အပိုင်း ၁၉
Viewers 15k

Chapter 19


ရသစုံရှိုးကြီး၏တရားဝင်ရိုက်ကူးရေးမစခင်တွင် ဧည့်သည်အနုပညာရှင်များအားလုံးကိုစုပြီး အကြိုရုပ်ရှင်ရိုက်ကူးစေသည်။


ရိုက်ကူးရေးအဖွဲ့မှစီစဥ်ပေးထားသောကားလေးက ဌားရမ်းထားသည့်သူ(မ)တို့အိမ်အောက်ထပ်တွင် မနက်စောစောစီးစီးကြိုတင်စောင့်ဆိုင်းနေသည်။ ဖုန်းယောက်ချင်းက သူ(မ)သမီးလေးကို အပန်းရောင်နှင့်ခရမ်းဖျော့ရောင်စပ်ထား


သည့်လက်ပြတ်ဝတ်စုံလေးကိုလှလှပပဆင်မြန်းပေးလိုက်သည်။ ထို့အပြင် ကေသာထက်တွင်ဆံထိုးသေးသေးလေးထုံးထားသည့် ကလေးငယ်လေးက ယဥ်စစနှင့်နွေဦးရောင်ခြည်ကဲ့သို့ ငယ်ရွယ်နုပျိုနေသည်။


ယနေ့တွင် တရားဝင်ရိုက်ကူးရေးစဦးမည်မဟုတ်သော်လည်း အကြိုရုပ်ရှင်ကို ရသစုံရှိုးထက်အရင်တည်းဖြတ်ပြီး ထုတ်လွှင့်ပြသမည်ဖြစ်သောကြောင့် ပရိသတ်များ၏အမြင်တွင် မှတ်ချက်ကောင်းကောင်းနှင့်ထင်ကျန်ရစ်နေစေရန် အလွန်အရေးကြီးလှသည်။


ယနေ့တွင် ရိုက်ကူးရေးရှိသောကြောင့် ယမန်နေ့ညက ဖုန်းယောက်ချင်းတစ်ယောက် စိတ်ပူကာ ကောင်းကောင်းပင်အိပ်မပျော်ခဲ့ချေ။


မည်သို့ပင်ဆိုစေ ဤရိုက်ကူးရေးက သူ(မ)သမီးလေးဆွေ့ဆွေ့၏ ပထမဆုံးရသစုံရှိုးအစီအစဥ်ရိုက်ကူးရေးဖြစ်သည်။ ရသစုံရှိုးရိုက်ကူးခြင်းက ရုပ်ရှင်ရိုက်ကူးခြင်းနှင့် ကွာခြားလှသည်။ ရုပ်ရှင်ရိုက်ကူးသည့်အခါ မှားသွားလျှင် တစ်ဖန်ပြန်လည်ရိုက်ကူးကာ ပြုပြင်၍ရနိုင်သည်။ သို့သော် ရသစုံရှိုးရိုက်ကူးနေစဥ် တစ်ဝက်တစ်ပျက်တွင် အမှားလုပ်မိပါက ပြန်လည်ပြုပြင်၍မရနိုင်တော့ချေ။ 


"ဆွေ့ဆွေ့အမေ....ဒီနေ့က တရားဝင်ရိုက်ကူးရေးစတဲ့နေ့မဟုတ်ပါဘူး....ကလေးမိဘတစ်ယောက်အနေနဲ့....အစ်မကဘေးကနေပြီး ရပ်ကြည့်နေလို့ရပါတယ်"။ အစီအစဥ်ညွှန်ကြားရေးတာဝန်ယူထားသည့်ထန်းကျူက သူ(မ)ကိုပြောလာသည်။


ထန်းကျူ၏အလုပ်မှာ အဓိကအားဖြင့် ကလေးများကိုကြည့်ရှုစောင့်ရှောက်ရသောအလုပ်ဖြစ်သည်။ ဖုန်းယောက်ချင်း၏မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်မှုများကို အတိုင်းသားမြင်နေရသောကြောင့် သူ(မ)ရှင်းပြလိုက်မိသည်။ ဒါရိုက်တာကြီးကလည်း အကြိုရုပ်ရှင်ရိုက်ကူးနေစဥ်တွင် ကလေးငယ်များ၏မိဘများကို အတူလိုက်လာ


ခွင့်ပြုထားသည်။


ငယ်ရွယ်လွန်းသောကလေးများအား အဘယ်မိဘကများစိတ်ချနိုင်ပါအံ့နည်း။ ထို့ကြောင့် အတူလိုက်ပါရန်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။


တရားဝင်ရိုက်ကူးရေးစတင်သည့်နေ့တွင် သူ(မ)မလိုက်ပါနိုင်သော်လည်း ယနေ့အကြိုရုပ်ရှင်ရိုက်ကူးရေးအတွက် သမီးလေး၏ဘေးမှလိုက်ပါနိုင်သောကြောင့် သူ(မ)စိတ်သက်သာရာရမိသည်။


တစ်ပတ်တွင်နှစ်ရက်လောက်ရိုက်ကူးရေးလုပ်ပြီး သူ(မ)ဘေးတွင်မရှိမည့်သမီးငယ်လေးကို တွေးရင်း ဖုန်းယောက်ချင်းစိတ်မကောင်းဖြစ်ရပြန်သည်။ အထူးသဖြင့် "ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးအစီအစဥ်၏ရိုက်ကွင်းနေရာများမှာ မြို့ပြင်နေရာများဖြစ်သည်ကိုသိလိုက်ရသောအခါ ပိုလို့ပင်ဝမ်းနည်းသွားရသည်။


ဖုန်းယောက်ချင်း: "ရိုက်ကူးရေးလုပ်နေတဲ့အချိန်မှာ ကျွန်မတို့သမီးလေး တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲဟင်"။ 


ယခုသူ(မ)သမီးနှင့်သားအဖနေရာတွင်တွဲဖက်သရုပ်ဆောင်မည့် အမျိုးသားအနုပညာရှင်က ဒေါသကြီးကြောင်းကို သူ(မ)အတော်အတန်သိထားပြီးဖြစ်သည်။ ထို့ကြောင့် ဆွေ့ဆွေ့အတွက် အထူးစိတ်ပူနေရခြင်းဖြစ်သည်။


"ဆွေ့ဆွေ့အမေ....စိတ်မပူပါနဲ့....ကလေးတွေကို ဂရုစိုက်ရမှာက ကျွန်မရဲ့အလုပ်ပါ..."။ အနုပညာရှင်များ၏ကလေးများက ပိုးမွေးသလို ခြေမွေးမီးမလောင် လက်မွေးမီးမလောင်ဖြင့် ရွှေပေါ်မြတင်ပြီး အလိုလိုက်ခံထားရသူများဖြစ်သည်။ မည်သူကမှ လက်လွတ်စပါယ်ထိပါးရဲမည်မဟုတ်ပေ။


ထို့အပြင် ကုဆွေ့ဆွေ့လေးက အလွန်တစ်မူထူးပြီး လှပသူဖြစ်သည်။ သူ(မ)က ဆိုင်မှန်ဘောင်ထဲတွင်အလှပြထားသည့် အရုပ်လေးများထက်ပင် အဆပေါင်းများစွာလှပနေသေးသည်။


နာရီဝက်ခန့်ကားမောင်းပြီးနောက် နောက်ဆုံးတွင် ပန်းခြံပေါက်ဝသို့ရောက်လာခဲ့သည်။


သားအဖ ၊ သားအမိအရင်းများဖြစ်ကြသော အခြားအနုပညာရှင်များနှင့်သူတို့ကလေးများ၏ နေ့စဥ်ဘဝများကိုအကြိုရုပ်ရှင်တွင်ထည့်သွင်းမှတ်တမ်းတင်နိုင်ရန် ရိုက်ကူးရေးအဖွဲ့က ၎င်းတို့၏နေအိမ်များတွင် သွားရောက်ရိုက်ကူးခဲ့ပြီးဖြစ်သည်။ ယာယီသရုပ်ဆောင်သားအဖဖြစ်


သည့် ကုဆွေ့ဆွေ့နှင့်ခဲ့ကျင်းယန်ကိုမူ ပန်းခြံတစ်ခုတွင်ရိုက်ကူးရန်စီစဥ်ထားသည်။


ယနေ့တနင်္လာနေ့ မနက်ရှစ်နာရီအချိန် ပန်းခြံထဲတွင် လာရောက်လည်ပတ်သူအများအပြားရှိနေသည်။ အထူးသဖြင့်ပန်းခြံအနီးအနားပတ်ဝန်းကျင်ရှိ သက်ကြီးရွယ်အိုများနှင့်ပလေးငယ်များဖြစ်သည်။


ထိုပန်းခြံကို ဖုန်းယောက်ချင်းကောင်းကောင်းသိပါသည်။ ယခင်က ပန်းခြံအနီးတစ်ဝိုက်တွင် အိမ်ဌားခဲ့ဖူးသောကြောင့်ဖြစ်သည်။ သူ(မ)တို့၏အိမ်မှ ပန်းခြံသို့ရောက်ရန် လမ်းလျှောက်သွားလျှင် ဆယ်မိနစ်ခန့်သာကြာပေလိမ့်မည်။ သူ(မ)သမီးကိုလည်း အေးအေးလူလူလမ်းလျှောက်အပန်းဖြေရန် ဤပန်းခြံသို့ မကြာမကြာခေါ်လာဖူးသည်။


မနက်ခြောက်နာရီမှခုနစ်နာရီအထိ သို့မဟုတ် ညနေခြောက်နာရီမှညဆယ်နာရီအတွင်း ပန်းခြံထဲသို့အလည်လာမည်ဆိုရင် ဝင်ကြေးပေးစရာမလိုပေ။ ထိုသတ်မှတ်ချိန်များမဟုတ်ပဲ အခြားအချိန်များတွင်လာလျှင် ဝင်ကြေးယွမ်နှစ်ဆယ်


ခန့်ကောက်ခံလေ့ရှိသည်။


အခြားသူများအား ရိုက်ကူးရေးအချိန်ကြိုတင်သတ်မှတ်ပေးထားပြီးဖြစ်သော်လည်း ရိုက်ကူးရေးအဖွဲ့က ဒေါသကြီးလှသောအနှီသခင်လေးခဲ့ကျင်းယန်ကိုမူ သူ့ဘာသာသူအချိန်ဆုံးဖြတ်ခိုင်းသည်။ သူနှင့်လိုက်ညှိပြီးမှ ရိုက်ကူးရေးစမည်ဟု ကြိုပြောထားရသည်။ သို့သော်ခဲ့ကျင်းယန်က ဟိုလိုလိုဒီလိုလိုနှင့်အချိန်ဆွဲနေသည်။


နောက်ဆုံးတွင် ကိုယ်စားလှယ်ဖြစ်သူ လုယွင်ကျီပဲ လူကိုယ်တိုင်သွားပြီး ကျေးဇူးရှင်လေးအား မနက်စောစောစီးစီး အိပ်ရာမှဆွဲထုတ်ရသည်။


"ရသစုံရှိုးလေးရိုက်ဖို့ပဲကို....ဒီလောက် အစောကြီးထဖို့ လိုလို့လား"။ ကားထဲတွင်ဝင်ထိုင်နေသော ထိုကောင်လေးကာ သြရှရှအသံလေးနှင့် မကျေမနပ်ညီးညူလာသည်။ ရသစုံရှိုးအကြောင်းကို သူလုံးဝခေါင်းထဲထည့်ခဲ့သည်မဟုတ်ပေ။ မနေ့ညက သန်းခေါင်ကျော်သည်အထိ ညလုံးပေါက်ဂိမ်းဆော့ထားသောကြောင့် ခေါင်းပင်မထောင်နိုင်တော့လောက်အောင် ငိုက်မျဥ်းနေသည်။


လုယွင်ကျီ: "သုံးနှစ်အရွယ်ပဲရှိသေးတဲ့ ကလေးလေးတောင်မှ...မင်းထပ်စောစောထလာသေးတယ်....လူကြီးဖြစ်ပြီး ကလေးထက်နောက်ကျနေတာ မရှက်ဘူးလား"။


ရိုက်ကူးရေးအချိန်ကို တတ်နိုင်သလောက်စောစောလုပ်မှ အဆင်ပြေပေလိမ့်မည်။ ပန်းခြံတွင် နေ့လည်ပိုင်းရောက်လျှင်လူများလာတော့


မည်ဖြစ်သည်။ ပရိသတ်အုပ်ကြီးနှင့်တိုးလျှင် သူတို့အားလုံး အခက်တွေ့ပေဦးမည်။ ဒါကို ထိုကောင်လေးက နားမလည်။ ခက်တော့ခက်ပြီ။


မှန်ထဲမှပြည့်စုံလွန်းသည့်သူ့ပုံရိပ်ကိုကြည့်ကာ ကျေနပ်သွားပြီးမှ ကားထဲမှထွက်လိုက်ရင်း နေကာမျက်မှန်ကိုချွတ်ကာ အသားကျနေသော ကင်မရာမီးရောင်စုံများကြား ဓာတ်ပုံရိုက်ခံလိုက်သည်။


"မစ္စတာခဲ့....ဒီကတ်ပေါ်မှာ သဲလွန်စတစ်ခုချရေးလိုက်ပါ....ဒီသဲလွန်စအတိုင်း ကလေးမလေးက လာရှာပါလိမ့်မယ်"။ သဲလွန်စချရေးခြင်းက သူ့အတွက် အထူးတလှယ်ခက်ခဲမနေပေ။


ဥပမာအားဖြင့် သဲလွန်စပေးရန်အတွက် ကိုယ်ပေါ်တွင် ဝတ်ဆင်ထားသည့် အင်္ကျီအဝတ်အစားအရောင် ဦးထုပ်အရောင်စသည်တို့ကိုချရေးလို့ရသည်။ သို့သော် သတိထားမိရန်မလွယ်ကူသော သူ့ဆံပင်ခဲရောင်ကိုသာ သဲလွန်စအနေဖြင့် ခဲ့ကျင်းယန် ချရေးလိုက်သည်။


ကလေးငယ်လေးကို ခဲ့ကျင်းယန်အားလိုက်ရှာစေခြင်းမှာ အခုမှတစ်ယောက်နှင့်တစ်ယောက်တွေ့ဖူးမည့် ယာယီသားအဖနှစ်ယောက်ကို အနေမခက်စေရန်အတွက်ဖြစ်သည်။ အဓိကရည်ရွယ်ချက်မှာ ရှေ့ဆက်အလုပ်အတူလုပ်ကြရမည့် သူတို့နှစ်ဦးကို မစိမ်းသက်စေလိုသောကြောင့်ပင်။ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီသွားမှသာ ရှေ့လျှောက်အဆင်ပြေနိုင်ပေမည်။


ယနေ့ရသစုံရှိုးအကြိုရုပ်ရှင်ရိုက်ကူးရေးလုပ်ရန် ခဲ့ကျင်းယန်အင်တင်တင်ဖြစ်နေသော်လည်း သူ့ပုံရိပ်ကိုမထိခိုက်စေလိုသောကြောင့် ဂရုတစိုက်လာရခြင်းဖြစ်သည်။ ဆွယ်တာအနက်ရောင်နှင့်ဂျင်းဘောင်းဘီရှည်ဝတ်ထားပြီး ငွေရောင်ဆံပင်များကို သပ်ရပ်စွာနောက်လှန်ဖြီထားပြီး ရူးလောက်အောင်ချောမောသောမျက်နှာက ယောကျာ်းဆန်စွာ ထင်းလင်းနေသည်။


လွန်ခဲ့သောအပတ်က သူ့ကိုယ်စားလှယ်ကြီးက တရားဝင်ရိုက်ကူးရေးမစမီတွင် ဆံပင်ပနက်ရောင်ပြန်ဆိုးရန်ပြောထားသော်လည်း ယနေ့ကတရားဝင်ရိုက်ကူးရေးနေ့မဟုတ်သောကြောင့် သူ့ငွေရောင်ဆံပင်ကို နဂိုအတိုင်းထားထားသေးသည်။ 


"ဟုတ်ပြီ....ငါသိပြီ"။


ရိုက်ကူးရေးအဖွဲ့၏တောင်းဆိုချက်ကြောင့် ခဲ့ကျင်းယန်တစ်ယောက် မင်နက်ကိုင်ထားသော သူ၏ရှည်ရှဘ်သွယ်သွယ်လက်များကို ရွေ့လျားလိုက်ရင်း သူတို့ပေးသောကတ်ပေါ်တွင် စကားလုံးအချို့ချရေးလိုက်သည်။


"ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုး၏ရိုက်ကူးရေးဝန်ထမ်းတစ်ဦးက သူ့ကတ်ကိုယူသွားချိန်တွင် ထိုလူလက်ထဲမှဇာတ်ညွှန်းပုံစံရေးထားသောအကြောင်းအရာတစ်ချို့ကိုမြင်လိုက်ရသောကြောင့် ခဲ့ကျင်းယန်၏မျက်နှာအမူအရာက သိသိသာသာတန့်သွားသည်။


ဝန်ထမ်းများလည်း အလုပ်သဘောအရကြောင့်သာ ခဲ့ကျင်းယန်နှင့်ပြောဆိုဆက်ဆံနေရသော်လည်း အသက်ပင်ဖြောင့်ဖြောင့်မရှူရဲကြ။ မထင်ရင်မထင်သလို ဇွတ်တရွတ်လုပ်တတ်သော ကိုယ်တော်ချောနှင့်ပတ်သတ်ပြီး ဒါရိုက်တာရီကျောက်က ဝန်ထမ်းအားလုံးကိုကြိုတင်သတိပေးထားပြီးဖြစ်သည်။


တစ်ဖက်တွင်လည်း ရိုက်ကူးရေးအဖွဲ့က ကုဆွေ့ဆွေ့အတွက်ကြိုတင်ပြီး မစ်ရှင်ပေးထားသည်။


ဤသို့သော် အပြင်ဘက်ရိုက်ကွင်းရသစုံရှိုးမျိုးတွင်ပါဝင်ရိုက်ကူးခြင်းမှာ ကုဆွေ့ဆွေ့အတွက်ပထမဆုံးအကြိမ်ဖြစ်သည်။ ကင်မရာထမ်းထားသော ဦးလေးကြီးက တစ်ချိန်လုံး သူ(မ)ဘယ်သွားသွား အနောက်ကလိုက်နေရသည်ကို မြင်သောအခါ မနေနိုင်ပဲ ဂရုဏာသက်စွာဖြင့် ထိုဦးလေးကြီးအားငေးကြည့်နေမိသည်။ ဝန်ထမ်းမမတစ်ဦးက သတိပေးလိုက်မှသာ သူ(မ)အသိပြန်လည်လာသည်။


"ဆွေ့ဆွေ့လေး....ဒါက သမီးရှာရမဲ့လူနော်....ဒီကတ်ပေါ်က သဲလွန်စတွေက ဒီတစ်ခေါက်ရိုက်ကူးရေးမှာ သမီးရဲ့အဖေဖြစ်မဲ့သူကရေးထားပေးတာ.....ပန်းခြံထဲမှာ သူ့ကိုရှာရမဲ့ သဲလွန်စတွေပေါ့"။ ထန်းကျူက ဝန်ထမ်းလက်ထဲရှိ သဲလွန်စကတ်ကိုလှမ်းယူပြီး ဖတ်ကြည့်လိုက်သည်။ "ပန်းခြံထဲမှာ အချောဆုံးနဲ့ဆွဲဆောင်မှုအရှိဆုံးလူ"။


အဓိပ္ပါယ်မရှိသော သဲလွန်စတစ်ခုပင်။ သုံးနှစ်အရွယ်ကလေးက ထိုသဲလွန်စအတိုင်း ဘယ်လိုလုပ်ပြီးရှာနိုင်လိမ့်မည်နည်း။


ထို့အပြင် ပန်းခြံကြီးကအလွန်ကြီးလွန်းသည်။ ယနေ့မနက်တွင် အခြားနေ့များထက်လာရောက်လည်ပတ်သူနည်းပါးသော်လည်း ရိုက်ကူးရေးအဖွဲ့က ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့၏တည်နေရာကို ဝေးလွန်းအောင်မစီစဥ်ထားချေ။ သို့သော် သူပေးလိုက်သောသဲလွန်စက ကလေးတစ်ယောက်အဖို့ ခက်ခဲလှသည်။


"အချောဆုံးလား"။ ဝန်ထမ်းအစ်မပြောလိုက်သောစကားကိုကြားသောအခါ ကလေးငယ်၏မျက်နှာထက်တွင် ဇဝေဇဝါအမူအရာများပေါ်လာသည်။


တစ်ကယ်တမ်းတွင် ကလေးမပြောနှင့် လူကြီးတစ်ယောက်ပင်လျှင် မရေမရာသည့်သဲလွန်စကြောင့် အခက်တွေ့နိုင်သည်။


ထန်းကျူက မလှမ်းမကမ်းရှိကင်မရာဆီလှမ်းကြည့်လိုက်ပြီး အသာအယာခေါင်းယမ်းလိုက်သည်။ မတတ်နိုင်သည့်အဆုံး သူ(မ)လည်း အစီအစဥ်အတိုင်းသာ လိုက်လုပ်ရတော့မည်ဖြစ်သည်။ ထို့ကြောင့် ဆွေ့ဆွေ့အားပြောလိုက်သည်။ "အခုသမီးရဲ့အဖေဖြစ်လာမဲ့သူကို စရှာလို့ရပြီနော်"။


ကတ်ပေါ်ရှိစာသားနှင့်သူ(မ)ကိုယ်တိုင် လူတစ်ယောက်သွားရှာရမည့် ကိစ္စကိုကုဆွေ့ဆွေ့နားမလည်သော်လည်း ကံကောင်းစွာဖြင့် ကလေးတစ်ယောက်အနေနှင့် တူတူပုန်းတမ်းကစားနေသည်ဟုသာ သူ(မ)မှတ်ယူလိုက်သည်။


မေလရောက်တော့မည်ဖြစ်သော်လည်း နွေရာသီဝင်စသာရှိသေးသည်။ သို့သော် ပန်းခြံထဲတွင်မူ 


မနက်ခင်းအပူချိန်က လုံးဝမပူပြင်းပေ။ လေညင်းလေးက အသာအယာတိုက်ခတ်နေပြီး 


လတ်လတ်ဆတ်ဆတ်မနက်ခင်းလေပြေထဲတွင် 


ပန်းရနံ့သင်းသင်းတို့က ထုံလွှမ်းနေသည်။


ဆွေ့ဆွေ့တစ်ယောက် ပန်းခြံထဲတွင်လမ်းလျှောက်နေရင်း နွေလေပြေကိုတစ်ဝကြီးရှူရှိုက်နေမိသည်။ လေနှင့်အတူပါလာသော ပန်းရနံ့နှင့် မြေကြီးနံ့သင်းသင်းကိုသူ(မ)အလွန်သဘောကျပါသည်။ ထိုရနံ့က သဘာဝတရားကြီးနှင့်တစ်သားတည်းဖြစ်သွားသလို ခံစားရစေသည်။


သူ(မ)ရှာရမည့်သူကို တွေးနိုးနိုးနှင့် ကုဆွေ့ဆွေ့ အတန်ငယ်လှည့်ပတ်ကြည့်နေမိသည်။ ထိုစဥ်တွင် ရုတ်တရက်ဆိုသလို ချိုအီအီရနံ့လေးကို သူ(မ)ရလိုက်သည်။ ထိုအနံ့နောက်ကိုလိုက်ရင်း ဆိုင်သေးသေးလေးတစ်ဆိုင်ရှေ့သို့ သူ(မ)ရောက်သွားသည်။


ခဲ့ကျင်းယန် သူ့နေရာတွင် တည်တည်ငြိမ်ငြိမ်ရပ်စောင့်နေသော်လည်း ကျေးဇူးရှင်ကလေးမလေးက အခုထိပေါ်မလာသေးချေ။ ထို့အပြင် ပန်းခြံရှိလူတစ်ချို့က သူ့ကိုသတိထားမိသွားပြီး လက်မှတ်တောင်းပြီးဓာတ်ပုံရိုက်ရန် ဇွတ်အတင်းဝင်လာကြသည်။


"ဟေး....မင်းတို့ပြောနေတဲ့....ကလေးမလေးကမရောက်လာသေးဘူးလား"။ ခဲ့ကျင်ယန်စိတ်မရှည်တော့သောကြောင့် ရိုက်ကူးရေးအဖွဲ့ကိုလှမ်းမေးလိုက်သည်။


"ဆရာခဲ့....ကျွန်တော်တို့တောင်းပန်ပါတယ်...ကလေးကရှာမတွေ့သေးလို့နေမှာ....ခဏလောက်စောင့်ပေးပါဦး"။ ဝန်ထမ်းတစ်ဦးက စိတ်ရှည်လက်ရှည်ပြန်ဖြေလာသည်။ သို့သော် နောက်ထပ်မိနစ်နှစ်ဆယ်ကြာသောအခါ ခဲ့ကျင်းယန်၏ သည်းခံနိုင်စွမ်းတို့ကုန်သွားလေပြီ။


ဆံပင်များကိုစိတ်မရှည်စွာဆွဲဖွလိုက်ရင်း ခြေတံရှည်ရှည်တို့က ရိုက်ကွင်းနေရာမှတစ်ဖက်ကိုထွက်ခွာသွားတော့သည်။ "ဒါရိုက်တာကြီး....သူ့ကိုမတားတော့ဘူးလား"။ ဝန်ထမ်းက ဒါရိုက်တာရီကျောက်ကို အားကိုးတကြီးလှမ်းမေးလိုက်သည်။


"သူသွားပါစေ.....ရိုက်ကူးရေးပြီးသွားမှ တည်းဖြတ်ပြီး....တစ်ခြားအတိုအထွာလေးတွေထပ်ဖြည့်လိုက်ကြတာပေါ့"။ ခဲ့ကျင်းယန်တစ်ယောက် ပန်းခြံအနောက်ဖက်သို့ထွက်လာချိန်တွင် ကလေးမလေးတစ်ယောက်၏မျက်ဝန်းလက်လက်များနှင့် မျက်လုံးချင်းဆုံမိသွားသည်။ သူထင်တာမမှားလျှင် ထိုကလေးမလေးက သူ့ကိုလာရှာရမည့်ကလေးမဟုတ်လား။


Xxxxxxxxx