Chapter 11
အချိန်တွေဟာ တစ်ခဏတာ ရပ်တန့်သွားသယောင်ပင်။
လယ်ဗီခေါင်းခါ၏။ အန်ဒရီက ယောလ်ကို ပါးစပ်အဟောင်းသား၊ အံ့အားသင့်နေသော မျက်လုံးများဖြင့် စိုက်ကြည့်၏။ မိုက်ကီရယ်ကတော့ သက်ပြင်းချရင်း မျက်လုံးကို မှိတ်လိုက်သည်။
လူသုံးယောက်ကို အမျိုးမျိုး အံ့အားသင့်စေခဲ့သော ယောလ်လေးကတော့ လတ်ဆတ်သော လေကောင်းလေသန့်ကို ရှူရှိုက်ရင်း အလုပ်များနေခဲ့သည်။
လုံလောက်သော လေကောင်းလေသန့်ကို ရှူပြီးသည့်နောက် ယောလ်က သူ့ရဲ့ဝိုင်းစက်စက် မျက်လုံးလေးတွေကို လှန်ကြည့်ပြီး အခြေအနေကို သဘောပေါက်ရန် ကြိုးစားလိုက်သည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုပလ္လင်ပေါ်မှာ ထိုင်နေသော ဆံပင်ရွှေရောင်လူကြီးဟာ ဧကရာဇ် ဖြစ်ရမည်ပင်။ ကံကောင်းထောက်မစွာဘဲ အခြားသူတစ်ယောက်မျှ ရှိမနေခဲ့။
မိုက်ကီရယ်ကတော့ တခြားလူတွေက သူ့ကို နာနာဘာဝလို့ ထင်သွားမှာစိုးလို့ တိတ်တိတ်နေဖို့ ပြောထားခဲ့တာပင်။ ဒါပေမဲ့ အသက်ရှူကျပ်ပြီး သေတော့မတတ် ဖြစ်နေတာကို သူ ဘာလုပ်နိုင်မှာလဲ? ဒီလိုသာဆိုရင် ယောလ်က မိုက်ကီရယ်ကို အစကတည်းက သူ့ကို ခေါ်မလာခဲ့ရင် သို့မဟုတ် လှည်းထဲမှာပဲ အနားယူခွင့်ပေးခဲ့ရင် ပိုကောင်းလိမ့်မည်ဟု တွေးမိသည်။ သူ့ကို ဘာလို့ ဒီလိုခေါ်လာပြီး ဒုက္ခပေးရတာလဲ?
မိုက်ကီရယ်သာ သူ့ကို အစကတည်းက အပြင်မခေါ်လာခဲ့လျှင် ဒီလိုတွေ ဖြစ်လာခဲ့မည်မဟုတ်ချေ။
ယောလ်က မိုက်ကီရယ်ကို မကျေနပ်သော မျက်လုံးများဖြင့် ကြည့်၏။ ပြီးနောက် အံ့သြခြင်းများဆိုးထားသော ခရမ်းရောင်မျက်လုံးများကို ကြည့်ရင်း ရှက်ကိုးရှက်ကန်းဖြစ်စွာ ပြုံးလိုက်သည်။
“ဟားဟား၊ ဟဲလို….အဲ… မဟုတ်ပါဘူး၊ ကျွန်တော်ဆိုလိုတာက၊ ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်လို့ ပြောတာပါ?!”
ပေါ့ပေါ့တန်တန် နှုတ်ဆက်လိုက်သော ယောလ်သည် နောက်တစ်ယောက်က ဧကရာဇ်ဖြစ်ကြောင်း သတိရသွားသည်။
မိုက်ကီရယ် အရင်က သင်ပေးထားသော နှုတ်ဆက်ပုံကို အတုခိုးလိုက်၏။ သူ၏ဝိုင်းစက်သော ခေါင်းကို နှုတ်ဆက်ရန် ငုံ့လိုက်စဉ်၊ သူ၏ခေါင်းမှာ ကိုယ်ခန္ဓာနှင့်စာလျှင် လေးလံလွန်းနေသည်မို့ ရှေ့သို့ငိုက်ကာ ကြမ်းပြင်ပေါ်သို့ ပြိုကျတော့မလို ဖြစ်သွား၏။ ယောလ်တစ်ယောက် ကြောက်လန့်တကြား မိုက်ကီရယ်၏ ဂျာကင်ကို အားကုန်ဆွဲလိုက်သည်။
“အီး၊ အီး၊ ကျွန်တော် သေတော့မယ်လို့တောင် ထင်နေတာ”
မိုက်ကီရယ်ရဲ့ ဂျာကင်အစွန်းကို အသက်ကယ်ကြိုးသဖွယ် တင်းတင်းဆုပ်ကိုင်ထားသော ယောလ်သည် သက်ပြင်းချပြီး သက်သာရာရသွားပုံပင်။ ပြဿနာကတော့ ဒီအဝတ်အစားဟာ အရမ်းပျော့ပျောင်းသော ဖဲသားနဲ့ လုပ်ထားသည်မို့ ယောလ်ရဲ့လက်ကလည်း ပျော့ပျောင်းနေသည်မို့ သူ ဘယ်လောက်ပဲ တင်းတင်းဆုပ်ကိုင်ပါစေ ချောမွေ့စွာ ချော်ထွက်သွားတော့သည်။
“မိုက်ကီရယ်၊ ကျွန်တော့်ကို ချီ!”
နောက်ဆုံးတော့ ယောလ်က မိုက်ကီရယ်ကို အကူအညီတောင်းလိုက်တော့သည်။
မိုက်ကီရယ်သည် မျက်လုံးနီနီများဖြင့် ဤအရာအားလုံးကို ကြည့်နေခဲ့သူဖြစ်၏။ တိကျစွာပြောရလျှင် သူ နက်ရှိုင်းသော သက်ပြင်းတစ်ချက်ချလိုက်သည်။ သူ့စကားကို နားမထောင်သော ပြဿနာရှာသည့် ဂွမ်းရုပ်လေးကြောင့်ပင်။
“ပြုတ်ကျလိုက်လေ”
“အဲ? ဘယ်လို အဲ့လိုပြောတာလဲ၊ အူဝါး! ကျွန်တော် ချော်ကျတော့မယ် ကျွန်တော် ချော်ကျတော့မယ်!”
မိုက်ကီရယ်၏ အေးစက်သော စကားများကို ကန့်ကွက်တော့မည့် ယောလ်သည် ချော်ကျကာ ကြမ်းပြင်ပေါ်သို့ ကျသွား၏။ မိုက်ကယ်၏ ဂျာကင်အစွန်းသည် သူ၏လက်မှ လျှောကျသွားသောကြောင့်ပင်။ မိုက်ကီရယ်သည် အရပ်ရှည်လွန်းသည်မို့ ယောလ်၏အမြင်တွင် ဝေးလံသော မိုးမျှော်တိုက်မြင့်မှ ပြုတ်ကျသည်နှင့် မကွာပင်။
ဒုန်း!
အရုပ်လေး ပြုတ်ကျသွားပြီး ကြမ်းပြင်ပေါ်သို့ ကန်ထွက်လာ၏။
သေခြင်းတရား၏ အသံနှင့်အတူ ပြုတ်ကျခဲ့သည်ဟု ထင်ရသလောက်တော့ နာကျင်ခြင်း မရှိခဲ့။ ယောလ်က သူ့မျက်နှာကို မော့ကြည့်ပြီး ခေါင်းကို စောင်းလိုက်သည်။
ဘာလဲ တကယ်မနာဘူးလား? ဂွမ်းနဲ့လုပ်ထားလို့လား?
“ကျွန်တော့်ကို နည်းနည်းကူညီပါဦး၊ ခင်ဗျားက တကယ် ယုတ်မာတဲ့လူပဲ!”
သူ၏ ကိုယ်ခန္ဓာက အဆင်ပြေခဲ့သော်လည်း သူ၏နှလုံးသားကတော့ ပြင်းထန်စွာ ဒဏ်ရာရခဲ့၏။ သစ္စာဖောက်မှု သို့မဟုတ် မကျေနပ်မှုဟု ခေါ်သင့်လား။ သူ သူ့ကို ဖမ်းပေးရန် တောင်းပန်ခဲ့သော်လည်း သူက မကူညီခဲ့ပေ။ မိုက်ကီရယ်သာ တကယ့်ကို ဆိုးရွားသောလူပင်။ ယောလ်က မိုက်ကီရယ်ကို မော့ကြည့်ရင်း မောဟိုက်နေခဲ့သည်။
“မိုက်ကီရယ်”
“...အင်း”
“မင်း ဒီရက်ပိုင်းမှ အမှောင်မှော်ပညာထဲ ရောက်သွားတာလား”
အန်ဒရီ၏ မေးခွန်းကြောင့် မိုက်ကီရယ် ပါးစပ်တင်းတင်းစေ့လိုက်သည်။
ဒီလို ဖြစ်လာမယ်ဆိုတာ သူ သိပြီးသားပင်။ လူတွေက သူ့ကို ဘယ်လို တုံ့ပြန်မယ်ဆိုတာ ထင်ရှားလှသည်။ သူ့ကိုယ်သူဆိုလျှင် လူအများစုက သူ့ထဲမှာ နာနာဘာဝ ရှိသည်ဟု ထင်ကြလိမ့်မည်။ ကောင်းမွန်သော မှော်နက်ပင်ဖြစ်သော်လည်း အဓိပ္ပာယ်ကတော့ အတူတူပင်။
“စိတ်မပူပါနဲ့ လုံးဝ မဟုတ်ဘူး”
“ဒါဆို အဲ့ဒါ ဘာကြီးလဲ”
“...အရုပ်တစ်ရုပ်”
“အာညော် ကျွန်တော့်နာမည် ဘတ်ယောလ်ပါ။ ယောလ်ပါနော် မိုက်ကယ်ကတော့ ကျွန်တော့်ကို ယူရီလို့ခေါ်တယ်၊ အရှင်မင်းကြီးကတော့ ဘာပဲခေါ်ခေါ် ကြိုက်သလို ခေါ်လို့ရပါတယ်ဗျ”
အန်ဒရီ၏ မေးခွန်းကို မိုက်ကီရယ်က အရုပ်တစ်ရုပ်ဟု ပြန်ဖြေလိုက်သော်လည်း သူက အနည်းဆုံး မေးခွန်းများစွာ ကျန်နေဦးမည်ကို သိထားသည်။
ဤအတောအတွင်း ယောလ်သည် သူ့ကို မေးမြန်းခြင်း မရှိဘဲ သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
“အင်း၊ ဘယ်လိုပဲကြည့်ကြည့်၊ ဒီအရုပ်ကို မီးရှို့သင့်တယ်လို့ ငါထင်တယ်”
“အင့်၊ မိုက်ကီရယ်၊ မိုက်ကီရယ်လို့၊ ဟင့်အင်းလို့ ပြောလိုက်၊ မြန်မြန်”
ယောလ်၏ ယုံကြည်အားကိုးရာ
အန်ဒရီ၏ စကားများကြောင့် ယောလ်တစ်ယောက် ထိတ်လန့်သွားပြီး မိုက်ကီရယ်၏ ဘောင်းဘီနောက်တွင် ပုန်းကွယ်လိုက်သည်။
အစောပိုင်းက သူ့ကို မြေပြင်ပေါ်သို့ ပြုတ်ကျစေခဲ့သော ကမ္ဘာပေါ်တွင် အဆိုးဆုံးလူကြီးဖြစ်သော်လည်း ဤအခြေအနေတွင် သူ ယုံကြည်အားကိုးနိုင်သည့် တစ်ဦးတည်းသောလူက မိုက်ကီရယ်သာ ဖြစ်သည်။
“...သံသယတော့ ဖြစ်စရာပဲ ဒါပေမဲ့ ဆိုးတဲ့ အရုပ်တော့ မဟုတ်ပါဘူး၊ အန္တရာယ်လည်း မရှိပါဘူး”
မှန်တယ်၊ ကောင်းတယ်! တော်လှချည်လား!
မိုက်ကီရယ်ကို ကာကွယ်ပေးသည့်အတွက် ယောလ်က သူ့နှလုံးသားထဲမှ အားသွန်ခွန်စိုက် ထောက်ခံခဲ့သည်။
ယောလ်က မိုက်ကီရယ်၏ ခြေထောက်နောက်မှ သူ့မျက်နှာကို ချောင်းကြည့်ပြီး ဧကရာဇ်၏ ခရမ်းရောင်မျက်လုံးများကို ကြည့်လိုက်သည်။ နက်နဲသော သံသယများ ရှိနေသေးသော်လည်း အရင်ကလို သတိထားမိပုံမရတော့။
“ပထမဦးဆုံးအနေနဲ့ ကောင်းပြီ၊ မင်းက ဒီလိုပြောတယ်ဆိုရင်တော့လည်း အင်းပေါ့ နောက်မှ နတ်ဆိုးနှင်တဲ့သူ တကယ်လိုအပ်လာရင် ပြောနော် ပုပ်ရဟန်းမင်းကြီးကို ပြောပြီး အသုံးဝင်တဲ့ နတ်ဆိုးနှင်တဲ့သူတစ်ယောက်ကို ပို့ပေးလိုက်မယ်”
“ဟုတ်ပြီ”
ခင်ဗျား ဘာသိတာမို့လို့လဲ!
ယောလ်သည် ‘နတ်ဆိုးနှင်’ ဟူသော စကားလုံးကြောင့် ထိတ်လန့်သွား၏။ သူ ဘယ်လောက်ပဲ သံသယဖြစ်ဖွယ် ကြည့်ပါစေ၊ သူသည် အရေးမပါသော ဂွမ်းရုပ်လေးတစ်ရုပ်မျှသာ ဖြစ်သော်လည်း သူ့ကို နာနာဘာဝမောင်းထုတ်နိုင်သည်ဟု တွေးမိသည်မှာ များလွန်းလှသည်ပင်။
ဟုတ်ပါတယ်၊ တကယ့် အန်နာဘဲလ် အရုပ်ကလည်း သာမန်ရုပ်လေးပါပဲ၊ ဒါပေမယ့် သူမနဲ့ ငါက အခြေခံအားဖြင့် ကွဲပြားပါတယ်။ သူမက တကယ့်ကို နတ်ဆိုးပူးတဲ့ကလေး! ငါက လူတစ်ယောက်လေ!
သို့သော် ယောလ်သည် သူ့ပြိုင်ဘက်များမှာ ဧကရာဇ်နှင့် မြို့စားမင်း တို့ဖြစ်သည်မို့ မကျေမနပ်ဖြစ်၍မရဘဲ သူတို့ကို ပြင်းထန်စွာ စိုက်ကြည့်ရုံသာ တတ်နိုင်ခဲ့သည်။
အန်ဒရီက ထိုဂွမ်းရုပ်လေး သူ့ကို အားကုန်စိုက်ကြည့်နေသည်ကို မြင်သည်နှင့် တပြိုင်နက် ရယ်မောလိုက်၏။
သူကတော့ သံသယများ ရှိနေသေးပြီး နတ်ဆိုးနှင်သူကို ချက်ချင်းခေါ်ကာ နတ်ဆိုးနှင်ခြင်း အခမ်းအနားကို ဆောင်ရွက်ချင်နေခဲ့သည်။ သို့သော် ပုံပန်းသဏ္ဍာန်ကိုယ်တိုင်က အလွန်အမင်း သာမန်ဖြစ်နေသည်မို့ပင်။
ထိုကဲ့သို့သော အရုပ်ထဲတွင် နာနာဘာဝရှိနေလျှင် မည်မျှအန္တရာယ်ရှိမည်ကို သူ တွေးမိခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူက အရင်ကထက် စိုးရိမ်စိတ် နည်းသွားခဲ့သည်။
“ဒါဆို ဒီရက်ပိုင်း မြို့စားကြီး အိုလော့ဗ်က အရုပ်တွေနဲ့ ပျော်ပျော်ပါးပါး ကစားနေတယ်ပေါ့?”
“ဘာကို ပျော်စရာကောင်းတာလဲ၊ တော်တော် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတာ”
ဘာပြောလိုက်တယ်!
မိုက်ကီရယ်၏ စကားများကို ကြားသည်နှင့် ယောလ်က ချက်ချင်း မျက်မှောင်ကျုံ့လိုက်ပြီး မိုက်ကီရယ်၏ မျက်နှာကို စိုက်ကြည့်၏။ ယောလ်၏ မျက်လုံးအဆင့်တွင် သူ့လည်ပင်းက အကြီးအကျယ် ကုန်းနေရပြီး ခေါင်းက မော့နေရသည်မို့ ထိုအခြေအနေလည်း ကြာကြာမခံခဲ့။
ယောလ် ဘာတွေ တွေးနေလဲဆိုတာကို သူ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ မိုက်ကီရယ်သည် မကျေနပ်စွာ ခေါင်းခါလိုက်၏။ ထို့အပြင် သူက ဂွမ်းကြောင့် ပါးဖောင်းနေပြီးသားဖြစ်သည်မို့ သူ့ပါးပြင်များ ပိုမို ဖောင်းကြွလာသည်ကို တွေ့လိုက်ရသောအခါ အပေါ်မှသာ မြင်ရတော့သည်။
“ကောင်းပါပြီ၊ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းသော အခြေအနေပါပဲ”
“ဘာကောင်းတာလဲ”
သူတို့နှစ်ယောက်ကို တိတ်ဆိတ်စွာ ကြည့်နေသော အန်ဒရီသည် ရယ်မောလိုက်ပြီး မိုက်ကီရယ်က မျက်ခုံးပင့်လိုက်၏။ သူ့ရဲ့ ကြာရှည်သော အတွေ့အကြုံအရ အန်ဒရေရဲ့ ‘ကောင်းသော အခြေအနေ’ ဆိုတာ သူ့အတွက် ဘာကောင်းကျိုးမှ မရှိခဲ့ပေ။
“အိုင်းဇက်၊ ယူလာခဲ့”
“ဟုတ်ကဲ့၊ အရှင်မင်းကြီး”
အန်ဒရီက သူ့ရဲ့ အစောင့်အရှောက်သူရဲကောင်း အိုင်းဇက်ကို ခေါ်လိုက်သောအခါ အိုင်းဇက်က တစ်နေရာကနေ အဖြေပေးလိုက်၏။ သူက ဧကရာဇ်ရဲ့ သီးသန့်အစောင့်အရှောက်ဖြစ်တာကြောင့် သူ့ကို မမြင်နိုင်အောင် ပုန်းနေတာ ဖြစ်နိုင်ပါသည်ဟု တွေးမိသည်။
ယောလ်က သူ့ကိုယ်သူ အပါအဝင် လူသုံးယောက်သာ ရှိသည်ဟု ထင်ထားခဲ့သော်လည်း တစ်နေရာကနေ အဖြေပေးလာတာကို ကြားတော့ ထိတ်လန့်သွားခဲ့၏။
မိုက်ကီရယ်နှင့် လယ်ဗီတို့သည် ဒီလိုအခြေအနေမျိုးကို ရင်းနှီးပြီးသားဖြစ်သည်မို့ အိုင်းဇက်ရဲ့ အဖြေကို ဂရုမစိုက်ခဲ့ပေ။ သို့သော် အန်ဒရီရဲ့ ‘ယူခဲ့’ ဆိုတဲ့ စကားက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။
ဘာကြောင့်မှန်းမသိ၊ သူက ယူလာခိုင်းတဲ့အရာဟာ အလွန် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပြီး ပြဿနာရှာစရာကောင်းတဲ့ အရာတစ်ခု ဖြစ်လိမ့်မယ်လို့ တွေးမိခဲ့သည်။
“အဆင်သင့်ဖြစ်ပါပြီ”
အိုင်းဇက်က လှည်းငယ်လေးတစ်စီးကို တွန်းလာရင်း ပေါ်လာသည်။ လှည်းပေါ်မှာ လက်ဝတ်ရတနာပုံးကြီးတစ်ပုံးကို တင်ထား၏။
မိုက်ကီရယ်သည် လက်ဝတ်ရတနာပုံးကို မအီမသာကြည့်၏။ လယ်ဗီ၏ အစိမ်းရောင်မျက်လုံးများတွင် စူးစမ်းလိုစိတ် အနည်းငယ်သာ ပြသ၏။ သို့သော် အတွင်းထဲတွင် ဘာရှိသည်ကို လယ်ဗီ မည်မျှပင် သိချင်နေပါစေ ယောလ်လောက်တော့ မဟုတ်ပေ။
ယောလ်၏ မျက်လုံးများက လှပသော လက်ဝတ်ရတနာပုံးကို ကြည့်ရင်း တောက်ပလာ၏။ သူက အထဲမှာ ဘယ်လိုရှားပါးပစ္စည်းမျိုး ရှိမလဲဆိုတာကို သိချင်စိတ်ပြင်းပြနေခဲ့ပြီး ပုံးကြီးက သူ့ကိုယ်ခန္ဓာနှင့် ကိုက်ညီလောက်အောင် ကြီးမားနေသည်မို့ အလွန် ပျော်ရွှင်နေခဲ့သည်။
“ဒါ အေးနီးယက်စ် နယ်စားကြီးရဲ့ လက်ဆောင် မင်းယူလိုက် မိုက်ကီရယ်”
“ဘာ”
"မင်္ဂလာဆောင်ကိစ္စပြောတုန်းက ပေးတာမို့ လက်ခံဖို့ကို မဝံ့မရဲဖြစ်ခဲ့တာ ဒါပေမယ့် ဒါက နယ်စားပိုင်ကနေ ဘယ်သူ့ကိုမှ လက်ဆောင်ပေးလို့မရဘူးလို့ မဆိုလိုပါဘူး။ ကောင်းပြီလေ၊ ငါက မြို့စားမင်း အိုလော့ဗ် ကို ပေးလိုက်တယ်လို့ ပြောလိုက်ရင် အေးနီးယက်စ် နားလည်ပါလိမ့်မယ်”
“မင်းက ငါ့ဆီ ပုံချနေတာပဲ"
"ဒါတောင် သူတို့က အဖိုးတန်ပစ္စည်းလို့ ပြောခဲ့တယ်။ နတ်ဆိုးတွေကို မောင်းထုတ်ပေးပြီး ကံကောင်းခြင်းတွေ ယူဆောင်လာပေးတယ်လို့လည်း ပြောတယ်”
ဘာ! အန်ဒရီရဲ့ စကားတွေကို ကြားသည်နှင့် ယောလ်က ချက်ချင်း မျက်နှာရှုံ့မဲ့သွား၏။ သူက ဈေးကြီးသော လက်ဝတ်ရတနာများ ပါလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း နာနာဘာဝများကို မောင်းထုတ်ပေးမည်ဟု သူ မယုံကြည်နိုင်ခဲ့ပေ။
အန်ဒရီ ပြောလိုက်သော စကားများသည် သူ့ကို ရည်ရွယ်နေကြောင်း ယောလ် သိလိုက်သောအခါ ကြက်သီးထသွား၏။ သို့သော် ယောလ်၏ လက်ဝတ်ရတနာပုံးထဲရှိ ပစ္စည်းများအပေါ် မျှော်လင့်ချက်များ လုံးဝ လျော့နည်းသွားခြင်း မရှိခဲ့။
“ဖွင့်လိုက်!”
အန်ဒရီ၏ စကားများသည် မိုက်ကီရယ်၏ မအီမသာဖြစ်မှုကို မဖြေလျော့နိုင်ခဲ့။ လက်ဝတ်ရတနာဖြစ်စေ၊ အနုပညာဖြစ်စေ၊ တန်ဖိုးရှိသော ပစ္စည်းများစွာသည် မြိုစားမင်း၏ အိမ်တော်ပတ်လည်တွင် ပြန့်ကျဲနေခဲ့သည်။ သူက ပိုမိုပိုင်ဆိုင်လိုစိတ် မရှိခဲ့ဘဲ အန်ဒရီ မလိုချင်သော ပစ္စည်းဆိုလျှင် ပို၍ပင် အဆင်မပြေပေ။
သို့သော် အန်ဒရီသည် သူ့စိတ်ကြိုက် လုပ်ဆောင်တတ်သူဖြစ်၍ မည်မျှပင် ပြဿနာရှာတတ်ပါစေ သူက ဧကရာဇ် ဖြစ်၏။
မမျှော်လင့်သော လက်ဆောင်
မည်သည့်လုပ်ထုံးလုပ်နည်းမျှ မရှိဘဲ နယ်စားကြီးက မိုက်ကီရယ်ကို ပစ္စည်းများ လွှဲပြောင်းပေးခဲ့မည်မဟုတ်ပေ။ ထို့ကြောင့် သူသည် ဧကရာဇ်မိသားစု လိုအပ်သော လုပ်ထုံးလုပ်နည်းအားလုံးကို လိုက်နာပြီးသား ဖြစ်ရမည်။ ထိုကဲ့သို့သော အရာဝတ္ထုကို ငြင်းပယ်ခြင်းသည် ဧကရာဇ် အမိန့်ကို ငြင်းပယ်ခြင်းနှင့် အတူတူဖြစ်မည်ဖြစ်ပြီး အန်ဒရီကို အရှက်ရစေလိမ့်မည်ပင်။
ဒါကြောင့် မိုက်ကီရယ်က အန်ဒရီ ပေးခဲ့တဲ့ ပစ္စည်းတွေကို တကယ် မလိုချင်ပေမဲ့ ငြင်းပယ်နိုင်စရာ လမ်းမရှိခဲ့။ နောက်ဆုံးတော့ အန်ဒရီ ပြောတဲ့အတိုင်း သူက လက်ဝတ်ရတနာပုံးနားကို တိုးကပ်သွားသည်။
“ကျွန်တော်လည်း မြင်ချင်တယ်! မိုက်ကီရယ်၊ ကျွန်တော်လည်း မြင်ချင်တယ်!”
ယောလ်က မိုက်ကီရယ်ရဲ့ ခြေထောက်နားကို ခုန်ပြီး အော်လိုက်၏။ သူ ဘာတွေ မျှော်လင့်နေလဲ ဘယ်သူမှ မသိနိုင်ပေမဲ့ ယောလ်ကတော့ အံ့သြစရာကောင်းလောက်အောင် စိတ်လှုပ်ရှားနေခဲ့သည်။
မိုက်ကီရယ်က ရယ်မောလိုက်ပြီး ယောလ်ကို မလိုက်ကာ သူ့ပခုံးပေါ် တင်ပေးလိုက်၏။ ပြီးတော့ ယောလ်က မိုက်ကီရယ်ရဲ့ ပခုံးပေါ်မှာ ထိုင်ပြီး ကော်လာကို တင်းတင်းဆုပ်ကိုင်လိုက်သည်။
မိုက်ကီရယ်က တင်းတင်းပိတ်ထားသော လက်ဝတ်ရတနာပုံးကို ဖွင့်လိုက်သောအခါ အန်ဒရီက မဲ့ပြုံးပြုံးပြီး ပြောလိုက်၏။
“ဂရုစိုက်နော်”
သေတ္တာထဲတွင် တောက်ပသော အလင်းတန်းများစွာ ထိုးကျနေသော အနက်ရောင် ဥကြီးတစ်လုံး ရှိနေပါတော့သည်။