Chapter 10: ဘာဖြစ်သွားတာလဲ ?
ဝေ့လန်ရှင်း၏ မျက်လုံးထဲတွင် ထန်ယွီအန်းမှာ ပြစ်ချက်ဆို၍ သေးသေးလေးတစ်ခုမျှပင်မရှိပေ။
ထန်ယွီအန်းဆိုသည်မှာ ရေလိုပင်။ ဘဝ၏ထောင့်တစ်နေရာတိုင်း၌ တိတ်တဆိတ်စိမ့်ဝင်နေပြီး ကိုယ်မသိလိုက်ခင်မှာတင် ကိုယ့်အတွက် မရှိမဖြစ်အရာတစ်ခု ဖြစ်လာသည်။
ဘယ်သူကများ ဘဝမှာရေမရှိဘဲနေနိုင်မှာလဲ။
ဝေ့လန်ရှင်းက မနက်မိုးလင်းတာနဲ့ ထန်ယွီအန်းအား လိုက်ရှာသည်မှာ အကျင့်ဖြစ်လာပြီး သူနှင့်အတူ StarNetပေါ်တွင် တွေ့ခဲ့သောသတင်းများ ဒါမှမဟုတ် သူမှတ်မိသည့် အိပ်မက်အပိုင်းအစများအကြောင်း ပြောပြလိမ့်မည်။
သူဘာပဲပြောပြော ထန်ယွီအန်းက စိတ်မရှည်သည့်ပုံမပြဘဲ သင့်တော်သည့်ပုံစံဖြင့် အမြဲစကားပြန်ပြောပေးကာ သူပြောသည့် စကားလုံးတိုင်းကို သူသေချာနားထောင်ထားကြောင်း သိရှိစေသည်။
ဝေ့လန်ရှင်းက တဖြည်းဖြည်း ပိုပြီးစကားများတတ်လာကာ တစ်ခါတလေဆိုလျှင် စကားပြောလွန်းပြီး လျှာတွေလိပ်ကာ ဗလုံးဗထွေးတွေပါ ပြောမိသဖြင့် ဟာသများပင် ဖြစ်လာတော့သည်။
ဒါကလည်းသူ့အမှားတော့မဟုတ်။ အနုပညာလက်ရာတစ်ခုလို လှပသည့်မျက်နှာနှင့်လူတစ်ယောက်က သူ့ရှေ့တည့်တည်မှာထိုင်နေမှတော့ သူ့အနေနှင့် အာရုံစိုက်ရန်ခက်ခဲသည်သာ။
ထန်ယွီအန်းက ဓာတ်ပုံရိုက်ရတာ သဘောကျပုံမပေါ်သော်လည်း အတူတူဓာတ်ပုံရိုက်ဖို့ပြောလျှင်တော့ မငြင်းတတ်ချေ။
ဒီလိုနဲ့ပဲ သူတို့ ၂ ယောက်တွဲရိုက်ထားသည့် ပထမဆုံးဓာတ်ပုံကို ရလာတော့သည်။ ထန်ယွီအန်း၏ကျန်းမာရေးမှာလည်း အပြည့်အဝပြန်ကောင်းလာပြီး ဝေ့လန်ရှင်းက ဂုဏ်ပြုသည့်အနေဖြင့် သစ်သီးခြင်းတစ်ခုပေးလာသည်။
“ဒီလိုအရေးကြီးတဲ့နေ့မျိုးမှာ သေချာပေါက် ဓာတ်ပုံရိုက်သင့်တာပေါ့”
ထန်ယွီအန်းအနေနှင့် ဆေးကုသဖို့မလိုတော့ခြင်းနဲ့ပတ်သက်ပြီး ဘာတွေဂုဏ်ပြုစရာရှိနေတာလဲဆိုတာကို နားမလည်သော်လည်း ဝေ့လန်ရှင်းကိုကြည့်ရသည်မှာ အရမ်းတက်ကြွနေသဖြင့် သူ့အပျော်လေးကိုမဖျက်ဆီးရက်တော့သောကြောင့် ခေါင်းညိတ်လိုက်ကာ ဓာတ်ပုံအတူတွဲရိုက်ရန် သဘောတူလိုက်တော့သည်။
ထိုနေရာတွင် ဝေ့လန်ရှင်းမဟုတ်ဘဲ တခြားလူသာဆို သူငြင်းလိုက်မည်သာ။
သူကတစ်နေ့ကျ ထွက်ခွါသွားရမည့်လူဖြစ်သဖြင့် သူနှင့်ပတ်သက်သည့်အကြောင်းအရာတွေကို ချန်ထားခဲ့လို့မရရာ ဒီလိုမျိုး ပုံရိပ်တွေကို မှတ်တမ်းတင်ထားရတာမျိုး သူသဘောမကျချေ။ ဒီလိုပုံတွေဆိုတာက နောင်တစ်ချိန်ကျသူ့အတွက် ဝမ်းနည်းမှုတွေကိုသာ ယူဆောင်လာလိမ့်မည်။
ဒါပေမယ့် ဝေ့လန်ရှင်းက သူ့ကိုအနောက်ကနေလှမ်းဆွဲလိုက်ပြီး cream တချို့ကိုယူကာ သူ့မျက်နှာထက်တို့လိုက်တော့သည်။
“မင်းကကြောင်ပေါက်လေးနဲ့တူတယ်”
“ဆိုးလို့လား”
“ဆိုးတယ်.. ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ အဲ့လိုတွေ လျှောက်မတွေးနဲ့ မင်းကအကောင်းဆုံးပဲ”
“အခုတော့ မင်းကမှ တကယ် လျှောက်တွေးနေတာ ဖြစ်သွားပြီ”
ထန်ယွီအန်းက ကိတ်မုန့်တစ်တုံးကို ဝေ့လန်ရှင်းရဲ့ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။
အဖြည့်ခံလူသားတွေက ဇာတ်လိုက်တွေဆီကနေ ချီးကျူးတာကိုခံရတာ ဒါမှမဟုတ် ဇာတ်လိုက်အပေါ်ကို ခံစားချက်တွေ တိုးလာတာမျိုးကို လုံးဝတားမြစ်ထားကာ လက်ခံလို့မရတာမျိုးမဟုတ်ချေ။ သို့သော် သူတို့မှာ တာဝန်ပြီးသွားသည်နှင့်တစ်ပြိုင်နက် သူတို့ရဲ့ ကမ္ဘာများသို့ရောက်လာရခြင်း အကြောင်းအရင်းသည်မှာလည်း ပြီးဆုံးသွားမည်သာ။
သူတို့တွေက ဒီကမ္ဘာမှာရှိနေတဲ့ ချို့ယွင်းချက်တွေကို လာပြီးပြင်ဆင်ပေးရသည့် အပြင်လူများသာဖြစ်ပြီး ချို့ယွင်းချက်များကို ပြင်ဆင်ပြီးသွားသည်နှင့် ဇာတ်လိုက်တွေက သူတို့၏ ကိုယ်ပိုင်ခမ်းနားသည့်ဘဝများတွင် ဆက်လက်နေထိုင်နိုင်ကြပြီး အဖြည့်ခံလူသားများကို ထပ်မံလိုအပ်တော့မည်မဟုတ်ပေ။
ထန်ယွီအန်းမှာလည်း တာဝန်ပြီးသွားသည်နှင့် ထိုကမ္ဘာများတွင် ခဏလောက်ဆက်နေတတ်သည်။ တစ်နည်းပြောရလျှင် သူက ဇာတ်လိုက်များ၏ ကူညီဖော်၊ တွဲဖက်ဖြစ်ခဲ့ပြီး အရာရာကိုအတူမျှဝေခဲ့ကြသဖြင့် ခွဲခွါရန်ခက်ခဲလေသည်။
ကမ္ဘာများတွင် ဖြတ်သန်းနေရသည့် အချိန်များက သူ့ကို တစ်ခုခုအား ပိုင်ဆိုင်နေသည့် ခံစားချက်ကို ရရှိစေပြီး သူသည်လည်း ပျော်ရွှင်မှုကို ခဲ့စားခဲ့ရသည်။ အစစ်အမှန်မဟုတ်သော သူငယ်ချင်းသံယောဇဉ်များက သူ့ကိုဝေဝါးစေပြီး သူ့ရဲ့တကယ့် မူလဘဝကို မေ့လျော့သွားစေသည်အထိပင်။
သူတာဝန်ပြီးသွားသည်နှင့် သူနှင့်အရင်ကခင်မင်ခဲ့သော သူငယ်ချင်းများမှာ သူ့အား ဖြည်းဖြည်းချင်း စွန့်ခွါသွားကြပြီး မျက်လုံးထဲရှိ နွေးထွေးမှုများကလည်း အေးစက်သွားကာ အဆုံးတွင်တော့ သူ့ခေါင်းထဲရှိ ထန်ယွီအန်းနှင့် ပတ်သက်သော မှတ်ဉာဏ်များအားလုံး အဖျက်ခံလိုက်ရတော့သည်။ နောက်တစ်ခေါက် ထပ်တွေ့ချိန်တွင်တော့ တစ်ဖက်လူ၏အကြည့်များက သူ့အပေါ် သူစိမ်းတစ်ယောက်ကဲ့သို့ ရိုးရှင်းစွာဖြတ်သန်းသွားတော့သည်။
သူတို့တွေမှာသူစိမ်းများဖြစ်သွားကြတော့၏။
ဇာတ်လိုက်က သူအမြဲဖြစ်ချင်ခဲ့တဲ့အတိုင်း နာမည်ကြီးကြယ်ပွင့်လေးတစ်ယောက်ဖြစ်သွားခဲ့ပြီး ထန်ယွီအန်းကတော့ ဖန်သားပြင်အကြီးကြီးထက်တွင် ပြသနေသည့် စွဲမက်ဖွယ်ရာ ပွဲဦးထွက်ကြော်ငြာကိုမော့ကြည့်နေခဲ့ရသည်။
ဇာတ်လိုက်က အတိတ်တွင် တိုက်ခန်းလေးတစ်ခန်းငှါးဖို့တောင် မနည်းရုန်းကန်ခဲ့ရပြီး ဒီလောက်အထိသာ အောင်မြင်လာခဲ့ရင် သူပထမဆုံးလုပ်မည့်အရာက သူ့စိတ်ကူးထဲကအတိုင်း အိမ်တစ်လုံးကိုဝယ်ကာ ထန်ယွီအန်းနှင့်အတူတူ နေကြမည်ဟုပြောခဲ့ဖူးသည်။
အခက်အခဲတွေအများကြီးကို အတူကျော်ဖြတ်ခဲ့ရချိန်တွင်မှာပင် ပျော်ရွှင်ဖွယ်အမှတ်တရတို့ကိုလည်း တစ်ပြိုင်နက်တည်း မျှဝေခဲ့ကြရ၏။
“ယွီအန်း မင်း ငါနဲ့တစ်သက်လုံး အတူနေပေးမယ်မဟုတ်လား ငါပိုင်ဆိုင်သမျှအရာအားလုံးကို မင်းလည်းပိုင်ဆိုင်စေရမယ်လို့ ငါကတိပေးတယ်။ ကမ္ဘာပတ်ပြီးပြိုင်ကားတွေမောင်းကြမယ် မင်းအမြဲသွားကြည့်ချင်နေခဲ့တဲ့ ပင်လယ်ကြီးကို အတူသွားကြည့်ကြမယ် ဟုတ်ပြီလား”
သူအဲ့တုန်းကဘယ်လိုပြန်ဖြေခဲ့မိပါလိမ့်။
အိုးဟုတ်သား အဲ့တုန်းကသူပြန်ပြောခဲ့သည်မှာ
“မင်းသာအဲ့လိုနေချင်ရင် အတူနေကြတာပေါ့”
“ဒါဆို ဒီအတိုင်းလို့သတ်မှတ်လိုက်ပြီနော် ! မင်းကတိပေးလိုက်ပြီးပြီ ငါ့ကိုထားခဲ့လို့မရတော့ဘူး…ငါတို့ ၂ ယောက်ရဲ့ဓာတ်ပုံကို မင်းရဲ့ပိုက်ဆံအိတ်ထဲမှာထည့်လိုက်ပြီ။ အခုချိန်ကနေစပြီး ငါတို့ ၂ ယောက်က တစ်သက်လုံးစာအတွက်ပေါင်းစည်းပြီးသားပဲ !”
သူထိုကတိကို တကယ်ယုံကြည်ခဲ့သည်။ အခုပြန်တွေးကြည့်တော့လည်း သူကတကယ်ပဲ… သူ့နေရာသူမသိတတ်ခဲ့ဘဲ ကိုယ့်အတွက်ကိုယ် မလိုအပ်သည့် ပြဿနာတွေရှာခဲ့မိသည်သာ။
ထိုကြော်ငြာအား ထပ်ခါထပ်ခါ ကြည့်နေခဲ့မိပြီး အဆုံးတွင် မိန်းမငယ်လေးတစ်ယောက်က ထန်ယွီအန်းမှာလည်း သူ့ပရိသတ်လားဟု မေးလာခဲ့သည်အထိပင်။
“အဲ့ဒါက…ကောကောနဲ့အစ်ကို့ရဲ့ပုံလား ဘုရားရေ အရမ်းမနာလိုတာပဲ !”
သူကပြုံးလိုက်ပြီး ဓာတ်ပုံကို ကောင်မလေးအား ပေးလိုက်ကာ
“အစ်ကိုက သူ့ဘေးနားမှာ ကပ်ပြီးရပ်နေတာမဟုတ်တော့ မင်း အစ်ကို့ရဲ့ပုံကို ဖြတ်ထုတ်ပြီး ယူချင်ယူထားလိုက်”
ထိုသို့ပြောပြီးနောက် ကြောင်အနေသည့် မိန်းမငယ်လေးအား တစ်ယောက်တည်း ထားခဲ့ကာ သူကတော့ ထိုနေရာမှ ထွက်လာခဲ့လိုက်တော့သည်။
ကောင်မလေးက ဓာတ်ပုံထဲရှိ ထန်ယွီအန်း၏ပုံကိုကြည့်ရင်း သူ၏အလှက သူ့ဘေးနားတွင် ရပ်နေသော ကြယ်ပွင့်ကိုပင် ဖုံးလွှမ်းကာရိပ်မိုးနေသည်ဟု ရုတ်တရက်ခံစားလိုက်ရ၏။
ကြည့်ရတာ ခုနကသူနဲ့စကားပြောတုန်းက mask တပ်ထားသဖြင့် ထိုအစ်ကို၏ရုပ်ရည်အား သူသတိမထားမိလိုက်တာ ဖြစ်နိုင်သည်။
ဒါပေမယ့် သူ ထိုအစ်ကိုအားလှမ်းခေါ်ရန် ပြန်ရှာချိန်တွင်တော့ သူကလုံးဝကို ပျောက်ကွယ်သွားခဲ့ပြီပင်။
ထိုနေ့က ထန်ယွီအန်းမှာ လမ်းမထက်တွင် အချိန်အကြာကြီး တစ်ယောက်တည်း လမ်းလျှောက်နေခဲ့သည်။ သူ့ပုံစံက အရမ်းကိုခိုကိုးရာမဲ့ဖြစ်နေပြီး သနားစရာကောင်းနေလို့ထင်သည်။ ကြင်နာတတ်သည့် သူစိမ်းတချို့ကတောင်မှ သူ့အနားသို့ရောက်လာပြီး သူ့အနေနဲ့ ဓားပြတိုက်ခံလိုက်ရတာလား အကူအညီလိုနေလို့လားဟုပင် လာမေးတတ်ကြသည်။
သူကတော့ ခေါင်းယမ်းပြကာ သူ့ဝက်ဝံရုပ်လေးကိုသာ တင်းတင်းကျပ်ကျပ်ပွေ့ပိုက်ထားခဲ့ပြီး
“ကျေးဇူးတင်ပါတယ် ကျွန်တော်ပိုင်ဆိုင်သမျှ အရာအားလုံးက အခုကျွန်တော်နဲ့အတူရှိနေပါတယ်”
အခုသူနဲ့အတူရှိနေတာတွေကလွဲ တခြားအရာတွေကို သူမပိုင်သဖြင့် သူ့အနေနဲ့လိုချင်တပ်မက်စွာ သိမ်းယူထားလို့မရချေ။
ဝေ့လန်ရှင်း၏အသံက သူ့အားအတိတ်ကမှတ်ဉာဏ်တွေထဲမှ ရုန်းထွက်လာစေသည်။
ဝေ့လန်ရှင်းက သူ့မျက်နှာရှေ့တွင် လက်အားဝှေ့ယမ်းနေပြီး
“ဘာဖြစ်လို့လဲ တစ်နေရာရာကနေလို့မကောင်းလို့လား”
ဝေ့လန်ရှင်းအနေနှင့် ထန်ယွီအန်းမှာ တစ်ခါတစ်ရံတွင် စိတ်နဲ့ကိုယ်နဲ့မကပ်သလို ဖြစ်သွားတတ်ပြီး မသိလျှင် အတွေးတွေထဲ နစ်မျောသွားသကဲ့သို့ ဖြစ်တတ်သည်အား သူသတိထားမိသည်။ ဒီလိုဖြစ်သွားတိုင်း သူ့ပုံစံက မှိုင်တွေသွားတတ်ပြီး ဝေ့လန်ရှင်း၏နှလုံးသားကို တင်းကျပ်သွားစေသည်။
အမြဲလိုလို တည်ငြိမ်ပြီး နူးညံ့ညင်သာတတ်သော ထန်ယွီအန်းတွင် စိတ်ပူပန်စရာများရှိနေသလားဟု သိချင်မိသော်လည်း သူမေးလိုက်တိုင်း ထန်ယွီအန်းက သူ့အား တခြားမေးခွန်းတစ်ခုမေးလျှင်မေး မဟုတ်လျှင် စကားပြောနေသည့် လမ်းကြောင်းအား ပြောင်းပစ်တတ်သည်။
ဒီအရာကပဲ ဝေ့လန်ရှင်းကို ပိုပြီးအဆင်မပြေဖြစ်စေသည်။ သူ့အနေနှင့် ထန်ယွီအန်း၏စိတ်ထဲက ကမ္ဘာငယ်လေးကို နားလည်ချင်သော်လည်း တစ်ဖက်လူကတော့ သူ့ကိုအမြဲပိတ်ကာထားတတ်သည်။
ဒီတစ်ခေါက်မှာလည်း ထန်ယွီအန်းမှာ အရင်နှင့်နည်းတူ ထပ်လုပ်ပြန်သည်။
သူက ကိတ်မုန့်ဖြင့် ဝေ့လန်ရှင်း၏မျက်နှာကို ပြန်သုတ်လာပြီး
“ကျွန်တော် နေလို့မကောင်းတာမျိုး မဖြစ်ပါဘူး ဒီတိုင်း ခေါင်းဆောင်ကို ဘယ်လိုပြန်လက်စားချေရမလဲဆိုတာ စဉ်းစားနေတာ… ကြည့်လေ အခုတော့ခေါင်းဆောင်လည်း ကြောင်ပေါက်လေးဖြစ်သွားပြီ !”
သူအောင်မြင်သွားပြီပင် ။ ဝေ့လန်ရှင်း၏အာရုံက တခြားတစ်ခုကို ပြောင်းသွားခဲ့ချေပြီ။ သို့သော် သူက ထန်ယွီအန်းပြောလိုက်သည်အား စိတ်ထဲသတိမထားလိုက်မိဘဲ သူ၏ cream များဖြင့် ပေနေသော လက်ချောင်းတွေကိုသာ စိုက်ကြည့်နေသည်။
ထန်ယွီအန်းမှာ သူ၏ အကြည့်များအောက်တွင် မသက်မသာဖြစ်သလိုခံစားလာရပြီး သူလုပ်လိုက်မိသည့် မသင့်လျော်သော အပြုအမူကို ကိုယ်တိုင် သတိထားမိသွားခဲ့သည်။
ဝေ့လန်ရှင်းက သူ့အား cream ကို ခရင်းသုံးကာ သုတ်ခဲ့သော်လည်း သူကတော့ လက်ကိုအသုံးပြုလိုက်ပြီး မယဉ်ကျေးရာရောက်သွားကာ စေးကပ်နေသော cream များက သူ့အားပန်းကန်ကိုထိန်းကိုင်ထား ရန်ခက်ခဲစေသည်။
ထို့ကြောင့် သူက သူ့လက်ချောင်းတွေထက်ရှိ cream များကို လျက်လိုက်ကာ
“ဖြုန်းတီးတာမကောင်းဘူး”
ဝေ့လန်ရှင်း၏မျက်လုံးအကြည့်များက သူ့လက်ချောင်းတွေကနေ နှုတ်ခမ်းဆီသို့ ကူးပြောင်းသွားကာ နောက်ဆုံးတွင်တော့ သူသုတ်ထားခဲ့သည့် ထန်ယွီအန်းပါးထက်ရှိ cream များအပေါ်၌ ရပ်တန့်သွားတော့သည်။
သူ့ရဲ့ဦးနှောက်ကသံချေးတက်နေသလိုခံစားရပြီး သူ့စိတ်ထဲတွင် “ဖြုန်းတီးတာမကောင်းဘူး” ဟူသည့် စကားဖြင့်သာပြည့်နှက်နေသည်။
သူ့ရဲ့မျက်နှာပေါ်က cream ကိုလည်း ဖြုန်းတီးပစ်လိုက်လို့…မကောင်းဘူးမဟုတ်လား သူကူညီပြီးတော့များ…
ကင်မရာ၏ အချိန်ရေနေသော အချိန်မှတ်စက်ကအသံက သူ့အား အသိစိတ်ပြန်ကပ်လာစေပြီး သူ့အတွေးတွေက ဘယ်လောက်တောင် ကိုးရိုးကားရားနိုင်လိုက်သလဲဆိုတာကို အသိစိတ်ပြန်ဝင်လာစေသည်။
သူက ဘယ်လိုတောင်မှ… သူ့ရဲ့အဖွဲ့ဝင်အပေါ်မှာ ဒီလိုအတွေးမျိုးတွေ ရှိနိုင်ရတာလဲ
ကံကောင်းလို့ သူစိတ်လိုက်မာန်ပါ မလုပ်ခဲ့မိတာတော်သေးတယ်။ မဟုတ်ရင် ထန်ယွီအန်းကသူ့ကို အခွင့်အရေးယူတတ်တဲ့ နှာဘူးကောင်လို့ တကယ်ကြီး ထင်သွားနိုင်တယ် !
သူချောင်းတစ်ချက်ဟန့်လိုက်ပြီး လက်တစ်ဖက်ကိုအိတ်ကပ်ထဲထည့်ကာ ခုနက ကိတ်မုန့်အတွက် နေရာပြင်ပေးရန် သူစားပွဲအား ရွှေ့ထားခဲ့သည်ကို မေ့သွားခဲ့ပြီး စားပွဲကိုမှီကာ ပို့စ်ပေးဖို့ပြင်လိုက်သည်။
နောက်တော့ သူခြေချော်ကာ အနောက်သို့လဲကျသွားတော့၏။ ထန်ယွီအန်းက သူ့အားလှမ်းဖမ်းရန် အမှီပြေးလာသော်လည်း သူတို့ ၂ ယောက်၏ခန္ဓာကိုယ် အလေးချိန်ကွာခြားမှုကြောင့် ထန်ယွီအန်းကပါ ဝေ့လန်ရှင်း၏အပေါ်သို့ ထပ်လျက်လဲကျသွားကာ သူ့နဖူးနှင့် ဝေ့လန်ရှင်းပါးပြင်မှာ တိုက်မိသွားတော့သည်။
ကင်မရာကလည်း ချက်ကနဲအသံထွက်လာပြီး ထိုအခိုက်အတန့်အား အတိအကျဖမ်းယူရိုက်ကူးထားလိုက်တော့သည်။ ဝေ့လန်ရှင်းက ဒီပုံကိုသိပ်သဘောကျမိသည်။ သူ့ရဲ့ပုံစံအနေအထားက သိပ်ပြီး ကျော့ရှင်းခန့်ညားမနေသော်လည်း သူ့အနေနှင့် ထန်ယွီအန်း၏ပုံစံကို ကြည့်လေလေ ပိုပြီးစိတ်ကျေနပ်ရလေလေပင်။ ထန်ယွီအန်း၏မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ဝိုင်းနေပြီး သူ့နှုတ်ခမ်းများကအနည်းငယ်ပွင့်ဟနေကာ ဆံပင်များက နဖူးထက်တွင်ကျနေသည်။
သူ့ပုံစံက စားပွဲပေါ်ရှိပစ္စည်းတွေအားလုံးကို တိုက်ချလိုက်မိတဲ့ ကြောင်ပေါက်လေးတစ်ကောင်နှင့် တူသည်ဟု ဝေ့လန်ရှင်းခံစားလိုက်ရပြီး ဤပုံအားဖော်ပြရန် အကောင်းဆုံးစာသားကို ရှာတွေ့သွားသလိုခံစားလိုက်ရသည်။
သေလောက်အောင်ချစ်ဖို့ကောင်းတယ် !!
သူအပိုတွေပြောနေတာမဟုတ်ပေ။ ထန်ယွီအန်းကိုက ဘယ်လိုပုံစံဖြစ်နေပါစေ ပြီးပြည့်စုံနေတာဟု တွေးလိုက်မိ၏။
သူကိုယ်တိုင်လည်း ဤကဲ့သို့ယုံကြည်သလို သူ၏ယုံကြည်မှုအား တခြားလူများကိုပါ လက်ဆင့်ကမ်းပေးဦးမည်ပင်။
ဒီယုံကြည်မှုက မနက်ဆိုနေထွက်လာပြီး ညဆိုနေဝင်သကဲ့သို့၊ ကမ္ဘာမြေကြီး၏ဆွဲငင်အားဥပဒေကဲ့သို့ စစ်မှန်သောနိယာမတစ်ခုဖြစ်ပြီး မည်သူကမျှ မေးခွန်းပြန်ထုတ်လိမ့်မည်မဟုတ်ချေ။
ထို့ကြောင့် ထန်ယွီအန်း၏ညီပို့ထားသော စာကိုမြင်လိုက်ရချိန်တွင် သူ၏ပထမဆုံးခံစားချက်မှာ မယုံကြည်နိုင်မှုပင်။
ထန်ယွီအန်းက သူ့မိသားစုနှင့်ပတ်သက်ပြီး ဘယ်တုန်းကမှ ထုတ်မပြောပြခဲ့ဖူးသဖြင့် မိသားစုနှင့်သိပ်မရင်းနှီးဟုသာ မှတ်ယူခဲ့ပြီး အများကြီးမတွေးခဲ့မိပေ။
တစ်ယောက်ယောက်က ထန်ယွီအန်းအား ဤကဲ့သို့စကားမျိုး ပြောလိမ့်မည်ဟု သူတွေးပင်တွေးမကြည့်ခဲ့ဖူးချေ။
သူ့ရဲ့ဒုတိယမြောက်ခံစားချက်ကတော့ ဒေါသဖြစ်ပြီး သူ့တစ်ကိုယ်လုံးထဲတွင် ဒေါသလှိုင်းလုံးများက ဆန်တက်လာသလို ခံစားလိုက်ရသည်။
ထန်ယွီအန်းက ခေါင်းကိုငုံ့ကာ ဖုန်းကိုသာကြည့်နေပြီး သူ့ဘေးနားတွင် မီးတောင်ကြီးတစ်လုံးပေါက်ကွဲနေသည်အား နည်းနည်းမျှပင်သတိမထားမိပေ။
သူဒီစာကိုမကြည့်ရသေးတာတော့မဟုတ်၊ ဒီတိုင်း ၂ ယောက်ကြားတွင် စကားများရန်ဖြစ်ထားရုံသာဖြစ်ပြီး သိပ်ပြီးလေးနက်တာမျိုးမဟုတ်ဟု တွေးမိသဖြင့် ဒီအတိုင်းထားထားခဲ့တာပင်။
သူက အပေါ်ဘက်တွင် ပြောထားသည့်စာတွေထဲတွင် ပုံများရှိလောက်မလားဟု လိုက်ရှာနေသည်။
သူနှင့် သူ့ညီအကြား စကားဆက်သွယ်ပြောဆိုမှုက အရမ်းရိုးရှင်းပြီး အများစုကတော့ သူ့ဘက်မှ ငွေလွှဲပြေစာများသာဖြစ်လေသည်။
အစကတော့ သူ့ညီကသူ့ကို ကျေးဇူးတင်ပေမယ့် နောက်ပိုင်းကျ ဘာမှမပြောတော့ပေ။ အချိန်အတော်ကြာ ဆွဲကြည့်ပြီးသည်အထိ ဘာပုံမှမတွေ့ရသဖြင့် သူ့အနေနဲ့ အရေးလည်းသိပ်မကြီးရာ လက်လျှော့လိုက်တော့သည်။
“တောင်းပန်ပါတယ် ကျွန်တော့်မှာပုံတွေမရှိဘူးထင်တယ်…ဘာဖြစ်သွားတာလဲ”
ဝေ့လန်ရှင်းက သူ့အားလူသတ်ချင်နေသည့် မျက်လုံးများဖြင့်ကြည့်နေသည်သာ။
သူ့မှာ ပြစရာမိသားစုဓာတ်ပုံမရှိလို့ သူ့ကိုစိတ်တိုသွားတာများလား။
ဒါကတော့နည်းနည်းပိုလွန်းသွားပြီလားလို့….