ကြည့်ထား.....ငါကိုယ်တိုင် လာကြည့်မယ်.....အဆင်ပြေရင် သုံးရက်အတွင်း ရိုက်ကူးရေးစကြတာပေါ့"။


ကလေးငယ်တစ်ယောက်ကို ရသစုံရှိုးအတွက် ရွေးချယ်ရသည်မှာမခက်ခဲသော်လည်း ထိုကလေးနှင့်တွဲဖက်ပြီးရိုက်ကူးမည့် လူကြီးအနုပညာရှင်ကို ရွေးရန်အလွန်ပင်ခက်ခဲလွန်းလှသည်။ ကလေးနှင့်အဆင်ပြေရန်အချက်များကိုလည်း ထည့်စဥ်းစားရဦးမည်။


"ဟဲလို....မစ္စစ်ဖုန်းယောက်ချင်း...ဟုတ်ပါသလား....ကျွန်တော်တို့က ကလေးငယ်နှင့်ခရီးသွားခြင်း ရသစုံရှိုးရိုက်ကူးရေးအဖွဲ့ကပါ"။


"ဟုတ်ကဲ့....ကျွန်မ ဖုန်းယောက်ချင်းပါ....ဘာကိစ္စများရှိလို့လဲဟင်"။


"အစ်မရဲ့သမီးလေးကုဆွေ့ဆွေ့က....ကျွန်မတို့ရဲ့ ပထမအစမ်းစစ်ဆေးတာကိုအောင်သွားလို့ပါ....နောက်အင်တာဗျူးဖြေဖို့အတွက်....မနက်ဖြန် နေ့လည်သုံးနာရီမှာကလေးကိုခေါ်လာရပါမယ်...ဖြေချင်တယ်ဆိုရင် ကလေးနဲ့အတူလာခဲ့ပေးပါ"။


"ဟုတ်ကဲ့....ကျွန်မအချိန်မီလာခဲ့ပါ့မယ်"။ ဖုန်းယောက်ချင်းလည်း အလွန်ဝမ်းသာသွားသည်။


ထို့နောက် ရိုက်ကူးရေးဝန်ထမ်းပြောသည့် အင်တာဗျူးနေရာနှင့်အချိန်ကိုချရေးထားလိုက်သည်။


Xxxxxxxxxx