အပိုင်း ၃၀
Viewers 15k

Chapter 30


"ဘယ်ရသစုံရှိုးမှာ နင်ပါတာလဲ"။ စုယွီချင်းတစ်ယောက် ဆရာမပေးလိုက်သည့်တစ်ပတ်အတွင်းအပြီးလုပ်ရမည့်အိမ်စာများကိုလုပ်နေရင်း ကုဆွေ့ဆွေ့ကိုလှမ်းမေးလိုက်သည်။


တစ်အောင့်လောက်အကြာတွင် ကုဆွေ့ဆွေ့ကအစီအစဥ်နာမည်ကိုပြောပြလာသည်။ သို့သော် စုယွီချင်းကစာမပြန်ပေ။


ဆွေ့ဆွေ့လည်း စုယွီချင်းအလုပ်ရှုပ်နေသောကြောင့်ဟု ထင်လိုက်သည်။


တစ်ဖက်တွင် စုယွီချင်းကတမင်တကာစာမပြန်ခြင်းဖြစ်သည်။ သူ(မ)ဘာပြန်ရေးရမှန်းမသိသောကြောင့်ပင်။


ကုဆွေ့ဆွေ့က လွန်ခဲ့သောနှစ်ရက်လုံးလုံးရသစုံရှိုးရိုက်ကူးနေခဲ့သည်လား။ 


စုယွီချင်းတစ်ယောက် သံသယအပြည့်ဖြင့် ဝေဘိုကိုအမြန်ဖွင့်ကြည့်လိုက်သည်။ #ကလေးငယ်နှင့်ခရီးသွားခြင်း ဟူသည့်ခေါင်းစဥ်ဖြင့် ရေပန်းအစားဆုံးရှာဖွေမှုစာရင်းတွင်ရောက်နေသည်ကိုတွေ့လိုက်ရသည်။ ထိုရှိုးတွင်ပါဝင်သည့်ဧည့်သည်အနုပညာရှင်စာရင်းကိုကြည့်လိုက်သည့်အခါ မိဘများ၏အမည်သာပါဝင်ပြီး ကလေးအမည်များကိုမရေးထားချေ။


သို့သော် ထိုရှိုးတွင်ပါဝင်သောကလေးများနှင့်ပတ်သတ်သည့်ပို့စ်တစ်ခုကိုတွေ့လိုက်ရသောကြောင့် စုယွီချင်းကြည့်လိုက်သည်။ ထိုပုံထဲတွင် ခဲ့ကျင်းယန်က ကလေးနှစ်ယောက်ကိုလက်တွဲထားပြီး ထိုကလေးနှစ်ယောက်ထဲမှတစ်ယောက်မှာ ကုဆွေ့ဆွေ့ဖြစ်သည်။


ယခုလက်ရှိဘဝတွင်ကုဆွေ့ဆွေ့က ဖုန်းယောက်ချင်း၏သမီးဖြစ်ပြီး "တိမ်မြှုပ်နေသော" ရုပ်ရှင်ကားကြီးတွင်ပါဝင်ခဲ့သည်မှလွဲ၍ အခြားအရာများမှာ အတိတ်ဘဝနှင့်မတူတော့ပေ။


ကုဆွေ့ဆွေ့၏အကျင့်စရိုက် ၊ စကားပြောသည့်လေသံအားလုံးက အတိတ်ဘဝတွင်သူ(မ)သိခဲ့သော ကုဆွေ့ဆွေ့နှင့်တခြားစီပင်ဖြစ်သည်။


ပြန်လည်မွေးဖွားခြင်းက အရာအားလုံးကို အမှန်တကယ်ပဲ ပြောင်းလဲသွားစေသည်လား။


သို့သော် ပြန်လည်မွေးဖွားပြီးနောက် ပထမဆုံးအကြိမ်အနေနှင့် စုယွီချင်းဇဝေဇဝါဖြစ်မိသွားသည်။ သူ(မ)ပြန်လည်မွေးဖွားလာခဲ့စဥ်က ရည်ရွယ်ချက်ပန်းတိုင်များခိုင်မာနေခဲ့သည်။ ရုပ်ရှင်ရိုက်ခြင်းအစရှိသည့် သူ(မ)လုပ်ချင်သောအရာများကိုလုပ်ဆောင်ပြီး နောင်တမရှိပဲဘဝကိုရှင်သန်သွားရန်နှင့် အတိတ်တွင်သူ(မ)အားနာကျင်စေခဲ့သည့် ကုဆွေ့ဆွေ့နှင့်အခြားသူများကို လက်စားချေရန်စိတ်အားထက်သန်နေခဲ့သည်။


သို့သော် ပြန်လည်မွေးဖွားလာပြီးနောက် မည်သူကမှ အတိတ်အချိန်ကနှင့်မတူတော့ချေ။ လက်စားချေလိုသည့် သူ(မ)၏ရည်ရွယ်ချက်က အဓိပ္ပါယ်ရှိဦးမည်လား။


စုယွီချင်း၏ပြန်စာကို ဆွေ့ဆွေ့တစ်ယောက်အချိန်အကြာကြီးစောင့်နေခဲ့သော်လည်း ပြန်စာမရသောကြောင့် ထပ်မစောင့်နိုင်တော့ပဲအိပ်ရာပေါ်တွင်သာ ဝင်အိပ်ရန်ပြင်လိုက်သည်။


အိပ်ရာမဝင်ခင်ကိုယ်လက်သန့်စင်ဆေးကြောပြီးနောက် ဆွေ့ဆွေ့က သူ(မ)၏အမေကို မမှိတ်မသုန်စိုက်ကြည့်ကာ ယမန်နေ့မှဝယ်လာခဲ့သည့် မျက်နှာလိမ်းခရမ်ဘူးကိုကြည့်ရင်း ချွဲနွှဲ့နွှဲ့အသံလေးဖြင့်ပြောလာသည်။ "မေမေ.....သမီးမအိပ်ခင်.....ဒီခရမ်လေးကိုလိမ်းပေးပါဦး....အဲဒါမှ မနက်အိပ်ရာထရင်လှနေမှာ"။


တီဗွီကြော်ငြာများတွင် ဤသို့သောမျက်နှာလိမ်းခရမ်မျိုးကို နေ့တိုင်းလိမ်းပါက အသားအရေလှလာလိမ့်မည်ဟုပြောသည်ကို ဆွေ့ဆွေ့ကြားဖူးပါသည်။


ဖုန်းယောက်ချင်းက အဖုအပိမ့်ကင်းစင်သော သူ(မ)သမီး၏မျက်နှာလှလှလေးကို ကြည့်ပြီးပြုံးကာပြောလိုက်သည်။ "မေမေ့အချစ်တုံးလေးက.....လှပြီးသားပါ....ဘာမှထပ်လိမ်းစရာမလိုဘူး"။


သို့သော် ဆွေ့ဆွေ့က သူ(မ)ကိုစိုက်ကြည့်နေကာ အင်္ကျီစလေးကို လက်ဖြင့်လာဆွဲရင်း မရမကတောင်းဆိုနေပြန်သည်။ "ဒါပေမဲ့....သမီးလိမ်းကြည့်ချင်တယ် မေမေရယ်"။


သမီးဖြစ်သူ၏ချစ်စဖွယ် ချွဲ့နွှဲ့နေသောအမူအရာကြောင့် ဖုန်းယောက်ချင်းလည်းမငြင်းသာတော့ပေ။


သူ(မ)လည်းသက်ပြင်းချကာ ဘူးအဖုံးကိုဖွင့်လိုက်ပြီး အဖြူရောင်ခရမ်အနည်းငယ်ကိုယူကာ လက်ဖဝါးထဲထည့်ပြီးပြောလိုက်သည်။ "ဆွေ့ဆွေ့....နည်းနည်းပဲလိမ်းရမယ်နော်....သမီးက ကလေးအရွယ်ပဲရှိသေးတာမလို့ အများကြီးမလိမ်းရဘူး.....ကြီးလာမှ ကြိုက်သလောက်လိမ်း....ဟုတ်ပြီလား"။


လူကြီးများအတွက်ထုတ်ထားသော အသားအရေထိန်းသိမ်းရေးပစ္စည်းများတွင် ဓာတုပစ္စည်းမည်မျှပါသည်ကို သူ(မ)လည်းမသိပေ။ ဓာတ်ပစ္စည်းများပါရှိခြင်းကြောင့် ကလေးများလိမ်းရန် သင့်တော်မည်မဟုတ်။


"သမီးသိပါတယ်....မေမေ....စမ်းကြည့်ချင်ရုံလေးပါ"။ ဆွေ့ဆွေ့က ကုတင်ပေါ်တွင်ပုံ့ပုံ့လေးထိုင်ရင်း ဖုန်းယောက်ချင်းအား သူ(မ)၏မျက်နှာကို အဆင်သင့်လှည့်ပေးလာသည်။


ဖုန်းယောက်ချင်းလည်း အချိန်ဆွဲမနေတော့ပဲ ဆွေ့ဆွေ့ကိုလိမ်းပေးလိုက်ပြီး ပြုံးရင်းမေးလိုက်သည်။ "ခရမ်လိမ်းရတာဘယ်လိုနေလဲ....အသည်းတုံးလေး"။


"အေးအေးလေးနဲ့ နေလို့ကောင်းတယ်"။ ဆွေ့ဆွေ့က ပါးချိုင့်နှစ်ဖက်ပေါ်အောင်ပြုံးပြရင်း ပြောလာသည်။


အငယ်ငယ်ငယ်လေးနှင့်သူ(မ)သမီးကအလှအပကြိုက်ရုံသာမက စူးစမ်းလိုစိတ်လည်းအပြည့်ရှိသည်။ အသစ်အဆန်းမှန်သမျှကို စမ်းသပ်ကြည့်ချင်သည်။


တစ်ဦးတည်းသောသမီးဖြစ်သည့်အလျောက် ဆော့ဖော်ဆော့ဖက်ညီအစ်ကိုမောင်နှမလည်းမရှိပေ။ သူတို့၏ပတ်ဝန်းကျင်တွင်လည်း ဆွေ့ဆွေ့


နှင့်သက်တူရွယ်တူအပေါင်းအသင်းများမရှိပေ။ ထို့ကြောင့် ဆွေ့ဆွေ့က နေ့တိုင်းလိုလို ရိုက်ကွင်းကိုသာသွားချင်ကြောင်း သူ(မ)ကိုပူဆာလေ့ရှိသည်။


ဖုန်းယောက်ချင်း သူ(မ)ကိုယ်သူမအပြစ်တင်ပြီး စိတ်မလုံမလဲဖြစ်မိပြန်သည်။


လတ်တလောနှစ်များအတွင်း အိမ်ဌားဘဝနှင့်နေခဲ့သောကြောင့် သူ(မ)တို့သားအမိ တောင်ရွှေ့မြောက်ရွှေ့ရင်းနေထိုင်ခဲ့ကြသည်။ ထိုသို့အတည်တကျမနေပဲ အမြဲတမ်းပြောင်းရွှေ့နေလျှင် သူ(မ)သမီး၏ရှေ့အနာဂတ်အတွက် မကောင်းနိုင်သလို ပတ်ဝန်းကျင်ကောင်း ၊ အိမ်နီနားချင်းကောင်းများလည်း မြဲနိုင်မည်မဟုတ်ပေ။ ဆွေ့ဆွေ့လည်း အတူကစားဖော်ကစားဖက်အပေါင်းအသင်းရှိနိုင်မည်မဟုတ်ချေ။


ပိုပိုပြီးသိတတ်ကာလိမ္မာလာသောကလေးငယ်ကြောင့် ဖုန်းယောက်ချင်းပိုပိုပြီးစိတ်ပူပန်လာသည်။


သူ(မ)တို့သားအမိအတည်တကျနေထိုင်ရန် အိမ်ဝယ်သင့်ပြီနှင့်တူသည်။ အိမ်ပေါင်းများစွာကို သူ(မ)သွားပြီးလေ့လာကြည့်ခဲ့ရာ အကြိုက်တွေ့သည့် အိမ်တစ်လုံးကိုတွေ့ခဲ့သည်။ ထိုအိမ်ကစျေးအသင့်အတင့်လေးနှင့်သူ(မ)တတ်နိုင်သည့်စျေးနှုန်းမျိုးဖြစ်ပြီး အတွင်းပိုင်းအပြင်အဆင်လည်းကောင်းသည်။ ပတ်ဝန်းကျင်လည်းသန့်သည်။ သို့သော် သူ(မ)သမီးကျောင်းတက်ရန်အတွက် နီးနီးနားနားကျောင်းမရှိပေ။ ကျောင်း


နှင့်အိမ်မနီးပါက အဆင်မပြေနိုင်ပေ။


သို့သော် အစစအရာရာအဆင်ပြေသည့် အိမ်ဝယ်နိုင်ရန်မှာမူ သူ(မ)လက်ထဲတွင်ငွေအလုံအလောက်မရှိသေးပေ။


ဖူရင်းယွီတစ်ယောက် ယခုလေးတင်မှရိုက်ကူးရေးပြီးသွားခဲ့သည်။ သူ(မ)တစ်ကိုယ်လုံးစိုရွဲဲပြီး ဆံပင်များလည်းရှုပ်ပွနေသည်။ အဝတ်အစားများကလည်း ရေစိုသောကြောင့် ကိုယ်လုံးပေါ်တွင်ကပ်နေသဖြင့် အလွန်ရှက်စဖွယ်ကောင်းလှသည်။ သဘက်ရှည်လွှားထားသည့် သူ(မ)ကိုယ်သူ(မ)ပြန်ကြည့်ရင်း မသက်မသာဖြစ်မိသည်။


လက်ထောက်ရှောင်ဝူက ဖူရင်းယွီ၏ဆံပင်များကို သဘက်ဖြင့်သုတ်ပေးရင်း မကျေမနပ်စွာပြောလာသည်။ "အစ်မရင်းယွီ.....ကျီမင်းက ဒီတစ်ခါတော့ တော်တော်လွန်သွားပြီ....အစ်မခဏခဏမိုးမိသွားတယ်.....သူတမင်တကာလုပ်နေတာပဲ ဖြစ်ရမယ်...."။ သို့မဟုတ်လျှင် စကားပြောခန်းမပါပဲ သရုပ်ဆောင်ရသဘ့်ဇာတ်ဝင်ခန်းကို ကျီမင်းက ထပ်ခါထပ်ခါရိုက်ကူးရအောင်လုပ်နေသည်။


"ငါသိတယ်လေ.....သူတမင်လုပ်နေတာ"။ ဖူရင်းယွီ၏ မျက်ဝန်းတို့က အေးစက်နေသည်။ ထိုကျီမင်းဟူသည့် မြေခွေးမက ရုပ်ရှင်ရိုက်ကူးနေစဥ်တစ်လျှောက်လုံး သူ(မ)ကိုတမင်တကာရန်ဆွနေပြီး မလိုမုန်းထားမှုတို့က ထိုမိန်းမ၏မျက်ဝန်းများထဲတွင် အတိုင်းသားပေါ်လွင်နေသည်။


ဖူရင်းယွီကခေါင်းမော့လိုက်ပြီး အပြင်မှဝင်လာသည့် ဟောင်ဖုန်းအားမေးလိုက်သည်။ "ဖုန်းနဲ့သေချာရိုက်ထားလား.....ဟောင်ဖုန်း"။


ဟောင်ဖုန်းက ယုံကြည်ချက်အပြည့်ဖြင့်ပြန်ဖြေသည်။ "ရင်းယွီ....စိတ်မပူနဲ့....ငါအစကနေအဆုံးအထိ အကုန်ရိုက်ထားတယ်....ဒီဗွီဒီယိုကို ဖြန့်လိုက်တာနဲ့ ကျီမင်းတော့အလုပ်ရှုပ်ရဦးမှာပဲ"။


ကုမ္ပဏီတစ်ခုလုံးတွင် ဖူရင်းယွီကိုအမုန်းဆုံးသူမှာ ကျီမင်းပင်ဖြစ်သည်။ သူတို့နှစ်ဦးက ကမ္ဘာ့ရန်ဘက်များပင်။ ဖူရင်းယွီသာ ထျန်းဟောင်ဖျော်ဖြေရေးနှင့် စာချုပ်အဆုံးသတ်တော့မည့်အကြောင်း ကျီမင်းသိသွားလျှင် ကဖျက်ကယက်ဝင်လုပ်ဦးမည်ဖြစ်သည်။ ကျီမင်းဆိုသည်မှာ ဖူရင်းယွီကောင်းစားသည်ကို နည်းနည်းမှမရှုစိမ့်သောသူဖြစ်သည်။


ယနေ့ရိုက်ကူးရေးတွင်လည်း ကျီမင်းက ဖူရင်းယွီအား ပစ်မှတ်ထားပြီး တမင်သက်သက်ဒုက္ခရောက်အောင်ကြံစည်ခဲ့သည်။


ကျီမင်း၏ပုံစံက အများရှေ့တွင်ကြာဖြူပန်းလေးလို နူးညံ့သိမ်မွေ့သော်လည်း တစ်ကယ်တမ်းတွင် မင်းသားခေါင်းဆောင်းထားသောဘီလူးကဲ့သို့ ရုန့်ရင်းကြမ်းတမ်းသူဖြစ်သည်။ ယနေ့ရိုက်ကွင်းတွင် ဇာတ်ဝင်ခန်းတစ်ခုကို ထပ်ကာထပ်ကာအမှားလုပ်ပြီး ဖူရင်းယွီကို မိုးရေထဲတွင် တစ်နာရီလုံးလုံး ရိုက်ကူးရေးလုပ်စေခဲ့သည်။