Chapter 10
Viewers 2k

Chapter 10


လယ်ဗီ၏ စကားသံကို ကြားရပြီးနောက်တွင် မြင်းလှည်းသည် ခဏမျှ အရှေ့သို့ ရှေ့ဆက်သွားပြီးကာမှ ရပ်တန့်လေသည်။ ထိုအတောအတွင်း ယောလ်မှာတော့ ပြတင်းပေါက်မှ တစ်ဆင့် မျက်‌တောင်မခတ်တမ်း ကြည့်နေ၏။ သေသေသပ်သပ် ပြုပြင်ထားသော ဥယျာဉ်များနှင့် လှပတင့်တယ်သော ရုပ်တုများမှာ ကြည့်ရုံဖြင့်ပင် စိတ်ကို ဖမ်းစားနိုင်လေသည်။ အဆောက်အဦးများကို သူ ကြည့်ရင်းဖြင့် နိုင်ငံခြားသို့ ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။

 

မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် လှည့်ပတ်ကြည့်ရှုနေသော ယောလ်လေးသည် မြင်းလှည်းရပ်သည်နှင့် မိုက်ကီရယ်၏ ဂျာကင်အိတ်ကပ်ထဲသို့ ဝင်၍ ငြိမ်နေလေသည်။

 

သူ၏ စိတ်ထဲတွင် ရင်ဘတ်နေရာ၍ရှိသော အိတ်ကပ်ထဲတွင် ဝင်ချင်ခဲ့သော်လည်း ထိုနေရာသို့ တက်ရန် သူတွင် ယုံကြည်မှု မရှိခဲ့ပေ။

 

“အခု ဘာလုပ်နေတာလဲ”


“ကျွန်တော့်ခေါင်းကို ကိုင်ပြီး  သယ်သွားဖို့တောင် စဉ်းတောင်မစဉ်းစားနဲ့”

 

မိုက်ကီရယ်၏ မေးခွန်းကို ယောလ်က ပြတ်သားစွာ ပြန်ဖြေလိုက်သည်။

 

မှန်လေသည်။ ယောလ်တစ်ယောက် အလျင်အမြန် သူ့အိတ်ကပ်ထဲ ဝင်လိုက်ရသည့် အကြောင်းရင်းမှာ မိုက်ကီရယ်နှင့် လယ်ဗီတို့ သူ့ကို သယ်သွားသည့်ပုံစံကို မကြိုက်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူတို့ကို သယ်ဆောင်သွားနိုင်သည့် နည်းလမ်းရှာဖွေရန် သူက ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။

 

အိတ်ကပ်သည် ကျဉ်းနေသော်လည်း အတွင်းပိုင်းသည် သူ့နည်းသူ့ဟန်ဖြင့် သက်သောင့်သက်သာ ရှိနေသည်။ အရည်အသွေးမြင့်မားသော အထည်များကို သူ နှစ်သက်ပြီး အိတ်ကပ် အတွင်းပိုင်းသည် နူးညံ့ချောမွေ့လှသည်မှာ အမှန်ပင်ဖြစ်သည်။ အသက်ရှူရသည်မှာ အနည်းငယ် ခက်ခဲသောကြောင့် သူ ခေါင်းကို ထုတ်လိုက်လေ၏။

 

“မင်းခေါင်းကို ထည့်ထား”

 

“ဒါဆို ကြပ်မှာပေါ့ အ့!”


ယောလ်တစ်ယောက် စကားမဆုံးခင်မှာပင် မိုက်ကီရယ်သည် ယောလ်၏ ခေါင်းကို အတင်းဖိကာ သူ့အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်၏။ ယောက်လေးမှာ အော်ဟစ်ရုံသာ တတ်နိုင်လေသည်။

 

ယောလ်သည် နာကျင်မှုနှင့် ဒေါသတို့ဖြင့် ပြည့်နှက်နေသောကြောင့် သူ့အိတ်ကပ်အတွင်းပိုင်းအား ခြေထောက်ဖြင့် ကန်ကျောက်တော့သည်။ ယောလ်တစ်ယောက် အတွင်းမှ ပုန်ကန်မှု စတင်လိုက်သည်နှင့် အိတ်ကပ်မှာ လှုပ်သွား၏။

 

ဤသည်မှာ ယောလ်၏ အခြေအနေဖြစ်ပြီး မိုက်ကီရယ်မှာလည်း သိပ်မသာယာလှပေ။

 

အဘယ်ကြောင့်ဆိုသော် အိတ်ကပ်သည် ဖောင်းကြွနေပြီး ဝတုတ်နေသော ဂွမ်းရုပ်လေးမှာ အိတ်ကပ်ထဲသို့ ရောက်နေသောကြောင့်ပင်။ ဟုတ်သည်၊ သပ်ရပ်စွာ ဝတ်ဆင်ထားသော အဝတ်အစားများမှာလည်း ရှုပ်ပွနေခဲ့သည်။

 

မိုက်ကီရယ်သည် ဖောင်းကြွနေသော အိတ်ကပ်ကို မကျေမနပ်ဖြင့် ကြည့်လိုက်၏။

 

“သူ့ကို ကျွန်တော့် အိတ်ထဲ ထည့်လိုက်ရမလား”

 

လယ်ဗီသည် မိုက်ကီရယ် တွေးနေသည်ကို သတိထားမိ၍ ဦးစွာ မေးမြန်းလိုက်သည်။ သူ့ စကားကြောင့် မိုက်ကီရယ်သည် သူ့အိတ်ကပ်နှင့် လယ်ဗီကို တစ်လှည့်စီ ကြည့်လိုက်၏။

 

ဧကရာဇ်နန်းတော်ပတ်ဝန်းကျင်တွင် စကားတီးတိုးပြောမည့် လူအုပ်ကြီး ရှိနေမည်မှာ သေချာသည်။ ထိုအရာများသည် ပြဿနာမဟုတ်သော်လည်း မိုက်ကီရယ်အတွက် ထိုကဲ့သို့ တစ်ကိုယ်တည်း လှည့်ပတ်သွားလာခြင်းမှာ လက်ခံနိုင်စရာ မရှိပေ။

 

သို့သော် ထူးဆန်းစွာပင် ဤကဲ့သို့ ဖောင်းကြွနေသော အိတ်ကပ်ထဲတွင် ပိတ်မိနေသည့်အရုပ်ကလေးအား သူက အခြားလူကို ပေးလိုက်ချင်စိတ် မရှိပေ။ ထိုသူသည် လယ်ဗီဖြစ်နေလျှင်ပင်၊ လယ်ဗီကို သူ အမြဲတမ်း နှစ်သက်သော အမြင်ရှိခဲ့သည့်တိုင်အောင်ပင် မပေးချင်ခဲ့ချေ။

 

“ဟင့်အင်း၊ ရတယ်”

 

မိုက်ကီရယ်သည် လယ်ဗီ၏ ကမ်းလှမ်းမှုကို ပြတ်ပြတ်သားသား ငြင်းပယ်ပြီးနောက် လှည်းပေါ်မှ ဆင်းလာ၏။

 

ဧကရာဇ်နန်းတော်မှ အစေခံများသည် မိုက်ကီရယ်နှင့် လယ်ဗီတို့ကို ကြိုဆိုကြသည်။ မိုက်ကီရယ်တို့အား ယဉ်ကျေးစွာ နှုတ်ဆက်ပြီးနောက် သူတို့၏ ဦးခေါင်းများကို စောင်းငဲ့ကာ စူးစမ်းချင်စိတ်ပြည့်နေသော မျက်လုံးများဖြင့် မိုက်ကီရယ်၏ ဖောင်းကြွနေသော အိတ်ကပ်ကို ကြည့်လိုက်ကြသည်။  သို့သော် မိုက်ကီရယ်က ဂရုမစိုက်ဘဲ ရှေ့သို့ ဆက်လျှောက်သွား၏။

 

“ကျွန်တော် ထွက်ချင်တယ်၊ အသက်ရှူကြပ်နေပြီလို့”

 

ရှည်လျားသော ဝင်္ကပါလမ်းတစ်လျှောက် လျှောက်သွားရင်းဖြင့် သူ့အိတ်ကပ်ထဲတွင် တစ်စုံတစ်ခု လှုပ်ယွနေသည်ကို သူ ခံစားရသည်။ ပန်းရောင်ခေါင်းဝိုင်းဝိုင်းလေးတစ်ခုသည် အိတ်ကပ်ထဲမှ ထွက်လာ၏။ ကံကောင်းစွာပင် မိုက်ကီရယ်နောက်မှ လိုက်ပါလာသော နန်းတွင်းအစေခံများသည် အကွာအဝေးတစ်ခု ထားရှိသောကြောင့် ယောလ်အား ကြားနိုင်၊ မြင်နိုင်မည် မဟုတ်ပေ။

 

“သည်းခံလိုက်”

 

မိုက်ကီရယ်သည် ရှေ့တည့်တည့်သာ ကြည့်၍ တိုတောင်းသော အဖြေတစ်ခုကို ပေးပြီးနောက် ယောလ်၏ ခေါင်းကို သူ့အိတ်ကပ်ထဲသို့ ပြန်ထိုးထည့်လိုက်၏။


‘ဟင့်၊ နာတယ်၊ ကျွန်တော့်ကို အဲလို မထိုးထည့်ပါနဲ့’ ဟူသော ယောလ်၏ မကျေမချမ်း ငိုကြွေးသံကို ကြားရသော်လည်း သူက လျစ်လျူရှုရန် ကြိုးစားလိုက်သည်။

 

သူ့ကို အပြင်ထွက်ခွင့် ပေးလိုက်သင့်လား။

 

တစ်ခဏတော့ သူ နောင်တရခဲ့၏။ သို့သော် ဤသေးငယ်သည့် အရာလေးကို လွတ်မြောက်ခွင့်ပေးခဲ့လျှင် စိတ်ရှုပ်စရာ ဖြစ်လာပေလိမ့်မည်။ မိုက်ကီရယ်သည် သက်ပြင်းချကာ သူ့ခြေလှမ်းများကို အလျင်အမြန် လှမ်းလိုက်သည်။


စိတ်ပျက်စရာပဲ တကယ်လို့ ခင်ဗျား ဒီလိုပဲ ဆက်လုပ်နေမယ်ဆိုရင် ကျွန်တော့်ကို ထားခဲ့လိုက်တော့၊ နန်းတော်ကြီးကို လိုက်ပြပေးမယ် ထင်ထားတာကို။

 

သူ့အိတ်ကပ်ထဲတွင် ပိတ်မိနေသော ယောလ်သည် သူ့ရင်ထဲမှ တီးတိုးပြောလိုက်သည်။

 

သူသည် ယခင်က ဗီရိုထဲတွင် ပိတ်မိစဉ်ကဲ့သို့ အသက်ရှူမကြပ်တော့သော်လည်း အတော်လေးတော့ ကြပ်သပ်နေဆဲပင်။

 

အဘယ်ကြောင့်ဆိုသော် အိတ်ကပ်များသည် ဗီရိုများထက် ပိုမိုကျဉ်းမြောင်းသောကြောင့် ဖြစ်သည်။ သူ၏ ခေါင်းကို အိတ်ကပ်ထဲတွင် ထည့်ထားနိုင်ရန် သူ ကုန်းကွကွ နေ,နေရသည်။ သူ ခေါင်းကိုသာ ထုတ်ထားနိုင်ခဲ့လျှင် အနည်းငယ် သက်သာမည်ဖြစ်သော်လည်း မိုက်ကီရယ်က သူ့ကို ခွင့်မပြုပေ။

 

ဒီလိုဖြစ်မှာဆိုရင် ဘာလို့ ငါ့ကို ခေါ်လာတာလဲ ဘာလို့လဲလို့။

 

ယနေ့သည် ယောလ်တစ်ယောက် ပြော၍မရသော စကားများဖြင့် အသက်ရှူပြင်းပြင်း ရှိုက်ပြီး စိတ်ဆိုးနေရသည့် နောက်ထပ်တစ်ရက်ပင် ဖြစ်သည်။ မိုက်ကီရယ်သည် ခဏတာ လမ်းလျှောက်နေသည်ကို သူ ခံစားရပြီးနောက် ရပ်တန့်သွား၏။

 

ဘာတွေဖြစ်သည်လဲဟု သိချင်စိတ်ဖြင့် သူ ခေါင်းကို ထုတ်ကြည့်ရန် ကြိုးစားသော်လည်း မိုက်ကီရယ်က သူ့ထက် ပိုမြန်သည်။ သူသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် ယောလ်၏ ခေါင်းကို အတွင်းသို့ ထိုးထည့်လိုက်၏။

 

ထိုအတောအတွင်း မိုက်ကီရယ်သည် နန်းဆောင်ထဲသို့ ရောက်ရှိလာသည်။ သူသည် အလျင်အမြန်ပင် နန်းဆောင်ထဲသို့ ဝင်ရောက်လာသည်နှင့် ဧကရာဇ်က မိုက်ကီရယ်အား နှုတ်ဆက်၏။

 

“ကြာပြီ မြို့စားမင်း အိုလော့ဗ် အဝေးကြီးကနေ လာရတာပဲ”

 

“မိုက်ကီရယ် အိုလော့ဗ်၊ ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်”

 

မိုက်ကီရယ်၏ နှုတ်ဆက်စကားတွင် ဧကရာဇ်က နန်းဆောင်ထဲရှိ မလိုအပ်သော အစေခံများကို လက်ဟန်ပြလိုက်သည်။ အစေခံများသည် ဤကဲ့သို့ အရာများတွင် ကျွမ်းကျင်ပြီးသားဖြစ်သောကြောင့် ဧကရာဇ်ခန်းမမှ ချက်ချင်း ထွက်ခွာသွားကြသည်။

 

မျက်နှာ‌သေနှင့် သိမ်မွေ့လေးနက်သော ကိုယ်ဟန်ဖြင့် ပလ္လင်ကို ထိန်းသိမ်းနေရသော  ဧကရာဇ်သည် အစေခံများ ထွက်သွားသည်နှင့် ပလ္လင်၏ လက်တင်ခုံများကို မှီလိုက်၏။

 

“အိုး၊ ဒါမျိုး မလုပ်နိုင်တော့ဘူး  ငါ မလုပ်ချင်ဘူး၊ ဧကရာဇ်ဖြစ်ရတာ တော်တော်ပင်ပန်းနေပြီ”

 

နံပါတ်လေး မင်းသား အန်ဒရီ အယ်ဘာရိုဗာ သည် ဝေဒီဖီယာအင်ပါယာ၏ ဧကရာဇ်ဖြစ်ပြီး မွေးကတည်းက ဧကရာဇ်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။ သူသည် ထိုရာထူးနှင့် မသင့်လျော်သော်လည်း သူ၏ မျိုးရိုးကြောင့် ထိုသို့ လုပ်ဆောင်ရန် အတင်းအကြပ် ခိုင်းစေခံရခြင်း ဖြစ်သည်။

 

အမှန်ပင်ဖြစ်သည်။ ဤအချက်ကို လျှို့ဝှက်ထားသောကြောင့် လူနည်းစုသာ သိရှိခဲ့၏။

 

“မင်း ထပ်ပြောပြန်ပြီ”

 

သူတို့ထဲမှ တစ်ဦးမှာ မိုက်ကီရယ်ပင်။

 

မိုက်ကီရယ်သည် ငြီးငွေ့နေသကဲ့သို့ မျက်မှောင်ကြုတ်လိုက်၏။ အိုလော့ဗ်မိသားစုသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဧကရာဇ်မိသားစုနှင့် အနီးကပ် ဆက်သွယ်မှုရှိခဲ့သည်။ ထို့ကြောင့် သူသည် အန်ဒရီ၏ မကျေနပ်ချက်များကို ပုံမှန် နားထောင်သူ ဖြစ်လာခဲ့သည်။

 

သူတို့၏ ဆက်ဆံရေးသည် အချိန်အတော်ကြာကတည်းက ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။

 

လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်က အယ်ဘာရိုဗာမိသားစုသည် ပလ္လင်ကို လိုချင်တပ်မက်ကာ ရန်သူ ဝေဒီဖီယာကို အနိုင်ယူခဲ့သည့်အချိန်တွင် သူတို့အား အင်အားပေးခဲ့သည်မှာ အိုလော့ဗ်မိသားစုပင် ဖြစ်၏။

 

မှန်သည်။ ထိုစဉ်က ဧကရာဇ် ဆာဂယ် ဝေဒီဖီယာသည် အလွန်ရိုင်းစိုင်းသူ ဖြစ်ပြီး အိမ်ထောင်ကွဲမှုများစွာနှင့် ပြန်လည်လက်ထပ်မှုများစွာကြောင့် တရားရုံးတွင် ဧကရီဘုရင်မငါးဦးမျှ ရှိခဲ့သည်။ သူ၏ ကိုယ်လုပ်တော်များမှာလည်း အရေအတွက် နှစ်ဆယ်နီးပါး ရှိခဲ့သည်။ ထို့ကြောင့် ငယ်စဉ်ကတည်းက သူ၏ သားသမီးမြေးမြစ်များသည် ပလ္လင်အတွက် တိုက်ခိုက်ခဲ့ကြပြီး နိုင်ငံ၏ အငွေ့အသက်ကို ထိခိုက်စေခဲ့သည်။

 

ဧကရာဇ်သည် လူယုတ်မာတစ်ဦးဖြစ်သော်လည်း ဧကရာဇ်မိသားစုအပေါ် တော်ဝင်ပြည်သူလူထု၏ မကျေနပ်ချက်သည် ပလ္လင်ကို ပုန်ကန်မှုဖြင့် ရရှိခဲ့ခြင်းကြောင့် အတော်လေး ပြင်းထန်ခဲ့၏။

 

အိုလော့ဗ်မိသားစု၏ ဂုဏ်သတင်းကြောင့် ဖြစ်သည်။ သူတို့သည် အိမ်နီးချင်းနိုင်ငံများကို လက်အောက်ခံစေရန် ပြုလုပ်ခြင်းနှင့် ဝေဒီဖီယာကို ကြီးမားသော အင်ပါယာတစ်ခုအဖြစ် စည်းလုံးခြင်းတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

 

အိုလော့ဗ်မိသားစုသည် တိုင်းတစ်ပါးကျူးကျော်မှုများကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် အနိုင်ယူရာတွင် ရှေ့တန်းမှ ဦးဆောင်ခဲ့သောကြောင့် အင်ပါယာပြည်သူများမှ ကောင်းစွာ အသိအမှတ်ပြုသော မင်းမျိုးမင်းနွယ်မိသားစု အနည်းငယ်ထဲရှိ တစ်ခု ဖြစ်သည်။

 

ထိုသူများက အယ်ဘာရိုဗာ ကို ထောက်ခံသောကြောင့် အင်ပါယာပြည်သူများသည် သူတို့ကို လက်ခံနိုင်ခဲ့သည်။

 

ထိုအချိန်က အိုလော့ဗ်မိသားစု၏ သဘောထားမှာ နိုင်ငံ၏ နာမည်ကို ယခင် ဝေဒီဖီယာကို လေးစားသောအားဖြင့် ထိန်းသိမ်းထားသင့်သည်ဟုလည်း ယုံကြည်ခဲ့ကြသည်။

 

ဤအချက်ကြောင့် အင်ပါယာပြည်သူများသည် လျင်မြန်စွာ တည်ငြိမ်လာခဲ့ပြီး ဧကရာဇ်မိသားစုသည် ပလ္လင်ကို ခိုင်မာစွာ ကာကွယ်နိုင်ခဲ့သည်။


“မင်းပဲ ဧကရာဇ်ဖြစ်လိုက်လို့ မရဘူးလား ဟမ်”

 

“မင်း အဓိပ္ပာယ်မရှိတာတွေ သိပ်ပြောတာပဲ”

 

“ငါ တကယ် ပြောတာနေတာ”

 

“ဒါဆို ငါက ပိုတောင် မလိုချင်တော့ဘူး”

 

မိုက်ကီရယ်သည် အန်ဒရီ၏ စကားများကြားသည်နှင့် မျက်မှောင်ကြုတ်လိုက်သည်။

 

သို့သော်လည်း အန်ဒရီသည် ပြည်တွင်းပြည်ပ နှစ်ခုလုံးတွင် အတော်လေး လေးစားခံရသော ဧကရာဇ်တစ်ပါးဖြစ်၏။ မိုက်ကီရယ်မှာ သူ မလိုချင်ဘူးဟု ပြောခဲ့သော်လည်း အလုပ်ကောင်းကောင်းလုပ်နေသော ဧကရာဇ်တစ်ပါးကို နှင်ထုတ်ရန် စိတ်ကူးမရှိခဲ့ဘဲ ပလ္လင်ကို တက်ရန် ဆန္ဒလည်း မရှိခဲ့ပေ။

 

“လယ်ဗီ၊ မင်းရော လယ်ဗီ၊ ဧကရာဇ်ရဲ့ လက်ထောက်ဖြစ်ရတာ မြို့စားမင်းရဲ့ လက်ထောက်ဖြစ်ရတာထက် ပိုကောင်းမယ်လို့ မထင်ဘူးလား၊ လယ်ဗီရယ် သူ့ကို စည်းရုံးကြည့်ပါဦး”

 

“ကမ်းလှမ်းလို့ ကျေးဇူးတင်ပါတယ်ဗျ၊ အချိန်ပို အလုပ်မရှိတဲ့ ဘဝကို ကျွန်တော် ပိုကြိုက်ပါတယ်၊ ကျွန်တော် အခုလည်း အလုပ်များသင့်သလောက်များနေပါပြီ၊ ဧကရာဇ်မိသားစုရဲ့ လက်ထောက်ဖြစ်လာရင် ပိုပြီးတော့တောင် အလုပ်များလာမှာ မဟုတ်ဘူးလား”

 

“ဘယ်လောက်တောင် အသဲမာရတာလဲ”


အန်ဒရီသည် လယ်ဗီ၏ အေးစက်သော အဖြေကို ကြောင့် မျက်မှောင်ကြုတ်လိုက်၏။ သူသည် လွယ်လွယ်နှင့် အရှုံးပေးတတ်သည့် လူစားမျိုး မဟုတ်ပေ။ အန်ဒရီသည် အကြိမ်ပေါင်းများစွာ ငြင်းပယ်ခံရပြီးနောက်တွင် တူညီသော ကမ်းလှမ်းချက်ကို အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။

 

“ဒါဆို အဲလူကို ထားခဲ့ပြီး ငါ့ဆီ လာခဲ့၊ လယ်ဗီလို ပါရမီရှင်တစ်ယောက် ဧကရာဇ်မိသားစုနဲ့ ပူးပေါင်းရင် ငါ နည်းနည်းတော့ ပိုသက်သာ လာလိမ့်မယ်၊ မင်းကို သူ ဘယ်လောက် ပေးလဲ ငါ သူ့ထပ် နှစ်ဆ တိုးပေးနိုင်တယ်”

 

“ကျွန်တော် ငြင်းပါတယ်၊ ဧကရာဇ်မိသားစုက မြို့စားမင်း ရဲ့ အိမ်တော်ထက် နှစ်ဆ အလုပ်များတယ်ဆိုတာ ကျွန်တော် သိပြီးသားပါ”

 

“ကျစ်!”

 

ပြတ်သားသော ငြင်းဆိုချက်တွင် အန်ဒရီသည် နောင်တဖြင့် ကျစ်တစ်ချက် သပ်လိုက်၏။ ပြီးနောက် သူသည် တစ်စုံတစ်ခုကို သတိထားမိပြီး သူ့မျက်လုံးများ ပြူးကျယ်လာသည်။ ထို့နောက် ခဏအကြာတွင် ခရမ်းရောင် မျက်လုံးများမှာ ကွေးညွှတ်ကာ ရယ်မောလိုက်လေ၏။

 

“ဟားဟားဟား၊ မိုက်ကီရယ် အဲဒါ ဘာကြီးလဲ၊ မင်း အိတ်ကပ်ထဲမှာ ဘာတွေ သယ်လာတာလဲ ဟားဟားဟား”

 

အန်ဒရီသည် ထူးဆန်းစွာဖြင့် ဖောင်းကြွနေသော အိတ်ကပ်နှင့် အတွင်းမှ ပန်းရောင် အဝတ်စကို မြင်ပြီးနောက် ခပ်ဖြေးဖြေး ရယ်မောလိုက်သည်။

 

လူတစ်ယောက်မှာ ဂျာကင်အိတ်ကပ်ထဲတွင် ထိုကဲ့သို့ အရာတစ်ခုကို သယ်ဆောင်လာသည်ကို သူ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်ဖြစ်သည်။ ထို့မျှ မက,သေး သယ်လာသူမှာ မိုက်ကီရယ်ဖြစ်သည်။ အိတ်ကပ်မှာ ဖောင်းကြွနေရုံ မဟုတ်ဘဲ ပေါက်ထွက်လုနီးပါး ဖြစ်နေ၏။

 

“ဘာကြီးလဲ၊ ရှဉ့်တစ်ကောင်က ဝက်သစ်ချသီးကို ကိုင်ထားသလိုပဲ”

 

“အပြင် ထွက်ဖို့ တွေးတောင် မတွေးနဲ့နော်”

 

အန်ဒရီ၏ စကားအဆုံးတွင် မိုက်ကီရယ်၏ အိတ်ကပ်မှာ ရွေ့လျားသွား၏။ အန်ဒရီ၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီ တအံ့တဩဖြစ်နေကာ မိုက်ကီရယ်သည် သူ့အိတ်ကပ်ထဲရှိ ယောလ်ကို ဆူပူနေ၏။ ထိုမျှ မက,သေးဘဲ သူသည် အနည်းငယ် ပေါ်နေသော ပန်းရောင်အဝတ်စလေးကို ထပ်ဖိထည့်လိုက်သည်။

 

မိုက်ကီရယ်၏ ထူးဆန်းသော ပုံစံကို မြင်သောအခါ ပုံမှန် မိုက်ကီရယ်ကိုသာ သိသော အန်ဒရီသည် သူ့ခေါင်းကို စောင်းလိုက်သည်။

 

ထိုအချိန်တွင် သူ့အိတ်ကပ်များ ပြင်းထန်စွာ လှုပ်ယမ်းသွားပြီး အထဲမှ ပန်းရောင်ခေါင်းလေးတစ်လုံး ထွက်လာ၏။

 

“ကြပ်လွန်းလို့ သေတော့မှာပဲ!”

 

အော်ဟစ်သံ ထွက်သည်နှင့် တစ်ပြိုင်နက်တည်း….။