Chapter 31
"ဒါနဲ့လေ အစ်မရင်းယွီ ရိုက်ကူးရေးလုပ်နေတုန်းမှာ ဝီချတ်(Wechat) ကနေ မက်ဆေ့ချ်တွေဝင်လာတယ်"။ ဖူရင်းယွီအား အဝတ်အစားများ လက်ကိုင်အိတ်များနှင့်ပတ်သတ်ပြီးကူညီပေးရန် တာဝန်ယူထားသော အခြားလက်ထောက်တစ်ဦးကပြောလိုက်သည်။
မက်ဆေ့ချ်ပို့လာသောသူများမှာ ကိစ္စတစ်ခုခုရှိသောကြောင့် သူ(မ)အားရှာနေကြသော ဦးလေးနှင့်ဒေါ်လေးဖြစ်မည်ဟု ဖူရင်းယွီထင်မိသော်လည်း ဝီချတ်(Wechat)တွင် မက်ဆေ့ချ်ပို့ထားသူမှာ ကုဆွေ့ဆွေ့ဖြစ်နေသည်။ ထိုအခါ သူ(မ)၏ ဂရုမစိုက်ဟန်ရှိပြီးစိမ်းကားသောမျက်ဝန်းများက မရည်ရွယ်ပဲ နူးညံ့သွားသည်။ အသံဖိုင်ကိုနှိပ်လိုက်သောအခါ ကလေးငယ်လေး၏ တက်ကြွသောအသံသေးသေးလေးကို ကြားလိုက်ရသည်။
"မမဖူရေ....မမဖူ....သမီးရသစုံရှိုးတစ်ခုအတွက် အသံသွင်းပြီးပြန်လာတာ"
"စီရွှမ်းရှေးဟောင်းမြို့တော်ကနေ သမီးမမဖူအတွက် လက်ဆောင်လေးဝယ်လာခဲ့ပေးတယ်....မမဘယ်အချိန်အားလဲ....သမီးလက်ဆောင်ယူလာပေးမယ်လေ"
ဘေးတွင်ရှိနေသော ဟောင်ဖုန်းက ရင်းနှီးနေသောရွှင်ရွှင်ပျပျအသံလေးကိုကြားလိုက်သောအခါ ပြုံးမိသွားသည်။ "ရင်းယွီ ဒီသုံးနှစ်အရွယ်ကလေးမလေးက မင်းအပေါ်အရမ်းကြင်နာတာပဲ....အစီအစဥ်သွားရိုက်တဲ့အခါမှာတောင် မင်းအတွက်လက်ဆောင်ဝယ်လာပေးဖို့မမေ့ဘူးနော်"။
မက်ဆေ့ချ်ကိုလွန်ခဲ့သောသုံးနာရီခန့်က ပို့ထားခြင်းဖြစ်သည်။ ဖူရင်းယွီကတစ်ခဏမျှတွေးလိုက်ပြီးနောက် သူ(မ)၏ကိုယ်စားလှယ်ကိုမေးလိုက်သည်။ "မနက်ဖြန်မနက်ကျရင် ငါရိုက်ကူးရေးလုပ်စရာရှိသေးလား"။
ဟောင်ဖုန်းကရိုက်ကူးရေးအဖွဲ့၏အကြောင်းကြားစာကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိမ့်ပြသည်။ "မနက်ပိုင်းမှာတော့မရှိပါဘူး....နေ့လည်နဲ့ညနေခင်းမှာတော့ တစ်ခုစီရှိတယ်"။
ဖူရင်းယွီတစ်ယောက် ကလေးငယ်အား ဖုန်းခေါ်ပြီးသတင်းကိုပြောပြချင်သော်လည်း အချိန်ကိုတစ်ချက်ကြည့်လိုက်သောအခါ ဆယ့်တစ်နာရီပင်ခွဲနေပြီဖြစ်သည်။ ဖုန်းခေါ်လိုက်လျှင် လူတွေကိုနှိုးမိသွားမည်ကို သူ(မ)စိုးရိမ်မိပြီး ဖုန်းကိုချထားလိုက်ကာ ပြောလိုက်သည်။ "အဲဒါဆိုရင် မနက်ဖြန်မနက်ကျရင်ငါ့အတွက်တစ်ခုလောက်မှာပေး....ရှိန်နှုန်းမြင့်မီးရထားလက်မှတ်လေ....မြန်မြန်ရလေကောင်းလေပဲ.....ငါမြို့ထဲကိုသွားရဦးမယ်"။
ကလေးငယ်လေးက ဝီချတ်(Wechat)တွင် ဘာပြောလိုက်မှန်း ဟောင်ဖုန်းစဥ်းစားနေသည်။ သူ့ရှေ့တွင်ရှိသောသူက ဘာလုပ်တော့မလဲဆိုတာကိုသာ သူမှန်းဆနိုင်သည်။ သူမှင်တက်သွားရင်း ချီတုံချတုံနှင့်မေးလိုက်သည်။ ".....နင်ကုဆွေ့ဆွေ့ကိုသွားရှာမလို့လား"။
ဖူရင်းယွီကမငြင်းပဲ ဂရုမစိုက်ဟန်ဖြင့်ပြောသည်။ "အင်း" ။ တွေးကြည့်လိုက်လျှင် သူ(မ)ကလေးငယ်လေးနှင့် မတွေ့ရသည်မှာ လဝက်ခန့်ရှိသွားပြီဖြစ်သည်။ ဤတစ်ခေါက်တွင် ကလေးလေးနှင့်တွေ့ရန် သူ(မ)အခွင့်အရေးကိုအရယူရမည်။ ဆွေ့ဆွေ့တစ်ယောက် "ကလေးလေးနှင့်အတူခရီးသွားခြင်း" အစီအစဥ်ကို ရိုက်ကူးသည့်အတောအတွင်း မည်သည့်အခက်အခဲမျိုးရှိနေမှန်း သူ(မ)မသိပေ။
ကီဂျင်းယန်က အဆင်ပြေပြေနေနိုင်မည့် လူကောင်းတစ်ယောက်မဟုတ်ပေ။ သူ(မ)မည်မျှလောက် လွဲမှားသွားမည်ကို ဖူရင်းယွီစိုးရိမ်မိသည်။
ဟောင်ဖုန်း: "ငါလည်းပဲ ချင်းဖျော်ဖြေရေးရဲ့အနုပညာဒါရိုက်တာနဲ့တွေ့ဖို့ အင်ပါယာမြို့တော်ထဲကိုပြန်သွားရဦးမှာ.....လက်ဆောင်ကိစ္စအတွက်ငါမင်းကိုကူညီပေးမယ်.....အမှန်ကအတူတူပါပဲ....မင်းလည်းနေ့လည်ကျရင် ရိုက်ကူးရေးလုပ်ရမှာပဲလေ.....ဟိုပြေးဒီပြေးလုပ်နေစရာမလိုပါဘူး...ဟိုတယ်မှာနေပြီး တစ်အောင့်လောက်နားနေလိုက်ပေါ့"။
ဖူရင်းယွီ: နာရီပိုင်းနည်းနည်းလောက်ပဲ ဟိုပြေးဒီပြေးလုပ်ရမှာပါ.....နေ့လည်ပိုင်းရိုက်ကူးရေးကို ငါနောက်မကျစေရပါဘူး"။
ဟောင်ဖုန်းကဖူရင်းယွီ၏ပင်ကိုစိတ်ရင်းကိုနားလည်သည်။ သူ(မ)စိတ်ပိုင်းဖြတ်လိုက်သည်နှင့် မည်သူမှတားမရတော့သည်ကိုလည်း သူသိသည်။ ရှိန်နှုန်းမြင့်ရထားလက်မှတ်နှင့် လွန်းပြန်ဘတ်စ်ကားကိုသာမနက်ဖြန်မနက်အတွက် စီစဥ်ပေးလိုက်ရတော့သည်။
"ဆွေ့ဆွေ့ဖြည်းဖြည်းစားပါ....ဒီတွေအကုန်လုံးက သမီးဟာတွေပဲလေ...."။ ကောင်းကောင်းအလုံပိတ်ထားသော ကဖေးတစ်ခုတွင် ဖူရင်းယွီကသူ(မ)၏မျက်မှန်ကိုချွတ်လိုက်ကာ စွဲမက်ဖွယ်ကောင်းပြီးလှပသောမျက်နှာလေးကို ဖော်ထုတ်ပြသလိုက်သည်။
ကုဆွေ့ဆွေ့ကဇွန်းလေးနှင့်စတော်ဘယ်ရီကိတ်ကိုစားနေကာ မျက်နှာချင်းဆိုင်ရှိပုဂ္ဂိုလ်ကို နူးညံ့စွာပြုံးပြလိုက်သည်။ "မမဖူက အရမ်းကြင်နာတတ်တာပဲ~"။ ဤဆိုင်ရှိ ကိတ်များက အလွန်အရသာရှိပြီး သူ(မ)တစ်ခါမှ မစားဖူးသောအရသာမျိုးဖြစ်သည်။
ဖူရင်းယွီ ရိုက်ကူးရေးအဖွဲ့ထဲရှိခဲ့စဥ်က ကလေးများ မည်မျှအချိုကြိုက်သည်ကို သိခဲ့ရသည်။ ထို့ကြောင့်ဤကဖေးတွင်သူ(မ)အတွက် သီးသန့်နေရာဖယ်ထားပေးပြီး ကုဆွေ့ဆွေ့အတွက် အချိုပွဲစားပွဲကြီးကြီးမှာထားပေးရန် ဟောင်ဖုန်းအား သူ(မ)အထူးတလှယ်တောင်းဆိုခဲ့သည်။ ထိုမှသာလျှင် ဆွေ့ဆွေ့လေးက အချိုပွဲအားလုံးကို မြည်းစမ်းနိုင်မည်ဖြစ်သည်။
ထိုအခိုက်တွင် ကဖေးဆိုင်ရှိ စားပွဲထိုးက သူတို့မှာထားသော သောက်စရာများကို ယူလာပေးသည်။ အတွင်းဘက်တွင်ထိုင်နေသူမှာ နာမည်ကျော်ကြယ်ပွင့် ဖူရင်းယွီဖြစ်ကြောင်း တွေ့လိုက်ရသောအခါ တစ်ချက်ပင်မဝေ့ကြည့်ပဲ မှာထားသည်များကို စားပွဲပေါ်တွင်အရောက်တင်ပေးလိုက်ပြီးနောက် ထွက်သွားလိုက်သည်။
ကဖေးဆိုင်ကအလွန်နာမည်ကြီးပြီး ဆိုင်ထိုင်နိုင်ရန် ကြိုတင်နေရာယူထားရသည်။ ထို့ကြောင့် ဖောက်သည်အများစုက နာမည်ကျော်ပုဂ္ဂိုလ်များဖြစ်သည်။ ဆိုင်အတွင်းတွင်ခန့်ထားသော စားပွဲထိုးများ၏အရည်အချင်းကလည်း အလွန်မြင့်သည်။ ထို့ကြောင့် အကျော်အမော်များကို တွေ့လျှင်လည်း အော်ဟစ်မနေပေ။
ဖူရင်းယွီက ကလေးငယ်အတွက် နွားနို့ပူပူလေးတစ်ခွက်မှာလိုက်ပြီး သူ(မ)အတွက်မူ ကော်ဖီတစ်ခွက် မှာလိုက်သည်။ ဤမနက်ခြောက်နာရီတွင် သူ(မ)အိပ်ရာထခဲ့ရပြီး ရှိန်နှုန်းမြင့်ရထားကိုစီးကာ ကုဆွေ့ဆွေ့အားဝင်ကြိုရန် ကားပြန်စီးရသည်။ နေ့လည်ပိုင်းတွင် ကမန်းကတန်းပြန်သွားရမည်ဖြစ်ပြီး နိုးကြားနေရန်အတွက် သူ(မ)ကော်ဖီတစ်ခွက်တော့သောက်ဖို့လိုသည်။
"ကိတ်မုန့်ချည်းပဲစားမနေနဲ့လေ.....နွားနို့လေးလည်းသောက်လိုက်ဦး"။ ဖူရင်းယွီက ကိတ်မုန့်ကိုအဆက်မပြတ်စားနေသော ကုဆွေ့ဆွေ့ကို အပြုံးလေးနှင့်ကြည့်ရင်း ပြောလိုက်သည်။
သို့သော် အလွန်စူးစမ်းတတ်သောကုဆွေ့ဆွေ့က သူ(မ)လက်ထဲရှိ ကော်ဖီခွက်ကိုစိုက်ကြည့်နေသည်။ "မမဖူ...ဘာတွေသောက်နေတာလဲဟင်?....အနံ့လေးကကောင်းလိုက်တာ"။
ဖူရင်းယွီက ကလေးမလေး၏ မျက်လုံးတောက်တောက်လေးကိုကြည့်ပြီး တစ်ခဏမျှ တုံ့ဆိုင်းနေကာ ပြောလိုက်သည်။ "....သမီးတစ်ကယ်ပဲသောက်ချင်လို့လား"။
ကုဆွေ့ဆွေ့က သူ(မ)၏ လိုအင်ဆန္ဒကို မျက်ခုံးလေးများကို ပေကလတ် ပေကလတ်လုပ်ကာ ဖော်ပြလိုက်သည်။ "သမီးတစ်မော့လောက်သောက်လို့ရလား.....တစ်မော့လောက်ပဲလေ"။
ဖူရင်းယွီကပြုံးလိုက်ရင်းပြောသည်။ "ရတာပေါ့....ဒါပေမဲ့ ဒီတစ်ခုခုက မှာမှာပြီးချင်းလာချတာဆိုတော့...နည်းနည်းပူနေသေးတယ်....မသောက်ခင် မှုတ်ဖို့သတိရဦးနော်"။ ကလေးငယ်က မကြိုက်မည်စိုး၍ ကော်ဖီခွက်ကို ယူလိုက်ရန်လည်း သူ(မ)ဝန်မလေးပေ။
ကုဆွေ့ဆွေ့ကမရဲတရဲလေးနှင့် တို့ကနန်းဆိတ်ကနန်း တစ်ငုံသောက်လိုက်သည်။ သူ(မ)၏ လက်ဖဝါးတစ်ခုစာမျှသာ အရွယ်အစားရှိသော မျက်နှာလေးက ဘန်းမုန့်လေးကဲ့သို့ ရှုံ့တွသွားပြီး ကော်ဖီ၏ဖော်မပြနိုင်လောက်သော ရနံ့ကြောင့် မအီမသာဖြစ်သွားသည်မှာ သိသိသာသာပင်ဖြစ်သည်။ အန်ချင်နေသည့် သူ(မ)၏အတွေးကို အောင့်ထားပြီး မြိုချလိုက်သည်။ လျှာလေးကိုထုတ်ကာ ဆိုးဆိုးရွားရွားပုံစံဖြင့်ပြောလာသည်။ "အရမ်းခါးတာပဲ....မမဖူ...သမီးလုံးဝမသောက်ရဲတော့ဘူး....အရမ်းခါးတယ်"။
ကလေးငယ်လေး၏ မနှစ်မြို့သောပုံစံလေးကို မြင်လိုက်ရသောအခါ ဖူရင်းယွီမနေနိုင်ပဲ ရယ်မိသွားသည်။
သူ(မ)မှာထားသော ဘလက်ခ်ကော်ဖီမှာ သကြားနှင့်နို့မပါသော ကော်ဖီမျိုးဖြစ်သည်။ ထို့ထက်ခါးသည့်အရသာမျိုးရှိပါ့ဦးမလား?
ဖူရင်းယွီက သူ(မ)ရှေ့တွင်ရှိနေသော နွားနို့ခွက်ကို အလျင်အမြန်တွန်းပို့လိုက်ပြီး မျက်ခုံးပင့်ကာပြုံးလိုက်သည်။ "အဲဒါဆိုရင် နွားနို့သောက်လိုက်လေ....သမီးလိုအရွယ်ကလေးတွေက အရပ်ပိုရှည်လာဖို့အတွက်...နွားနို့များများသောက်ရမယ်...လူကြီးတွေသောက်တဲ့ကော်ဖီက အရသာမရှိဘူး"။ လန်းဆန်းစေရန်နှင့် တက်ကြွစေရန်အတွက်သာမဟုတ်လျှင် သူ(မ)လည်း ဘလက်ခ်ကော်ဖီမျိုးကို ထိုမျှလောက် မကြိုက်ပေ။
အစာစားပြီးနောက် ကုဆွေ့ဆွေ့က အနက်ရောင်သောက်စရာနှင့်ပတ်သတ်၍ စိတ်မဝင်စားတော့ပေ။ သူ(မ)ရှေ့တွင်ရှိနေသော စားစရာအနည်းငယ်ကိုသာ အာရုံစိုက်ထားသည်။
ကောင်းမွန်သောအချိန်များက အမြဲတစေ တိုတောင်းလှသည်။ ဖူရင်းယွီက သူ(မ)၏ဖုန်းကို ဖျတ်ခနဲလှမ်းကြည့်လိုက်သောအခါ နေ့လည်ခင်း ရောက်လုနီးပြီကို တွေ့လိုက်ရသည်။ သူ(မ)အနည်းငယ် အင်တင်တင်ဖြစ်သွားသည်။ "သမီးလေး...တစ်ခုခုစားချင်သေးလား.....ဒီနေ့မမဖူက ကျွေးမှာမလို့....ပိုက်ဆံမနှောမြောနေပဲ အကုန်စားလိုက်ပါ"။ သူ(မ)က ပိုပိုပြီး နာမည်ကြီးလာခဲ့သည်။ လွန်ခဲ့သောနှစ်နှစ်တွင် ရုပ်ရှင်နှင့်ကြော်ငြာရိုက်ကူးခြင်းတို့မှ သူ(မ)ဝင်ငွေအမြောက်အမြားရရှိခဲ့သည်။ သို့သော် သူ(မ)၏ ဦးလေးနှင့်အဒေါ်ဖြစ်သူကို လစဥ်လတိုင်းပို့ပေးသော ပိုက်ဆံမှလွဲ၍ ကျန်ပိုက်ဆံများမှာ ဘဏ်ကတ်ထဲရှိဂဏန်းများသာ ဖြစ်သည်။ ထိုပိုက်ဆံများကိုသုံးရန် သူ(မ)အလုပ်များလွန်းနေခဲ့သည်။
"မမဖူ...သမီးအမေအတွက် စတော်ဘယ်ရီကိတ်လေးယူသွားပြီး....မြည်းကြည့်စေချင်တယ်"။ ကုဆွေ့ဆွေ့က ရိုးရှင်းပြီး အပြစ်ကင်းစင်သော စိတ်နေစိတ်ထားမျိုးရှိသည်။ သူ(မ)သိသောသူများရှေ့တွင် ယဥ်ကျေးမှာဆိုတာဘာမှန်း သူ(မ)မသိပေ။
သို့သော်ဖူရင်းယွီက ကုဆွေ့ဆွေ့၏ဟန်မဆောင်တတ်သော စရိုက်ကို သဘောကျသည်။ သူ(မ)လုပ်ချင်သည့်အရာကိုလုပ်လိုက်သည်။ စားချင်သည့်အရာကိုစားလိုက်သည်။ သူ(မ)ပြောချင်သည့်စကားများကိုလည်း မလျှို့ဝှက်ပဲ ပြောချတတ်သည်။ ထိုသို့သော စရိုက်မျိုးက ကြည့်လိုက်လျှင် ဘာမှမဟုတ်သော်လည်း ယခုသူ(မ)ရှိနေသော နယ်ပယ်အသိုင်းအဝိုင်းတွင် လိုအပ်နေသော စရိုက်အရည်အချင်းမျိုးပင်ဖြစ်သည်။
သူ(မ)ကိုယ်တိုင်ပင် ထိုသို့သောအရည်အချင်းမျိုးမရှိပေ။ တစ်ချိန်ကရှိခဲ့ဖူးသော်လည်း ယခုသူ(မ)ပုံစံနှင့် လွန်ခဲ့သောအချိန်များက သူ(မ)ပုံစံက မတူတော့ပေ။
ကလေးငယ်လေးက အရသာရှိသောအစားအစာများကို အပြင်မှာထွက်စားလျှင်ပင် သူ(မ)၏မိခင်ကို မမေ့သောကြောင့် ဖူရင်းယွီ၏မျက်ဝန်းနက်များက မနေနိုင်ပဲ အနည်းငယ်မနာလိုဖြစ်မိသည်။
သူ(မ)လည်း သူ(မ)၏မိခင်ကို လွမ်းပါသည်။ သို့သော် ကံဆိုးစွာဖြင့် သူ(မ)၏မိခင်က ဆုံပါးသွားပြီဖြစ်သည်။ သူ(မ)ပြန်တွေ့ချင်သော်လည်း အခွင့်အရေးမရှိတော့ပေ။
ဖူရင်းယွီအလယ်တန်းကျောင်းသူအရွယ်တွင် သူ(မ)၏ ဦးလေး အဒေါ်တို့နှင့်အတူတူနေခဲ့ရသည်။ သူ(မ)၏ဘဝက မချမ်းသာခဲ့သော်လည်းသူ(မ)အား ဤအခြေအနေသို့ရောက်သည်အထိ ပြုစုပျိုးထောင်ပေးခဲ့သော ဦးလေးနှင့်အဒေါ်ကို အလွန်ကျေးဇူးတင်မိသည်။ သူတို့က ဝမ်းကွဲများထက်ပင် သူ(မ)ကို သမီးအရင်းကဲ့သို့ ဆက်ဆံပေးခဲ့ကြသည်။
ဖူရင်းယွီက ပရဟိတအလှူရှင်တစ်ယောက်ကဲ့သို့ဖြစ်သည်။ သူ(မ)က တုံ့ဆိုင်းခြင်းမရှိပဲ အိမ်ကိုလစဥ်လတိုင်း ပိုက်ဆံပို့ပေးခဲ့သည်။ ဦးလေးနှင့်အဒေါ်ပင်လျှင်သုံးမကုန်နိုင်သည်အထိ ပို့ပေးခဲ့သည်။ သူတို့က ပိုက်ဆံမလိုကြောင်း ၊ သူ(မ)ကိုယ်တိုင်အတွက်ပဲ စုဆောင်းပြီးသုံးသင့်ကြောင်း မကြာမကြာဖုန်းဆက်ပြီးပြောတတ်သည်။
ဤအရွယ်မျှသာရှိသေးသော ဆွေ့ဆွေ့လေးအား ရုပ်ရှင်ရိုက်ပြီး ဝင်ငွေရှာခိုင်းသောကြောင့် ဆွေ့ဆွေ့၏မိခင်ကို မိခင်ကောင်းတစ်ဦးမဟုတ်ဟု ဖူရင်းယွီထင်ခဲ့မိသည်။ သို့သော်အခြေအနေအရပ်ရပ်ကိုသိလာရပြီးသည့်နောက်တွင် ဖုန်းယောက်ချင်းက ဆွေ့ဆွေ့ကို အလွန်ချစ်ကြောင်း သဘောပေါက်သွားသည်။
"ဆွေ့ဆွေ့...သမီးရဲ့ဖေဖေရော...ဘယ်လိုနေလဲ"။ ကလေးငယ်လေးက သူ(မ)၏ဖခင်ဖြစ်သူအကြောင်း တစ်ခေါက်မှ မပြောဖူးသောကြောင့် ဖူရင်းယွီ ရုတ်တရက်တွေးမိသွားသည်။
ကိတ်မုန့်စားနေသော ကုဆွေ့ဆွေ့၏လှုပ်ရှားမှုများ တစ်ခဏတာရပ်တန့်သွားခဲ့သည်။ မနေ့က သူ(မ)အမေပြောခဲ့သောစကားများကိုတွေးမိရင်း နှုတ်ခမ်းကို ဖိကိုက်လိုက်ကာ အသံတိုးတိုးလေးဖြင့်ပြောလာသည်။ "ဖေဖေက...ကောင်းကင်ဘုံကို....သွားလိုက်ပြီ....ပီးတော့သမီးလည်းသူ့ကိုမတွေ့ဖူးဘူး"။
ဆွေ့ဆွေ့ပြောသောစကားများကို ဖူရင်းယွီကြားလိုက်ရသောအခါ တစ်ခဏမျှတောင့်ခဲသွားသည်။ ထို့နောက် ဆွေ့ဆွေ့၏ခေါင်းကို ပွတ်သပ်ပေးရင်း နူးညံ့စွာပြောလိုက်သည်။ "သမီးရဲ့အဖေက ကောင်းကင်ဘုံမှာရှိနေရင်တောင်...သမီးနဲ့သမီးရဲ့မေမေကို အမြဲတမ်း ကောင်းချီးပေးနေလိမ့်မယ်လို့ မမထင်တယ်"။
ကုဆွေ့ဆွေ့က ရွှင်ရွှင်မြူးမြူးပြုံးလိုက်ကာ ယုံကြည်မှုရှိစွာနှင့် ပြောသည်။ "ဟုတ် သမီးလည်းအဲ့လိုပဲထင်ပါတယ်"။