Chapter 9: သူကလှတယ်
လိုင်းပေါ်မှာလည်း ကျိုးထင်းဟန်က တကယ့်အပြင်မှာအတိုင်း စကားပြောတာကပ်စေးနည်းသည်။ ထန်ယွီအန်းဘာပဲပြောပြော သူက “ကောင်းတယ်” ဒါမှမဟုတ် “အင်းအင်း” ဟုသာ စာပြန်လိမ့်မည်။
ဒါပေမယ့် ထိုစကားလုံးလေးတွေပို့ဖို့ စာရိုက်နေတာက အတော်ကြီးကိုကြာသဖြင့် ထန်ယွီအန်းအနေနဲ့ ကျိုးထင်းဟန်မှာ သူ့စာတွေကို တကယ်စိတ်ပါလက်ပါ ပြန်ဖြေနေတာလား ဒီတိုင်း ဝတ်ကျေတန်းကျေ လုပ်နေတာလားဆိုတာ မခွဲခြားတတ်တော့။
သူက စကားပြောရတာ သိပ်သဘောကျပုံမရတာကြောင့် သူ့အကြောင်းခဏလောက်မေးပြီး စကားပြောတာရပ်လိုက်တော့သည်။
ထန်ယွီအန်းပို့လာသည့် ကြောင်ပုံစံအီမိုဂျီကိုကြည့်ကာ ကျိုးထင်းဟန်မှာ ဒါဘာအဓိပ္ပာယ်ဖြစ်နိုင်မလဲဟု အချိန်အကြာကြီးတွေးနေမိပြီး နောက်ဆုံးမှာတော့ လေယူလေသိမ်းကို ဖော်ပြချင်လို့အသုံးပြုတယ်ဟု သတ်မှတ်လိုက်တော့သည်။
ချစ်ဖို့ကောင်းသားပဲ…
ထို့နောက် သူရေးထားသည့် စာအရှည်ကြီးကိုဖျက်ကာ ရိုးရိုးရှင်းရှင်းလေး “ကောင်းပြီ” ဟုသာ စာပြန်လိုက်တော့၏။
သူကအမြဲတမ်း ပွင့်လင်းတတ်သူတစ်ယောက် မဟုတ်ခဲ့ချေ။ လူအများစုက သူ့ကို “သီးသန့်ဆန်တဲ့သူ” ဟု ခေါ်တတ်၏။ သူက လူတွေနဲ့ဘယ်လိုမျိုး ပြောဆိုဆက်ဆံရမယ်ဆိုတာကို နားမလည်သဖြင့် စကားနည်းလေ အမှားနည်းလေဟု မှတ်ယူကာ လိုရင်းတိုရှင်းစကားလုံးများကိုသာ ရွေးပြောဖြစ်သည်။
ထိုစာကြောင်းတိုတိုလေးအားမြင်တော့ သူ့ပုံမှန်မူဟန်အတိုင်း မပြောင်းလဲဘဲ ပြန်ဖြေလာသည့် စာကြောင်းကိုကြည့်ကာ ထန်ယွီအန်းမှာ ရယ်ချင်သွားတော့သည်။
ထန်ယွီအန်း - “ငါ့ကို လူသားကိုယ်စားလှယ်နဲ့ ဆက်သွယ်ပေး”
ကျိုးထင်းဟန်မှာ နားလည်ရခက်သွားကာ
“ဘာကိုဆိုလိုတာလဲ”
ထန်ယွီအန်း - “မင်းရဲ့စာတွေက နည်းနည်းစက်ရုပ်ဆန်နေတယ်လို့ မထင်မိဘူးလား”
သူက မပင်ပန်းတဲ့စက်ရုပ်တစ်ရုပ်လိုပဲ အလုပ်လုပ်တယ် ၊ စားတယ် ပြီးရင် အိပ်တယ်။ ဒီလိုပဲလည်ပတ်နေပြီး လူသားတစ်ယောက်ရဲ့ လိုချင်တဲ့စိတ်ဆန္ဒနဲ့ ခံစားချက်တွေမရှိဟု တခြားလူတစ်ယောက်ကလည်း သူ့ကို တစ်ခါပြောဖူးသည်။
ထိုလူပြောခဲ့သည့်စကားမှာ
“မင်းကပုံမှန်မဟုတ်နေဘူး။ မင်းများများအနားယူသင့်တယ်။ အမြဲဒီလိုကြီး အသင့်အနေအထားနဲ့မနေနဲ့”
ထိုအချိန်တုန်းက ကျိုးထင်းဟန်မှာ သူ့နေထိုင်မှုဘဝပုံစံနှင့် ပတ်သက်ပြီး ဘာအမှားကိုမှ မမြင်ခဲ့မိသလို ထိုစကားများက အဓိပ္ပာယ်မရှိဟု ခံစားရသဖြင့် ဘာမှမပြောင်းလဲခဲ့ပေ။
ဒါပေမယ့်အခုတော့ ပထမဆုံးအကြိမ်အဖြစ် သူ့ရဲ့နေထိုင်မှုပုံစံကို စပြီး သံသယဝင်လာတော့သည်။
သူက တကယ်ပဲ အရမ်းစက်ရုပ်ဆန်ပြီး ပျင်းဖို့ကောင်းလွန်းလို့ ထန်ယွီအန်းကိုတောင် စိတ်ရှုပ်စေနေမိပြီလား။
လမ်းပျောက်နေသလိုခံစားရသဖြင့် တစ်ခုခုပြဿနာရှိလာလျှင် သူ့ကိုလှမ်းပြီးဆက်သွယ်ပါဟု ပြောထားခဲ့ဖူးသည့် ဖန်ကျင်းကိုသာမေးရန် ဆုံးဖြတ်လိုက်၏။
အစည်းအဝေးတစ်ခုတက်ပြီး ဆိုဖာပေါ်မှာအနားယူနေတဲ့ ဖန်ကျင်းမှာ ရုတ်တရက်ကြီး ဖုန်းဝင်လာသဖြင့် လက်တွေပါတုန်တက်သွားပြီး ဖုန်းကို သူ့မျက်နှာအပေါ် တည့်တည့် လွှတ်ချမိတော့မလိုပင် ဖြစ်သွားသည်။
အထက်လူကြီးတွေက သူ့အား အလုပ်အတွက် ပြန်ခေါ်သည်ဟု ထင်လိုက်သော်လည်း ဖန်သားပြင်ထက်ရှိ ပေါ်နေသော နာမည်မှာ အမြဲလိုလို ရေခဲရိုက်မျက်နှာဖြင့်နေတတ်သော ကျိုးထင်းဟန်ဖြစ်နေသည်။
သူမျက်မှန်ပင် ကောက်တပ်လိုက်ပြီး နာမည်မှားကြည့်မိတာမဟုတ်ကြောင်း အတည်ပြုလိုက်ရသည်။
ကျိုးထင်းဟန်က တကယ်ကြီး သူ့ကို ဆက်သွယ်လာတယ်ပေါ့။ နေက အနောက်အရပ်ကနေ ထွက်လာတော့မှာများလား…
ကျိုးထင်းဟန်ဆီကနေ စာရနိုင်လောက်မယ့် တစ်ခုတည်းသောအချိန်က သူသေသွားခါမှ အသုဘမှာပို့လာမယ့် ဝမ်းနည်းကြောင်းစာဖြစ်နိုင်တယ်လို့တောင် သူထင်ခဲ့မိသေးသည်။
မဟုတ်သေးဘူး အသုဘကတောင် သူ့ရဲ့စေ့ပိတ်နေတဲ့ပါးစပ်ကို အရည်ဖျော်ပေးနိုင်မှာမဟုတ်ဘူး… ဒါမယ့် အခုချိန်မှာတော့ သူက တကယ်ကြီးဆက်သွယ်လာပြီပင်။
သူ့ကို တစ်ခုခုက တွန်းအားပေးလိုက်တာထင်တယ်…
သူဖုန်းကိုင်လိုက်တာနဲ့ ကျိုးထင်းဟန်က ချက်ချင်းပဲ သူသိချင်တာကို တန်းမေးလာတော့သည်။
“တစ်ယောက်ယောက်နဲ့ ဖုန်းပေါ်မှာဘယ်လိုမျိုး chatting ထိုင်ရတာလဲ”
ဒီရာထူးတွင် နေတာကြာပြီဖြစ်သည့် ဖန်ကျင်းမှာ လူတွေက သူ့ကိုဆက်သွယ်လာချိန်တွင် နောက်ကွယ်၌ ဘယ်လို လိုချင်တာမျိုးပဲရှိနေပါစေ ပထမဆုံးစကားစချိန်တွင် သူ့အား နည်းလမ်းပေါင်းစုံနှင့် ချီးကျူးခြင်းများကို ကျင့်သားရနေပြီဖြစ်သဖြင့် ယခုကဲ့သို့ တိုက်ရိုက်ကြီး သိချင်တဲ့မေးခွန်းကို ထုတ်မေးတာက ထူးဆန်းစွာ လူကိုလန်းဆန်းသွားစေသည်။
ကျိုးထင်းဟန်က ခေါင်းမာပြီး တည့်တိုးဆန်သော်လည်း သူ့တွင်တခြားမကောင်းသော ရည်ရွယ်ချက်များမရှိခြင်းက သူ့ကို အဖွဲ့ဝင်အဖြစ်ခေါ်ထားရခြင်း အကြောင်းအရင်းများထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။
အခုမေးခွန်းကလည်း ဘယ်သူ့အတွက်မေးလာတာလဲဆိုတာ ခန့်မှန်းရန်မခက််ခဲပေ။ ကျိုးထင်းဟန်၏ ဘဝမှာ ရိုးရှင်းလွန်းပြီး သူနှင့် စကားထိုင်ပြောနိုင်မည့်သူမပြောနှင့် သူနှင့်ရင်းနှီးသူကပင် နည်းလွန်းလှသည်။
ဖန်ကျင်းမှာ သူ့အနေနဲ့ ရွှေတုံးတစ်တုံးအား ရှာတွေ့ခဲ့သကဲ့သို့ ပို၍ပို၍ခံစားလာရသည်။ သူ ထန်ယွီအန်းကို အဖွဲ့ထဲခေါ်ခဲ့တုန်းက သူ၏အရည်အချင်းကို တန်ဖိုးထား၍ ခေါ်ခဲ့တာသာဖြစ်ပြီး သူ့အနေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာလည်း ဒီလောက်အထိ ကောင်းမွန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဝေ့လန်ရှင်းလို အရာရာကို ချင့်ချိန်ပြီးမှ လုပ်တတ်သူအား သူ့အပေါ်တွင် မသိလိုက်ဘဲ အလိုလိုဂရုစိုက်ပေးလာအောင် စွမ်းဆောင်နိုင်ရုံတင်မကဘဲ ရေခဲတုံးကြီးကိုတောင် အရည်ပျော်အောင် စွမ်းဆောင်နိုင်သည်။
ကျိုးထင်းဟန်က ထုတ်မပြောသော်လည်း သူ့အနေနဲ့ သူ့အတိတ်အကြောင်းကို ပညာရှင်တွေအားထုတ်ပြောလာပြီး အန္တရာယ်များတဲ့ကုသမှုကို ခံယူခဲ့သည့်အကြောင်းအရင်းမှာ ထန်ယွီအန်းကြောင့်ဆိုတာ ဖန်ကျင်းသိနေသည်။
သူ စိတ်ရောဂါကုထုံးပညာရှင်ဆီမှ မှတ်စုများကို တောင်းကြည့်ပြီးပြီပင်။ ကျိုးထင်းဟန်က သူ့အနေနဲ့ သူ့ကိုယ်သူ တခြားသူများအတွက် ဝန်ထုပ်ဝန်ပိုး ထပ်မဖြစ်စေချင်တော့ဘဲ ပုံမှန်ပြန်ဖြစ်ချင်ပြီဟု ပြောထားသည်။
အတိတ်ကအကြောင်းအရာတွေကို သတိပြန်ရပြီး ထိန်းချုပ်မှုလွတ်သွားကာ အပြင်သို့ပြေးထွက်ခဲ့မှုကြောင့် ထန်ယွီအန်းက သူ့အနောက်ကနေ လိုက်လာခဲ့ပြီး အပြင်းအထန်ဖျားသွားခဲ့ကာ အသက်အန္တရာယ်ကျရောက်တော့မလို ဖြစ်သွားခဲ့ရသည်။
နောက်ဆုံးမှာတော့ ကျိုးထင်းဟန်အနေနဲ့ သူဂရုစိုက်တဲ့သူပေါ်လာခါမှ ပိုပြီးလူသားဆန်လာတော့သည်။
ဖန်ကျင်းမှာ သူ့အနေနဲ့ရှောင်ထန်ကို လစာတိုးပေးဖို့ တောင်းဆိုသင့်သည် ဟုတွေးလိုက်မိ၏။ ဒီလိုရတနာလေးကို တခြားဌာနတွေဆီကနေ အလုယူခံလိုက်ရတာမျိုး အဖြစ်ခံလို့မရပေ။
ဒီလိုအဖွဲ့သားမျိုးက အကူအညီတောင်းနေမှတော့ သူလည်း ရပ်ကြည့်မနေနိုင်တော့ချေ။
လူမှုဆက်ဆံရေးနဲ့ပတ်သက်လျှင် ကျိုးထင်းဟန်၏ ဗဟုသုတမှာ သနားစရာကောင်းလောက်အောင် နည်းသည်အား ပြန်စဉ်းစားမိပြီးနောက် အရိုးရှင်းဆုံးစာကြောင်းကိုပြောကာ သူ့အားလမ်းပြပေးရန် ဆုံးဖြတ်လိုက်တော့သည်။
“Chatting လုပ်တယ်ဆိုတာက ရိုးရှင်းပါတယ်။ ပြောစရာခေါင်းစဉ်တစ်ခုရှာလိုက်ပြီး မင်းပြောချင်တာ အကုန်သာပြောလိုက်။ အရမ်းလည်း တလေးတစားကြီး ပြောစရာမလိုဘူး။ ပေါ့ပေါ့ပါးပါးပုံစံနဲ့ပြောတာက မင်းက စကားပြောရလွယ်တဲ့သူလို့ ထင်စေနိုင်တယ်”
လူတွေနဲ့ အမြဲကွဲထွက်နေတာမျိုးကို ပြောင်းလဲဖို့အတွက် သူ့အနေနဲ့ အရင်လက်ဦးမှုရယူပြီး သူ့ရဲ့တစ်နေ့တာကို မျှဝေတာမျိုး လုပ်သင့်သည်ဟု အကြံပေးလာသည်။ ကိုယ့်ရဲ့ မျှဝေချင်တဲ့ စိတ်ရင်းကိုဖော်ပြရန် ပုံတွေထည့်ပေးလျှင် ပိုကောင်းသည်ဟုပြောလာသည်ကို ကျိုးထင်းဟန်က အတွေးအပြည့်ဖြင့် နားထောင်နေသည်။
သူ့ရဲ့ဘဝကိုမျှဝေရမယ်။ ဓာတ်ပုံတွေနဲ့….
ဒါဆို ထန်ယွီအန်း သူ့ကိုဓာတ်ပုံပို့လာတုန်းက တကယ်တော့ သူက သူ့ဘဝကိုမျှဝေချင်လို့ပေါ့။ သူလည်း တစ်ပုံလောက်ပြန်ပို့သင့်လား။
သူ့ရဲ့ဓာတ်ပုံရိုက်တဲ့စကေးက တော်တော်လေးတော့ဆိုးရွားသည်။ ထို့ကြောင့် ထန်ယွီအန်းအား စိတ်မပျက်စေချင်သဖြင့် အနားတွင်ဖြတ်သွားသော အရာရှိတစ်ယောက်ကို ဆွဲခေါ်ကာ သူ့အားဓာတ်ပုံရိုက်ပေးရန် တောင်းဆိုလိုက်သည်။
အရာရှိကအလိုက်တသိနဲ့ မျက်စိတစ်ဖက်မှိတ်ပြလာကာ
“ကောင်မလေးကို တင်ပြမလို့လား”
ကျိုးထင်းဟန်က ခဏတန့်သွားပြီး
“မဟုတ်ပါဘူး အဖွဲ့ဝင်တစ်ယောက်ကိုပါ”
“အဖွဲ့ဝင်ကိုတင်ပြဖို့လုပ်နေတယ်ပေါ့”
ထိုအရာရှိမှာလည်း ဒီလိုမျိုးပုံစံအား မမြင်ဖူးသေးသဖြင့် သူ့အား တံတောင်ဖြင့် ခပ်ဖွဖွတွန်းကာ
“အဲ့အဖွဲ့ဝင်ဆိုတာ…သူ့ဘက်ကရော တကယ်(serious)ကြီးလား”
ကျိုးထင်းဟန်သိပ်ပြီးနားမလည်လိုက်သော်လည်း ထန်ယွီအန်းကို လေးနက်(serious)တဲ့လူ ဟုတ်မဟုတ်မေးသည်ဟု ကောက်ချက်ချလိုက်ပြီး
(T/N: serious ချင်း အဓိပ္ပာယ်ကောက်လွဲသွားတာပါ)
“သူကအရမ်းနူးညံ့တယ်။ ကျွန်တော့်ကိုဆို အမြဲပြုံးပြတတ်တယ်။ ကျွန်တော် စိတ်လွတ်သွားတဲ့အချိန်မျိုးဆိုရင်လည်း ကျွန်တော့်ဘေးမှာရှိနေပေးပြီး နှစ်သိမ့်ပေးတတ်တယ်”
ထန်ယွီအန်း၏နူးညံ့ကြင်နာသည့်မျက်နှာလေးက သူ့အာရုံထဲတွင် ချက်ချင်းပေါ်လာသဖြင့် ထပ်ထည့်ကာပြောလိုက်သည်။
“သူကလှတယ်”
ဒီစကားတွေကြားတော့ အရာရှိ၏ အတင်းပြောချင်စိတ်လေးက တက်ကြွလာပြီး
“ဒါဆို ၂ ဦး ၂ ဖက်လုံးကလုံးဝ စိတ်ဝင်စားနေတာပေါ့ ! စိတ်မပူနဲ့ ငါ့ကိုသာယုံလိုက် ဒီပုံကိုကြည့်ပြီီးတာနဲ့ ရင်ထဲထိသွားစေရမယ် !”
တစ်ဖက်တွင်တော့ ထန်ယွီအန်းမှာ မျက်နှာကြက်ကိုစိုက်ကြည့်ပြီး အတွေးထဲမျောနေသည်။
ကျိုးထင်းဟန်ကို သူစနောက်ပြီး စက်ရုပ်ဟု ခေါ်လိုက်ကတည်းက တစ်ဖက်လူမှာ ပျောက်သွားသဖြင့် သူ့အနေနဲ့ တစ်ဖက်လူ၏ အထိမခံနိုင်သောအရာကို သွားပြောမိပြီး စိတ်ဆိုးအောင် လုပ်မိသွားတာလားဟု တွေးမိနေသည်။
သူတောင်းပန်လိုက်သင့်လား…
ထိုအချိန်မှာပဲ ကျိုးထင်းဟန်က ပုံတစ်ပုံပို့လာ၏။ သူက အနက်ရောင်စွပ်ကျယ်ကိုဝတ်ကာ နံရံကိုမှီနေပြီး သူ့ရဲ့မျက်နှာတစ်ဝက်လောက်က အရိပ်ကျနေကာ လက်တစ်ဖက်ကို အိတ်ကပ်ထဲထည့်ထားပြီး ကင်မရာကို တည့်တည့်စိုက်ကြည့်နေသည်။ အရင်တုန်းက သူတို့ပြောခဲ့သည့်စကားများနှင့် ပေါင်းကြည့်ရလျှင် ထန်ယွီအန်းအနေနဲ့ ကျိုးထင်းဟန်က သူ့ကိုယ်သူစက်ရုပ်မဟုတ်ကြောင်း ဓာတ်ပုံဖြင့် သက်သေလာပြသည်ဟု မှတ်ယူလိုက်တော့သည်။
သူကတကယ်ကို…ပေါတောတောလေးဖြစ်ပြီး နည်းနည်းချစ်ဖို့လည်းကောင်းသည်။
သူလည်း “ချောတယ်” ဆိုပြီး စာပြန်လိုက်သည်။
ကျိုးထင်းဟန်ကတော့ ပုံမှန်အတိုင်း မထုံတတ်တေးသာနေပေမယ့် ဘေးနားက အရာရှိကတော့ စိတ်လှုပ်ရှားစွာဖြင့် တစ်ခန်းလုံးကိုလှည့်ပတ်ပြေးနေသည်။
“တွေ့လား ! ငါပြောသားပဲ သူသဘောကျမှာပါလို့ !”
သူနောက်နေတာမဟုတ်ချေ။ သူက ကျောင်းတုန်းက ဓာတ်ပုံပြိုင်ပွဲတွင်လည်း အနိုင်ရခဲ့ဖူး၏။ အလင်းအမှောင်တွေ၊ အနည်းငယ်လှစ်ဟပြထားသည့်ကြွက်သားတွေ၊ ပြီးတော့ ကျိုးထင်းဟန်ရဲ့ ထက်ရှတဲ့မျက်နှာအချိုးအစားနဲ့ ပေါင်းစပ်လိုက်ချိန်တွင်တော့… ဘယ်သူကမှ ငြင်းဆန်နိုင်မှာမဟုတ်ဘူး !
“ဒါပေမယ့် အမှန်အတိုင်းပြောမယ်နော် မင်းကတကယ် ကြည့်ကောင်းတာ တော်တော်ဓာတ်ပုံစားတယ်…စကားမစပ် မင်းမှာ သူ့ဓာတ်ပုံရှိလား ငါ့ကိုပြကြည့်လို့ရမလား”
ဒီလိုရုပ်ချောတဲ့လူတစ်ယောက်ကိုဖမ်းစားသွားနိုင်တဲ့သူက ဘယ်လိုလူမျိုးဖြစ်မလဲဆိုတာကို သူသိချင်မိသည်။
ကျိုးထင်းဟန်က အပေါ်ကိုဆွဲလိုက်ပြီး ထန်ယွီအန်း၏ selfie ပုံကိုပြလိုက်၏။
အရာရှိက ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် အနည်းငယ်ချဉ်တူး(မနာလို)သည့်လေသံဖြင့်ပြောလာသည်။
“ကိုယ့်လူရေ မင်းကတော့ တကယ့်အကောင်းစားကို စားနေရတာပဲ”
ကျိုးထင်းဟန်ကရှုပ်ထွေးသွားပြီး
“ကျွန်တော်က ဝန်ထမ်းတွေအတွက် စီစဉ်ပေးထားတဲ့ ပုံမှန်အစားအစာကိုပဲ စားတာပါ”
အရာရှိ :”…”
ဒီအလှလေးက တကယ်ထူးဆန်းတဲ့ အကြိုက်မျိုးရှိတာပဲ…
နောက်တော့ ကျိုးထင်းဟန်ကို ဓာတ်ပုံအနည်းငယ်အပိုထပ်ရိုက်ပေးလိုက်ပြီး အကုန်လုံးကလည်း ထန်ယွီအန်းဆီမှ ချီးကျူးခြင်းကို ခံရသည်။
အစကတော့ ထန်ယွီအန်းမှာ ကျိုးထင်းဟန်က စနောက်နေသည်ဟု ထင်လိုက်သော်လည်း ဓာတ်ပုံတွေတစ်ပုံပြီးတစ်ပုံ ထပ်ထပ်ရောက်လာသဖြင့် ဓာတ်ပုံ album လုပ်ဖို့ ကြိုးစားနေတာလားဟုပင် တွေးမိလာတော့သည်။
ကျိုးထင်းဟန်အနေနဲ့ သူ့ကိုဘာလို့ ဒီပုံတွေလာပို့နေတာလဲဆိုတာ သူမသိပေမယ့် ဇာတ်လိုက်ဆိုမှတော့ သူ့မှာ သေချာပေါက် အကြောင်းပြချက်တော့ ရှိလိမ့်မည်သာ။ စိတ်ကျန်းမာရေးကိုပါ အစဉ်မပြတ်ပံ့ပိုးပေးရမည့် အဖြည့်ခံလူသားတစ်ယောက်အနေဖြင့် ထိုပုံများအားလုံးကို ချီးကျူးပေးရန်လိုအပ်လေသည်။
ဒါပေမယ့် သူမသိလိုက်တာက သူ့ရဲ့အားပေးမှုက ကျိုးထင်းဟန်ကို ပိုပြီးရဲတင်းလာစေမည်ဆိုတာကိုပင်။
နောက်ရက်တွေမှာတော့ သူ့ရဲ့ကျန်းမာရေးကလည်း ဖြည်းဖြည်းချင်း ပြန်ကောင်းလာပြီဖြစ်ပြီး အနည်းငယ် အားနည်းနေသည်ဆိုသော်ငြားလည်း အခက်အခဲမရှိဘဲ ကိုယ်တိုင် ဟိုနားဒီနားလျှောက်သွားနိုင်နေပြီပင်။
သူရဲ့လေ့ကျင့်ရေးတွေကို ယာယီရပ်ဆိုင်းထားတယ်ဆိုပေမယ့် ဝေ့လန်ရှင်းကို အဖော်ပြုပေးရန် လေ့ကျင့်ရေးခန်းမသို့ သွားနေတတ်သည်။ မဟုတ်လည်း ဇာတ်လိုက်နှင့်အတူ အချိန်များများကုန်ဆုံးပေးတာက ပြဿနာတစ်ခုမဟုတ်ချေ။
လေ့ကျင့်ပြီးနောက် သူတို့ထမင်းအတူစားကြ၏။ ဝေ့လန်ရှင်းက ထန်ယွီအန်းကို ဘယ်လိုချောကလက်အမျိုးအစားမျိုးသဘောကျလဲ ဟု မေးရန် ပြင်လိုက်ချိန်တွင် တစ်ဖက်လူမှာ တောက်လျှောက် ဖုန်းကိုချည်း စစ်နေသည်အား သတိထားမိသွားတော့သည်။
မက်ဆေ့နိုတီတွေက သူစကားပြောမည်ကို တောက်လျှောက် နှောင့်ယှက်နေသဖြင့် သူ့ကိုတဖြည်းဖြည်း စိတ်ရှုပ်လာစေတော့၏။
“ဖန်ကျင်းက မင်းကိုလိုက်ရှုပ်နေပြန်တာလား”
ထိုလူအိုကြီးက သူတို့ကို အဓိပ္ပာယ်မရှိတဲ့အရာတွေ လာလာပြတတ်သည်။
ဥပမာ “ပြီးပြည့်စုံတဲ့အသင်းတစ်ခုကို ဘယ်လိုတည်ဆောင်ရမလဲ”တို့ ဒါမှမဟုတ် “ကုမ္ပဏီကငါတို့ရဲ့အိမ်၊ စည်းလုံးညီညွတ်မှုဆိုတာက လူတိုင်းအပေါ်မူတည်တယ်”တို့ အစရှိတဲ့အရာတွေပင်။
ထိုအရာတွေကို သူတကယ် ဖွင့်ပင််မကြည့်ချင်မိချေ။
“မဟုတ်ပါဘူး ကျိုးထင်းဟန်ပါ။ သူက အခု ကုသမှုကို ကောင်းကောင်းခံယူနေတာလေ”
ထန်ယွီအန်းအနေနဲ့ ဇာတ်လိုက်တွေ အချင်းချင်းကြားတွင် ဘာမှဖုံးကွယ်ထားစရာမလိုဘူးဟု ထင်မိသလို ဝေ့လန်ရှင်းအား ကျိုးထင်းဟန်အပေါ် အကောင်းမြင်စေလိုသဖြင့် သူ့ဖုန်းကို ဝေ့လန်ရှင်းအားပြလိုက်သည်။
ဝေ့လန်ရှင်းလည်း စာတွေကိုအပေါ်သို့ဆွဲကြည့်ကာ ဖတ်လိုက်သည်။
ဘုရားရေ တစ်နေ့တစ်နေ့ကို ပုံတွေ စာတွေ ရာချီပြီးပို့ထားကြတာ ဖတ်ရမှာတွေကို အများကြီးပဲ ! ကျိုးထင်းဟန်ကတကယ်ပဲ သူစားသမျှ အစားအစာတိုင်းကို ဓာတ်ပုံရိုက်ပို့နေဖို့လိုလို့လား စားပွဲခုံကိုသုတ်နေတဲ့ပုံတောင်ပါလိုက်သေးတယ် ! ထန်ယွီအန်းကို သူ့ရဲ့ကိုယ်ပိုင်အမှတ်တရတွေ သိမ်းထားလို့ရတဲ့နေရာများထင်နေတာလား။
စိတ်တိုစရာ အကောင်းဆုံး အပိုင်းကတော့ ထန်ယွီအန်းက ထိုပုံတွေတိုင်းကို စာပြန်ထားပြိး သူ့ရဲ့ဓာတ်ပုံတွေကိုပါ ချီးကျူးပေးထားတာပင်။
[ဇာတ်လိုက်နံပါတ် ၁ ဝေ့လန်ရှင်း၏ ဇာတ်လိုက်နံပါတ် ၂ ကျိုးထင်းဟန်အပေါ် သဘောကျမှုမှာ အနုတ် ၁၀ ထပ်မံကျဆင်းသွားပါတယ်။ လက်ရှိသဘောကျမှု အနုတ် ၇၀ ပါ။]
ထနိယွီအန်း “….”
ကြည့်ရတာတော့ သူနောက်ထပ် ဆုံးဖြတ်ချက်အမှားတစ်ခုကို လုပ်လိုက်မိပြီထင်၏။ ဝေ့လန်ရှင်းက ကျိုးထင်းဟန်အနေဖြင့် သူ့အားလာအနိုင်ကျင့်နေတာလားဟုမေးလာပြီး အဲ့လိုသာဆို block ပစ်လိုက်ဟုပင်ပြောလာသည်။
ကျိုးထင်းဟန်က တခြားလူတွေရဲ့ အမြင်မှာတော့ အရမ်းပိုလွန်းနေသည်ဟု ထင်ကောင်းထင်နိုင်ပေမယ့် ထန်ယွီအန်းအနေနဲ့ကတော့ စာလေးတစ်စောင်ပြန်ပေးရတာက အပန်းမကြီးဟု ခံစားရ၏။
“အဖွဲ့သားတွေက အချင်းချင်း ပိုပြီးရင်းနှီးကြတော့ ကောင်းတာပေါ့”
ဝေ့လန်ရှင်းက ကျိုးထင်းဟန်၏ နေ့စဉ်ဘဝအား အလေးပေး ပြသနေသည့် ပုံအထပ်လိုက်ကြောင့် အနည်းငယ်စိတ်လွတ်သွားသည်။ ထန်ယွီအန်းက ကျိုးထင်းဟန်ကို အဲ့လောက်ထိသိဖို့လိုနေတာလား။
“ဒါဆိုလည်း…ဘာလို့ ကိုယ့်ကိုပါ ပိုပြီးသိလာအောင် မကြိုးစားတာလဲ”
ထိုစကားလုံးတွေ သူ့ပါးစပ်ထဲကနေ ထွက်သွားသည်နှင့် သူ့ကိုယ်သူ သဘောထားသေးသိမ်သူတစ်ယောက်လို ခံစားလိုက်ရသဖြင့် ရှက်ရှက်နဲ့ခေါင်းကိုငုံ့ကာ အစားကိုသာ ပြန်စားလိုက်တော့သည်။
ထန်ယွီအန်းမှာလည်း ရုတ်တရက်တစ်ခုခုကို သဘောပေါက်သွားတော့၏။
ကျိုးထင်းဟန်ကို သူက အရမ်းအလေးပေးနေမိလို့ ဝေ့လန်ရှင်းက မနာလိုဖြစ်နေသည်ပင်။ ပြဿနာကိုရှာတွေ့မှတော့ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ရှာတွေ့ရန်ကား မခက်တော့ချေ။
ထန်ယွီအန်းက ကျွမ်းကျင်စွာပဲ စကားဝိုင်းကိုဆက်လိုက်သည်။
“ခေါင်းဆောင်နဲ့လည်း ကျွန်တော်သေချာပေါက် ပိုပြီးရင်းနှီးချင်တာပေါ့။ ခေါင်းဆောင်အကြောင်းလည်းပြောပြလေ… ခေါင်းဆောင်မှာ အစ်မတစ်ယောက်ရှိတယ်ဆို”
ခုနတုန်းက ဝေ့လန်ရှင်းက ရုတ်တရက်ကြီး သူ့အတွက် စားစရာပြင်ဆင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ရလဒ်ကတော့ တကယ့်ကိုဆိုးရွားစွာပင်…ထန်ယွီအန်းအနေနဲ့ စမ်းစားကြည့်ချင်ခဲ့သော်လည်း သူအစာအဆိပ်သင့်သွားမည်ဆိုးသဖြင့် ဝေ့လန်ရှင်းက မစားခိုင်းခဲ့ချေ။ ဘာလို့ဒီလိုဖြစ်ရတာလဲဟု မေးလိုက်ရာ ဝေ့လန်ရှင်းမှာ ဟင်းချက်ရတာ သဘောကျသည့် အစ်မတစ်ယောက်ရှိပြီး စားသောက်ဆိုင်အသေးလေးပင် ဖွင့်ထားသဖြင့် သူ့အနေနဲ့ ဟင်းချက်ရတာရှားသည်ဟုပြန်ဖြေလာခဲ့သည်။
အခုသူမေးလိုက်ချိန်တွင်တော့ ဝေ့လန်ရှင်းက ခေါင်းညိတ်ပြလာပါ သူ့ဖုန်းထဲမှ မိသားစုဓာတ်ပုံကိုထုတ်ပြလာသည်။
ဓာတ်ပုံထဲတွင် ဝေ့လန်ရှင်းက မတ်တတ်ရပ်နေပြီး သူ့လက်ကတော့ ပေါ့ပေါ့ပါးပါးပုံစံနှင့် ရင်းနှီးဖွယ်ကောင်းသောအပြုံး၊ ဖြောင့်စင်းသည့်ဆံပင်တို့နှင့် ဝေ့လန်ရှင်း၏အစ်မမှန်းသိသာလေသော သတ်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်ကို ဖက်ထား၏။
အသက်ကြီးကြီးစုံတွဲကတော့ ဘေးတစ်ဖက်တစ်ချက်စီတွင်ထိုင်နေပြီး အသက်နှင့်မလိုက်အောင် လန်းဆန်းတက်ကြွသည့် အပြုံးများကိုဆင်မြန်းကာ ကင်မရာကိုကြည့်နေလေသည်။
ဘယ်လောက်တောင် ချစ်ဖို့ကောင်းတဲ့မိသားစုလေးပါလိမ့်…
“ခေါင်းဆောင်ရဲ့အစ်မကလှသားပဲ”
“သူကသာမန်ပါပဲ ငယ်ငယ်တုန်းကဆို ကိုယ့်ကိုလိုက်ရိုက်တတ်သေးတယ်…မင်းရော မောင်နှမတွေရှိလား”
သူ့မှာမှတ်ဉာဏ်တွေ မရှိတော့သော်လည်း မူလထန်ယွီအန်းမှာ ညီတစ်ယောက်ရှိခဲ့ဖူးသည်မှာ သေချာသည်။
ဝေ့လန်ရှင်းက သူ့ကိုဓာတ်ပုံတွေပါ ပြထားမှတော့ သူလည်း သူ့မိသားစုဓာတ်ပုံကို ပြန်ပြမှသင့်တော်တော့မည်။
သူ့ရဲ့ဖုန်းကိုဖွင့်ကြည့်လိုက်တော့ ဘာဓာတ်ပုံမှမရှိသဖြင့် အရင်စကားပြောထားဖူးသော chat အဟောင်းတွေထဲတွင် ဓာတ်ပုံလိုက်ရှာလိုက်သည်။
သူ့မိသားစုက သူ့ကို ဆက်သွယ်မလာသေးသလို သူ့ရဲ့နောက်ခံဇာတ်ကြောင်းကလည်း အဓိကဇာတ်အိမ်ကို သက်ရောက်မှု မရှိလာသေးသဖြင့် စာတွေကိုသူတစ်ခါမှမစစ်ကြည့်ရသေးချေ။
သူပထမဆုံးအကြိမ်အဖြစ် သူ့ရဲ့ “ညီငယ်လေး” နဲ့ပြောထားသော chat ကိုဖွင့်ကြည့်လိုက်သည်။
နောက်ဆုံးပို့ထားသောစာမှာ လွန်ခဲ့တဲ့တစ်နှစ်ကဖြစ်ပြီး
“ထန်ယွီအန်း မင်းဘာကိစ္စနဲ့သေမသွားရတာလဲ”
ဟုရေးထားလေသည်။