Chapter 8: အထူးအလေးပေးဆက်ဆံမှု
ထန်ယွီအန်းအသိပြန်ကပ်လာချိန်တွင် သူ့တစ်ကိုယ်လုံးကနွေးထွေးနေကြောင်း ခံစားမိလိုက်သည်။
အရမ်းကျယ်တဲ့နေရာတစ်ခုကိုဖြတ်သန်းနေရသလိုခံစားရပြီး ဝေးကွာတဲ့နေရာတစ်ခုက အသံတချို့ကိုသူကြားနေရသည်။
“…မင်း ညလယ်ခေါင်ကြီးအရူးထပြီး သူ့ကိုဆွဲခေါ်သွားတာလေ…”
“…မတော်တဆ…”
“…မင်းကို တကယ်စိတ်ပျက်နေပြီ…”
ထန်ယွီအန်းအနေနဲ့ စကားလုံးတွေကို သေချာမကြားရချေ။ သူအရမ်းပင်ပန်းနေပြီး မြူတွေဆိုင်းနေသည့်ဟင်းလင်းပြင်ကြီးထဲသို့ နစ်ဝင်နေသလို ခံစားနေရ၏။
သူနိုးလာချိန်မှာတော့ IV ပုလင်းက သူ့ရဲ့လက်ကသွေးကြောထဲစီးဝင်နေတာကိုတွေ့လိုက်ရသည်။ ကုတင်ဘေးနားတွင်ထိုင်နေသည့်ဝေ့လန်ရှင်းက သူမျက်လုံးပွင့်လာတာကိုမြင်သည်နှင့် ကုတင်နားသို့ အပြေးရောက်လာသည်။
“ဘယ်လိုခံစားနေရလဲ တစ်နေရာရာက အဆင်မပြေတာမျိုးရှိလား”
ထန်ယွီအန်းတစ်ကိုယ်လုံးအားနည်းနေသလိုခံစားရပြီး သူစကားပြောလိုက်ချိန်တွင် သူ့အသံကအက်ကွဲနေ၏။
“ကျွန်တော်အဆင်ပြေပါတယ်”
သူ့နှုတ်ခမ်းနားသို့ ပိုက်တစ်ချောင်းရောက်လာသည်။ သောက်လိုက်ချိန်တွင်တော့ ခပ်ချိုချိုအရသာတစ်ခုကို ခံစားရ၏။
ဆရာဝန်၏ညွှန်ကြားချက်ကိုမှတ်မိသောဝေ့လန်ရှင်းမှာပြောလာသည်။
“ဖြည်းဖြည်းသောက် တစ်ခါတည်းနဲ့ အများကြီးမသောက်နဲ့”
ဝေ့လန်ရှင်း၏အကူအညီဖြင့် ထန်ယွီအန်းက ကျောနောက်၌ ခေါင်းအုံးတစ်လုံးခံကာ ထထိုင်လိုက်သည်။
“ဘာတွေဖြစ်သွားတာလဲ”
ဝေ့လန်ရှင်းက အဝေးကိုအကြည့်လွှဲသွားပြီး သူ့အမူအရာက မှန်းဆရခက်ကာ
“မင်းရဲ့ခန္ဓာကိုယ်က ကိုမာဝင်ပြီး ပြန်နိုးလာကတည်းက အားနည်းနေခဲ့တာ။ အခုပင်ပန်းတာရော မိုးမိတာရောပေါင်းပြီး အပြင်းအထန်ဖျားသွားတာ”
သူဆရာဝန်၏စကားများကို ပြန်တွေးကြည့်လိုက်မိသည်။ သူက ထန်ယွီအန်း ဒီရက်တွေအတွင်း နေမကောင်းနေခဲ့သည်အား လုံးဝသတိမထားမိခဲ့ဘဲ လေ့ကျင့်ရန်ပင်ဆွဲခေါ်ခဲ့မိသေး၏။
သူကတကယ့်ကိုပဲ…
ထန်ယွီအန်းသာ ဝေ့လန်ရှင်း၏ စိတ်ထဲက အတွေးတွေကိုကြားလျှင် သူ့ကျန်းမာရေးအမှတ်တွေကို လဲလှယ်ခဲ့မိလို့ပါဟု ပြန်ပြောမိလောက်ပေမယ့် ထန်ယွီအန်းမှာ စိတ်မဖတ်နိုင်သဖြင့် ဝေ့လန်ရှင်းတစ်ယောက် ယခုကဲ့သို့ မျက်စိမျက်နှာပျက်နေသည်မှာ သူကဝန်ထုပ်ဝန်ပိုးတစ်ခုအနေနဲ့ သူတို့ရဲ့လေ့ကျင့်ရေးကို နှေးအောင်ဆွဲချမိနေလို့ဟု ထင်သွားတော့သည်။
“ကျွန်တော်တကယ်အဆင်ပြေတာပါ။ ရက်ပိုင်းကြာတာနဲ့ ချက်ချင်း အပြည့်အဝပြန်ကောင်းလောက်ပြီ။ ဒါနဲ့စကားမစပ် ကျိုးထင်းဟန်ရော”
ထိုနာမည်ကို ကြားလိုက်ရုံနှင့်ပင် ဝေ့လန်ရှင်းကိုဒေါသထွက်စေသည်။ ထိုလူက ထန်ယွီအန်းကို ဖျားနာအောင်လုပ်ခဲ့ရုံသာမက လိုက်ရှာလို့မရအောင်ပင် ပျောက်သွားသေးသည်။
“ပျောက်သွားပြီ”
ဝေ့လန်ရှင်းက ရေခွက်ကိုစားပွဲထက် ဒေါက်ခနဲ မြည်အောင်ချလိုက်ကာ သူ၏ မကျေနပ်မှုမှာ သိသာလှစွာပင်။
“ဆေးသွားကုတာ”
“ဆေးသွားကုတယ် !”
ထန်ယွီအန်းမှာ ကျိုးထင်းဟန်၏ သွေးများစီးကျနေသောဒဏ်ရာကို ချက်ချင်းပြန်တွေးမိသွားသည်။
သူ့ဆေးကအလုပ်မလုပ်တာများလား
“သူ့ဒဏ်ရာကအရမ်းဆိုးလား ”
ကျိုးထင်းဟန်ဆီသွားရန် အိပ်ရာပေါ်ကနေ ကုန်းထနေသည်အား ဝေ့လန်ရှင်းကမြင်တော့ သူ့ကိုပြန်ထိုင်ခိုင်းလိုက်ပြီး
“သူအဆင်ပြေတယ် အပေါ်ယံပွန်းပဲ့ဒဏ်ရာလေးတွေပဲ…သူကအခု ဌာနချုပ်ရဲ့ ဆေးဌာနဆီကိုသွားပြီး သူ brainwash ခံခဲ့ရတာတွေကို အပြီးကုသပစ်ဖို့ကြိုးစားနေတာ”
သူ့အမြင်အရ ကျိုးထင်းဟန်မှာ အစောကတည်းက ထိုကဲ့သို့လုပ်ခဲ့သင့်သည်ပင်။
ဒါပေမယ့်လည်း စိတ်ကိုလှုံ့ဆော်ပေးတဲ့ ကုထုံးကို သုံးရမယ့်အပြင် ရလဒ်ကလည်း အာမခံချက်မရှိတော့ သူတုံ့ဆိုင်းနေတာလည်း ဖြစ်နိုင်သည်။
သူကဆေးကုသရန် တက်ကြွနေဟန် ဆောင်ထားသော်လည်း တကယ်တမ်းမှာတော့ ဆေးကုသဖို့ဆိုတာက အကြောင်းပြချက်တစ်ခုသာ။
ကိစ္စတွေဖြစ်ပျက်ပြီးခဲ့တဲ့နောက် သူ့အနေနဲ့ ထန်ယွီအန်းအပေါ်မှာ အပြစ်ရှိသလိုခံစားရသဖြင့် မျက်နှာချင်းမဆိုင်ရဲလောက်တာပိုဖြစ်နိုင်သည်။
ဝေ့လန်ရှင်းကတော့ ပြဿနာကိုရင်မဆိုင်ဘဲ ရှောင်ဖယ်နေတတ်သည့်သူတွေကို မနှစ်မြို့ချေ။
[ဇာတ်လိုက်နံပါတ် ၁ ဝေ့လန်ရှင်း၏ ဇာတ်လိုက်နံပါတ် ၂ ကျိုးထင်းဟန်အပေါ်သဘောကျမှုမှာ အနုတ် 10 ထပ်မံကျဆင်းသွားပါတယ်။ လက်ရှိသဘောကျမှု အနုတ် 50 ပါ။]
ထန်ယွီအန်း “...”
ဘာတွေဖြစ်ကုန်တာလဲ။ သူခဏလေးပဲ အိပ်ပျော်သွားခဲ့တာကို မိုးထိအောင် ထိုးတက်သွားပြီးသား သဘောကျမှုအမှတ်တွေက ထပ်ပြီးပြုတ်ကျသွားတယ် !
တစ်ခုခုတော့နားလည်မှုလွဲနေပြီထင်တယ်။ တကယ်တော့ ဒီအဖြစ်အပျက်မှာ ကျိုးထင်းဟန်ကသာ နစ်နာသူပါ။
မဖြစ်သေးဘူး သူရှင်းပြမှဖြစ်တော့မယ်။
“ကျွန်…ကျွန်တော် ညလယ်ခေါင်ကြီး တစ်ရေးနိုးလာတော့ ကျိုးထင်းဟန်က တစ်ယောက်တည်း အပြင်ထွက်သွားတာကို တွေ့လိုက်တာ။ တစ်ခုခုမှားနေတယ်လို့ ထင်တာနဲ့ သူ့အနောက်ကို လိုက်သွားလိုက်တော့ အနက်ရောင်ဝတ်ရုံနဲ့ လူတစ်ယောက်က ရုတ်တရက်ကြီးပေါ်လာပြီး ကျိုးထင်းဟန်ကို အလစ်ဝင်တိုက်ခိုက်ရော…”
စကားတွေအများကြီးကို တစ်ထိုင်တည်းပြောပြီးနောက် ထန်ယွီအန်းမှာ ချောင်းတွေဆိုးပြီး မျက်လုံးတွေနီတက်လာတော့သည်။
ဝေ့လန်ရှင်းကသူ့ကျောကို အသာပုတ်ပေးပြီး ရေတစ်ခွက်ကမ်းပေးလာ၏။
“ကိုယ်တို့အကုန်သိပြီးပြီ။ မင်း မေ့လဲသွားတော့ ကျိုးထင်းဟန်က ကိုယ်တို့ရဲ့တိုက်ခိုက်ရေးအဖွဲ့တစ်ဖွဲ့ဆီ မင်းကိုချီပြီးပြန်ပြေးလာတာ”
ထန်ယွီအန်းအံ့ဩသွားသည်။ ဘယ်လောက်တောင်တိုက်ဆိုင်လိုက်လဲ… တိုက်ခိုက်ရေးအဖွဲ့တွေက ညဘက်မှာ ကင်းလှည့်တယ်ပေါ့…
“အဖွဲ့အစည်းရဲ့အဖွဲ့ဝင်တစ်ယောက်ကို မျက်နှာဖုံးတပ်ထားတဲ့ လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ယောက်က တိုက်ခိုက်နေတယ်လို့ အမည်မသိသတင်းပေးဆီကနေ သတင်းရလို့ အထက်လူကြီးတွေက စုံစမ်းဖို့ လွှတ်လိုက်တာ… မင်းရော ဘာတွေဖြစ်သွားခဲ့တာလဲဆိုတာကို မှတ်မိလား”
ထန်ယွီအန်း၏ဦးနှောက်မှာ ဗလာကျင်းသွားတော့သည်။ သူက ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး လုပ်ကြံသတ်ဖြတ်ရေးသမားဖြစ်သွားရတာလဲ။
ပြီးတော့ ဘယ်သူက သတင်းပေးလိုက်တာလဲ။ ကျိုးထင်းဟန်လည်း မဖြစ်နိုင်တော့ အဲ့ဒီနေရာမှာ တတိယလူတစ်ယောက်ရှိနေတာပဲ ဖြစ်ရမယ်…
ဒါဆို ကျိုးထင်းဟန်ကိုသတ်ဖို့လာတဲ့လူက တကယ်တော့ သတ်ဖို့မရည်ရွယ်ထားဘူးပေါ့။
မဟုတ်ရင် ပြေးထွက်သွားပြီးနောက်ပိုင်း အကူအညီ လှမ်းမခေါ်လောက်ဘူး။
ဒါပေမယ့် သူ့တိုက်ခိုက်ချက်က ညင်သာမှုတစ်စက်မှမရှိခဲ့ဘူး။ သူသာအဲ့ဒီ့နေရာမှာရှိမနေရင် အခုချိန်ကျိုးထင်းဟန်သေသွားလောက်ပြီပင်…
ကြည့်ရတာတော့ အဲ့ဒီလူက သူ့ညီမရဲ့သေဆုံးမှုကို ကျိုးထင်းဟန်ဆီအပြစ်ပုံချတာက မလုပ်သင့်မှန်းသိလျက်နဲ့ ပြဿနာလာရှာသည်ထင်သည်။
ဒီလိုမျိုးတိုင်ကြားစာကြီးပို့လိုက်တော့ကျ ထန်ယွီအန်းတစ်ယောက် ဘာပြောရမှန်းမသိပင် ဖြစ်သွားတော့၏။
အမှန်တရားကိုပြောလိုက်ရင်လည်း ဝတ်ရုံနက်နဲ့လူက ဘယ်သူလဲဆိုတာကို ဖော်မိသွားမယ်။ ဇာတ်လမ်းတစ်ခု ဖန်တီးပြောရအောင်လည်း လုပ်လိုက်လို့တော့ရပေမယ့် ကျိုးထင်းဟန်နှင့် အရင်ကြိုမညှိရသေးသဖြင့် မလုပ်ရဲသေးချေ။
သေသေချာချာစဉ်းစားပြီးနောက် အချိန်ဆွဲထားရန်သာ ဆုံးဖြတ်လိုက်တော့၏။ သူက အနောက်ကခေါင်းအုံးကိုမှီကာ မျက်မှောင်ကျုံ့ပြီး
“အားနာလိုက်တာ ကျွန်တော့်ခေါင်းကနာနေပြီး မှတ်ဉာဏ်တွေကလည်း နည်းနည်းရှုပ်ထွေးနေလို့ သေချာမမှတ်မိဘူး”
သူ့ရဲ့သရုပ်ဆောင်စကေးက ညံ့ဖျင်းသော်လည်း ပရိသတ်ကတော့ အပြည့်အဝယုံကြည်စွာ ဝယ်ယူသွားသည်။
ဝေ့လန်ရှင်းရဲ့ အသက်ရှူသံတွေမှာ ခဏတန့်သွားကာ အပြစ်စိတ်ဝင်သွားဟန် အမူအရာတို့က သူ့မျက်နှာထက် ဖြတ်ပြေးသွားပြီး
“တောင်းပန်ပါတယ် မင်းကနေမကောင်းဖြစ်နေတုန်းကို ကိုယ်က မေးခွန်းတွေနဲ့လာနှောင့်ယှက်မိသွားတယ်…”
ထန်ယွီအန်းက စကားစဖြတ်ပစ်ပြီး စကားပြောတာကို ရပ်ပစ်လိုက်ဖို့ မဆုံးဖြတ်ထားပေ။ သူက ရေကိုဆက်သောက်လိုက်ပြီး
“ကျိုးထင်းဟန်ကရော ဘယ်လိုပြောလဲ”
“သူကတော့ မျက်နှာဖုံးအုပ်ထားတဲ့ အင်အားကြီးတဲ့ လူစိမ်းတစ်ယောက်နဲ့ တွေ့ခဲ့ရတယ်လို့ပြောတယ်။ ဝတ်ထားတဲ့ပုံစံအရကတော့ “အရိပ်” အဖွဲ့ကလူဖြစ်နိုင်တယ်။ သူတို့က ကျိုးထင်းဟန်ကို ဒဏ်ရာရအောင်လုပ်ပြီး ထွက်သွားကြတာ။ သူ့ကိုမသတ်သွားတော့ ဒီတိုင်းခြိမ်းခြောက်တာထင်တယ်။ ဒီအကြောင်း အထက်ကိုတော့ တင်ပြပြီးသွားပြီ။ ပြီးတော့ ကိုယ့်အထင် တိုင်ကြားစာက လျှို့ဝှက်တာဝန်ထမ်းဆောင်နေရင်း အနားကနေဖြတ်သွားမိတဲ့လူတစ်ယောက်ယောက် ဒါမှမဟုတ် ကိုယ်တို့အဖွဲ့အစည်းအကြောင်း သေချာသိနေတဲ့ အသွင်ယူစုံထောက်တစ်ယောက်ဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီလူရဲ့ကျေးဇူးကြောင့် အချိန်မီကယ်တင်နိုင်ခဲ့တာပဲ”
ထန်ယွီအန်းအနေနဲ့ ဒီလောက်အထိ နေမကောင်းဖြစ်နေပြီး သူတို့ကို အချိန်အကြာကြီးထိ ရှာမတွေ့ရင် ဘာတွေဆက်ဖြစ်သွားနိုင်လဲဆိုတာ သူတွေးတောင် မတွေးရဲချေ။
“အရိပ် အဖွဲ့အစည်း !”
“သူတို့က အရင်က ကျိုးထင်းဟန်ကို ဖမ်းသွားခဲ့တဲ့ မြေအောက်အဖွဲ့အစည်းလေ။ သူတို့တွေက တရားမဝင်တဲ့လုပ်ငန်းတွေ အများကြီးမှာပါဝင်နေတာ။ သူတို့ကို လိုက်ရှာဖို့ကြိုးစားနေပေမယ့် နည်းနည်းခက်ခဲနေတယ်”
ကျိုးထင်းဟန်အနေနဲ့ ပြီးပြည့်စုံသည့် ထွက်ပေါက်ကိုရှာတွေ့သွားပုံပင်။ ထိုနေရာတွင် ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ထိုလျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်းအား အပြစ်အကုန်ပုံချလိုက်လို့ရသည်။
အမှုဘယ်နှခုလောက်ကို ထိုအဖွဲ့အစည်းက တကယ်လုပ်ခဲ့တာဖြစ်ပြီး ဘယ်နှခုက ဒီတိုင်းလွှဲချခံရတာလဲဆိုတာကို မည်သူမျှသိနိုင်မည်မဟုတ်။
ထန်ယွီအန်းလည်းသဘောတူလိုက်သည်။
“ဖြစ်နိုင်တယ်…”
သူထင်ထားသည့်အတိုင်း ကျိုးထင်းဟန်က ဝတ်ရုံနက်နှင့်လူအကြောင်းကိုထုတ်မပြောပေ။ ဖြစ်နိုင်သည်မှာ သူ့အနေနဲ့ ဝတ်ရုံနက်နှင့်လူ၏ညီမ သေဆုံးမှုနှင့်ပတ်သက်ပြီး တာဝန်ရှိသလို ခံစားနေရသေးသ၍ ဖြစ်နိုင်သည်။
ဒါပေမယ့် အခုသူက ဆေးကုသဖို့ လိုလိုလားလားနဲ့ လက်ခံလိုက်ပြီဆိုတော့ သူ့အတွေးကတော့ ပြောင်းလဲသွားပြီဟု ယူဆလို့ရသဖြင့် ဒါကောင်းသည့်လက္ခဏာပင်။
သူ့ရဲ့ အတွေ့အကြုံတွေအကြောင်း စိတ်ဝင်စားသည့် ထန်ယွီအန်းမှာ ဝေ့လန်ရှင်းကို “အရိပ် အဖွဲ့အစည်း” နှင့်ပတ်သက်ပြီး သတင်းအချက်အလက်တွေ ထပ်မေးချင်သေးသော်လည်း တစ်ဖက်လူက ကိုယ့်ကိုယ်ကိုယ် တွန်းအားမပေးဖို့ ပြောလာပြီး အခုလောလောဆယ် အနားယူကာ ပြီးမှဆက်ပြောကြရန် ပြောလာသည်။
ဝေ့လန်ရှင်းက ဒီနေရာမှာတင်နေပြီး ထန်ယွီအန်းကို ဂရုစိုက်ပေးချင်သော်လည်း ထန်ယွီအန်းအနေနဲ့ ဇာတ်လိုက်အား သူ၏အစောင့်အကြပ်ပုံစံမျိုး တာဝန်ယူနေရသည်အား မဖြစ်စေလို။ သူလည်း တကယ်အဆင်ပြေနေပြီပင်။ ကျန်းမာရေးအမှတ်ကလည်း ၆၀ ကိုပြန်ရောက်လာပြီဖြစ်သဖြင့် ဇာတ်လိုက်၏ အချိန်အား အလဟသကုန်အောင် လုပ်စရာမလို။
“တခြားအရေးတကြီးလုပ်စရာတွေရှိမယ်ထင်တယ်။ သွားလိုက်ပါ…”
ဝေ့လန်ရှင်းကသူ့အားယုံရခက်ဟန်ပြောလာသည်။
“ဘယ်အလုပ်ကများ မင်းထက်ပိုပြီးအရေးကြီးမှာလဲ…”
သူစကားမှားပြောမိပြီမှန်း သတိထားမိသွားသဖြင့် ချက်ချင်းပဲရပ်လိုက်ကာ
“ကိုယ်ပြောချင်တာက ကိုယ်တို့ကအဖွဲ့သားတွေလေ ဆိုတော့ မင်းကို ဂရုစိုက်ပေးဖို့ကလည်း ကိုယ့်တာဝန်ပဲလေ”
သူသာ တကယ်ပဲ အဖွဲ့ဝင်တွေအပေါ် တာဝန်ရှိသလိုခံစားရရင် ကျိုးထင်းဟန်ကိုကြ ဘာလို့ ခွဲခြားပြီးနောက်ပုံစံတစ်မျိုးနဲ့ ဆက်ဆံရတာလဲ။
ထန်ယွီအန်းက မေးခွန်းထုတ်နေဟန် အသံပေါက်ကာ
“ကျိုးထင်းဟန်လည်းဒဏ်ရာရထားတယ်လေ။ ဘာလို့ သူ့ကို သွားပြီး ဂရုမစိုက်ပေးတာလဲ”
“နောက်နေတာလား သူက ဘယ်လိုလုပ်ပြီး မင်းနဲ့ယှဉ်နိုင်မှာလဲ”
ဝေ့လန်ရှင်းမှာ အိပ်ရာပေါ်လဲနေသည့် ကျိုးထင်းဟန်ကို ရေနွေးကြမ်းနှင့်ရေတို့အား ကမ်းပေးနေသည့် သူ့ကိုယ်သူ အဘိုလိုမြင်ယောင်ကြည့်လိုက်မိပြီး နောက်ကျောတစ်လျှောက် ကြက်သီးများပင် တဖြန်းဖြန်းထလာတော့သည်။
(T/N:ဝွန်းကိုကိုကလည်း လုပ်ပေးလိုက်ပါ)
ရေကမ်းပေးဖို့ နေနေသာသာ ခေါင်းပေါ်က လောင်းမချမိရင်တောင် ကံကောင်း…
ဝေ့လန်ရှင်းပြောလိုက်သည့် စကားလုံးများက ထန်ယွီအန်း၏ ကမ္ဘာကြီးကို ဇောက်ထိုးဖြစ်သွားစေသည်။
ဤကဲ့သို့စကားများအား မရေမတွက်နိုင်အောင် ကြားပြီးနောက်တွင်တော့ အစပိုင်း မသက်မသာဖြစ်မှုကနေ တဖြည်းဖြည်းလက်ခံလာနိုင်ပြီး တိကျသေချာမှုဆီအထိ တဖြည်းဖြည်းကူးပြောင်းလာနေပြီပင်။
အဖြည့်ခံလူသားများမှာ အဖြည့်ခံတွေသာ။ သူတို့ရဲ့တာဝန်က ဇာတ်လိုက်ကိုခစားရပြီး ဇာတ်လိုက်ကသာ ကမ္ဘာကြီးရဲ့ ထောက်တိုင်တစ်ချောင်းဖြစ်ကာ အဖြည့်ခံလူသားများ၏ အခန်းကဏ္ဍက ဇာတ်လိုက်များလိုအပ်လာလျှင် ချနင်းနိုင်ပြီး မလိုအပ်လျှင် စွန့်ပစ်နိုင်မည့် အသုံးဝင်သည့်အရာဝတ္ထုတစ်ခုသာ။
ဒါပေမယ့် အခုချိန်မှာတော့ ဝေ့လန်ရှင်းမှာ ဇာတ်လိုက်တစ်ယောက်က အဖြည့်ခံလူသားတစ်ယောက်လောက် အရေးမကြီးဟုလာပြောနေကာ သူတကယ်ကိုနားမလည်နိုင်တော့ချေ။
ဘာပဲဖြစ်ဖြစ် ဇာတ်လိုက်တွေက ရန်သူတွေကနေ အရင်းနှီးဆုံးသူငယ်ချင်းတွေ ဖြစ်သွားတတ်ကြတဲ့ ဇာတ်လမ်းမျိုးတွေ တွေ့ဖူးတော့ ဒါမျိုးကို တစ်ခါတစ်ရံဖြစ်တတ်သည့် အရာတစ်ခုဟုသာ မှတ်ယူလိုက်တော့သည်။
“သူ့ကို စောစောစီးစီး အဲ့လိုကြီး ကောက်ချက်မချလိုက်ပါနဲ့ သူ့အကြောင်းကို တဖြည်းဖြည်းသိလာတာနဲ့အမျှ သူက လူကောင်းတစ်ယောက်ဆိုတာသိလာမှာပါ”
ကျိုးထင်းဟန်အနေနဲ့ ဝတ်ရုံနက်လူကို ဖုံးကွယ်ပေးထားတာကို ကြည့်ခြင်းအားဖြင့် သူက လူတိုင်းထင်နေသကဲ့သို့ အေးစက်သည့်လူ မဟုတ်မှန်းသိသာသည်။
[ဇာတ်လိုက်နံပါတ် ၁ ဝေ့လန်ရှင်း၏ ဇာတ်လိုက်နံပါတ် ၂ ကျိုးထင်းဟန်အပေါ် သဘောကျမှုမှာ အနုတ် 10 ထပ်မံကျဆင်းသွားပါတယ်။ လက်ရှိသဘောကျမှု အနုတ် 60 ပါ။]
…ထားလိုက်ပါတော့ သူ့ကိုထပ်ပြီး သိမ်းသွင်းမနေတော့ဘူး။ သူတို့ ၂ ယောက်လုံးကို တစ်သက်လုံး ရန်သူဖြစ်မသွားစေချင်ပေ။
ထန်ယွီအန်း အခုသိလိုက်ရသည်မှာ သူတို့ ၂ ယောက်ကြားက ဆက်ဆံရေးပြေလည်စေရန် သူကြားဝင်လိုက်တိုင်း ဆက်ဆံရေးက ပိုဆိုးသွားသည်ဆိုတာပင်။ သူသာ သူတို့ ၂ ယောက်ကို ဒီတိုင်းလေး လွှတ်ထားလိုက်မယ်ဆိုရင် သူတို့ဘာသာ ဖြည်းဖြည်းချင်း ပြန်ပြေလည်သွားလိမ့်မည်သာ။
ဆိုတော့ ပြဿနာရှာနေမိတာက သူဖြစ်နေတာလား။
စကားအမှားတွေ ဆက်ပြောမိမှာဆိုးသဖြင့် ထန်ယွီအန်းမှာ ပင်ပန်းနေပြီဟုပြောကာ ဝေ့လန်ရှင်းကိုမောင်းထုတ်လိုက်တော့၏။ မသွားခင်တွင် ဝေ့လန်ရှင်းမှာ တစ်ခုခုလိုသည်နှင့် သူ့အားလှမ်းခေါ်ရန်နှင့် သူချက်ချင်းရောက်လာမည်ဖြစ်ကြောင်း အတန်တန်ပြောသွားသည်။
နောက်ဆုံး တစ်ယောက်တည်းကျန်ခဲ့တော့မှ နံရံဘေးတွင် အသီးခြင်းအနည်းငယ်နှင့် ချောကလက်ဘူး ၂ ဘူးရှိနေသည်အား သတိထားမိသွားတော့သည်။
သူခုနကမေးမို့မေ့သွားခဲ့တာပဲ ဘယ်သူကများ သူ့ကို ဒီလိုလက်ဆောင်အကောင်းစားတွေ ပေးသွားတာပါလိမ့်။
သူဖုန်းကိုထုတ်ကာ မက်ဆေ့တွေကိုစစ်ကြည့်လိုက်သည်။
အဖွဲ့အစည်းထဲကို ဝင်ရောက်ပြီးကတည်းက ဖုန်းအသစ်တစ်လုံးနှင့် ဖုန်းနံပါတ်အသစ်တစ်ခုရထားသော်လည်း အဟောင်းတစ်ခုကို လိုရမယ်ရ သူသိမ်းထားသေးသည်။
သူ ဖုန်းအဟောင်းကို ဖွင့်လိုက်ချိန်တွင် ဒီတိုင်းကြော်ငြာစာတွေကလွဲပြီး ဘာမှဝင်မနေပေ။
အထူးကုပညာရှင်ပြောသလိုသာဆို သူ့မှာမိသားစုရှိလောက်သည်။ မိဘတွေနဲ့ညီငယ်လေးတစ်ယောက်ဖြစ်မည်။ သို့သော် ထိုလူတွေက သူ့ကိုမဆက်သွယ်လာပေ။ သူနိုးလာသည်ကိုတောင် မသိတာမျိုးဖြစ်နိုင်၏။
ဒီတိုင်း အရေးမကြီးတဲ့ နောက်ခံဇာတ်ကြောင်းလေးပဲဖြစ်ပြီး အာရုံစိုက်စရာမလိုလောက်သည့်အရာမျိုးဖြစ်လောက်သည်။
ထန်ယွီအန်းက ဖုန်းအသစ်ကို စစ်ကြည့်လိုက်ချိန်တွင် ဖန်ကျင်းက သူ့အား မြန်မြန်နေပြန်ကောင်းလာစေရန် ဆုတောင်းပေးထားပြီး အသီးတွေကိုသဘောကျရဲ့လားဟု မေးထားကာ အနောက်တွင် အီမိုဂျီလေး သုံးခုပါလေသည်။
ဒါဆို အသီးတွေကသူ့ဆီကပေါ့။ ပုံမှန်လူကြီးတစ်ယောက်ရဲ့ အမူအရာပါပဲလေ။
ဆက်ဆွဲကြည့်ချိန်တွင်တော့ သူငယ်ချင်းအဖြစ် ခွင့်တောင်းစာတစ်ခုကိုတွေ့လိုက်ရသည်။
“ငါကကျိုးထင်းဟန်” ဆိုသည့်နာမည်နှင့် အထီးကျန်သည့် profile ဓာတ်ပုံတို့က သူ၏ အမူအရာကင်းမဲ့သော မျက်နှာအား ချက်ချင်းပင်မြင်ယောင်လာစေသည်။
ထန်ယွီအန်းလည်း သူ့ကိုလက်ခံလိုက်ပြီး မေးချင်တာမေးမည်လုပ်ချိန်တွင် ခေတ်မီသောဖုန်းနှင့် မရင်းနှီးသဖြင့် selfie တစ်ပုံကိုသာ ပို့မိသွားတော့သည်။
သူပြန်ဖျက်တော့မည့်အချိန်မှာပင် စာတစ်စောင်ကရောက်လာခဲ့သည်။
ကျိုးထင်းဟန် “မာလိုက်တာ”
ထန်ယွီအန်း “...”
ကျိုးထင်းဟန်က စာကိုပြန်ဖျက်သွားသည်။
ကျိုးထင်းဟန် “နိုးပြီလား”
ထန်ယွီအန်းက နောက်ထပ်စာတစ်စောင် ရောက်မလာခင်“စာရိုက်နေသည်…” ဆိုသော ညွှန်ပြချက်လေးကို တစ်မိနစ်မျှထိုင်ကြည့်လိုက်ရသည်။
“တောင်းပန်ပါတယ် ငါ့ရဲ့အချက်အလက် ဖြည့်သွင်းတဲ့နေရာက စက်ချို့ယွင်းမှုဖြစ်နေလို့”