တကယ့်လက်တွေ့ကတော့ အရမ်းကြီး မဆင်မခြင် မဖြစ်သင့်ဘူးဆိုတာ သက်သေပြခဲ့ပါတယ်။
မနက်မိုးလင်းတော့ ငါ့ရဲ့ အမူအရာတွေက ခက်ထန်နေပြီး လည်ချောင်းကလည်း နည်းနည်း နာနေတယ်။
ချင်ကောက ဘေးမှာ ထိုင်နေပြီး သူ့လက်ချောင်းတွေကို ပွတ်သပ်ရင်း တစ်ခါတလေ ငါ့ကို ခိုးခိုးပြီး ကြည့်နေတယ်။
ငါ သက်ပြင်းမချဘဲ မနေနိုင်တော့ဘူး။
ဘယ်လိုဖြစ်လို့ သူ့အရည်အချင်းတွေက အတိတ်မေ့ပြီးမှ ပိုဆိုးရွားလာရတာလဲ...
ငါ့ရဲ့ ချဉ်တူးနေတဲ့ အမူအရာကို သတိထားမိသွားတော့ ချင်ကော တုံ့ဆိုင်းနေပြီးမှ ငါ့ရဲ့ ညဝတ်အင်္ကျီလက်အစွန်းကို လာကိုင်တယ်။
"ဇနီးလေး... အခု ကိုယ့်ကို မကြိုက်တော့ဘူးလားဟင်"
သူ့မျက်လုံးတွေက တစ်နည်းနည်းနဲ့ သနားဖို့ကောင်းနေတယ်။
ငါ သူ့ခေါင်းကို ခွေးလေးတွေကို ပွတ်သလို ပွတ်သပ်ပေးလိုက်ပြီး နှစ်သိမ့်လိုက်တယ်။
"မဟုတ်ပါဘူး"
ချင်ကောရဲ့ မျက်လုံးတွေက ချက်ချင်းကို တောက်ပသွားတော့တယ်။ သူ့ လက်နှစ်ဖက်က လက်ချောင်းတွေကို အချင်းချင်းထိလိုက်ပြီး စိတ်လှုပ်ရှားနေတဲ့ ပုံနဲ့ မော့ကြည့်ပြီး မေးလာတယ်။
"ဒါဆို ကိုယ်တို့ ဒီည ထပ်လုပ်လို့ရမလားဟင်...ကိုယ် သေချာပေါက် ပိုပြီး လေ့ကျင့်ပါ့မယ်"
ငါ : ...
မင်း သွားအိပ်သင့်တယ်။ အိမ်မက်တွေထဲမှာ မင်းလိုချင်တာ အကုန်ရှိတယ်။
အဆုံးမှာတော့ ငါသူ့ကို အလုပ်သွားဖို့ နှင်ထုတ်လိုက်တယ်။ သူခြေလှမ်းလှမ်းတိုင်း ငါ့ကို ပြန်ပြန်လှည့်ကြည့်ရင်း ထွက်သွားဖို့ တွန့်ဆုတ်နေတယ်။
နေ့လည်ခင်းမှာ ချင်မြောင်နဲ့ ငါက စားသောက်ဆိုင်တစ်ခုမှာ နေ့လည်စာ အတူစားကြတယ်။
ချင်မြောင်နဲ့ ငါက ငါ လက်ထက်ပြီးနောက်ပိုင်းမှာ ပိုလို့တောင် ရင်းနှီးလာတယ်။ လက်ထက်ပြီးနောက်ပိုင်း ချင်ကော အလုပ်သွားချိန်တိုင်း ငါတို့ ရံဖန်ရံခါ တွေ့လေ့ရှိကြတယ်။
စားနေတုန်း သူမရဲ့ ဖုန်းကို ကြည့်ဖို့ငါ့ကို စိတ်လှုပ်ရှားစွာနဲ့ ဆွဲလိုက်တယ်။
"စစ်ယန်က ဒီနိုင်ငံကို ပြန်လာတော့မယ်တဲ့ ယောင်းမ သူ့ရဲ့ သူငယ်ချင်းရပ်ဝန်းကို ကြည့်ပါဦး"
ချင်မြောင် သူမဖုန်းကို ပွတ်ဆွဲလိုက်တယ်။
[စစ်ယန် : ပြန်လာတော့မယ်၊ ကျွန်တော် လွမ်းနေတဲ့လူကို တစ်ခေါက်လောက် ထပ်တွေ့ချင်တယ်]
တွဲပါလာတဲ့ ပုံက အတော်လေးကို လက်ရာမြောက်တဲ့ လက်လုပ် နှင်းဆီပန်းပုံ။
ဒါက ငါတို့ ချိန်းတွေ့ကြတုန်းက ငါကိုယ်တိုင်လုပ်ပေးခဲ့တာပဲ။
ချင်မြောင်က ငါ့ကို ကြည့်ပြီး အတင်းအဖျင်းပြောတဲ့ အမူအရာနဲ့ ပြောလာတယ်။
သူမက ငါ့ကို စနောက်နေတာလေ။
"ယောင်းမ စစ်ယန်က နင့်အပေါ် နက်ရှိုင်းတဲ့ ခံစားချက်တွေ ရှိသေးတာပဲ"
ငါကတော့ အေးအေးဆေးဆေးနဲ့ ပန်းကန်ထဲက အသားကို သေးသေးလေးလှီးပြီး ပါးစပ်ထဲ ထည့်လိုက်တယ်။
"အဲတာ သူ့အတွက်သူ လုပ်နေရုံပဲ"
စစ်ယန်နဲ့ ငါက ချိုမြိန်တဲ့ အခိုက်အတန့်တွေ ရှိခဲ့ပါတယ်။
ဒါပေမယ့် ငါသူ့ကို လက်မထပ်ခင် အတူတူမအိပ်ဖို့ ပြောထားတဲ့အတွက် သူက သူ့ဆန္ဒတွေကို ဖြည့်ဆည်းဖို့ အခြားမိန်းကလေးတစ်ယောက်ကို ရှာခဲ့တယ်လေ။
သူတို့ အသိုင်းအဝိုင်းထဲက လူတိုင်းက ဒီလိုမျိုး လုပ်ကြတာမလို့ ငါ့ကို ပြဿနာတွေ လျှောက်မရှာဖို့တောင် ပြောခဲ့သေးတယ်။
စိတ်ထဲက လှောင်ရယ်နေရုံကလွဲပြီး မတတ်နိုင်ခဲ့ဘူး။
လူတိုင်းကို သူ့လို ပုပ်ပွနေတယ်များ ထင်နေသလားပဲ။
ချင်ကောက ဒီလိုမျိုးတွေ မလုပ်ဘူးလေ၊ သူ သွေးစစ်တုန်းက လုံးဝကို သန့်ရှင်းနေခဲ့တာ။
အဲတာကြောင့်လည်း အိပ်ရာထဲမှာ နည်းနည်း အရည်အချင်းမပြည့်မှီတာထင်ပါတယ်။
ငါ ကိုယ့်ဘာသာ တိတ်တိတ်လေး တွေးလိုက်မိတယ်။
ဒီလို ကဏ္ဍတွေမှာ အချင်းချင်း ညှိယူဖို့က အချိန်တော်တော်ကြာတတ်ပါတယ်လေ။
"ယောင်းမ ယောင်းမ နင့်ရဲ့ သူငယ်ချင်း ရပ်ဝန်းကို တစ်ချက်ကြည့်ကြည့်!"
ငါဖုန်းကို ဖွင့်ပြီး ကြည့်လိုက်တယ်။
လတ်တလောအဖြစ်ဆုံး ပိုစ့်တစ်ခု။
[ချင်ကော : ဒီနေ့ရဲ့ လေထုက အရမ်း စိတ်ခံစားချက်ကောင်းနေစေတာပဲ]
တွဲပါလာတဲ့ပုံက ရုံးခန်းအပြင်အဆင်ကို ပြထားပြီး လက်လုပ်ပန်းတွေနဲ့ ပန်းစည်းတစ်ခုလည်း တွဲပါနေတယ်။ ဒေစီပန်းတွေ၊ ကျူးလစ်ပန်းတွေနဲ့ ကြယ်ပန်းတွေကို လှပနေတဲ့ ဖဲပြားလေးနဲ့ စည်းထားပြီး နေရောင်အောက်မှာ အလင်းဖျော့ဖျော့က ရောင်ပြန်ဟပ်နေတယ်။
ဒါက ငါစီနီယာနှစ်တုန်းက ချင်မြောင်က ချင်ကောကို မွေးနေ့လက်ဆောင်ပေးဖို့ ပေးချင်ခဲ့တုန်းက ငါပေးလိုက်တဲ့ အကြံပဲ။ လက်လုပ်ပန်းစည်းလုပ်ပေးဖို့လေ။
ဒါပေမယ့် ချင်မြောင်က လက်မှုပညာမှာ အရည်အချင်းမရှိတာမလို့ တော်တော်များများကို ငါပဲ လုပ်ပေးခဲ့ရတာ။
ပန်းစည်းကို ရပြီးတဲ့နောက် ချင်ကောက သူ့ရုံးခန်း အံဆွဲထဲမှာ သိမ်းထားခဲ့တယ်။
ဒါပေမယ့် ငါနည်းနည်းတော့ အံ့ဩသွားခဲ့တယ်။
သူ့ရဲ့ သူငယ်ချင်းရပ်ဝန်းက ပိုစ့်က ပေါ်တင်ဖြစ်စေ မသိမသာဖြစ်စေ စစ်ယန်ကို ပြန်လည်တိုက်ခိုက်တဲ့နည်းပဲ။ နှစ်ယောက်လုံးက လူမှုပတ်ဝန်းကျင် တစ်ခုထဲမှာ ဖြစ်တဲ့အတွက် အချင်းချင်းက သိနေကြပြီးသားဖြစ်တယ်။
ဒါပေမယ့် ငါမှတ်မိရသလောက် ငါတက္ကသိုလ်တုန်းက စစ်ယန်နဲ့ တွဲခဲ့တာကို ချင်ကောက သိပုံမရပါဘူး။
အရင်တုန်းက ငါ့မှာ ရည်းစားဟောင်းရှိခဲ့ကြောင့် သူ့ကို ပြောပြဖူးပေမယ့် အဲဒီအကြောင်းကို ဂရုမစိုက်ခဲ့ဘဲ ရည်းစားဟောင်းရဲ့ နာမည်ကိုတောင် မမေးခဲ့ဖူးဘူး။
အချိန်ကြာလာတော့ ငါလည်း တဖြည်းဖြည်း စစ်ယန်နဲ့ ရှိခဲ့တာကိုပါ မေ့နေပြီ။
"မြောင်မြောင် နင် နင့်အစ်ကိုကို ငါနဲ့ စစ်ယန်ရဲ့ အရင်တုန်းက အကြောင်းတွေ ပြောပြဖူးလား"
ချင်မြောင်က သူမရဲ့ခေါင်းကို အသားပန်းကန်ထဲ နစ်မြှုပ်ထားခဲ့ပြီး ပါးတွေဟာ ရှဉ့်လေးတွေအတိုင်း ဖောင်းနေတယ်။
"ဟင့်အင်း အဲဒီ လူယုတ်မာ စစ်ယန်က ဆက်ဆံရေးကို ဖုံးကွယ်ထားခဲ့တာမလား၊ ငါက ဘယ်လိုလုပ် နင့်ရဲ့ အချက်အလက်တွေကို ဖော်ပြီး နင့်ကို သစ္စာဖောက်နိုင်မှာလဲ၊ ဒီလို ကောင်းလွန်းတဲ့ ရည်းစားဟောင်းက သေသွားတာမှ ကောင်းဦးမယ်၊ စိတ်မပူပါနဲ့ ယောင်းမ၊ ငါ ငါ့အစ်ကိုကို လုံးဝ မပြောပါဘူး"
ငါ ခေါင်းငုံ့ပြီး စဉ်းစားလိုက်တယ်။
ဒါဆို ချင်မြောင်က ဘာမှမပြောဘူးဆိုရင် ချင်ကောက ဘယ်လိုလုပ်သိသွားတာလဲ။
စစ်ယန်က သူ့ကို ဆက်သွယ်လိုက်တာ ဖြစ်နိုင်လား။
~~~