Chapter 23
ကလေးငယ်လေးကုဆွေ့ဆွေ့မှာ သူ(မ)၏ဘဝတွင်ပထမဆုံးအကြိမ် လေယာဥ်စီးဖူးခြင်းဖြစ်သောကြောင့် အရာရာတိုင်းကသစ်လွင်နေပြီးစိတ်ဝင်စားဖွယ်ကောင်းနေသည်။
မြို့တော်မှာ အိတ်ချ်မြို့သို့ရောက်ရန် သီးသန့်ဂျက်လေယာဥ်ကြီးက လေးနာရီခန့်ကြာမြင့်သည်။ ထို့အပြင် ခဲ့ကျင်းယန်တစ်ယောက် မနေ့ညက ညနက်မှအိပ်ရာဝင်ခဲ့သောကြောင့် ယနေ့တွင် ခေါင်းမထောင်နိုင်အောင် အလွန်ငိုက်နေသည်။ လေယာဥ်ပေါ်တက်ပြီး သူ့ထိုင်ခုံနေရာတွင်ထိုင်လိုက်သည်နှင့် မျက်စိအကာတပ်ကာဆက်အိပ်နေပြန်သည်။ လေယာဥ်စတင်ထွက်ခွာပြီး မကြာမီတွင် သူနှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်မောကျသွားခဲ့သည်။ သူတစ်ရေးနိုးလာ
သည့်အချိန်တွင် နေ့လည်ဆယ့်နှစ်နာရီထိုးနေပြီဖြစ်ပြီး နောက်နာရီဝက်ခန့်တွင် သူတို့လေယာဥ်က အိတ်ချ်မြို့တော်လေဆိပ်ကိုဆိုက်တော့မည်ဖြစ်သည်။
သူအကျောဆန့်လိုက်ပြီး ဘေးခုံကိုလှမ်းကြည့်လိုက်ချိန်တွင် ကုဆွေ့ဆွေ့ကအိပ်မောကျနေသေးသည်ကို တွေ့လိုက်ရသည်။ မုန့်အလုခံရ
သည့်ကိစ္စကိုလုံးလုံးမေ့သွားပုံပင်။ ထိုင်ခုံပေါ်တွင် ပါးစပ်လေးဟပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလေသည်။
အိပ်နေသည့်ပုံစံကိုက ကလေးလိုလို ခွေးလိုလိုဟုပင် ခဲ့ကျင်းယန်တွေးလိုက်မိသေးသည်။
မက်မွန်ပွင့်သဏ္ဍာန်မျက်ဝန်းလေးများနှင့် သူ့အားငေးကြည့်နေမည့် ကလေးမလေး၏ပုံစံကိုတွေးလိုက်မိရင်း ပါးဖောင်းဖောင်းလေးကိုသူ့လက်ဖြင့် ဆွဲညှစ်လိုက်မိသည်။ ကလေးငယ်၏ ပါးဖောင်းဖောင်းလေးများက ဂျယ်လီသဖွယ်နူးညံ့ပျော့ပြောင်းနေသည်။ တစ်ကြိမ်ထိလိုက်မိရုံနှင့်မလုံလောက်ပဲ ထိုပါးမို့မို့နှစ်ဖက်ကို သူ့လက်ညှိုးဖြင့် တိုးကနန်းဆိတ်ကနန်းလုပ်နေမိသည်။
သူပါးဖောင်းဖောင်းလေးကို ခိုးပြီးကိုင်နေတုန်း ကလေးမလေးက ကိုယ်လေးလှုပ်လာပြီး မျက်တောင်လေးများကလည်း အတောင်ပံဖြန့်ကာပျံသန်းတော့မည့် လိပ်ပြာတစ်ကောင်နှယ် တစ်ဖျပ်ဖျပ်ခတ်လာသည်။ ထိုကလေးမလေးကို သတိလက်လွတ်ကြည့်နေမိရင်း ခဲ့ကျင်းယန်အသိပြန်ဝင်လာသည်။
ခဲ့ကျင်းယန် သူ့လက်ကိုအမြန်ပြန်ရုတ်လိုက်မိသည်။ သူက ထိုကလေးမလေးအိပ်ပျော်နေစဥ်အနိုင်ကျင့်သည်ဟု ထပ်ပြီးအထင်မခံနိုင်ပေ။ ဒီတစ်ခေါက် ကလေးမလေးထပ်ငိုလျှင် သူ(မ)အမေလည်းမရှိသောကြောင့် ဘယ်သူကများလာချော့နိုင်လိမ့်မည်နည်း။
မည်သို့ပင်ဆိုစေ သူကလေးများကို မချော့ချင်ပါ။ သုံးနှစ်အရွယ်ကလေးထံမှ "ပါပါးခဲ့" ဟုအခေါ်ခံရသည်ပင် အလွန်ကြောက်စရာကောင်းနေပြီဖြစ်သည်။ ကလေးချော့သည့်တာဝန်ပါယူနေရလျှင် ရိုက်ကူးရေးလုပ်နေစဥ်သုံးလအတွင်း သူရူးသွားပြီး ဆေးရုံရောက်သွားနိုင်သည်။
တစ်ခဏမျှကြာပြီးနောက် ထိုကလေးက ဇဝေဇဝါနှင့်မျက်လုံးပွင့်လာသည်။ ထို့နောက် မျက်လုံးများကို လက်ခုံဖြင့်ဖိပွတ်ရင်းမေးလာပြန်သည်။ "ပါပါးခဲ့....သမီးတို့ရောက်တော့မှာလား"။
ဆွေ့ဆွေ့၏ပါးမို့မို့ဖောင်းဖောင်းလေးများကို ခိုးညှစ်ထားသော ခဲ့ကျင်းယန်တစ်ယောက် သူ့ဘာသာသူစိတ်မလုံမလဲဖြစ်ကာ တစ်ဖက်သို့
လှည့်သွားရင်း သုန်သုန်မှုန်မှုန်နှင့်ပြန်ပြောလာသည်။ "အင်း....ရောက်တော့မယ်"။
အိတ်ချ်မြို့၏လေဆိပ်က သူတို့သွားရမည့်ရိုက်ကွင်းနေရာနှင့် ကီလိုမီတာသုံးဆယ်ခန့်ကွာဝေးသည်။ စီရွှမ်မြို့ဟောင်းသို့ရောက်ရန် လေဆိပ်မှ ကားနှင့်ထပ်ပြီးခရီးဆက်ရဦးမည်ဖြစ်သည်။
ယာယီသားအဖဖြစ်သည့်အလျောက် ခဲ့ကျင်းယန်နှက့်ကုဆွေ့ဆွေ့တို့နှစ်ဦး ကားတစ်စီးတည်းတွင်အတူစီးရသည်။
"ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးတွင် ခဲ့ကျင်းယန်ပါဝင်မည်ကို ရိုက်ကူးရေးအဖွဲ့ကလျှို့ဝှက်ထားသည်။ ပရိသတ်များကိုသာမက အခြားဧည့်သည်အနုပညာရှင်လေးဦးကိုပါ လျှို့ဝှက်ထားခြင်းဖြစ်သည်။ ယနေ့ရိုက်ကွင်းသို့အတူသွားကြသည့်အချိန်မှ သူတို့အားလုံး ခဲ့ကျင်းယန်ကိုတွေ့ရခြင်းဖြစ်သည်။ နောက်ဆုံး
ဧည့်သည်အနုပညာရှင်က ခဲ့ကျင်းယန်ဖြစ်လိမ့်မည်ဟု မည်သူမှမထင်ထားခဲ့ပေ။
သစ်သီးရုပ်သံလှိုင်းက ခတ်တလောနှစ်အတွင်း နာမည်ကြီးရသစုံရှိုးများကို ဆက်တိုက်ဆိုသလိုထုတ်လွှင့်လာခဲ့သော်လည်း "ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးအစီအစဥ်မှာ အခြားရသစုံရှိုးများနှင့် လုံးဝမတူကွဲပြားသည့် အစီအ
စဥ်အသစ်ဖြစ်သည်။ ထို့အပြင် အနုပညာနယ်ပယ်အသီးသီးမှ အကျော်အမော်များနှင့်သူတို့၏ချစ်စဖွယ်သားသမီးများကို ပါဝင်ရိုက်ကူးထားသောကြောင့် ထုတ်လွှင့်ပြသခဲ့ဖူးသော မည်သည့်အစီအစဥ်နှင့်မှ တူမနေပေ။ ထို့ကြောင့် ပရိသတ်များကြိုက်၏ မကြိုက်၏ကိုလည်း ခန့်မှန်း၍မရချေ။
ထိုအကြောင်းရင်းကြောင့်ပင် နာမည်ကျော်အနုပညာရှင်အများစုက ဤရသစုံရှိုးတွင်ပါဝင်ရန် ကမ်းလှမ်းချက်ကိုငြင်းပယ်ခဲ့ပြီး မစွန့်စားရဲကြပေ။
ဤရသစုံရှိုးကြီးသာ နာမည်ကြီးသွားခဲ့လျှင် အနုပညာတက်လမ်းပိုကောင်းသွားနိုင်သော်လည်း ပရိသတ်စိတ်ဝင်စားမှုမရပဲ နာမည်မကြီးပါက အချိန်ကုန်လူပန်းဖြစ်သွားပေလိမ့်မည်။ ထို့အပြင် အနုပညာလောကထဲရှိ မိမိနှင့်သက်တူရွယ်တူပြိုင်ဘက်များအတွက် လှောင်စရာဖြစ်ပေဦးမည်။
အနုပညာလောကမှငါးနှစ်ခန့်အနားယူထားပြီး သစ်သီးရုပ်သံဌာနနှင့် ထျန်းဟောင်ဖျော်ဖြေရေးတို့၏ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်သည့် ကျန်းဟွီကျင်ပင်လျှင် ဤရသစုံရှိုးတွင် ပါဝင်ရန်အကြိမ်ကြိမ်အခါခါစဥ်းစားခဲ့ရသည်။
"ကျင်းယန်....ဒီရသစုံရှိုးမှာပါဖို့ မင်းဘယ်လိုစဥ်းစားခဲ့တာလဲ"။ အော်ပရာဝါရင့်သမ္ဘာရင့်အဆိုရှင်ကြီးဖြစ်သော မင်းရှန်က ခဲ့ကျင်းယန်အားမေးလိုက်ခြင်းဖြစ်သည်။ အသစ်သုံးဆယ့်ခြောက်နှစ်ရှိပြီဖြစ်သည့် ချွီမင်းရှန်က သူတို့အဖွဲ့ထဲတွင်အကြီးဆုံးဖြစ်သည်။
ခဲ့ကျင်းယန်: "ဖျော်ဖြေပွဲက အရင်လကမှပြီးသွားတာလေ....ကျွန်တော်လည်း စိတ်အပန်းဖြေတဲ့အနေနဲ့ အပြောင်းအလဲလေးဖြစ်အောင် ရသစုံရှိုးထဲမှာ ပါကြည့်ဖို့ဆုံးဖြတ်လိုက်တာပါ"။ သူကအနည်းငယ်စိတ်ဆတ်တတ်သော်လည်း ဦးနှောက်မရှိသူတော့မဟုတ်ပေ။ သူစိမ်းများရှေ့တွင် သူ့ကိုယ်စားလှယ်ကိုတော့ မျက်နှာပျက်အောင်သူဘယ်တော့မှမလုပ်ခဲ့။
သူ့အကြောင်းပြချက်ကိုနားထောင်ပြီးနောက် ချွီမင်းရှန်က အနည်းငယ်အံ့အားသင့်သွားသယောင်ရှိပြီး စိတ်လိုလက်ရပြုံးကာပြောလာပြန်သည်။ "အပန်းဖြေချင်လို့ ဒီရှိုးကိုလာတာဆိုရင် မင်းတကယ်မှန်သွားတာပဲ....ရိုက်ကူးရေးအဖွဲ့က ရိုက်ကွင်းနေရာကောင်းလေးတွေ ရွေးပေးထားတယ်....ငါ့သားက ဟိုးအရင်တည်းက စီရွှမ်မြို့ဟောင်းကို လာချင်ခဲ့တာ....ဒါပေမဲ့ ရိုက်ကူးရေးတွေကြောင့် ငါအလုပ်ရှုပ်နေခဲ့လို့....သူ့ကိုခေါ်သွားဖို့ အချိန်မရှိခဲ့ဘူး....ဒီတစ်ခေါက်တော့ သူကျေနပ်သွားအောင် ဒီရှိုးမှာပါဖို့ ဆုံးဖြတ်လိုက်တာ"။
ခဲ့ကျင်းယန်တို့ ချွီမင်းရှန်တို့နှစ်ဦးက လွန်ခဲ့သောနှစ်အနည်းငယ်တွင် ရိုက်ကူးရေးအဖွဲ့တစ်ခုတွင် တွေ့ဆုံခဲ့ဖူးသည်။
ခဲ့ကျင်းယန်၏ အဓိကအနုပညာလိုင်းမှာ စီချင်းဆိုခြင်းဖြစ်သော်လည်း ရံဖန်ရံခါတွင် ရုပ်ရှင်ဖက်သို့လည်း ခြေဦးလှည့်တတ်သည်။ လုယွင်ကျီက သူ့လက်အောက်ရှိအနုပညာရှင်များကို နယ်ပယ်တစ်ခုတည်းတွင် မနေစေလိုပေ။ ဘက်ပေါင်းစုံမှထူးချွန်သော စွယ်စုံရအနုပညာရှင်တစ်ယောက်ဖြစ်စေလိုသည်။ ထို့ကြောင့် ခဲ့ကျင်းယန်ကို ဂီတပိုင်းတွင်သာမက သရုပ်ဆောင်ပိုင်းတွင်ပါ လေ့ကျင့်စေခဲ့သည်။ အကြောင်းမှာ နောင်တစ်ချိန်အခွင့်သင့်၍ သရုပ်ဆောင်ဖက်ခြေဦး
လှည့်လာလျှင် အတွေ့အကြုံမရှိပါက သရုပ်ဆောင်ညံ့ဖျင်းကာ ရလဒ်ဆိုးများသာထွက်လာပေလိမ့်မည်။
ခဲ့ကျင်းယန်က သရုပ်ဆောင်ပိုင်းတွင် ပါရမီပါသည်ကို လုယွင်ကျီသိသည်။ ဂီတနယ်ပယ်မှာသာကျင်လည်နေလျှင် ထိုအထုံပါရမီလေးငုပ်လျှိုးသွားမည်စိုးသောကြောင့် အရံနေရာဖြစ်ဖြစ် ဇာတ်လိုက်နေရာဖြစ်ဖြစ် ခဲ့ကျင်းယန်အားသရုပ်ဆောင်စေခဲ့သည်။ ထိုကောင်လေးက အချို့ဇာတ်ကောင်နေရာများတွင် များများစားစား ကြိုးစားအားထုတ်စရာမလိုပဲ သရုပ်ဆောင်ပီပြင်သည်။ သူပါဝင်သရုပ်ဆောင်ထားသည့် ရုပ်ရှင်ကားအနည်းငယ်သာရှိသော်လည်း ထိုရုပ်ရှင်ကားအားလုံး နာမည်ကြီးကာပရိသတ်အကြိုက်တွေ့စေခဲ့သည်။
မြို့တော်မှစီရွှမ်မြို့ဟောင်းသို့ရောက်သည်အထိ ခဲ့ကျင်းယန်အတော်လေးစိတ်မရှည်ချင်တော့ပေ။ သူက တည်းခိုသည့်နေရာသို့အမြန်သွားပြီး နားချင်နေပြီဖြစ်သည်။
သို့သော်သူမမျှော်လင့်ထားသည်မှာ ရိုက်ကူးရေးအဖွဲ့က သူတို့တည်းခိုရမည့်နေရာကို တစ်ဖွဲ့ချင်းစီအတွက်သီးသန့်စီစဥ်ထားပြီး ဂိမ်းကစားကာကိုယ်နေထိုင်ရမည့်အိမ်ကိုရွေးချယ်ရမည်ဖြစ်သည်။
ရွေးချယ်ရန် အိမ်စုစုပေါင်းငါးအိမ်ရှိသည်။ ဝန်ထမ်းက အိမ်တစ်အိမ်ချင်းစီ၏တည်နေရာကို အတိုချုပ်မိတ်ဆက်ပေးသည်။ ထို့နောက်ဧည့်သည်အနုပညာရှင်များ ရှင်းရှင်းလင်းလင်းမြင်နိုင်ရန် အိမ်ပုံလေးများကိုလည်းပြပေးသည်။
အိမ်နံပါတ်တစ်မှာ ခြံဝင်းကျယ်ကြီးရှိသည့်အိမ်တစ်အိမ်ဖြစ်သည်။ အိမ်နံပါတ်နှစ်မှာ ပြတင်းပေါက်ဖွင့်လိုက်သည်နှင့် လှပသောမြစ်ရှုခင်းကိုကြည့်မြင်နိုင်မည့်အိမ်မျိုးဖြစ်သည်။ အိမ်နံပါတ်သုံးမှာ ရှေးဟောင်းဗိသုကာလက်ရာများဖြင့်တည်ဆောက်ထားသည့်အိမ်ဖြစ်ပြီး အိမ်နံပါတ်လေးမှာမူ ကျင်းနန်မြို့တွင်တည်ရှိသော သာမာန်ဘန်ဂလိုလေးဖြစ်သည်။
နောက်ဆုံးအိမ်နံပါတ်ငါးမှာ အနည်းငယ်ယိုင်နဲ့နေသည့်တဲအိမ်လေးဖြစ်သောကြောင့် ခဲ့ကျင်းယန်ထိုအိမ်ပုံကိုကြည့်ရင်း ဤဂိမ်းတွင်သေချာပေါက်နိုင်ရမည်ဟု စိတ်ပိုင်းဖြတ်ထားလိုက်သည်။ ထိုအိမ်မျိုးတွင် သူအမှန်တကယ်မနေချင်ပါ။
ရိုက်ကူးရေးအဖွဲ့မှစီစဥ်ထားသည့်ဂိမ်းမှာ "လူနှစ်ယောက် ခြေသုံးချောင်း" ဟူသောဂိမ်းလေးဖြစ်သည်။
"ဂိမ်းမစခင်မှာ အားလုံးရဲ့ခြေထောက်တွေကို ကြိုးနဲ့ချည်ပေးထားပါမယ်....စမှတ်ကနေဆုံးမှတ်အထိ ကြိုးချည်ပြီးတော့နှစ်ယောက်တွဲသွားရမှာပါ....စမှတ်ကိုအရင်ဆုံးပြန်ရောက်တဲ့သူက ကိုယ်ကြိုက်တဲ့အိမ်ကို အရင်ဆုံးရွေးနိုင်မှာဖြစ်ပါတယ်....နောက်ဆုံးမှပန်းဝင်တဲ့သူတွေကတော့ သူများရွေးပြီးကျန်နေတဲ့အိမ်ကိုမှ ရွေးရမှာပါ"။
ပြိုင်ပွဲစပြီးအတန်ငယ်အကြာတွင် ပြိုင်ပွဲရလဒ်များထွက်လာခဲ့သည်။ ပထမနေရာကို အော်ပရာအဆိုရှင် ချွီမင်းရှန်နှင့်သူ့သားကရသွားပြီး အကောင်းဆုံးအိမ်ဖြစ်သည့်အိမ်နံပါတ်တစ်ကိုရွေးသွားသည်။
ဒုတိယရသူ စန္ဒယားပညာရှင်လင်းယိုနှင့်သူ့သားတို့က ရှေးဟောင်းပုံစံဖြစ်သည့် အိမ်နံပါတ်သုံးကိုရွေးလိုက်သည်။
တတိယနေရာရသူမှာ ကျန်းဟွီကျင်တို့သားအမိဖြစ်ပြီး မြစ်ကမ်းဘေးရှိအိမ်နံပါတ်နှစ်ကို ရွေးသွားသည်။ စတုတ္ထနေရာရသော ချန်းရီတို့သားအဖနှစ်ဦးမှာ ကျန်ရှိနေသည့်အိမ်နှစ်အိမ်ထဲမှ ဘန်ဂလိုအိမ်ဖြစ်သည့် အိမ်နံပါတ်လေးကိုရွေးလိုက်သည်။ ထိုသို့နှင့် နောက်ဆုံးနေရာရသူခဲ့ကျင်းယန်တို့မှာရွေးချယ်ခွင့်မရှိလိုက်ပဲ သူ မနေချင်ဆုံးတဲအိမ်ကိုသာရွေးလိုက်ရတော့သည်။