Chapter 24
တစ်စစီစုတ်ပြတ်နေသော တဲအိမ်ရှေ့တွင်ရပ်နေရင်း ခဲ့ကျင်းယန် သူ့ဘဝကိုသံသယဝင်လာမိသည်။
သူတို့တည်းခိုရမည့်အိမ်နံပါတ်ငါး၏ ပတ်ပတ်လည်ကို အုတ်နီများဖြင့်ကာရံထားသော်လည်း အိမ်အမိုးမှာ ကောက်ရိုးအစစ်များဖြင့်မိုးထားသည်။ ကံကောင်းသည်က စီရွှမ်ရှေးမြို့ဟောင်းတွင် လွန်ခဲ့သည့်နှစ်ရက်လုံးလုံးမိုးမရွာခဲ့ခြင်းပင်။ သို့မဟုတ်လျှင် တစ်အိမ်လုံးစိုရွှဲနေပေလိမ့်မည်။
ဤဒေသတွင် ယခုကဲ့သို့သောအိမ်မျိုးရှိနေသည်မှာ အတော်အံ့အားသင့်စရာကောင်းသည်။
ကင်မရာများစွာက သူ့ကိုချိန်ရွယ်ပြီးရိုက်ကူးရေးလုပ်နေကြောင်း ခဲ့ကျင်းယန်သိသော်လည်း ဟန်ဆောင်ပန်ဆောင်ပင် မပြုံးနိုင်တော့ချေ။
ဤသို့သောစုတ်ပြတ်နေသည့်အိမ်မျိုးတွင် နေရမည်ကို အဘယ်သူကစိတ်ချမ်းသာပြီးရယ်ပြုံးနေနိုင်မည်နည်း။
သူနှင့်အတူလိုက်လာသော ကလေးငယ်ကုဆွေ့ဆွေ့လည်း ပုံမှန်နှင့်မတူပျက်ယွင်းနေသည့် အိမ်နံပါတ်ငါးကိုကြည့်ရင်း အံ့အားသင့်စွာနှင့်ပြောလာသည်။ "ဖေဖေခဲ့....သမီးတို့ရဲ့အိမ်က တအားကိုစုတ်ချာလွန်းနေတာပဲ"။
ထိုကလေးမလေးကြောင့် သူဂိမ်းရှုံးပြီး ဤအိမ်စုတ်အိမ်ပျက်တွင်နေရပေတော့မည်။ သို့သော် ထိုကလေးမကဘာမှမဖြစ်သလိုပင် စိတ်လှုပ်ရှားနေသေးသည်။
ခဲ့ကျင်းယန်လည်း မတတ်နိုင်သည့်အဆုံး ယခုလက်ရှိဖြစ်ပျက်နေသည့်အခြေအနေကို လက်ခံနိုင်ရန် ကြိုးစားလိုက်တော့သည်။
သို့သော် ထိုသို့ကြိုးစားနေစဥ်တွင် သတင်းဆိုးတစ်ခုမပြီးခင် နောက်ထပ်သတင်းဆိုးတစ်ခုက ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြန်သည်။
ရိုက်ကူးရေးဝန်ထမ်းတစ်ဦးက ကတ်တစ်ခုကိုကိုင်ကာ သူတို့အရှေ့မှလျှောက်သွားပြီး ပြောလာသည်။ "ရိုက်ကူးရေးအဖွဲ့က.....လူကြီးမင်းတို့အတွက်....နေ့လည်စာပြင်ဆင်ပေးမှာမဟုတ်ပါဘူး.....စားချင်ရင် ကိုယ့်ဘာသာကိုယ်ချက်ပြုတ်ရပါမယ်....ဒီမှာ ရိုက်ကူးရေးအဖွဲ့က ပေးထားတဲ့စာရင်းပါ....လူကြီးမင်းတို့က လူနှစ်ယောက် ခြေသုံးချောင်းဂိမ်းမှာ နောက်ဆုံးဘိတ်ဖြစ်တဲ့အတွက်....အဲဒီစာရင်းမှာပါတဲ့ ဟင်းအမယ်တွေထဲက တစ်ခုပဲရွေးလို့ရပါမယ်"။
ငယ်စဥ်တည်းက မတောင့်မတမကြောင့်မကြနေခဲ့ရသလို ထမင်းဟင်းကိုယ်တိုင်မချက်ပြုတ်ခဲ့ဖူးသော ခဲ့ကျင်းယန်တစ်ယောက်ကြက်သေသေသွားသည်။ ရိုက်ကူးရေးအဖွဲ့က သူနှင့်ဟိုကလေးမလေး အစာငတ်ပြီးသေအောင်ကြံစည်နေရော့သလား။
ရိုက်ကူးရေးအဖွဲ့က ရွေးချယ်စရာဟင်းအမယ်ငါးမျိုးပြင်ထားသည်။ ၎င်းတို့မှာ မုန်လာဥဖြူ ၊ ဝက်သားဆားနယ်ခြောက် ၊ ခရူစီယမ်ငါး ၊ တိုဖူးနှင့် ဘန်းမုန့်တို့ဖြစ်သည်။
ခဲ့ကျင်းယန်က တစ်ခဏလောက်စဥ်းစားပြီးနောက် နောက်ဆုံးဟင်းအမယ်ဖြစ်သည့် ဘန်းမုန့်ကို ပြတ်ပြတ်သားသားရွေးချယ်လိုက်သည်။
ဝန်ထမ်းက အံ့အားသင့်သွားပြီးမေးလာသည်။
"ဘန်းမုန့်ကိုရွေးချင်တာ....တကယ်ပဲသေချာရဲ့လား"။
ဘန်းပေါင်မုန့်ဖြူကို ဟင်းအမယ်ငါးမျိုးစုံသွားအောင် ရိုက်ကူးရေးအဖွဲ့ကတမင်တကာထည့်ထားသော်လည်း ထို့ထက်ပိုကောင်းသည့် ဟင်းအမယ်များရှိသောကြောင့် မည်သည့်ဧည့်သည်မှမရွေးလောက်ဟု သူတို့အားလုံးထင်ထားခဲ့သည်။ ရသစုံရှိုးတွင်ပါဝင်သော ဧည့်သည်များမှာလည်း အစားအသောက်ချက်ပြုတ်ပြခြင်းက ပရိသတ်များကိုဆွဲဆောင်နိုင်မည့်နည်းလမ်းတစ်ခုဖြစ်ကြောင်း သိထားကြသည်။ ဘာဟင်းအမယ်ရရ အနည်းဆုံးကြိုးစားပြီး ချက်ပြုကြမည်ဖြစ်သည်။ မည်သူကမှ ဆောင့်ကြောင့်ထိုင်ပြီး ဘန်းမုန့်ပူပူစားပြရန် တွေးလိမ့်မည်မဟုတ်ချေ။
ခဲ့ကျင်းယန်က မျက်မှောင်ကြုတ်ပြီး စိတ်ဓာတ်ကျဟန်ဖြင့်ပြောလာသည်။ "အင်း....ငါဘန်းမုန့်ပဲရွေးမယ်"။ ဟင်းအမယ်ဘယ်လောက်ကောင်းကောင်း သူမှမချက်တတ်ပဲ။ ထိုသုံးနှစ်အရွယ်ကလေးလည်း ဟင်းချက်တတ်လိမ့်မည်ဟု သူမထင်ပေါင်။
"ဟုတ်ပြီ....ဒီမှာဘန်းပေါင်မုန့်နော်"။ ဝန်ထမ်းက သူတို့နှစ်ဦးအား ဘန်းပေါင်မုန့်ဖြူဖြူနှစ်လုံးကိုချပေးလာသည်။ ခဲ့ကျင်းယန်က သူ့ဘေးရှိသေးသေးကွေးကွေးကလေးမလေးကိုလှမ်းကြည့်ပြီး စားပွဲပေါ်ရှိပေါင်မုန့်နှစ်ခုလုံးကိုပေးလိုက်သည်။
"ရော့.....ဒီနှစ်ခုလုံး...အကုန်စားလိုက်တော့"။
ထိုအခါ ကုဆွေ့ဆွေ့ကခေါင်းယမ်းပြီးပေါင်မုန့်နှစ်ခုလုံးကို ခဲ့ကျင်းယန်အားပြန်ပေးလာသည်။ "ပါပါးခဲ့....သမီးအခုဗိုက်မဆာသေးဘူး....ပါပါးပဲအကုန်စားလိုက်တော့နော်"။ ခဲ့ကျင်းယန်က ပေါင်မုန့်ဖြူဖြူများကိုဖျတ်ခနဲကြည့်ပြီး ဆွေ့ဆွေ့၏ပါးစပ်ထဲသို့ သွတ်ထည့်ကာ စိတ်မရှည်သည့်လေသံဖြင့်ပြောလာသည်။ "ဒီဘန်းမုန့်နှစ်ခုလုံးအကုန်စားလိုက်....မဟုတ်ရင် ညစာမကျွေးဘူးမှတ်"။ ခဲ့ကျင်းယန်၏ခြိမ်းခြောက်စကားကြောင့် ကုဆွေ့ဆွေ့လည်းဘန်းမုန့်နှစ်ခုလုံးကို အကုန်စားလိုက်ရသည်။
မုန့်စားပြီးသောအခါ ခဲ့ကျင်းယန်က ရေသန့်ဘူးအဖုံးကိုဖွင့်ပြီး ဆွေ့ဆွေ့အားကမ်းပေးလိုက်သည်။ "ဗိုက်ပြည့်ပြီလား"။
"ဟုတ်....သမီးဗိုက်ပြည့်သွားပါပြီ"။ ထိုသို့ပြောပြီးနောက် ကုဆွေ့ဆွေ့က အလန့်တကြားနှင့်အော်နေပြန်သည်။ "ပါပါးခဲ့....သမီးအစားအသောက်အနံ့ရတယ်"။ ကုဆွေ့ဆွေ့ပြောသလိုပင် ခဲ့ကျင်းယန်လည်း အစားအသောက်အနံ့လှိုင်လှိုင်လေးရနေမိသည်။
သူတို့ဘေးအိမ်ဖြစ်သည့် အိမ်နံပါတ်တစ်မှ ချွီမင်းရှန်တို့သားအဖချက်ပြုတ်စားသောက်နေသည်ကို ခဲ့ကျင်းယန်သတိရသွားသည်။ အစားအသောက်အနံ့ရသည်နှင့်မျက်လုံးကလယ်ကလယ်ဖြစ်နေသည့်ကလေးငယ်ကို
ကြည့်ကာ ခဲ့ကျင်းယန်လည်းတွေဝေမနေတော့ပဲ ဆုံးဖြတ်ချက်ချလိုက်သည်။ "ငါတို့သူများအိမ်မှာ....ဝါတီးသွားဆွဲကြရအောင်"။
အေပရွန်ဝတ်ထားသောချွီမင်းရှန်တစ်ယောက် တံခါးခေါက်သံကြားလိုက်သောကြောင့် တံခါး
ဖွင့်ပြီးကြည့်လိုက်ရာ သူတို့ဘေးရှိတဲအိမ်စုတ်လေးမှ ကလေးနှစ်ယောက်က စိတ်အားထက်သန်စွာဖြင့် သူ့အားသနားကမားကြည့်နေသည်ကိုတွေ့လိုက်ရသည်။
ချွီမင်းရှန်လည်းအကြောင်းသိသူမို့မေးမြန်းမနေတော့ပဲ အပေါက်ဝတွင်ရပ်နေသည့်နှစ်ယောက်ကို ပြုံးပြကာပြောလိုက်သည်။ "ဘာရပ်လုပ်နေကြတာလဲ....လာလေကွာ...ငါအများကြီးချက်ထားပါတယ်...နှစ်ယောက်လုံးအတူလာစားကြ"။
ကုဆွေ့ဆွေ့က လေထဲတွင်ပျံ့နှံ့နေသည့်ဟင်းနံ့များကို တစ်ရှုံ့ရှုံ့အနံ့ခံရင်းစိတ်လှုပ်ရှားစွာဖြင့်ပြန်ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်...ဦးဦးချွီ"။
သွက်သွက်လက်လက်ရှိလှသောကလေးမလေးကြောင့် ချွီမင်းရှန်လည်းပြုံးလိုက်မိသည်။ "ကျေးဇူးတင်စရာမလိုပါဘူး....အထဲဝင်ခဲ့ကြ....တိုဖူးနဲ့ဝက်သားဆားနယ်ခြောက်လေးခပ်လိုက်ဦးမယ်....ပြီးတာနဲ့အတူစားကြတာပေါ့"။
ဗိုက်ဆာနေသောကြောင့်ပေလားမသိ။ ခဲ့ကျင်းယန်တစ်ယောက် ဟင်းပွဲများကိုအတော်ခံတွင်းတွေ့လှသည်။ ချွီမင်းရှန်၏လက်ရာမှာ ရိုးရိုးရှင်းရှင်းလေးနှင့်အရသာရှိလှသောကြောင့် မနေနိုင်ပဲ ချီးကျူးလိုက်မိသည်။ "အစ်ကိုချွီ....အစ်ကိုရဲ့လက်ရာနဲ့ဆိုရင်....စားဖိုမှူးလုပ်စားလို့ရနေပြီ"။
ချွီမင်းရှန်က အဓိကဟင်းပွဲနှစ်ပွဲအပြင် မှိုစွပ်ပြုတ်လည်းချက်ထားသေးသည်။ ထိုမှိုများက စီရွှမ်မြို့တစ်ဝိုက်တွင်သာရနိုင်သော အသေးစားမှိုမျိုးဖြစ်သည်။ သဘာဝမှိုဖြစ်သောကြောင့် စိုက်ပျိုးရေးမှိုများထက်ပိုပြီးအရသာရှိသည်။
ခဲ့ကျင်းယန်တစ်ယောက် မှိုစွပ်ပြုတ်ခွက်ကြီးနှစ်ခွက်လုံးကိုဆက်တိုက်သောက်ပစ်ခဲ့သလို ကုဆွေ့ဆွေ့ကလည်း ကလေးအရွယ်နှင့်မလိုက်စွာ ခွက်ကြီးတစ်ခွက်လုံးပြောင်သလင်းခါအောင် စားပစ်ခဲ့သည်။
"အရသာရှိတယ်ဆိုရင်....နောက်လည်းအချိန်မရွေးလာစားကြနော်"။ သူအချိန်ပေးချက်ထား
သည့်ဟင်းလျာများကိုခေါင်းမဖော်တမ်းအားပေးခဲ့ကြသောသားအဖနှစ်ယောက်ကြောင့်
ချွီမင်းရှန်လည်းပီတိဖြစ်မိသည်။
သို့သော် ခဲ့ကျင်းယန်မှာမူ စားသောက်ပြီးခါမှအသိပြန်ဝင်လာကာ တစ်ပါးသူ၏နေအိမ်တွင်အားရပါရဝါးတီးဆွဲခဲ့သောသူ့အဖြစ်သူပြန်တွေးရင်း ရှက်လာမိသည်။ ထို့ကြောင့် မလုံမလဲဖြင့် ချွီမင်းရှန်၏မျက်နှာကိုကြည့်ရင်း သွားသုံးဆယ့်နှစ်ချောင်းပေါ်အောင်ဖြီးပြကာ ကျေးဇူးအထပ်ထပ်တင်နေမိတော့သည်။