Chapter 18
"ခဲ့ကျင်းယန်! မင်းမနေ့ည စတိုးဆိုင်သွားတုန်းက နှာခေါင်းစည်းတပ်ထားရမယ်ဆိုတာ မသိဘူးလား....ဒီတစ်ခေါက်လည်း ရေပန်းအစားဆုံးရှာဖွေမှုစာရင်းထဲ ရောက်သွားပြန်ပြီ....အဲဒီလိုဖြစ်တာ ဒီတစ်လထဲဘယ်နှစ်ခါရှိပြီလဲဆိုတာ မင်းသိရဲ့လား"။
"ကိုယ်စားလှယ်ကြီးရယ်.....ကျွန်တော်သာ နှာခေါင်းစည်းအမဲကြီးနဲ့ တစ်ကိုယ်လုံးအမဲဆိုရင်....လူတွေက သူခိုးဓားပြလို့ထင်ကုန်ကြမှာပေါ့....အကယ်လို့ စတိုးဆိုင်ပိုင်ရှင်က ကျွန်တော့်ကိုဓားပြတိုက်ဖို့လာတဲ့သူလို့ ထင်ပြီးရဲကိုတိုင်လိုက်ရင်.....ခင်ဗျား ဒီနေ့ဒီနေရာမှာ ကျွန်တော့်ကိုဆူနိုင်မှာတောင်မဟုတ်လောက်ဘူး....ရဲစခန်းမှာပဲ လာထုတ်ပေးနေရမဲ့အဖြစ်ရောက်နေမှာ"။
"ဟုတ်ပြီလေ....အကယ်၍များ မင်းမှာဝယ်စရာတစ်ခုခုရှိနေတယ်ဆိုရင် မင်းလက်ထောက်ကိုအကူအညီတောင်းလို့ရနေတာပဲ....ဘာလို့များ တစ်ယောက်တည်းသွားရတာလဲ....မင်းတစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲကွာ"။
အခြားအနုပညာရှင်များဆိုလျှင် သူတို့၏ကိုယ်စားလှယ်ကို အပိုးကျိုးကြသည်။ စကားနားထောင်ကြသည်။ သို့သော် အနှီကောင်လေးခဲ့ကျင်းယန်မှာမူ သူ့အားအပူမပေးရလျှင် မနေနိုင်သည့်သယောင်ပင်။
ကိုယ်စားလှယ်ဖြစ်သည့်သူက ထိုအနှီကောင်လေး၏အရှုပ်ထုပ်များကို တစ်နေ့ပြီးတစ်နေ့လိုက်ရှင်းပေးနေရသည်။
ဒီလိုသာဆက်လုပ်နေရလျှင် သူရူးသွားလိမ့်မည်။
သူ့စကားကို ပေါ့ပျက်ပျက်သာသဘောထားပြီး ဆိုဖာပေါ်တွင် ဂရုမစိုက်ဟန်ဖြင့်ထိုင်နေသော ကောင်လေးကို လုယွင်ကျီတစ်ချက်လှမ်းကြည့်လိုက်သည်။ အသက်ပြင်းပြင်းတစ်ချက်ရှူထုတ်လိုက်ပြီး ထိုကောင်လေးအား တိုက်ရိုက်ပင်ပြောချလိုက်သည်။
"ဒါနဲ့....ငါမင်းကိုပြောစရာတစ်ခုရှိသေးတယ်....မင်းကို ရသစုံရှိုးတစ်ခုနဲ့ စာချုပ်ချုပ်ပေးထားတယ်....အဲဒါ နောက်တစ်ပတ်ကျရင် တရားဝင်ရိုက်ကူးရေးစလိမ့်မယ်....ပြင်ဆင်ထားတော့"။
ဂိမ်းကိုအာရုံစိုက်ကာ သည်းကြီးမဲကြီးဆော့နေသော ခဲ့ကျင်းယန်တစ်ယောက်လုယွင်ကျီ၏စကားကိုကြားလိုက်ရသောအခါ ဖုန်းစခရင်မ်ကိုနှိပ်နေသည့်သူ့လက်တို့တစ်ခဏမျှရပ်တန့်သွားသလို ဂိမ်းထဲမှသူ့အကောင်လည်း အသတ်ခံလိုက်ရသည်။
ဤအဆင့်သို့ရောက်အောင် သူအပတ်တကုတ်ကြိုးစားထားရသော်လည်း တစ်ခဏလေးတွင်
ဂိမ်းရှုံးသွားသောကြောင့် လယ်ဗယ်ပြန်ကျသွားသည်။ ဖုန်းစခရင်မ်ထက်က ဂိမ်းအိုဗာဟူသောစာသားလေးက သူ့ကိုလှောင်ပြောင်နေသယောင်။
သူထိုဂိမ်းကို နှစ်ရက်လုံးလုံးမအိပ်မနေပဲ ကစားခဲ့ရပြီးမှ နောက်ဆုံးအဆင့်သို့ရောက်လာခဲ့ခြင်းဖြစ်သည်။ ဂိမ်းနိုင်ရန် အလွန်နီးကပ်နေပြီဖြစ်သော်လည်း အမှားတစ်ခုကြောင့် သူ့ဂိမ်းကောင်လေးမှာ အသတ်ခံလိုက်ရပြီး အစကနေပြန်စရတော့မည်။
"မစ္စတာလု....ဒါခင်ဗျားတမင်လုပ်လိုက်တာပဲ....တစ်ခုခုပြောစရာရှိတယ်ဆိုရင်လည်း ကျွန်တော့်ဂိမ်းလေးနိုင်တဲ့အထိ စောင့်လိုက်ပါလားဗျာ....အခုတော့သွားပြီ"။
သူ့ဂိမ်းက တစ်ခါရှုံးလျှင် အဆင့်ပြန်ကျပြီးအစကပြန်ဆော့ရသောဂိမ်းမျိုးဖြစ်သည်။ ထို့ကြောင့်ဂရုတစိုက်ဆော့လာပါမှ အရည်မရအဖတ်မရရွတ်နေသောကိုယ်စားလှယ်ကြောင့် အားလုံးပျက်စီးသွားရပြီ။ ထိန်းမရတော့သောဒေါသတို့ကြောင့် ဂိမ်းစက်ကို အဝေးတစ်နေရာသို့ လွှင့်ပစ်လိုက်သည်။
"အဲဒါထက်....အခုခင်ဗျားပြောနေတဲ့ ရသစုံရှိုးဆိုတာဘာကြီးလဲ.....ကျွန်တော့်ကို အရင်ရှင်းပြ
သင့်တယ်လို့ထင်တယ်...."။
ခဲ့ကျင်းယန်က အလွန်ထင်ထင်ပေါ်ပေါ်ရှိလှသော ငွေရောင်နှင့်ခဲရောင်ကာလာစပ်ထားသည့် ဆိုးဆေးကိုဆိုးထားသည်။
သူကအသက်နှစ်ဆယ်စွန်းစွန်းလေးသာရှိသေးသည့် လူရည်လူမွန်လေးဖြစ်သည်။ ကလေးမပြောနှင့် သူ့တွင်ချစ်သူရည်းစားပင် ထားဖူးသည်မဟုတ်။ ကလေးမိဘရသစုံရှိုးတွင် သူဘာအကြောင်းကြောင့်ပါရမည်နည်း။
"ဘာထပ်ပြီးရှင်းပြရဦးမှာလဲ....ငါမင်းအတွက် စာချုပ်ချုပ်ထားပေးပြီးပြီ....အဲဒီအစီအစဥ်က သစ်သီးရုပ်သံလှိုင်းကနေ တာဝန်ယူရိုက်ကူးပေးမဲ့ ကလေးငယ်နှင့်အတူခရီးသွားခြင်း ဆိုတဲ့ရသစုံရှိုး....အဲဒီမှာ မင်းအပါအဝင် တစ်ခြားကလေးမိဘအနုပညာရှင်တွေလည်း ပါလိမ့်မယ်"။
လုယွင်ကျီက သူ့ကိုလန့်သွားအောင်ခြောက်ပြီးပြောသည်ဟုသာ ထင်ခဲ့သည်။ သို့သော် တကယ့်ကလေးမိဘရသစုံရှိုးတဲ့လား။
ခဲ့ကျင်းယန်က သူ၏ခပ်ဖွာဖွာဆံပင်အတိုကို ဆွဲဖွလိုက်ပြီး အနည်းငယ်မကြည်မသာလေသံဖြင့်ပြောလာသည်။ "ကျွန်တော်...အရင်လကမှ ဖျော်ဖြေပွဲပြီးထားတာလေ....ကျေးဇူးပြုပြီး ခဏလေးပေးနားပါဦးဗျာ"။ ထိုလူယုတ်မာလု
ယွင်ကျီက သူ့အားတမင်နှိပ်စက်ဖို့များလုပ်နေသလား။
လုယွင်ကျီက ရွှေရောင်မျက်မှန်ကိုင်းအား နှာရိုးပေါ်သို့ပင့်တင်လိုက်ပြီး တိုးညှင်းသောလေသံ
ဖြင့်ပြောလာသည်။ "ဒီလို ရသစုံရှိုးမျိုးမှာပါခိုင်းတာကလည်း....အနားယူခိုင်းတာနဲ့ အတူတူပဲလေ......ခရီးသွားပြီးအပန်းဖြေရတဲ့အပြင် ပိုက်ဆံလည်းရသေးတယ်......ဘယ်လောက်တောင် ကောင်းလိုက်လဲ"။
ခဲ့ကျင်းယန်: "ကျေးဇူးတင်ပါတယ်.....ဒါပေမဲ့ ကျွန်တော် အဲ့လောက်အကောင်းကြီးလည်း မလိုဘူး"။
နောက်လအနည်းငယ်အတွင်း သူမသိသည့်သူစိမ်းကလေးတစ်ယောက်က သူ့အနားတွင်တစ်နေ့လုံးတွယ်ကပ်ပြီး ဒုက္ခပေးမည့်အဖြစ်ကိုတွေးမိရင်း ခဲ့ကျင်းယန်အလွန်စိတ်ရှုပ်လာရသည်။ ရိုက်ကူးရေးအဖွဲ့ကလည်း ထိုကလေးအား သူ့ကို "အဖေ" ဟုခေါ်ခိုင်းမည်မှာမလွဲမသွေပင်။ စဥ်းစားရင်း စဥ်းစားရင်း ကြက်သီးများပင်တဖြန်းဖြန်းထလာသည်။
ကိုယ်ရောစိတ်ပါထိခိုက်မည့် ထိုသို့သောရသစုံရှိုးမျိုးတွင် သူလုံးဝမပါဝင်နိုင်ပါ။
"မစ္စတာလု....ရိုက်ကူးရေးမှာကျွန်တော် ကလေးနဲ့ပြိုင်ပြီးရန်ဖြစ်မှာကို ခင်ဗျားမကြောက်ရင်....ကျွန်တော့်ကို ပါခိုင်းပေါ့.....ဘယ်လိုပဲဖြစ်ဖြစ်...ကျွန်တော်က အရေထူတဲ့လူပဲ....ကလေးတစ်ယောက်ကို အနိုင်ကျင့်ဖို့ကအသာလေးပဲ....ဘာဖိအားမှမရှိဘူး.....ပြီးတော့ တရားစွဲခံရမှာလည်း ကျွန်တော်မကြောက်ဘူးနော်"။ ဆိုးဝါးလွန်းသော ရသစုံရှိုးကြီးတွင်မပါဝင်ရအောင် မတတ်နိုင်သည့်အဆုံး ခဲ့ကျင်းယန် သူ့ကိုယ်စားလှယ်ကိုသာခြိမ်းခြောက်လိုက်ရသည်။
သို့သော် လုယွင်ကျီက ချင်းဖျော်ဖြေရေးကုမ္ပဏီ၏အတော်ဆုံး ကိုယ်စားလှယ်တစ်ယောက်ဖြစ်သည့်အပြင် ထူးချွန်ပြောင်မြောက်သည့် အနုပညာရှင်မြောက်မြားစွာကို လေ့ကျင့်ထိန်းကြောင်းခဲ့သည့်သူဖြစ်သောကြောင့် ခဲ့ရျင်းယန်၏ စကားသုံးလေးခွန်းက သူမဖြုံပေ။
"အဲဒီကိစ္စကိုစိတ်မပူပါနဲ့....အကျင့်စာရိတ္တကောင်းတဲ့ ကလေးမလေးတစ်ယောက်ကိုရှာပေးဖို့ ငါရိုက်ကူးရေးအဖွဲ့ကိုပြောပြီးသားပါ....မင်းတို့နှစ်ယောက် ရန်ဖြစ်ဖို့အခွင့်အရေးတောင်မရှိစေရဘူး"။
ခဲ့ကျင်းယန်က သူ့ကိုပြန်အာခံသည့်သူများနှင့်သာ ရန်သတ်ချင်သတ်လိမ့်မည်။ ဘာမှပြန်မလုပ်နိုင်သည့် အားနည်းသူကလေးတစ်ယောက်နှင့် ရန်ဖက်ဖြစ်လိမ့်မည်တော့မဟုတ်တန်ရာ။
ထိုကောင်စုတ်လေးက ရှေ့မကြည့်နောက်မ
ကြည့်လုပ်တတ်သော်လည်း စိတ်ရင်းခံလေးက ကောင်းသည်။
သူ့စိတ်တိုင်းကျမဖြစ်သောကြောင့် ခဲ့ကျင်းယန်အလွန်စိတ်ဓာတ်ကျသွားသည်။ ရေကရားအိုးကို စိတ်ထွက်ပေါက်ရှာကာ ခွဲပစ်ပြီးပြောလာပြန်သည်။ "ကျွန်တော် ဂရုမစိုက်ဘူး....အဲဒီ ရသစုံရှိုးကို ကျွန်တော်မရိုက်နိုင်ဘူးလို့ပြောပြီးပြီနော်....ခင်ဗျားအစွမ်းအစရှိရင် ကျွန်တော်စိတ်ပါလာအောင် လုပ်ကြည့်ပေါ့"။
မည်သို့ပင်ဖြစ်စေ ရိုက်ကူးရေးစသည့်နေ့တွင် ရိုက်ကွင်းသို့မသွားပဲ သူအိမ်တွင်နေမည်။ လု
ယွင်ကျီဘာများတတ်နိုင်မလဲ ကြည့်ကြတာပေါ့။
လုယွင်ကျီက မျက်နှာထားပြောင်းလဲခြင်းမရှိပဲ ထပ်ပြောလာသည်။ "မင်းခေါင်းမမာစမ်းနဲ့......စာချုပ်လျော်ကြေးက အရမ်းများတာ....မင်းရိုက်ကူးရေးမလုပ်ဘူးဆိုရင် မင်းအခန်းထဲက လီဂိုတုံးတွေအကုန်လုံးကို ချရောင်းလိုက်ပြီး စာချုပ်လျော်ကြေးပေးလိုက်တာပေါ့"။
လီဂိုအရုပ်များက ခဲ့ကျင်းယန်တန်ဖိုးအထားဆုံးနှင့် အကြိုက်ဆုံးဖြစ်ကြောင်းကို သူ့ပရိသတ်တိုင်းသိသည်။ ရောင်းလိုက်ဖို့မပြောနှင့် ထိပင်မထိရဲလောက်အောင် တန်ဖိုးထားကာတယုတယထားသောအရာများဖြစ်သည်။
"ခင်ဗျား.....ကျွန်တော့်ကို တကယ်နှိပ်စက်နေတာပဲ.....ဒါမှမဟုတ်...ဒီရသစုံရှိုးမဟုတ်ပဲ တစ်ခြားရသစုံရှိုးတစ်ခုကိုပြောင်းပေးပါလား....အဲ့လိုဆို ကျွန်တော်လည်း မငြင်းတော့ဘူးလေ"။ လိုချင်တာမရသောကြောင့် ခဲ့ကျင်းယန်က ထုံးစံအတိုင်း ဝေ့လည်ကြောင်ပတ်လုပ်လာသည်။
သူကလေးများကို တကယ်မုန်းသည်။ ကလေးအဖေလုပ်ရမည့်အစား တောကြီးမျက်မည်းထဲတွင် တစ်ကိုယ်တည်းရှင်သန်ရသည့် ရသစုံရှိုးမျိုးတွင် ရိုက်လိုက်ချင်သည်။
"တစ်ခြားရသစုံရှိုးတွေလည်းရှိပါတယ်....ဒါပေမဲ့ ဒီရှိုးကကြေးအတော်မြင့်တယ်....အဲဒါကြောင့် ငါကမင်းကို ဒီဟာပဲရိုက်စေချင်တာ....တစ်ခြားရသစုံရှိုးမှာပါချင်တယ်ဆိုရင် ဒီဟာပြီးမှစီစဥ်ပေးမယ်"။ ဒေါသထွက်နေသောကောင်လေး၏ မျက်လုံးများကို လုယွင်ကျီလျစ်လျူရှုပြီးပြောလိုက်သည်။
ပြဿနာရှာလွန်းသော ထိုကောင်စုတ်လေးကို လမ်းမှားသို့မရောက်သွားအောင် ထိန်းကျောင်းပေးလိုသည်မှာ သူ့စေတနာအမှန်ပင်။
ခဲ့ကျင်းယန်ကချောမောသောရုပ်ရည်ကိုပိုင်ဆိုင်ထားသလို အဆိုအကလည်းတော်သည်။ ထို့ကြောင့် လူငယ်လူရွယ်ပရိသတ်များကိုအလွယ်တကူဆွဲဆောင်နိုင်သည်။ သူ့ပရိသတ်အများစုမှာ အထူးသဖြင့် အသက်ဆယ့်ရှစ်နှင့်သုံးဆယ့်ရှစ်နှစ်ကြားရှိ အမျိုးသမီးပရိသတ်များဖြစ်သည်။ ပရိသတ်များကလည်း ထိုကောင်ငယ်လေးကို အလွန်ချစ်ခင်ရှာသည်။ သူဘာလုပ်လုပ် အားပေးကြသည်ချည်းပင်။
သို့သော် ဤမျှနှင့်ရပ်တန့်နေ၍မဖြစ်ပေ။ ထို့ကြောင့် လုယွင်ကျီက ခဲ့ကျင်းယန်အား လူကြီးလူငယ်မရွေးကြည့်ကြသော ရသစုံလောကထဲသို့ခြေဆန့်စေခြင်းဖြစ်သည်။ ရသစုံရှိုးများထဲမှ ကလေးငယ်နှင့်ခရီးသွားခြင်း ရသစုံရှိုးက ပရိသတ်များမတွေ့ဖူးသေးသော ခဲ့ကျင်းယန်၏ပုံစံကိုချပြရန် အသင့်တော်ဆုံးဖြစ်သည်။
ရှုထောင့်အဘက်ဘက်မှ မည်သို့ကြည့်ကြည့် ဤအစီအစဥ်က ခဲ့ကျင်းယန်အတွက်အကောင်းဆုံးပင်ဖြစ်သည်။
"မင်းကောင်းဖို့အတွက် ငါလုပ်တာလေ....အွန်လိုင်းပေါ်မှာ မင်းကိုယ်တိုင်သွားကြည့်လိုက်ဦး....ဒေါသကြီးပြီး စီနီယာတွေကို မလေးစားဘူးဆိုပြီး မင်းနဲ့ပတ်သတ်တဲ့မကောင်းသတင်းတွေချည်းပဲ.....မင်းကိုယ်မင်း ဟုတ်လှပြီ ထင်မနေနဲ့.....မင်းပြောင်းလဲသင့်ပြီ"။
"ဘာများထပ်ပြောင်းလဲစရာလိုသေးလို့လဲ.....အခုတောင် ကျွန်တော်က မိန်းကလေးပရိသတ်သန်းနဲ့ချီကို ဆွဲဆောင်ထားနိုင်တာလေ"။ ခဲ့ကျင်းယန်က မျက်နှာထက်တွင် ယုံကြည်မှုပြင်းပြနေသောအပြုံးတစ်ပွင့်ချိတ်ဆွဲလျက် ပြောလာသည်။ "ခင်ဗျား....ကျွန်တော့်အပေါ် ကြိုက်သလိုချုပ်ခြယ်လို့ရတယ်.....ဒါပေမဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဆွဲဆောင်မှုကိုတော့ ချုပ်ခြယ်လို့မရဘူး"။
လုယွင်ကျီ: "....."
ယခုအရွယ်အထိ ဘာမှမသိနားမလည်ပဲ အရွဲ့တိုက်တတ်သော အနှီကောင်လေးကိုကြည့်ပြီး လုယွင်ကျီသက်ပြင်းချမိသည်။ အနုပညာလောကထဲတွင် သူ့ဂုဏ်သတင်းလည်း မကြာခင် ထိုကောင်ဆိုးလေးကြောင့် တံတွေးခွက်ထဲပက်လက်မျောရမည့်အဖြစ်ကို မြက်ယောင်လာသည်။
"အဲဒါဆိုရင်.....မင်းရဲ့ကိုယ်ပိုင်ဆွဲဆောင်မှုနဲ့.....လာမဲ့ ရသစုံရှိုးမှာမင်းရဲ့သမီးနေရာနေရမဲ့ ကလေးမလေးကို အရင်ဆွဲဆောင်လိုက်ပါဦး.....ငါမင်းကို ပေးမနားဘူးလို့မပြောနဲ့.....အဲဒီရိုက်ကူးရေးပြီးသွားရင် တစ်လလုံးလုံးပေးနားမယ်"။
"ပြီးတော့ တရားဝင်ရိုက်ကူးရေးမစခင် မင်းရဲ့ကွေရောင်ဆံပါင်ကြီးကို အနက်ရောင်ပြန်သွားဆိုးလိုက်ဦး....လူဆိုးလိုလို ဘာလိုလိုနဲ့.....ကလေး လန့်သွားလိမ့်မယ်"။
ခဲ့ကျင်းယန်က ဆံပင်ကိုငွေရောင်ဆိုးထားရုံသာမက နားပေါက်နှစ်ခုလည်းဖောက်ထားပြီး စိန်နားကပ်အရှင်လေးတပ်ထားသည်။ ဘုရားသခင်ပေးသနားထားသော သူ့မျက်နှာချောချော
ကြောင့်သာမဟုတ်လျှင် လမ်းဘေးက ကလေကချေနှင့်ပင် တူနေလိမ့်မည်။
ခဲ့ကျင်းယန်တစ်ယောက် လုယွင်ကျီ၏နားပူနားဆာလုပ်ခြင်းကိုမခံနိုင်တော့သောကြောင့် စိတ်မရှည်စွာဖြင့်ပြောလိုက်သည်။ "ဟုတ်ပြီ.....ဟုတ်ပြီ.....ကျွန်တော်သွားပါ့မယ်.....ခင်ဗျားက သိပ်လေကြောရှည်တာပဲ"။
"ကလေးလေးတစ်ယောက်အတွက်နဲ့ သည်းပြနေလိုက်တာ....နေပါလေ့စေဦး....တွေ့မှ ကောင်းကောင်းပညာပြဦးမယ်"။ သူနှင့်အတူတွဲရိုက်မည့် ထိုကလေးကိုပထမဆုံးတွေ့သည်အထိ ကြိုတင်ပြီး အပိုးကျိုးအောင်လုပ်ထားရမည်။ သူ့စကားနားထောင်ပြီး သူ့ကိုစိတ်အနှောင့်အယှက်မပေးသရွေ့ ထွေထွေထူးထူးကိစ္စမရှိပေ။
လုယွင်ကျီက ခဲ့ကျင်းယန်အကြောင်း အမှန်တကယ်ကို ကောင်းကောင်းသိသည်။ တစ်ချက်ကြည့်လိုက်သည်နှင့် သူဘာဥာဏ်နီဥာဏ်နက်ထုတ်နေမှန်း ချက်ချင်းသိသည်။
"ခဲ့ကျင်းယန်....မင်း ကလေးကိုအနိုင်ကျင့်ရဲကျင့်ကြည့်.....တစ်ခါတည်း အနုပညာလောကထဲက ဆွဲထုတ်ပြီး မင်းမိသားစုလုပ်ငန်းကိုပဲ ဆက်ခံရအောင် ငါလုပ်မှာနော်.....နှစ်ခုထဲက တစ်ခုမင်းရွေးပေါ့....အခု ရသစုံရှိုးကိုကောင်းကောင်းလုပ်ရင်လုပ်....မဟုတ်လို့ကတော့ အိမ်ပြန်ပြီးစီးပွားရေးလုပ်....မင်းလုပ်ရပ်ပေါ် မူတည်တယ်"။ ရိုက်ကူးရေးအဖွဲ့နှင့် အခြားအနုပညာဧည့်ငည်အပါအဝင် သူနှင့်အတူရိုက်ကူးမည့်ကလေးကိုမထိခိုက်စေရန် ခဲ့ကျင်းယန်အား သူ့မိသားစုကိုသုံး၍သာ ကိုင်ပေါက်ရတော့သည်။
လက်တွေ့တွင် ခဲ့ကျင်းယန်နှင့်လုယွင်ကျီတို့က ဝမ်းကွဲညီအစ်ကိုတော်စပ်သည်ကို သိကြသူအနည်းငယ်သာရှိသည်။
သို့သော် အတူတူကြီးပြင်းလာခဲ့သော်လည်း ခဲ့ကျင်းယန်က သူ့အပေါ်မည်သည့်အခါမှ နားမလည်ပေးခဲ့ချေ။ သူ့အားချုပ်ခြယ်ချင်သောကြောင့်ဟုသာထင်နေခဲ့သည်။
ဝန်ထမ်းထံမှဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီးနောက် ဖုန်းယောက်ချင်းလည်း သူ(မ)၏သမီးကို "ကလေးငယ်နှင့်ခရီးသွားခြင်း" ရိုက်ကူးရေးအဖွဲ့၏ အင်တာဗျူးနေရာသို့ခေါ်သွားလိုက်သည်။
ကလေးတစ်ဦးစီကိုအင်တာဗျူးသည့်အချိန်က ဆယ်မိနစ်ပင်မကြာလိုက်ပေ။ ကုဆွေ့ဆွေ့ကပို၍ပင်မြန်သေးသည်။ အင်တာဗျူးခန်းထဲသို့ဝင်သွားပြီး မကြာလိုက်မီတွင်ပြန်ထွက်လာသည်။ ဆွေ့ဆွေ့နှင့်အတူပါလာသည့် ဝန်ထမ်းတစ်ဦးကအိမ်ပြန်ပြီး အင်တာဗျူးရလဒ်ကိုစောင့်ဆိုင်းရန်ဖုန်းယောက်ချင်းအားပြောလိုက်သည်။
ထို့နောက် တင်္နလာနေ့မှဗုဒ္ဓဟူးနေ့အထိ မည်
သည့်အကြောင်းကြားချက်မှမရပေ။ ဖုန်းယောက်ချင်းလည်း အတော်လေးစိတ်ဓာတ်ကျလာချိန်တွင် ဗုဒ္ဓဟူးညတွင် ရိုက်ကူးရေးအဖွဲ့ကဖုန်းခေါ်လာခဲ့သည်။
"မင်္ဂလာပါ....မစ္စစ်ဖုန်းယောက်ချင်း...အင်တာဗျူးရလဒ်ထွက်လာပါပြီ...အစ်မရဲ့သမီးက....ကျွန်မတို့ရိုက်ကူးမဲ့ရသစုံရှိုးအတွက် သင့်တော်ပါတယ်....မနက်ဖြန်ကျရင် စာချုပ်ချုပ်ဖို့အတွက် လာခဲ့ပေးလို့ရမလား"။
Xxxxxxxx