အပိုင်း ၂၁
Viewers 15k

Chapter 21


လူငယ်နှစ်ဦး တစ်ယောက်လက်တစ်ယောက်တွဲထားကြချိန်တွင် ကျွမ်းကျင်သည့်ဓာတ်ပုံဆရာက ကင်မရာကိုတစ်ဖန်ဖွင့်လိုက်ပြီး ထိုနွေးထွေးသည့်မြင်ကွင်းလေးကို အမိအရရိုက်ယူထားလိုက်သည်။


ကုဆွေ့ဆွေ့က ငယ်လွန်းသေးသောကြောင့် စိတ်ခံစားချက်က အမြဲတမ်းအတက်အကျဖြစ်နေသည်။ လွန်ခဲ့သောစက္ကန့်ပိုင်းကမှ သူ(မ)ဘေးရှိအစ်ကိုကြီးက လူဆိုးတစ်ယောက်ဟုခံစားမိသည်။ နောက်စက္ကန့်ပိုင်းလောက်တွင်မူ သူ(မ)ကိုပြန်လာချော့သော ထိုအစ်ကိုကြီးကို အတော်လေးကြင်နာတတ်သောလူကောင်းဟု ထင်နေမိပြန်သည်။


သူ(မ)၏လက်သေးသေးလေးက ခဲ့ကျင်းယန်၏ကြီးမားပြီးနွေးထွေးသည့်လက်ကြီးထဲတွင် နစ်မြှုပ်နေသည်။


ထိုအစ်ကိုကြီး၏ဆံပက်ကလည်း ဆွေ့ဆွေ့တို့အိမ်ဘေးရှိ ဖွားဖွားလီ၏ဆံပင်ပုံစံနှင့်တူနေသည်။


"ဒါနဲ့လေ....ကိုကို....ဒီအစီအစဥ်မှာ သမီးတို့ကသားအဖနေရာနေရမှာဆိုတော့ ရှေ့လျှောက် ကို့ကို့ကို ဖေဖေ ဒါမှမဟုတ် ပါပါးလို့ခေါ်ရမလား"။ 


နတ်သမီးလေးတစ်ဦးအဖြစ်ရှင်သန်နေထိုင်ခဲ့သော ကလေးငယ်လေးက လူသားများအား မည်သို့မည်ပုံခေါ်ဆိုရမည်နှင့်ပတ်သတ်၍ အမြဲတစေ ရှုပ်ထွေးလေ့ရှိသည်။ အယ်ဒီယာအစ်မကြီးက ထိုသို့ခေါ်ခိုင်းသောကြောင့်သာ ဆွေ့ဆွေ့ခေါ်ချလိုက်ခြင်းဖြစ်သည်။ မူလခန္ဓာကိုယ်ပိုင်ရှင်၏မိခင်ဖြစ်သူ ဖုန်းယောက်ချင်းကိုလည်း မေမေဟု ဘာဖိအားမှမရှိပဲခေါ်နိုင်ခဲ့သလို ခဲ့ကျင်းယန်ကိုလည်း ဖေဖေဟုခေါ်ဆိုရန် သူ(မ)တုံ့ဆိုင်းမနေပေ။ 


ဆွေ့ဆွေ့၏အမြင်တွင် နာမည်အခေါ်အဝေါ်က အပြောသက်သက်အတွက်ဖြစ်သည်။ အဓိကအရေးကြီးသည်မှာ သူ(မ)အပေါ် ကောင်းမကောင်းဆိုတာပင်။


သို့သော် ခဲ့ကျင်းယန်အတွက်မူ ကွဲပြားသည်။ "ဖေဖေ" ဟူသောအသုံးအနှုန်းက သူ့အတွက်သွေးတက်ချင်စရာပင်။ ကလေးမလေး၏ အခေါ်အဝေါ်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ကျင်စက်နှင့်တို့လိုက်သလို ခံစားသွားရသည်။


"ပါပါးခဲ့လို့ခေါ်ရမလားဟင်"။ အချိန်အနည်းငယ်အကြာတွင် ခွန်းတုံ့မပြန်လာသော ခဲ့ကျင်းယန်ကိုကြည့်ပြီး ဆွေ့ဆွေ့က အသံချိုချိုလေးဖြင့်အော်ပြောလာပြန်သည်။


ခဲ့ကျင်းယန်၏ မျက်နှာထားကတည်တင်းသွားပြီး နဖူးပြေပြေပေါ်ရှိ သွေးကြောစိမ်းစိမ်းများပင် ထောင်နေသည်။ သူ့ပါးစပ်ကိုအုပ်လိုက်ပြီး အသာအယာချောင်းဟန့်ကာပြောလိုက်သည်။ "ကလေး....ရိုက်ကူးရေးအဖွဲ့ကဝန်ထမ်းတွေက မင်းကိုဘာပြောလိုက်လဲဆိုတာ ငါဂရုမစိုက်ဘူး....နောက်ကျရင်လည်း ကင်မရာရှေ့မှာပဲဖြစ်ဖြစ်....ကွယ်ရာမှာပဲဖြစ်ဖြစ်....အစ်ကိုလို့ပဲခေါ်.....တစ်ခြား ရှုပ်ရှုပ်ရှပ်ရှပ်နာမည်တွေ လာမခေါ်နဲ့"။


ကလေးမလေးကိုပြောလိုက်သော သူ့လေသံက သူ့ဘဝတစ်လျှောက်လုံးတွင် အနူးညံ့ဆုံးလေသံဖြစ်သည်ဟု ခဲ့ကျင်းယန်ကျိန်ပြီးပြောရဲသည်။ သူ့ရှေ့တွင်ရပ်နေသူမှာ ကလေးတစ်ယောက်မဟုတ်ပဲ လူကြီးတစ်ယောက်သာဖြစ်ခဲ့လျှင် စိတ်မရှည်သည့်သူ့လေသံက နူးညံ့မနေနိုင်ပါ။


ထိုကလေးမလေး ငိုသွားမှာစိုးရိမ်၍တော့မဟုတ်ပေ။ 


ကလေးမလေးက အရပ်ပုလွန်းသောကြောင့် သူ့ခြေတံရှည်များကိုမမှီ။ ထို့ကြောင့် ကလေးမလေးကို သူ့လက်တစ်ဖက်ဖြင့်ပွေ့ချီရန် စဥ်းစားလိုက်သည်။


ထိုအတွေးတွေးလိုက်မိချိန်တွင် သူချက်ချင်းခေါင်းယမ်းပြီး မဟုတ်မဟတ်အတွေးများကိုမောင်းထုတ်လိုက်သည်။ သူလိုတစ်မိုးအောက်တစ်ယောက် ခဲ့ကျင်းယန်က သူစိမ်းကလေးတစ်ယောက်ကို ပွေ့ချီဖို့ စဥ်းစားသည်တဲ့လား။ လုံးဝမဖြစ်နိုင်ချေ။


လုယွင်ကျီက ဆောင့်ကြောင့်ထိုင်ပြီး ကလေးမလေးကို ညင်သာစွာဖြင့်ပြောလာသည်။ "ကလေးက ကုဆွေ့ဆွေ့လား....အဲဒီ ကိုကိုစကားကိုနားမထောင်နဲ့နော်....ရိုက်ကူးရေးဝန်ထမ်းတွေပြောတဲ့အတိုင်း သမီးခေါ်လို့ရတယ်....ဟိုကောင်စုတ်လေး သမီးကိုထပ်ပြီးအနိုင်ကျင့်ရင် ဦးကိုခေါ်လိုက်နော်....ဦးက ကူညီပေးမယ်"။


လုယွင်ကျီက ခဲ့ကျင်းယန်အား ကလေးကိုအနိုင်မကျင့်ရန် အထပ်ထပ်အခါခါပြောထားသော်လည်း ထိုကောင်စုတ်လေးက ဘယ်တော့မှနားမထောင်ချေ။ ကောင်လေး၏ခပ်ဆိုးဆိုးအကျင့်စရိုက်ကို သူ့အနေနှင့်နေသားကျနေသော်လည်း ဆွေ့ဆွေ့ကဲ့သို့နုနုနယ်နယ်ကလေးငယ်လေးအတွက်မူ ဘယ်လိုမှအဆင်ပြေမည်မဟုတ်။ ကလေးများနှင့်ပင် ပြိုင်ပြီးရန်ဖြစ်သည်အထိ ကလေးဆန်လွန်းသူပါပင်။


သူ့ကိုယ်သူသုံးနှစ်အရွယ်ကလေးများမှတ်နေသလားပဲ။


သူတို့နှစ်ယောက်က အရိုးထဲအရွတ်ထဲအထိ သွေးနှောနေသော ဝမ်းကွဲများသာမဟုတ်လျှင် ထိုကောင်ဆိုးလေးကို သူလှည့်ကြည့်မည်ပင်မဟုတ်ချေ။


ထိုကောင်စုတ်လေးက တစ်ခါတစ်လေမျက်နှာပြောင်တိုက်လွန်းသည်။


တစ်ဖက်တွင် လုယွင်ကျီ၏စကားကိုနားထောင်နေသော ကုဆွေ့ဆွေ့က နားလည်သွားဟန်ဖြင့် ခေါင်းငြိမ့်ပြပြီးပြောလာသည်။ "သမီးသိပါပြီ ဦးဦး"။


"ဦးဦးတဲ့....ဟားဟား....ဒီကလေးမလေးက ခင်ဗျားကို ဦးဦးလို့ခေါ်လိုက်တာ ကြားရဲ့လား....ခင်ဗျား အဲ့သလိုအခေါ်ခံရမဲ့နေ့မျိုး ရောက်လာမယ်လို့တောင် ကျွန်တော်မထင်ထားဘူး....ကိုယ့်ရုပ်ရည်နဲ့ပတ်သတ်ပြီး ဂရုစိုက်သင့်ပြီနဲ့တူတယ်...ဟားဟားဟား"။ ခဲ့ကျင်းယန်တစ်ယောက်တည်း စဥ်းစားခန်းဖွင့်နေချိန်တွင် ကလေးမလေးက ကိုယ်စားလှယ်ကြီးအား ဦးဦးဟုခေါ်လိုက်သောကြောင့် သူဗြုန်းစားကြီးထရယ်မိသည်။


အရမ်းငယ်ချင်နေသော သူ့ကိုယ်စားလှယ်ကြီးကို ဦးလေးဟုခေါ်လိုက်သောကြောင့် ကလေးမလေးကို သူထိုင်ပြီးရှိခိုးချင်သွားသည်။ အမှန်မှာ လုယွင်ကျီနှင့်သူ့အသက်က သိပ်မကွာလှချေ။ 


ထိုအကြောင်းစဥ်းစားရင်း စဥ်းစားရင်း လုယွင်ကျီအရယ်မရပ်နိုင်တော့ပေ။


သူနှင့်ပထမဆုံးတွေ့စဥ်ကတောင် ကလေးမလေးက ကိုကိုဟုခေါ်ခဲ့သေးသည်။


မျက်ရည်ထွက်မတတ်ရယ်လိုက်ရခြင်းကြောင့် ခဲ့ကျင်းယန်စိတ်ထဲတွင်အနဘ်းငယ်နေသာထိုင်သာရှိသွားရသည်။ ကလေးမလေးက သူ့အင်္ကျီလက်ကိုဆွဲပြီး "ပါပါးခဲ့" ဟုခေါ်ခဲ့သည်ကိုပင် လုံးလုံးလျားလျားမေ့သွားခဲ့သည်။


လုယွင်ကျီက ခဲ့ကျင်းယန်ကဲ့သို့ ကလေးဆန်ပြီး ဒေါသကြီးတတ်သူမဟုတ်ချေ။ သူကအမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်သည့် ရင့်ကျက်သူတစ်ဦးဖြစ်သည်။ ထို့ကြောင့် ကလေးငယ် သူ့အား မည်သို့ခေါ်ခေါ် သူဂရုမစိုက်ပေ။


ထို့အပြင် သုံးနှစ်အရွယ်မျှသာရှိသော ကလေးငယ်လေးက သူ့လိုအသစ်နှစ်ဆယ်ကျော်လူတစ်ယောက်ကို ဦးဦးဟုခေါ်ဆိုခြင်းက မလွန်ပေ။


ထို့ကြောင့် သူကလေးဆန်ပြီးစိတ်ဆိုးဒေါသထွက်မနေ။


အပြစ်ကင်းသောဆွေ့ဆွေ့လေးကို လုယွင်ကျီ ဗွေမယူပဲ ခွင့်လွှတ်ပေးနိုင်သော်လည်း သူ့အားမျက်နှာပြောင်တိုက်ပြီးအော်ရယ်နေသော ကောင်စုတ်လေးကိုမူ သူအလွှတ်မပေးနိုင်ချေ။


"ခဲ့ကျင်းယန်....ဒီနေ့ရိုက်ကူးရေးပြီးသွားတာနဲ့....မင်းဆံပင်ကို အနက်ရောင်ပြန်ဆိုးဖို့ ဆံပင်ညှပ်ဆရာဆီသွားမလို့ ငါ့နောက်ကိုလိုက်ခဲ့....ထွက်ပြေးမယ်မကြံနဲ့စမ်း.....ငါ့စကားနားမထောင်ရင် ညလယ်ခေါင်ကြီး မင်းအိပ်နေတဲ့အချိန်မှာ မင်းဆံပင်ကိုကတုံးဖြစ်အောင် ရိတ်ပစ်မယ်.....အဲဒီကျမှ ငါ့ကိုအပြစ်မတင်နဲ့"။


သူ့လေသံက နူးညံ့နေပုံပေါက်သော်လည်း အမှန်မှာ လူသတ်ချင်နေသည့်သူ့စိတ်ကို မနည်းထိန်းချုပ်ပြီး ပြောလိုက်ရခြင်းဖြစ်သည်။ ဒါကို သူ့လက်ပေါ်တွင်ကြီးကာ သူ့အထာနပ်နေပြီဖြစ်သော အနှီကောင်လေးမသိနိုင်စရာအကြောင်းတော့မရှိ။


တစ်ခြားအချိန်သာဆို သူလုပ်ချင်သလိုလုပ်လို့ရသည်။ ပြဿနာရှာလိုလျှင်လည်း ကြိုက်သလိုရှာလို့ရသေးသည်။ သို့သော်လုယွင်ကျီက သူ့အား ထိုလေသံဖြင့်ပြောလာလျှင် သူအသက်ပင်ဖြောင့်ဖြောင့်မရှုရဲတော့ပေ။


ခဲ့ကျင်းယန်၏မျက်နှာထက်ရှိအပြုံးမှာချက်ချင်းကွယ်ပျောက်သွားပြီး သူ့ဘေးတွင်ရှိနေသည့်ကလေးမလေးကိုအမြန်ဆွဲလိုက်သည်။ ထိုကုဆွေ့ဆွေ့ကို သူ့အကာအကွယ်အဖြစ်သုံးလိုက်ပြီး ဒါရိုက်တာရီကျောက်ထံသို့ ခပ်တည်


တည်ဖြင့် လျှောက်သွားလိုက်သည်။


"ဒါရိုက်တာကြီး....နောက်ကျနေပြီဆိုတော့....ကျွန်တော်တို့ရိုက်ကူးရေးဆက်လုပ်ကြမယ်လေ"။


"ဟုတ်ပြီ....မင်းတို့အဆင်သင့်ဖြစ်ပြီဆိုရင်စကြတာပေါ့"။ ရီကျောက်ပြောလိုက်သောစကားကြောင့် ခဲ့ကျင်းယန်လည်းစိတ်သက်သာရာရသွားသည်။ လုယွင်ကျီနှင့်မျက်နှာချင်းမဆိုင်လိုသောကြောင့် ညလုံးပေါက်ရိုက်ကူးရေးလုပ်ပစ်ဦးမည်။ ကုဆွေ့ဆွေ့အားမလွှတ်သေးသောခဲ့ကျင်းယန်ကိုကြည့်ရင်း သူတို့နှစ်ဦးပိုမိုရင်းနှီးလာသည်ဟု ဒါရိုက်တာရီကျောက်ကထင်လိုက်သည်။ ထို့ကြောင့် ကျေနပ်အားရကာအလိုလိုပြုံးမိသွားသည်။ ကိုယ်စားလှယ်လုယွင်ကျီတစ်ယောက်သာ ခဲ့ကျင်းယန်လိုကောင်ဆိုးလေးကို ထိန်းနိုင်သည်နှင့်တူသည်။


Xxxxxxxxx