Chapter 2
Viewers 48

ချင်ကောက ကုမ္ပဏီရဲ့ CEO ဖြစ်တာကြောင့် ပုံမှန်ဆို အရမ်းကို အလုပ်များနေတတ်တယ်။


သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေတွေ ပုံမှန်ပြန်ဖြစ်ပြီဆိုတာနဲ့ ဆေးရုံက‌ ဆင်းလို့ရပြီ။


ဆေးရုံဆင်းတဲ့အချိန်မှာ ငါဆရာဝန်ကို ချင်ကောရဲ့ ပြန်ကောင်းနိုင်ချေကို မေးခဲ့တယ်။


ဆရာဝန်က မှတ်ဉာဏ်ဆုံးရှုံးမှုက မတည်ငြိမ်တဲ့ အရာတစ်ခုဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ပြန်ကောင်းလာခြင်းနဲ့ လိုက်လျောညီထွေဖြစ်နေမှုတွေအပေါ် မူတည်တယ်ဆိုပြီး ပြောတယ်။ တချို့တွေက မြန်မြန် ပြန်မှတ်မိတာမျိုးဖြစ်နိုင်ပေမယ့် တချို့ကတော့ တစ်ဘဝလုံး မမှတ်မိတော့တာ ဖြစ်နိုင်တယ်တဲ့။


ငါ သက်ပြင်းအရှည်ကြီး ချမိတယ်။


သူပြန်ကောင်းလာရင်တော့ အကောင်းဆုံးပေါ့။ မဟုတ်ရင်‌တောင် အဲတာက အရမ်းတော့ အရေးမကြီးပါဘူး။


ဘဝက ပုံမှန်အတိုင်းပဲ ဆက်သွားမှာပါပဲ။


ပြောင်းလဲသွားတဲ့အချက်ကတော့ ချင်ကောက အိမ်ကို ပိုပြီးတော့တောင် ခဏခဏပြန်လာဖြစ်တယ်။


သူ ပုံမှန်အားဖြင့် အရမ်းအလုပ်များတာကြောင့် အိမ်ကို တစ်ပတ် နှစ်ခါ သုံးခါပဲ ပြန်လာလေ့ရှိပြီး အလုပ်ကို ပြန်မသွားခင် ခဏလောက်တော့ နေဖြစ်ခဲ့တယ်။


ဒါပေမယ့် မကြာသေးခင်က အိမ်ကို နေ့တိုင်း ပြန်လာတာမလို့ ငါတို့ အိမ်ထောင်ရေးရဲ့ အစောပိုင်း ကာလတွေကို သတိရလုနီးပါးပဲ။


အဲဒီနေ့က ငါခေါင်း အခြောက်ခံနေတယ်။


ချင်ကောကတော့ ရေချိုးပြီးပြီးမလို့ ကုတင်ပေါ်မှာ မှီပြီး လှဲနေတယ်လေ။


*တင်*


အိပ်ရာဘေးက စားပွဲလေးမှာ တင်ထားတဲ့ ငါ့ဖုန်းက အသံမြည်လာခဲ့တယ်။


ငါ ဆံပင်အခြောက်ခံပြီးတဲ့နောက်မှာ အိပ်ရာပေါ်ကို တက်သွားလိုက်တယ်။


ဖုန်းက စားပွဲပေါ်မှာပဲ ရှိနေသေးပြီး ချင်ကောကလည်း သူ့လက်ပ်တော့နဲ့ စာရွက်စာတမ်းတွေ လုပ်နေခဲ့တယ်။


သူ ပုံမှန်ဆိုလည်း ငါ့ဖုန်းကို ယူမကြည့်တတ်တာမလို့ ဒီနေ့လည်း ‌သဘာဝကျကျ သူမကြည့်ခဲ့ဘူး။


ငါ ဖုန်းကို ဖွင့်လိုက်တယ်။


ထင်ရှားတဲ့ စာတစ်စောင်က ပေါ်လာခဲ့တယ်။


[စစ်ယန် : ချင်ကော ကားအက်ဆီးဒန့်ကြောင့် မှတ်ဉာဏ်တွေ ပျောက်သွားတယ်လို့ ကြားတယ်]


[စစ်ယန် : မင်း ဘယ်လို ဆက်ဆံရေးကို ထိန်းထားလဲ]


ငါ မျက်ခုံးပင့်လိုက်မိပြီး ရွံရှာစိတ်က ငါ့နှလုံးသားထဲ ဖြတ်ပြေးသွားတယ်။


စစ်ယန်က ငါ့ရည်းစားဟောင်းပဲ။


လွန်ခဲ့တဲ့ ငါးနှစ်က ငါသူနဲ့ ပြတ်လိုက်ပြီး သူက ‌နိုင်ငံခြားကို ထွက်သွားခဲ့တယ်။


ငါတို့ မိသားစုအချင်းချင်း စီးပွားရေး‌ပူးပေါင်းမှုတွေ ရှိသေးတာမလို့ ငါတို့ရဲ့ ဆက်သွယ်လို့ရတဲ့ အချက်အလက်တွေကို မဖျက်ပစ်ခဲ့ကြဘူး။


ငါ အေးအေးဆေးဆေးပဲ သူ့ကို စာပြန်လိုက်တယ်။


[ယန်ရှူ : အလုပ်နဲ့ မပက်သက်တဲ့ စာတွေ မပို့ပါနဲ့၊ ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာက ဥဣဌစစ် စိတ်ပူရမယ့် ကိစ္စမဟုတ်ပါဘူး]


သူ့ရဲ့ ပြန်စာကို မစောင့်တော့ဘဲ ဖုန်းပိတ်လိုက်ပြီး ဘေးဘက်ကို ပစ်ထားလိုက်တယ်။


ဘေးမှာ ရှိနေတဲ့ ချင်ကောက ရုတ်တရက် စကားထပြောလာတယ်။


"မင်းဘယ်သူနဲ့ စာပို့နေတာလဲ"


ချင်ကောက မှတ်ဉာဏ်တွေ ဆုံးရှုံးထားတာ။ အကယ်၍ ငါသာ ရည်းစားဟောင်းပါဆိုပြီး တိုက်ရိုက်ပြောလိုက်ရင် ငါတို့ရဲ့ ဆက်ဆံရေးကို သက်ရောက်မှုရှိနိုင်တယ်။


မလိုအပ်တဲ့ ပြဿနာတွေကို ရှောင်ဖို့အတွက် ငါ ခဏလောက် စဉ်းစားပြီး ပြန်ဖြေလိုက်တယ်။


"ငါ အခုတလော ဆက်သွယ်နေရတဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်"


အကုန်လုံးကတော့ အလိမ်အညာတွေ မဟုတ်ပါဘူး။ စစ်ယန်က တကယ်ကို ငါ့မိသားစုရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်လေ။


ချင်ကောက ငါ့‌ကို သေချာစိုက်ကြည့်နေပြီး သူ့မျက်လုံးတွေက နက်မှောင်နေပြီး မယုံတဲ့ အကြည့်တွေ ဖြစ်နေတယ်။


အပြစ်ရှိစိတ်နည်းနည်း ခံစားမိပြီး ငါ မသိစိတ်အရ နှာခေါင်းကို ပွတ်လိုက်မိတယ်။


"ဪ"


သူ အလုပ်ပြန်လုပ်နေတယ်။


ငါက သူ ဆက်မေးမယ်ထင်တာကို ငါရလိုက်တာက 'ဪ' ဆိုတာပဲလား။


ရုတ်တရက် မရှင်းပြနိုင်လောက်အောင် ဒေါသထွက်လာခဲ့တယ်။


ငါ မပြောင်းလဲတဲ့ မျက်နှာအမူအရာနဲ့ သူ့ လက်ပ်တော့ကို ပိတ်လိုက်ပြီး စားပွဲပေါ်တင်လိုက်တယ်။


ချင်ကောက ငါ့ရဲ့ ရုတ်တရက်လုပ်ရပ်ကြောင့် သတိလက်လွတ်ဖြစ်သွားတယ်။ မျက်မှောင်ကြုတ်ပြီး မေးလာတယ်။


"ဘာဖြစ်တာလဲ"


ငါ နှုတ်ခမ်းတွေကို ကွေးလိုက်ပြီး လက်ကို သူ့ပေါင်ပေါ် တင်လိုက်တယ်။ သူပါးကို မနမ်းခင်မှာ သူ့မေးစေ့ကို လက်ညှိုးနဲ့ ဆွဲမြှောက်လိုက်တယ်။ မျက်လုံးတွေကို မှေးပြီး မျက်တောင်ခတ်ရင်း ငါမေးလိုက်တယ်။


"ဒီည...လုပ်ချင်လား"


ချင်ကော အသက်အောင့်လိုက်မိတယ်။


အရင်ကဆို သူ ငါ့ကို သူ့အောက်မှာ ဖိထားပြီး ငါ့ရဲ့ အင်္ကျီတွေကို ဆွဲဖယ်နေလောက်ပြီ။


ဒါပေမယ့် အတိတ်မေ့နေတဲ့ ချင်ကောက မမျှော်လင့်ဘဲ ဖြူစင်နေတယ်။


သူ့နားရွက်ထိပ်တွေ နီရဲလာပြီး လည်ချောင်းက လှုပ်ခတ်သွားတယ်။ သူ့မျက်လုံးတွေကို မှိန်ဖျော့သွားစေတဲ့ လိုအင်ဆန္ဒတွေကို မြင်လိုက်ရတယ်။


"သေချာရဲ့လား"


ချင်ကောရဲ့ အသံက နိမ့်နေပြီး နည်းနည်းဩရှနေတယ်။


ငါတို့ရဲ့ ပထမဆုံးညကလည်း ဒီလိုမျိုးဖြစ်ခဲ့တယ်ဆိုတာကို  ငါယောင်ဝါးဝါးမှတ်မိလာတယ်။


သူ့အကြည့်တွေက လေးနက်လာပြီး စကားကို တစ်လုံးချင်းပြောလာတယ်။


"ယန်ရှူ၊ သေချာရဲ့လား"


ငါ့အဖြေကို လုပ်ရပ်တစ်ခုအနေနဲ့ သူ့နှုတ်ခမ်းပါးကို နမ်းလိုက်တယ်။


~~~