အပိုင်း ၂၉
Viewers 15k

Chapter 29


ထန်းကျူက ကုဆွေ့ဆွေ့ကို အိမ်အောက်ထပ်အထိလိုက်ပို့ပေးသည်။


"မေမေ.....ဒီနှစ်ရက်အတွင်းမှာ သမီးကိုလွမ်းနေရဲ့လား"။ ဖုန်းယောက်ချင်းကိုတွေ့ပြီးနောက် ကုဆွေ့ဆွေ့၏ မျက်နှာထက်တွင်အပြုံးတို့က အလွန်တောက်ပနေသည်။ ကားရပ်သည်နှင့် ကုဆွေ့ဆွေ့က သူ(မ)၏မိခင်ဆီသို့ ခြေတံတိုတိုလေးဖြင့် အပြေးသွားရှာသည်။


"ဆွေ့ဆွေ့.....သတိထားပြီးဖြေးဖြေးလျှောက်.....ချော်လဲမယ်နော်"။ 


"မေမေ့အချစ်တုံးလေးကို.....မေမေကလွမ်းတာပေါ့"။ သူ(မ)၏အဖိုးတန်သမီးလေးကို မလွမ်းပဲမနေနိုင်ပါ။ တစ်ချိန်လုံး သူ(မ)သမီးကိုသာ မျှော်နေခဲ့ရသည်။


ထန်းကျူထံမှဖုန်းဝင်လာသည်နှင့် သူ(မ)အိမ်အောက်ထပ်သို့ပြေးဆင်းသွားပြီးစောင့်နေခဲ့သည်။ သမီးလေးကိုတွေ့ချင်စိတ်ကပြင်းပြလွန်းနေသောကြောင့် အချိန်များကိုကျော်ပစ်ချင်ခဲ့သည်။


ဖုန်းယောက်ချင်းက ကိုယ်ကိုအနည်းငယ်ကိုင်းညွှတ်ပြီး ဆွေ့ဆွေ့ကိုပွေ့ဖက်ကာ အနည်းငယ်ပိန်ကျသွားသည့် မျက်နှာလေးကိုအနီးကပ်ကြည့်လိုက်သည်။


"ဆွေ့ဆွေ့လေး.....သမီးပျော်ခဲ့ရဲ့လား.....ခဲ့ကျင်းယန်ကရော သမီးကိုအနိုင်ကျင့်သေးလား"။


အမှန်အတိုင်းပြောရလျှင် ဖုန်းယောက်ချင်းနှစ်ရက်လုံးလုံး ပရိသတ်သန်းပေါင်းများစွာရှိပြီး ဒေါသကြီးသည့် ခဲ့ကျင်းယန်နှင့်ပတ်သတ်ပြီး စိတ်ပူခဲ့မိသည်။ အကြိုရုပ်ရှင်ရိုက်ကူးရေးနေ့ကလည်း သူ(မ)သမီးလေးကို ငိုအောင်လုပ်ခဲ့သည်မဟုတ်လား။


ထိုခဲ့ကျင်းယန်က ဆွေ့ဆွေ့အားနောက်ထပ်အနိုင်ကျင့်မည်ကို ဖုန်းယောက်ချင်းအမြဲတမ်းစိုးရိမ်နေခဲ့သည်။ ဆွေ့ဆွေ့ကငယ်သေးသည့်အပြင် ရိုက်ကူးရေးအဖွဲ့ထဲရှိ မည်သူနှင့်မှလည်း မရင်းနှီးပေ။ တစ်ခုခုဖြစ်သွားပါက ချော့မည့်သူလည်းရှိမည်မဟုတ်ပေ။ ထိုအကြောင်းစဥ်းစားရင်း ညတိုင်းသူ(မ)အိပ်မပျော်ခဲ့ချေ။


သို့သော် ဝေဘိုတွင်တင်ထားသည့်ပုံများတွင် ခဲ့ကျင်းယန်က အကြိုရုပ်ရှင်ရိုက်ကူးရေးနေ့က သူ(မ)တွေ့ခဲ့သည့်ပုံစံနှင့် အနည်းငယ်ကွာခြားနေသည်။ သူ့ပုံစံက နူးညံ့နေပုံရှိပြီး ဆွေ့ဆွေ့နှင့်အခြားကောင်လေးတစ်ယောက်၏လက်ကို ဂရုတစိုက်ကိုင်ထားသည်။ သူ(မ)အကြည့်မမှားဘူးဆိုလျှင် ဆွေ့ဆွေ့လေးလည်းပြုံးပျော်နေသယောင်ပင်။


"သမီးပျော်ပါတယ်....မေမေ....ပါပါးခဲ့က သမီးအပေါ်အရမ်းကောင်းတယ်....မနေ့ကလည်း ကန်စွန်းဥဖုတ်တွေဝယ်ကျွေးသေးတယ်....အိုးပြီးတော့....ချိုချဥ်တစ်ဘူးလုံးလည်း သမီးကိုပေးသေးတယ်.....သမီးတစ်ယောက်တည်းမစားဘူးနော်....မေမေ့ကိုလည်း ပေးမလို့သိမ်းထားတယ်"။ 


ဖုန်းယောက်ချင်းက စိတ်သက်သာရာရသွားသလို သက်ပြင်းချလိုက်ရင်းမေးလိုက်သည်။ "တစ်ခြားလူတွေရောဘယ်လိုလဲ.....တစ်ခြားကလေးတွေကရော.....သမီးကို ကောင်းကောင်းဆက်ဆံရဲ့လား"။


ဆွေ့ဆွေ့က စကားအလွန်ကြွယ်သည်။ တစ်ယောက်ယောက်ကနားထောင်နေသရွေ့ တစ်နာရီလုံးလုံး မရပ်မနားပဲစကားပြောနိုင်သော ကလေးဖြစ်သည်။


ဆွေ့ဆွေ့၏ရိုက်ကူးရေးအတွေ့အကြုံများကို နားထောင်နေရင်း ခဲ့ကျင်းယန်နှင့်သူ(မ)၏သမီးကို ရိုက်ကူးရေးအဖွဲ့က စုတ်ချာနေသောတဲအိမ်ထဲတွင် အိပ်ခိုင်းသည့်အကြောင်းကြားလိုက်ရသောအခါ သူ(မ)မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုသို့သောနေရာမျိုးနေခိုင်းသည်က အန္တရာယ်မများပေဘူးလား။


ထန်းကျူကိုဖုန်းဆက်ပြီး အကျိုးအကြောင်းမေးရန် ဖုန်းယောက်ချင်းတွေးလိုက်ချိန်တွင် ခဲ့ကျင်းယန်ကို သူ(မ)ရုတ်တရက်သတိရသွားသည်။ ရိုက်ကူးရေးအဖွဲ့က ဆွေ့ဆွေ့ကဲ့သို့သာမညကလေးမျိုးကို မကောင်းမကင်းဆက်ဆံသည်မှာဖြစ်နိုင်သော်လည်း ခဲ့ကျင်းယန်ကဲ့သို့ အကျော်အမော်မျိုးကိုမူ ဆိုးဆိုးရွားရွားဆက်ဆံသည်မှာမဖြစ်နိုင်ချေ။ ထိုသို့ဆက်ဆံပါက သူ့ပရိသတ်များက တစ်စစီလုပ်ပစ်ပေလိမ့်မည်။ ဤသို့တဲအိမ်တွင်အိပ်ခိုင်းခြင်းမှာလည်း အစီအစဥ်တစ်စိတ်တစ်ပိုင်းသာ ဖြစ်နိုင်သည်။


ထိုသို့တွေးလိုက်သောအခါမှ ဖုန်းယောက်ချင်းလည်း စိတ်ငြိမ်သွားရသည်။


ကုဆွေ့ဆွေ့က သူ(မ)အမေပြင်ပေးထားသည့်နွားနို့ကိုသောက်ရင်း ဆိုဖာပေါ်တွင်ထိုင်နေသည်။ သူ(မ)တစ်ခုခုကိုစဥ်းစားမိသွားပြီး ခေါင်းလေးစောင်းငဲ့ကာ မိခင်ဖြစ်သူအားမေးလိုက်သည်။ "မေမေ.....သမီးမှာ ဘာလို့ဖေဖေမရှိတာလဲဟင်....တုံတုံမှာဆို အဖေရှိတယ်လေ.....ပါပါးခဲ့က သမီးဖေဖေအရင်းမှမဟုတ်ပဲ"။


သစ်သီးနွှာနေသောဖုန်းယောက်ချင်းတစ်ယောက် တစ်ခဏမျှတုံ့ဆိုင်းသွားသည်။ "သမီး....ဖေဖေက...."။ 


သူ(မ)သမီးကို မည်သို့ရှင်းပြရမည်မှန်း ဖုန်းယောက်ချင်းမသိပေ။


ဤသို့သောနေ့မျိုးရောက်လာမည်မှန်း ဖုန်းယောက်ချင်းသိနေခဲ့သော်လည်း တကယ်တမ်းတွင် မည်သို့ပြောပြရမည်ကို သူ(မ)မသိချေ။ ငယ်သေးသောအချိန်တွင်မသိလျှင်တောင် ကျောင်းနေအရွယ်သို့ရောက်လာလျှင် မိစုံဖစုံနှင့်ကြီးပြင်းလာရသော ကလေးများနှင့်ကွဲပြားနေသည်ကို ဆွေ့ဆွေ့ကျိန်းသေပေါက်သိလာပေလိမ့်မည်။


 အမှန်တရားကိုသိသွားချိန်တွင် သူ(မ)သမီးလေးနာကျင်ခံစားရမည်စိုးသောကြောင့် သူ(မ)အာစေးမိနေခြင်းဖြစ်သည်။


ဖုန်းယောက်ချင်း၏မူမမှန်သည့် အမူအရာကိုမြင်သောအခါ ဆွေ့ဆွေ့ကသတိကြီးစွာဖြင့်မေးလာသည်။ "ဖေဖေက.....ကောင်းကင်ဘုံမှာလားဟင်"။


ဆွေ့ဆွေ့၏စကားကြောင့် ဖုန်းယောက်ချင်းမှင်တက်သွားသည်။ ထို့နောက် သူ(မ)သမီး၏ခေါင်းကို ညင်သာစွာပွတ်သပ်ပေးရင်းပြောလိုက်သည်။ "မေမေ့သမီးလေးကအရမ်းတော်တာပဲ.....ခန့်မှန်းတတ်လိုက်တာ"။


ဟုတ်သည်။ ဖခင်ဖြစ်သူက သူ(မ)တို့သားအမိကိုစွန့်ပစ်သွားသည်ဆိုတာထက် သေဆုံးသွားသည်ဟုသိထားလိုက်သည်က သူ(မ)သမီးအတွက်ပိုကောင်းပါသည်။


ဆွေ့ဆွေ့ကိုမွေးဖွားပြီးနောက်မကြာခင်တွင် ထိုလူက လုပ်စရာရှိသောကြောင့် သုံးလေးလလောက် တစ်နေရာကိုသွားစရာရှိသည်ဟုပြောလာသည်။ သူ့သမီးလေးအား အခြားကလေးငယ်များကဲ့သို့ တင့်တောင်းတင့်တယ်ထားလိုသည်ဟုလည်းပြောခဲ့သည်။ သို့သော် ထိုလူက သူ(မ)သားအမိဆီ ဘယ်တော့မှပြန်မလာခဲ့ပေ။ သုံးနှစ်လုံးလုံး စာတစ်စောင်လေးတောင်သတင်းမရခဲ့ချေ။


ကုဆွေ့ဆွေ့ဟူသောအမည်က ထိုလူမှည့်ပေးခဲ့ခြင်းဖြစ်သည်။ ဖုန်းယောက်ချင်းက ထိုနာမည်ကို သဘောမကျခဲ့ပေ။ ရိုးရှင်းလွန်းသည်ဟုသူ(မ)ထင်ခဲ့သည်။ သမီးလေးအတွက် သူ(မ)အနေဖြင့် ထူးခြားသည့်နာမည်တစ်ခုမှည့်ပေးလိုသည်။ သို့သော် ထိုလူပြောသည့် ကုဆွေ့ဆွေ့ဟူသောအမည်၏ အဓိပ္ပါယ်ကိုသိလိုက်ရချိန်တွင် သူ(မ)ပိုပိုပြီးသဘောကျလာခဲ့သည်။ 


ဆွေ့ဆွေ့ဟူသောအမည်၏အဓိပ္ပါယ်မှာ မျှော်


လင့်ချက်နှင့်ချစ်ခြင်းမေတ္တာဟု အဓိပ္ပါယ်ရသည်။


ဆွေ့ဆွေ့၏အဖေဆီသတင်းကို သူ(မ)နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် အစအနမရရှိခဲ့ပေ။ သူ့ပုံစံအတိုင်းဆိုလျှင် မတော်တဆမှုတစ်ခုကြောင့်သေဆုံးသွားလေသလား ၊ တရားမဝင်ပြစ်မှုများကြောင့် ထွက်ပြေးနေလေသလား ၊ ထောင်ထဲမှာပဲ အဖမ်းခံထားရသလားမသိနိုင်ပေ။


ဖုန်းယောက်ချင်း သူ(မ)၏အတွေးများကိုပြန်ရုပ်သိမ်းလိုက်ပြီး ဆွေ့ဆွေ့လေးကိုကြည့်လိုက်သည်။ ဘာမှခံစားသွားရပုံမပေါ်သောသမီးဖြစ်ကို သူ(မ)မချင့်မရဲမေးလိုက်သည်။ "ဖေဖေမရှိလို့....ဝမ်းနည်းနေလား သမီးလေး"။


ကုဆွေ့ဆွေ့က ခေါင်းယမ်းကာ တိုးညှင်းစွာဖြင့်ပြောလာသည်။ "သမီးဝမ်းမနည်းပါဘူး....သမီးမှာ မေမေရှိတယ်လေ"။


ကလေးငယ်၏စကားကြောင့် ဖုန်းယောက်ချင်း၏မျက်ဝန်းတို့ အနည်းငယ်စိုစွတ်လာရသည်။ သမီးငယ်မမြင်စေရန် အနောက်သို့လှည့်ပြီး မျက်ရည်များကိုတိတ်တဆိတ်သုတ်လိုက်သည်။


သူ(မ)အချိန်တိုင်းငိုနေလို့မဖြစ်။ သမီးလေးအတွက် အဖေရောအမေရောဖြစ်ပေးနိုင်သည့် သန်မာသည့်သူတစ်ယောက်ဖြစ်အောင် သူ(မ)ကြိုးစားရဦးမည်။


ကုဆွေ့ဆွေ့တစ်ယောက်အိမ်ပြန်ရောက်သည်နှင့် 


ဖုန်းဖွင့်ကာ အစ်မရင်းယွီဆီသို့ အသံမက်ဆေ့ချ်ပို့လိုက်သည်။ ဖုန်းတော့မခေါ်ဖြစ်ပေ။ ဤအချိန်လောက်ဆို အစ်မရင်းယွီက ရိုက်ကူးရေးလုပ်နေမည်ဖြစ်သောကြောင့် သူ(မ)၏ဖုန်းခေါ်ဆိုမှုက အနှောင့်အယှက်ဖြစ်စေလိမ့်မည်။


တစ်ဖက်တွင်လည်း စုယွီချင်းတစ်ယောက် "တီ" ဟူသောအသံနှင့်အတူ မက်ဆေ့ချ်တစ်စောင်ဝင်လာသည်ကိုတွေ့လိုက်ရသည်။


သူ(မ)ကိုစာပို့လာသူမှာအခြားမဟုတ်။ ကုဆွေ့ဆွေ့ပင်ဖြစ်သည်။


အတန်ငယ်ကြာပြီးနောက် ဆယ်စက္ကန့်စာခန့်ရှိ


သည့် အသံမက်ဆေ့ချ်တစ်ခုပို့လာပြန်သည်။ 


"မမစု.....လွန်ခဲ့တဲ့နှစ်ရက်တုန်းက သမီးရသစုံရှိုးတစ်ခု ရိုက်ကူးရေးလုပ်နေခဲ့တာပါ.....သူတို့က သမီးကို ဖုန်းပေးမကိုင်ဘူး.....အဲဒါကြောင့် မမနဲ့စကားမပြောနိုင်တာပါ"။ ဖုန်းစခရင်မ်ထက်မှတစ်ဆင့် တစ်ဖက်မှကလေးမလေး၏အားမာန်တက်ကြွမှုကို စုယွီချင်းခံစားမိသည်။


သို့သော် ထိုကလေးပို့လိုက်သည့်စာများကို သူ(မ)စာမပြန်ခဲ့ပေ။ သူ(မ)နှင့်ကုဆွေ့ဆွေ့တို့ပြန်လည်သင့်မြတ်ပြီးအဆင်ပြေသွားပြီးမှ အတိတ်ဘဝတုန်းကကဲ့သို့ သူ(မ)နောက်ကျောဓားနှင့်ထိုးခံရမည့်အဖြစ်ကို သူ(မ)အလွန်ကြောက်မိသည်။ မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်ထားလိုသောကြောင့် ထိုကလေးကိုသူ(မ)အရေးတယူမလုပ်ခြင်းဖြစ်သည်။