Chapter 4
Viewers 122



Chapter 4

 

ညအခါ မြို့ပြလမ်းမများက တကယ်ပင် စည်ကားနေ၏။ တလက်လက်တောက်ပနေသော သက်တံ့ရောင် မီးရောင်စုံတို့သည် မြို့၏သွေးကြောများနှယ် ဖြည်းညှင်းစွာ စီးဆင်းနေ၏။

 

နာရီဝက်ခန့်အကြာတွင် ရှချန်းချန်းသည် ရှဟွာအိမ်ခြံမြေ၏ အသစ်ဖွင့်လှစ်ထားသော ကြီးမားသည့် ကွန်ဒိုအဆောက်အအုံကြီးအနီး လမ်းဘေး၌ ကားရပ်လိုက်၏။

 

ဘယ်ဘက်တွင် တစ်စတုရန်းမီတာကို ယွမ်နှစ်သိန်းကျော်တန်သည့် ထိပ်တန်း ကွန်ဒိုကြီးများ တည်ရှိနေသည်။ တစ်ခန်းလျှင် ယွမ်သန်းငါးရာခန့်ပင် တန်ကြေးရှိသည်ဟု ဆို၏။

 

ညာဘက်တွင်မူ တစ်နှစ်စာ ငှားရမ်းခ ယွမ်ငါးသန်း တန်ဖိုးရှိသော အဆင့်မြင့် စီးပွားရေး စျေးဝယ်စင်တာကြီး တည်ရှိနေသည်။ ထိုနေရာ၌ ကမ္ဘာ့ထိပ်တန်း ဇိမ်ခံအမှတ်တံဆိပ်များသာ နေရာယူထားကြ၏။

 

ဤသည်မှာ အိမ်ခြံမြေလုပ်ငန်းက အနှစ်သက်ဆုံး လုပ်ငန်းပုံစံပင်ဖြစ်သည်။ အစိုးရထံမှ ဆောက်လုပ်ခွင့်ရရန်အတွက် ၎င်းတို့သည် အစိုးရအတွက် အခမဲ့ စူပါစျေးဝယ်စင်တာများ ဆောက်လုပ်ပေးကြ၏။ ထိုမှတစ်ဆင့် စျေးဝယ်စင်တာဘေးရှိ မြေကွက်များကို ရယူကာ နေအိမ်များ ဆောက်လုပ်ကြသည်။

 

ဇိမ်ခံအိမ်ရာများနှင့် ထိပ်တန်းစျေးဝယ်စင်တာများ ပေါင်းစပ်လိုက်ခြင်းသည် ထိုဧရိယာအတွင်းရှိ အိမ်ရာစျေးနှုန်းနှင့် အငှားစျေးနှုန်းများကို ချက်ချင်း မြင့်တက်စေခဲ့သည်။

 

ထိုဇိမ်ခံမြေကွက်နှစ်ခုစလုံးသည် ရှဟွာအိမ်ခြံမြေ ကုမ္ပဏီပိုင်ဆိုင်သည်ဟု သိရသည်။

 

သုံးရက်အကြာတွင်တော့ သူဌေးကတော်တစ်ဦးသည် ဘယ်ဘက်ရှိ ကွန်ဒိုကြီးထဲတွင် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားလေ၏။

 

ယခုအခါ ညာဘက်ရှိ အဆင့်မြင့် စီးပွားရေးစျေးဝယ်စင်တာ၏ အကြီးဆုံး ကြော်ငြာဘုတ်ကြီးပေါ်တွင် ကျိကျင်းဟန်၏ လက်ဝတ်ရတနာ ကြော်ငြာပိုစတာကြီးက ဆိုင်းငံ့လျက်ပင်။

 

ထိုပိုစတာကို လေးရက်အလိုကမှ ချိတ်ဆွဲထားခြင်း ဖြစ်၏။

 

"စနစ်၊ ဟုန်ထောင်မှာ အိမ်ခြံမြေတွေ အများကြီးရှိတယ်ဆို၊ ဘာလို့ သူဌေးကတော်က ကျိကျင်းဟန် ကြော်ငြာရှိတဲ့ နေရာကိုပဲ ရွေးပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာလဲ?"

 

ရှချန်းချန်း၏ အသံသည် တိုးလျလျနှင့် သေးငယ်သော ကားခန်းထဲတွင် ပဲ့တင်ထပ်သွား၏။

 

စနစ်သည် တိတ်ဆိတ်နေပြီး မည်သည့်အဖြေမှ မပေးပေ။

 

သို့သော် သူသည် အဖြေကို သိနှင့်ပြီးဖြစ်၏။

 

ကျန်းချန်တစ်ဝက်ကို ဖြတ်ကျော်ကာ နောက်ဆုံးတွင် မြို့တောင်ဘက်ရှိ ရှအိမ်တော်သို့ ပြန်ရောက်လာ၏။

 

ယခု ညကိုးနာရီ ရှိနေပြီး ရှချန်းချန်း၏ အသက်သည် သုံးနာရီသာ ကျန်တော့သည်ဟု ဆို၏။

 

ရှအိမ်တော်အတွင်း၌ မီးရောင်များ ထိန်လင်းနေလေသည်။

 

ရှချန်းချန်း ခန်းမထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ရှယုံဒယ်ကို ဆိုဖာပေါ်တွင် ထိုင်လျက် တွေ့လိုက်ရသည်။ သူ့မျက်နှာသည် တင်းမာနေပြီး စိတ်မချမ်းသာပုံ ရ၏။

 

ယဲ့ချူဖန်းသည် သူ့ဘေးတွင် ယဉ်ကျေးစွာ ထိုင်နေ၏။ သူမသည် လက်ဝတ်ရတနာများ ဆင်မြန်းထားပြီး အရေပြားကိုလည်း အလွန်ကောင်းမွန်စွာ ထိန်းသိမ်းထားသည်ဟု ဆို၏။ သူမဘေးတွင်မူ နာမည်ကြီး မော်ဒယ်၊ စာရေးဆရာမနှင့် ဖျော်ဖြေရေးနယ်ပယ်မှ ထိပ်တန်းကြယ်ပွင့်လေး ယဲ့ရှီဝမ်က ရှိနေသည်။

 

တစ်မိသားစုလုံးသည် စည်းစိမ်ဥစ္စာ ပြည့်စုံသူများပင်။

 

ရှယုံဒယ်သည် ရှချန်းချန်းကို မြင်သောအခါ မျက်ခုံးတွန့်ကာ အေးစက်စက် ကြည့်၏။ သူ့စကားသံသည် ကြမ်းတမ်းပြီး လက်ထဲရှိ လက်ဖက်ရည်ခွက်ကို ရှချန်းချန်းဘက်သို့ ပစ်ပေါက်လိုက်သည်။

 

"နင် ဘာတွေ လုပ်ခဲ့လဲ ကြည့်ပါဦး! ငါ နင့် credit card ကို ဖြတ်ပစ်လိုက်ပြီ အဲ့ဒါနင်ကို ပြန်စဉ်းစားစေချင်လို့လေ နင် ဘာလို့ ပိုပိုပြီး ဆိုးသွမ်းလာရတာလဲ?"

 

ရှချန်းချန်သည် ခေါင်းကို အသာအယာ စောင်းလိုက်ရာ လက်ဖက်ရည်ခွက်သည် သူမ၏ နားထင်ကို တိုက်မိလုနီးပါး ဖြတ်သွား၏။ မြေပြင်ပေါ်သို့ ကျရောက်ကာ အပိုင်းပိုင်း ကြေမွသွားလေသည်။

 

"ရှချန်းချန်း၊ နင် ငါ့ကို မုန်းတာ ငါ သိပါတယ်"

ယဲ့ရှီဝမ်သည် ရှချန်းချန်းကို ကြောက်ရွံ့စွာ ကြည့်ရင်း "ဒါပေမဲ့ နင် ငါ့ကို မုန်းတဲ့အတွက် ငါ့သူငယ်ချင်းကို ဒုက္ခပေးလို့တော့ မရဘူးနော်"

 

ဘေးနားမှ ယဲ့ချူဖန်းကလည်း "ရှချန်းချန်း၊ နင်လည်း ကလေးမဟုတ်တော့ဘူး ဒီလောက် မိုက်မဲမနေနဲ့တော့! ရှီဝမ်က နင့်အတွက် အနုပညယနယ်ပယ်က ကိစ္စတွေကို ရှင်းပေးရတာ စိတ်ပင်ပန်းရတယ်နော်"

 

ရှချန်းချန်းန်သည် ဧည့်ခန်းထဲမှ သုံးယောက်ကို ပြဇာတ်တစ်ခု ကြည့်နေသကဲ့သို့ စိုက်ကြည့်နေ၏။

 

ရှယုံဒယ်သည် ရှချန်းချန်း၏ အကြည့်ကြောင့် တစ်ကိုယ်လုံး မအီမသာ ဖြစ်လာပြီး ရှချန်းချန်း၏ နှာခေါင်းကို လက်ညှိုးထိုးကာ "နင် ချက်ချင်း တောင်းပန်လိုက်စမ်း! ရှီဝမ်နဲ့ ရှီဝမ်ရဲ့ သူငယ်ချင်းကို တောင်းပန်! မဟုတ်ရင် ဒီအိမ်ကို ပြန်မလာနဲ့တော့"

 

ရှချန်းချန်းသည် "အင်းဟင်း" ဟု တစ်ချက်ရယ်သည်။ သူမ၏ ရယ်သံက နားထောင်လို့ကောင်းလှသည်။ သူမသည် သူမနောက်က ခုံနိမ့်လေးပေါ် မှီလိုက်ပြီး ပခုံးပေါ်ရှိ လှိုင်းတွန့်ဆံပင်များကို အသာအယာ ပြင်လိုက်၏။ သူမသည် သူမရှေ့က သုံးယောက်ကို လှည့်ပင် မကြည့်ပေ။

 

"စကားပုံတစ်ခု ရှိတယ်မလား? 'ယွမ်ငှက်က ကျီးကန်းရဲ့ အသိုက်ကို ဝင်ပြီး အသိုက်ပိုင်ရှင်လို့ ထင်' ဆိုတာလေ? ရှယုံဒယ်၊ ရှင် မမေ့သေးဘူး မလား? ဒီနေရာက မယားကြီးရဲ့ အိမ်လေ? ရှင်က ဘာမှမဟုတ်တဲ့ ယောက်ဖတစ်ယောက်သာသာပဲ ကိုယ့်ကိုယ်ကိုယ် အိမ်ပိုင်ရှင်လို့ ထင်နေတာလား? ယဲ့ချူဖန်းနဲ့ ယဲ့ရှီဝမ်ဆိုတာ နင်တို့နှစ်ယောက်က အပြင်လူတွေပဲ အိမ်ငှားပေးထားတာကိုပဲ ကျေးဇူးတင်သင့်နေပြီ ဒီမှာ ဘာတွေ လာပြီး အသံကောင်းဟစ်နေတာလဲ!"

 

"ရှချန်းချန်း! နင်  ပိုပိုဆိုးလာပြီနော်!"

 

ရှယုံဒယ်သည် ဒေါသကြောင့် သွေးဆူလာပြီး ရုတ်တရက် ထရပ်လိုက်ကာ လက်ကို မြှောက်ကာ ရှချန်းချန်းကို ပါးရိုက်လိုက်၏!

 

စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ရှချန်းချန်းသည် ဘေးမှ ယဲ့ရှီဝမ်ကို မြန်မြန်ဆွဲယူကာ ကာလိုက်၏။ ရှယုံဒယ်၏ ပါးရိုက်သံသည် ယဲ့ရှီဝမ်၏ မျက်နှာပေါ်သို့ တည့်တည့်ကျရောက်သွားလေသည်။

 

"ဖြန်း—!"

 

ပြတ်သားသော ပါးရိုက်သံသည် အိမ်ကြီးတစ်လုံးလုံးတွင် ပဲ့တင်ထပ်သွား၏။

 

ရှယုံဒယ်နှင့် အခြားသူများလည်း တစ်ခဏအတွင်း အံ့အားသင့်သွားကြသည်။

 

ယဲ့ရှီဝမ်၏ ဘယ်ဘက်ပါးသည် နီရဲနေပြီး ပါးစပ်ထောင့်မှ သွေးနီရဲများ စီးကျလာ၏။

သူမသည် အလွန်ပင် စိတ်ထိခိုက်သွားပြီး မျက်နှာကို ဖုံးကာ ငိုကြွေးလေသည်။

 

"ဝမ်ဝမ်...အဖေ တမင်လုပ်တာ မဟုတ်ပါဘူး..." ရှယုံဒယ်နှင့် ယဲ့ချူဖန်းတို့သည် ယဲ့ရှီဝမ်ကို ပြာပြာသလဲ နှစ်သိမ့်ကြသည်။ သို့သော် နှစ်သိမ့်၍ မရတော့ကြောင်း တွေ့ရှိရသောအခါ ရှယုံဒယ်သည် ဒေါသကို ရှချန်းချန်းထံသို့ ပြန်လှည့်ကာ "ရှချန်းချန်း! နင် ဘာတွေလုပ်ခဲ့လဲ ပြန်ကြည့်စမ်း!"

 

ရှချန်းချန်းသည် ရှယုံဒယ်၏ သွားကြိတ်သံကိုပင် ကြားနိုင်လုနီးပါးပင်။

 

သို့သော် သူမသည် မစိုးရိမ်မပူပန်ဘဲ ခေါင်းကို မော့ကာ ရှယုံဒယ်ကို တည့်တည့်ကြည့်နေ၏။

 

"ရှယုံဒယ်၊ ရှင် မှတ်ထားလိုက်! ငါ ရှချန်းချန်းတစ်ယောက်တည်းကသာ ရှမိသားစုရဲ့ တစ်ဦးတည်းသော အမွေဆက်ဆံသူပဲ နင်တို့က ဘယ်မျက်နှာနဲ့ ဒီလိုလုပ်ဖို့ သတ္တိတွေရှိနေတာလဲ?”

 

ပြောပြီးသည်နှင့် ရှချန်းချန်းသည် ခေါင်းပင်မလှည့်ဘဲ ဒုတိယထပ်သို့ တည့်တည့်လှည့်ထွက်သွား၏။

 

ရှယုံဒယ်သည် ဒေါသအမျက်ခြစ်ခြစ်တောက်ကာ ရှယုံဒယ်ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ချင်နေ၏။ သို့သော် သူ့သမီးကြီး၏ မျက်နှာသည် ပိုအရေးကြီးကြောင်း သိထား၍ ရှချန်းချန်းကို စာရင်းရှင်းရန်ပင် မအားလပ်တော့ဘဲ ယဲ့ရှီဝမ်အတွက် ဆေးဝါးရှာရန် အလျင်အမြန် ပြေးသွားလေသည်။

 

ရှချန်းချန်းသည် စနစ်၏ ညွှန်ကြားချက်အောက်တွင် မူရင်းဇာတ်လိုက်၏ အခန်းသို့ ပြန်လာ၏။

 

"Host! မိုက်လိုက်တာ!"

 

တံခါးပိတ်ပြီးသည်နှင့် တစ်ပြိုင်နက် စနစ်သည် ပေါ်ထွက်လာပြီး ရှချန်းချန်းကို စိတ်ထဲမှ ချီးကျူးလိုက်၏။ "ခုနက လုပ်လိုက်တဲ့ လုပ်ရပ်က အရမ်းမိုက်တာပဲ! ရှယုံဒယ်လို အမှိုက်တွေကို အဲ့လိုမျက်လုံးနဲ့ မကြည့်သင့်ဘူး!"

 

ရှချန်းချန်းသည် သက်ပြင်းချလိုက်၏။ "မူရင်း ဇာတ်လိုက်က အပြင်မှာ ဘယ်သူ့ကိုမှ မကြောက်ပေမဲ့ ရှယုံဒယ်ကိုတော့ အမြဲတမ်း ကြောက်ရွံ့နာခံခဲ့တာ။ ဘာလို့ဆို ရှယုံဒယ်က သူ့အဖေမို့လို့လေ"

 

ရှချန်းချန်းသည် ရင်ဘတ်ပေါ်ရှိ နှလုံးသားနေရာကို အသာအယာ ပွတ်သပ်လိုက်၏။

 

စိတ်မကောင်းစရာပဲ၊ မူရင်းဇာတ်လိုက်က သေဆုံးသွားခဲ့ပြီ။

 

ရှချန်းချန်းသည် မူရင်းဇာတ်လိုက် မဟုတ်ပေ။ သူမသည် မူရင်းဇာတ်လိုက်ကဲ့သို့ ရှယုံဒယ်ကို သနားကြင်နာစွာ ဆက်ဆံနိုင်မည် မဟုတ်ပေ။

 

သူမအတွက်၊ ဒီလိုမျိုး အိမ်ထောင်ရေး ဖောက်ပြန်ပြီး ကိုယ်ပိုင်သမီးမွေးကာ ဇနီးသေဆုံးသွားသောအခါ တခြားအမျိုးသမီးနှင့် သမီးကို အိမ်ခေါ်လာသော အမှိုက်လိုလူကို ထာဝရ ကဲ့ရဲ့ရှုတ်ချရမည်ပင်!

 

ရွံစရာကောင်းသော အမှိုက်‌ကောင်ပင်!

 

"အရေးကြီးတဲ့ ကိစ္စတွေ လုပ်သင့်ပြီ"

 

ရှချန်းချန်း၏ မျက်လုံးများက ချက်ချင်း တောက်ပလာ၏။

 

သူမသည် စားပွဲပေါ်ရှိ laptop ကို ဖွင့်လိုက်ပြီး ခါးကို ကော့လိုက်၏။

 

"ရာသီဥတုက အေးလာပြီ၊ အနုပညာလောက က တစ်ယောက်ယောက်တော့ နေရာပြောင်းရတော့မယ် ထင်တယ်နော်~"

 

တစ်ဖက်တွင်မူ ယဲ့ရှီဝမ်သည်လည်း သူမ၏ အခန်းသို့ ပြန်ရောက်လာ၏။

 

သူမ၏ မျက်နှာပေါ်တွင် ပိတ်စပါးလွှာ ပါးပါးတစ်ထပ် ဖုံးအုပ်ထားပြီး မျက်လုံးများက မျက်ရည်များဖြင့် ပြည့်နေ၏။

 

သူမသည် ရှယုံဒယ်က သူမအတွက် တရားမျှတမှုကို ရှာပေးစေချင်ပြီး ရှချန်းချန်းကို ပါးတစ်ချက် ရိုက်ပစ်ချင်ခဲ့၏။

 

သို့သော် ရှယုံဒယ်သည် ထိုသို့ မလုပ်ခဲ့ပေ။

 

ရှချန်းချန်း ပြောသည့်အတိုင်းပင်၊ ကောင်းကောင်းပြောရလျှင် ရှမိသားစု၏ မွေးစားသားဖြစ်ပြီး ဆိုးဆိုးပြောရလျှင် ရှမိသားစု၏ ယောက်ဖသာ ဖြစ်၏။

 

ရှမိသားစု၏ အရာအားလုံးသည် နောက်ဆုံးတွင် ရှချန်းချန်း အပိုင်ပင်။

 

ရှယုံဒယ်သည် သူ့ဖခင်၏ အထူးအခွင့်အရေးကို အသုံးပြုကာ ရှချန်းချန်း၏ credit card ကို ဖြတ်ပစ်ခဲ့သော်လည်း ရှချန်းချန်းက သူ့ဦးလေး၊ အဒေါ်များနှင့် ဦးကြီးများထံ သွားရောက် တိုင်တန်းခဲ့လျှင် ရှယုံဒယ်သည် အကျိုးခံစားရမည် မဟုတ်ဘဲ နစ်နာရမည်ပင်။

 

ထို့အပြင် ရှချန်းချန်းသည် ယခု အသက်နှစ်ဆယ့်သုံးနှစ် ရှိပြီဖြစ်သည်။ သူမ အသက်နှစ်ဆယ့်ငါးနှစ် ရောက်သောအခါ ရှယုံဒယ် ပိုင်ဆိုင်ထားသော ရှမိသားစု ရှယ်ယာအားလုံးကို ရှချန်းချန်းထံ ပြန်ပေးရမည်ပင်။

 

ထိုအခါ ရှချန်းချန်းသည် ရှမိသားစု၏ အမွေခံစစ် ဖြစ်လာပေလိမ့်မည်!

 

ယဲ့ရှီဝမ်သည် လက်များကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရာ လက်သည်းများက အရေပြားထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးစိုက်ဝင်သွား၏။

 

သူမသည် ဤကိစ္စကို ဖြစ်ပျက်ခွင့် မပြုနိုင်ပေ။ ရှမိသားစု၏ အရာအားလုံးသည် သူမ၏ ပိုင်ဆိုင်မှု ဖြစ်ရမည်ပင်!

 

ယဲ့ရှီဝမ်သည် ကွန်ပျူတာကို ဖွင့်လိုက်ရာ အင်တာနက်တစ်ခွင်လုံးတွင် ရှချန်းချန်းက ကျိကျင်းဟန်ကို ပါးရိုက်ခဲ့သည့် သတင်းများဖြင့် ပြည့်နှက်နေ၏။

 

သူမသည် တိုးတိုးလေး ညည်းတွားလိုက်၏။ ရှချန်းချန်းသည် ရှမိသားစု၏ ပိုင်ဆိုင်မှုများကို ဆက်ခံနိုင်လျှင်လည်း ဘာထူးမှာလဲ?

 

သူမသည် ဘာမှ မတတ်နိုင်သော ချမ်းသာသည့် ဒုတိယမျိုးဆက်တစ်ယောက်သာ ဖြစ်၏။ ယခု အင်တာနက်တစ်ခွင်လုံးတွင် သူမကို ရှုတ်ချနေကြသဖြင့် သူမသည် အနုပညာလောကက ဘယ်တော့မှ ရှေ့ဆက်နိုင်တော့မည် မဟုတ်ပေ!

 

ည ဆယ်နာရီတွင် ရုပ်ရှင် "ရှန်းကျွယ်" ၏ အဓိက သရုပ်ဆောင်များစာရင်းကို ကြေညာလိုက်၏။

 

ယဲ့ရှီဝမ်သည် ထိပ်တန်း ကြယ်ပွင့်လေးတစ်ဦး ဖြစ်သောကြောင့် တွဲဖက်ဒါရိုက်တာ ချန်းမင်ကျဲ၏ အကြိုက်ကို ခံရကာ "ရှန်းကျွယ်" ၏ အမျိုးသမီးဇာတ်ဆောင်နေရာကို အောင်မြင်စွာ ရရှိခဲ့၏။

 

သို့သော် ယနေ့ဖြစ်ခဲ့သော ဒဏ်ရာများနှင့် သွေးထွက်သံယိုမှုများ နောက်ပိုင်း "ရှန်းကျွယ်" က ရှချန်းချန်းကို အမျိုးသမီးဒုတိယဇာတ်ဆောင်အဖြစ် ရွေးချယ်ခဲ့သည်ကို သူမ ထင်မထားခဲ့ပေ!

 

"ရှန်းကျွယ်" မှာ ဘာဖြစ်နေတာလဲ? နာမည်ဂုဏ်သတင်းကို ဂရုမစိုက်တော့ဘူးလား? ဒီလိုဆို ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပရိသတ်တွေကို ဘယ်လို ရှင်းပြမှာလဲ?

 

{“ရှန်းကျွယ်" ရုပ်ရှင် ထုတ်လုပ်သူတွေ ရူးနေတာလား? ဘာလို့ ရှချန်းချန်းကို ဒုတိယ အမျိုးသမီးဇာတ်ဆောင်အဖြစ် ရွေးတာလဲ?}

 

{ကျွန်တော် တကယ် ကျိကျင်းဟန်ကို သနားတယ်! သူမ ဒုတိယဇာတ်ဆောင် မဟုတ်ရုံမက ရှချန်းချန်း ပါးရိုက်တာကိုပါ ခံခဲ့ရတာ!}

 

{ရှချန်းချန်းလို ခွေးမ အနုပညာနယ်ပယ်က ထွက်သွားသင့်ပြီလေ?}

 

{ရှချန်းချန်းနဲ့ "ဖေးရှန်း" မှာ လာဘ်လေးလာဘ်ယူတွေ ရှိနေတာလား? မဟုတ်ရင် ဘာလို့ သူကို ရွေးတာလဲ? သူနဲ့ ရှန်းယွီ ဝူဟွမ်းရဲ့  ကာရိုက်တာက ဘာလိုမှကို မတူတာ!}

 

ယဲ့ရှီဝမ်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီး စျေးကွက်ရှာဖွေရေး ဘလော့ပို့စ်တစ်ခုကို တိတ်တဆိတ် like လုပ်လိုက်၏။ {ကောင်းမွန်တဲ့ သရုပ်ဆောင်တစ်ယောက်က ဘာလို့ ပိုပြီး ထင်ပေါ်ကျော်ကြားမှု မရရတာလဲ?}

 

ပရိသတ်များက ချက်ချင်း တုံ့ပြန်လာပြီး ယဲ့ရှီဝမ်ကို လာရောက် မေးမြန်းကြ၏။

 

{ငါတို့ရဲ့ ဝမ်ဝမ်လေး ဘာဖြစ်လို့လဲ?}

 

{ညီမလေး၊ နင် hot search မကြည့်ဘူးလား? ရှချန်းချန်းက လူတွေကို ရိုက်တဲ့ hot search က တစ်နေကုန် တက်နေပြီ! အခုဆို "ရှန်းကျွယ်" ရုပ်ရှင်အဖွဲ့က လျှို့ဝှက် လုပ်ဆောင်နေတဲ့ အကြောင်းအရာတွေလည်း တက်လာတော့မယ် ထင်တယ်!}

 

{ဝမ်ဝမ်က ရှချန်းချန်းက ကျိကျင်းဟန် နေရာမှာ ဒုတိယဇာတ်ဆောင်နေရာ ဝင်ယူသွားတာကို လုံးဝလက်မခံနိုင်ဘူး ဖြစ်နေတာ။ တကယ်တော့ ကျိကျင်းဟန်ရဲ့ သရုပ်ဆောင်ချက်က ပိုကောင်းတာကို! ရှချန်းချန်းက ဘာလို့ အဲ့လိုလုပ်ရတာလဲ? ပိုက်ဆံနည်းနည်းလေးကြောင့် မဟုတ်ဘူးလား!}

 

{ဝမ်ဝမ်ပဲ ကောင်းတယ်! သူငယ်ချင်းအတွက် မတရားမှုကို ရင်ဆိုင်ဖြေရှင်းပေးတယ်!}

 

{ငါတို့ ဝမ်ဝမ်လေးက စိတ်ထားကောင်းလိုက်တာ၊ ချစ်လိုက်တာနော်~ ချစ်လိုက်တာ~"

 

ယဲ့ရှီဝမ်၏ တွန်းအားပေးမှုအောက်တွင် ရှချန်းချန်းနှင့် ပတ်သက်သည့် မကောင်းသတင်းများစွာသည် hot search များပေါ်သို့ ရောက်ရှိလာ၏။

 

#ရှချန်းချန်းက မာနကြီးတယ်#

 

#ရှချန်းချန်းက ကျိကျင်းဟန်ကို ပါးရိုက်တယ်#

 

#ရှချန်းချန်း "ရှန်းကျွယ်" ရဲ့ နောက်ကွယ်က ကိစ္စများ#

 

#ရှချန်းချန်း အနုပညာလောက က ထွက်သွားပါ#

 

ယဲ့ရှီဝမ်သည် ထို hot search များကို ကြည့်ရင်း သူမ၏ စိတ်ထဲတွင် ကျေနပ်နေ၏။

 

အင်တာနက်ပေါ်က စပ်စုသူများသည် ရှချန်းချန်းက ချမ်းသာတဲ့မိသားစုကို နောက်ခံပြုထားတယ်လို့ ထင်ခဲ့ကြသည်။

ဒါပေမဲ့ သူတို့ မသိတာက ရှယုံဒယ်က ရှချန်းချန်း အနုပညာလောက ဝင်တာကို အပြင်းအထန် ကန့်ကွက်ခဲ့တာမို့ သူမကို ကူညီပြီး နာမည်ပြန်ဖော်ပေးမှာ မဟုတ်ဘူးဆိုတာပဲ။

 

ဒီမကောင်းသတင်းတွေဟာ ရှချန်းချန်းနဲ့  ထာဝရ လက်တွဲနေရတော့မည်ပင်!