အပိုင်း (၁၀၅)
Viewers 31k

Part 105 


ကံကောင်းသည်မှာ စုန့်ထင်ရှန်းက လူကြီးလူကောင်းတစ်ယောက်ဖြစ်၍ သူမကို တကယ်မနမ်းပဲ ဝမ်လေးကိုအရူးလုပ်ရန် အဆင်ပြေသည့်ထောင့်ကို ရွေးချယ်လိုက်ခြင်းသာဖြစ်သည်။


အင်း ... ပြောရမယ်ဆိုရင် သူအဲ့လိုလုပ်လိုက်လို့ သူမ တစ်စက္ကန့်လောက်စိတ်ပျက်ပြီး နောင်တရသွားမိတယ် ...


သို့သော် ယခုတွေးကြည့်လိုက်သည့်အခါမှသာ သူမအလွန်ကံကောင်းကြောင်း ခံစားမိသွားသည်။ သူက တည်ကြည်စွာနေခဲ့သဖြင့် သူမ သက်သာရာရသွားခဲ့သည်။ သို့မဟုတ်ပါက သူတို့နှစ်ယောက်လုံးက လက်ထပ်ထားပြီးသည့် အရွယ်ရောက်ပြီးသူနှစ်ယောက်ဖြစ်သဖြင့် သူတို့ကြားတွင် တစ်စုံတစ်ခုဖြစ်ရန် မြန်ဆန်းလွန်းလှသည်။


ထိုသို့ဖြစ်ခဲ့ပါက ခဏအကြာတွင် မီးသင်္ဂြိုဟ်စက်ထဲသို့ပင် တန်းရောက်သွားနိုင်သည်။

( T/N - ရင်ခုန်လွန်းလို့ သေသွားနိုင်တယ်ဆိုပြီး ချဲ့ကားပြောချင်တာပါ ヾ( ͝° ͜ʖ͡°)ノ♪ )


ထိုအကြောင်းကိုတွေးမိရုံဖြင့် သူမခေါင်းကိုက်လာသည်။


သူတို့နှစ်ယောက်လုံး အနာဂတ်တွင် အဆင်ပြေပြေနေရန် တွေးထားမှ ရတော့မည်ဖြစ်သည်။ ထိုသို့မပြုလုပ်မီ စည်းဘောင်အပြင်သို့ ခြေလှမ်းမလှမ်းခြင်းက အကောင်းဆုံးဖြစ်လိမ့်မည်။



ယွမ်ရှက အိပ်ရာဝင်အနမ်းအကြောင်း တွေးနေချိန်၌ စုန့်ထင်ရှန်းက သူ့အခန်းကိုပြန်ရောက်လာပြီဖြစ်သည်။ သူသည်လည်း အပေါ်ယံတွင် မြင်နေရသကဲ့သို့ တည်ငြိမ်မနေပေ။ ကုတင်ပေါ်တွင်ထိုင်နေချိန်တွင် သူ့စိတ်ထဲ၌ သူမပုံရိပ်များဖြင့်သာပြည့်နေသည်။ အစောပိုင်းက သူမအနားသို့ ကပ်သွားစဉ်တွင် သူမခန္ဓာကိုယ်မှ ဖျော့တော့သော အမွှေးရနံ့တစ်မျိုးကို ရှုရှိုက်မိပြီး ဖြူဖွေးသောမျက်နှာပြင်တွင် နီရဲသွားသည်ကို တွေ့လိုက်ရသည်။ ထိုပုံကို မှတ်ဉာဏ်ထဲမှ ဖျောက်ပစ်ရန် မဖြစ်နိုင်ပေ။


အမျိုးအမည်မဖော်ပြနိုင်သော ခံစားချက်တစ်မျိုးခံစားလိုက်ရသဖြင့် သူ့ကိုယ်သူ ပဟေဠိဖြစ်နေမိသည်။


ယွမ်ရှကို လွန်ခဲ့သည့်လေးနှစ် ထိုညကပင် ထိုအကြည့်မျိုးဖြင့် မမြင်ဖူးခဲ့သဖြင့် စုန့်ထင်ရှန်းပဟေဠိဖြစ်နေရခြင်းပင်။


ယွမ်ရှ၏လှုပ်ရှားမှုများကို ထိုးဖောက်မြင်နိုင်ရန် ခက်ခဲလွန်းလှသည်ဟု ထင်မိလာသည်။ အစောပိုင်းက သူမဘာတွေးနေခဲ့သည်ကိုလည်း သူ မသိနိုင်ခဲ့ပေ။ ယခင်ကဆိုလျှင် ထိုကိစ္စများကို သူဂရုမစိုက်သည့်အပြင် စိုးရိမ်ပူပန်ခြင်းလည်း မရှိခဲ့ပေ။ ယခုအခါ သူမက ဝမ်လေးကို မိခင်တစ်ယောက်၏ မေတ္တာမပေးနေသူဖြစ်လာ၍ သူနှင့်လည်း ယခင်ကထက်ပို၍ အပြန်အလှန်တုံ့ပြန်မှုများရှိလာသည်။ သို့သော် စိတ်ထဲတွင် အဓိပ္ပါယ်မဖော်နိုင်သည့် အကြောင်းအရင်းအချို့ကြောင့် ယခုလက်ရှိယွမ်ရှနှင့် သူ လေးနှစ်တာသိခဲ့သည့်ယွမ်ရှကို ဆက်စပ်၍ မရနိုင်ပေ။ သို့ဖြစ်၍ သူမြို့တော်Aသို့ အလုပ်ကိစ္စဖြင့် ခရီးသွားစဉ်က သူမတွင်မည်သည့်ကိစ္စများဖြစ်ခဲ့သည်ကို သူသိချင်နေခြင်းဖြစ်သည်။


သို့ရာတွင် သူက သိချင်ရုံသာဖြစ်သည်။ သူမ ဘာမှမပြောလိုပါက သူလည်းသူမကိုမေးမည်မဟုတ်ပေ။ စုန့်ထင်ရှန်းက ယခုလက်ရှိသူတို့၏ သက်တောင့်သက်သာဖြစ်နေသော ဟန်ချက်ညီမှုကို မဖျက်ဆီးချင်ပေ။ အကယ်၍ သူမေးလိုက်မိသည့်အခါမှသာ ယခင်ယွမ်ရှအဖြစ်သို့ ပြန်ရောက်သွားမည်ကို သူစိတ်ပူနေမိသည်။



တစ်ဖက်အိပ်ခန်းထဲမှ ယွမ်ရှမှာ ညဆယ်နာရီခန့်တွင် အိပ်ရာမှထလာသည်။ သူမက မအိပ်မီ နွားနို့ပူပူတစ်ခွက်သောက်ရခြင်းကို အကျင့်ဖြစ်နေပြီဖြစ်သည်။ လှေကားနားသို့ ရောက်ခါနီးတွင် အောက်ဘက်မှ အလင်းရောင်များကို မြင်လိုက်ရသည်။


အိမ်အကူအန်တီက ယနေ့မရှိပေ။ ဤနေရာ၏ လုံခြုံရေးစနစ်ကလည်း အလွန်ကောင်းမွန်သောကြောင့် အောက်ထပ်တွင်ရှိနေသူက စုန့်ထင်ရှန်းသာ ဖြစ်လိမ့်မည်။


သူလည်း မအိပ်သေးဘူးလား ...


အကယ်၍ သူမ ရုတ်တရက်ထွက်သွားပါက သူ လန့်သွားမည်ကို ယွမ်ရှစိတ်ပူနေမိသည်။ ထို့ကြောင့် သူမတမင်တကာ ခြေသံကျယ်ကျယ်ဖြင့် လှေကားထစ်ကိုနင်းကာ အောက်ထပ်သို့ဆင်းသွားသည်။ အောက်ထပ်ကိုရောက်သည့်အခါ အလင်းရောင်က မီးဖိုချောင်ဘက်မှလာကြောင်း သိလိုက်ရသည်။ ထိုနေရာသို့သွား၍ အနီးကပ်ကြည့်လိုက်သည့်အခါ စုန့်ထင်ရှန်းက တစ်ခုခု လုပ်နေသည်ကို မြင်လိုက်ရသည်။


သူမ မရဲတရဲဖြင့် မေးလိုက်သည်။

" ရှင် ဘာလုပ်နေတာလဲ ..."


စုန့်ထင်ရှန်းက သူမခြေသံကိုအစောတည်းက ကြားသည်။ တစ်ဖက်ကိုလှည့်လိုက်သည့်အခါ သူ့လက်ထဲတွင် ဟင်းသီးဟင်းရွက်အပြုံလိုက်ကို ကိုင်ထားသဖြင့် သူ့ပုံစံက ကိုးရို့ကားယားဖြစ်နေသည်။ သူ့ကိုကြည့်ရသည်မှာ ရယ်စရာဖြစ်နေသည်။


သူ မဖြေသော်လည်း သူဘာလုပ်နေသည်ကိုယွမ်ရှ သိသွားသဖြင့် တအံ့တဩဖြင့် မေးလိုက်သည်။


" ဟင်းချက်မလို့လား ... ညစာစားတုန်းက ဗိုက်မဝဘူးလား ..."


ယနေ့ည ညစာကို သူအတော်လေးစားထားခဲ့သည်။ ညစာစားပြီးနောက် ကိတ်မုန့်လည်းစားခဲ့သေးသည်။ ထို့အပြင် အရေးကြီးဆုံးမှာ သူနှင့်ဝမ်လေးက သရက်သီးစမူသီတစ်ခွက်လုံး ထပ်သောက်ခဲ့သည်။


စုန့်ထင်ရှန်းက အစားကြီးတဲ့လူများလား ...


ဒါပေမဲ့ အဲ့လိုဆိုရင်တောင် သူကအောက်ထပ်ဆင်းလာပြီး ညဘက်အဆာပြေစားဖို့ချက်တာ တစ်ခါမှ မမြင်ဖူးပါဘူး ...


အိမ်အကူအဒေါ်ကြီးကလည်း သူမကို ထိုအကြောင်းတစ်ကြိမ်မှ မပြောခဲ့ဖူးပေ။


စုန့်ထင်ရှန်း ခဏတာတိတ်ဆိတ်နေပြီးနောက် ဖြေလိုက်သည်။


" ကိုယ့်မိသားစုက မွေးနေ့မှာ ကိတ်မုန့်စားတဲ့ဓလေ့မရှိဘူးလေ ... ကိုယ်တို့က အသက်ရှည်ခေါက်ဆွဲစားပြီး မွေးနေ့ကို ဆင်နွဲကြတာများတယ် ..."


ယခင် သူ့မိဘများရှိစဉ်က သူ့အမေက မွေးနေ့အတွက် ‌ မွှေးပျံ့သော အသက်ရှည်ခေါက်ဆွဲတစ်ပန်းကန် ချက်ပေးနေကြ ဖြစ်သည်။ သူ ခေါက်ဆွဲပန်းကန်ထဲမှ ခေါက်ဆွဲအားလုံးစားပြီးသွားသည်အထိ သူမကကြည့်နေလေ့ရှိသည်။