Chapter 2.1
Viewers 515

Chapter 2.1



 “ဖေဖေ…..”


ငိုသံကြားတော့ ထန်ချွန်းမင်၏နှလုံးသားက အညှစ်ခံလိုက်ရသလိုပင်။ သို့သော် သူ့မျက်ခွံက ကပ်နေ၍ မျက်လုံးဖွင့်ကာ အလင်းရောင်ကိုမြင်ရဖို့ အတော်လေးအားစိုက်လိုက်ရသည်။ သူက သူ့ရင်ဘတ်ပေါ်မှာ ကွေးကွေးလေး ငိုကြွေးနေသော ပိန်ပါးပါး ကလေးလေးတစ်ယောက်ကို တွေ့လိုက်ရ၏။

“အားလင်း….” သူက သူ့ပါးစပ်ကို မထိန်းချုပ်နိုင်ပဲ ကလေးနာမည်ကို ခေါ်လိုက်သည်။ ထန်ချွန်းမင်၏စိတ်က သူ့အပေါ် ဗုံးတစ်လုံးကျလာသလို လွင့်ထွက်သွားခဲ့ပြီး သူက ပတ်ဝန်းကျင်ကို စစ်ဆေးဖို့ ကမန်းကတန်း ခေါင်းလှည့်လိုက်သည်။ ထန်ချွန်းမင်က ရုတ်ချည်းကြက်သေသေသွား၏။

“ဖေဖေနိုးလာပြီ… အဖေ အားလင်းကို မထားခဲ့ပါနဲ့။ အားလင်းက ဖေဖေ့စကားကို နားထောင်ပါ့မယ်။ ဖေဖေ စိတ်ဆိုးအောင်မလုပ်တော့ပါဘူး….” ကလေးက သူ့ဖေဖေ၏ အင်္ကျီကို တင်းတင်းဆုပ်ကိုင်ထားပြီး သူ့မျက်လုံးများက ငိုထားလို့ နီရဲရောင်ရမ်းနေ၏။ မျက်ရည်ပေါက်လေးတွေ ကျန်သေးပေမယ့် သူက သူ့ဖခင်(ကော)၏မျက်နှာကို စိုက်ကြည့်ပြီး သူ့ဖခင် မျက်လုံးမှိတ်ကာ သူ့ကို လျစ်လျူရှုလိုက်မှာကို ကြောက်နေသည်။

“အားလင်း? လင်းအာ” ထန်ချွန်းမင်က ခေါင်းကို ရူးကြောင်ကြောင် လှည့်လိုက်ပြီး ကလေး၏ ရင်းနှီးသောမျက်နှာကိုကြည့်ကာ နူးနူးညံ့ညံ့ ခေါ်လိုက်၏။

“ဖေဖေ တကယ်သတိရလာတာပဲ။ အားလင်းက အရမ်းကြောက်နေတာ။ ဘိုးဘိုးကျောက်က အိမ်ကိုလာပြီး ဖေဖေကိုထပ်ဆူသွားတယ်…” ကလေးက သူ့ဖေဖေ၏ရင်ခွင်ထဲ အသည်းအသန် တိုးဝင်လာပြီး သူ၏အကြောက်တရားကို ပြောပြနေ၏။

မရေမတွက်နိုင်သော မှတ်ဉာဏ်များက သူရှေ့တွင် ဖြတ်ပြေးသွားပြီး သူ့ရင်ခွင်ထဲတွင် သက်ရှိလူသားတစ်ယောက်၏ ကိုယ်အပူချိန်ရှိနေ၏။ ယခုချိန်တွင် ထန်ချွန်းမင်က “ဖာ့ခ်!” လို့ အော်လိုက်ချင်သည်။ သူက မင်ကောအာ၏ကိုယ်ထဲကို ကူးပြောင်းလာပြီး သူ့မြင်ခဲ့ရသောလူနှစ်ဦးက သရဲမဟုတ်ပဲ ရွာထဲက ဟူလန်ကျုံးနဲ့ ကျန်းရှို့ဖြစ်၏။ သူကလည်း ကောတစ်ယောက်ဖြစ်ပြီး ခေတ်သစ်စကားနဲ့ ရိုးရိုးရှင်းရှင်းပြောရရင် မင်းကောအာနှင့် ကျန်းရှို့က အချစ်ဆုံးသူငယ်ချင်းတွေဖြစ်၏။

ထိုအချစ်ဆုံးသူငယ်ချင်းတွေက တစ်ယောက်အိမ်ကို တစ်ယောက်လာလည်လေ့ရှိသည်။ ယနေ့မှာ မင်း ပန်းထိုးပေးရင် မနက်ဖြန် ငါမင်းနဲ့ ဆက်သွယ်ပြောဆိုမည်။ တစ်ခါတစ်လေ သူတို့က အိမ်နီးချင်းများ၏ အားသာချက်နှင့် အားနည်းချက်ကိုလည်း ပြောလေ့ရှိ၏။

အချစ်… မင်းကခေါင်းကြီးတစ္ဆေပဲ…**

(**ဒါက meme အမျိုးအစားတစ်ခုပါတဲ့)

အရမ်းကြောက်ဖို့ကောင်းတယ်!

သူ့စိတ်က တုန်လှုပ်နေသေးပေမယ့် ခန္ဓာကိုယ်၏ အလိုအလျောက်တုံ့ပြန်မှုက သားလေးကို ဖက်ကာ နောက်ကျောကို ပုတ်ပြီး နှစ်သိမ့်စေခဲ့သည်။ “အားလင်း… မငိုပါနဲ့.. ဖေဖေရှိတယ်။ ဖေဖေ အားလင်းကို ထားမသွားဘူး။..”

..သေစမ်း!

ထိုအချိန်တွင် ကျန်းရှို့က လိုက်ကာကိုဖွင့်ပြီး အခန်းထဲဝင်လာသည်။ သူက ခန်းအပူပေးအုတ်ကုတင်ပေါ်က အခြေအနေကိုကြည့်ပြီး အံ့အားသင့်သွားရသည်။ “မင်ကောအာ… မင်းသတိရလာတာကောင်းတယ်။ ငါစိတ်ပူနေတာ။ မစိုးရိမ်ပါနဲ့။ ငါ မင်းရဲ့ဘိုးဘိုးကို ပြောဆိုလွှတ်လိုက်လို့ မင်း နောက်အိမ်ထောင်ပြုစရာမလိုတော့ပါဘူး။ အခု မင်းဗိုက်ထဲမှာ နောက်တစ်ယောက်ရှိ​နေတော့ ဘယ်သူက မင်းကို အတင်းအကြပ် လက်ထပ်ပေးလို့ရမှာလဲ? ဟူလန်ကျုံးက အဲ့ဒါကို အန္တရာယ်များတယ်လို့ ပြောခဲ့တယ်။ မင်းအိပ်ရာထဲမှာ လှဲပြီး ရက်နည်းနည်းလောက် ထပ်အနားယူလိုက်ပါ။”

“ဟုတ်တယ်.. မင်ကောအာ ကောင်းကောင်းအနားယူသင့်တယ်။ မင်းတစ်ခုခုလိုရင် ငါတို့ကို ပြောပါ။ ငါတို့က တစ်ရွာတည်းသား အိမ်နီးချင်းတွေပဲ။ မင်းခန္ဓာကိုယ်နဲ့ ဗိုက်ထဲက ကလေးကို ဂရုစိုက်ဖို့ အရေးကြီးတယ်။” နောက်ကလိုက်လာသော လူတွေကလည်း ပြောလိုက်၏။ သူတို့က ကြင်နာတတ်ပြီး မင်ကောအာ သားလေးတစ်ယောက် မွေးဖွားနိုင်ဖို့ မျှော်လင့်နေသည်။

သို့ရာတွင် ထန်ချွန်းမင်အတွက်တော့ သူ့စိတ်ထဲမှာ ပစ်ချခံထားရသော ဗုံးက အနုမြူဗုံးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ လက်တွေ့၏ရက်စက်မှုထက် ပိုရက်စက်သော အရာမရှိတော့ပေ။ ထန်ချွမ်းမင်က ယခုချိန်တင် စကားပြောဖို့ပင် အားမရှိတော့ပေ။ သူက သူ့ဗိုက်ကို ငုံ့မကြည့်ရဲပဲ ကြောက်ဖို့ကောင်းသော မွန်းစတားတစ်ကောင်ကို တွေ့ရမှာ စိုးရိမ်နေ၏။

နိုးမလာပဲ ကိုမာဖြစ်သွားတာ ပိုကောင်းလောက်ပေမယ့် ယခုတော့ သူက လန့်ဖျပ်နေသည်။


သူ့ဗိုက်ထဲမှာ နောက်တစ်ယောက်ရှိတယ်… သူ့ဗိုက်ထဲမှာ နောက်တစ်ယောက်… သူ့ဗိုက်ထဲမှာနောက်တစ်ယောက်…..


မိုးကြိုးကြီးရေ… ငါ့ကိုလာပစ်ချလိုက်စမ်းပါ!

“ဒီကိုလာပါဦး..  လင်းအာ… ဦးဦး မင်းကို ဖက်ပါရစေ” ကျန်းရှို့က ကလေးလေးကို ကုတင်ပေါ်မှ ဆွဲခေါ်လိုက်သည်။ သူ့မျက်လုံးတွေ နီရဲပြီး ရောင်ရမ်းနေတာကိုတွေ့တော့ သူက ပိုလို့ပင် စိတ်မကောင်းဖြစ်လာပြီး ထန်ချွန်းမင်ကို ပြောလိုက်၏။ “မင်ကောအာ… ငါ အားလင်းရဲ့မျက်လုံးကို ရေအေးနဲ့သစ်ပေးလိုက်မယ်။ မဟုတ်ရင် ကလေးမျက်လုံးနာနေလိမ့်မယ်။ မင်းကုတင်ကို အပူမပေးထားတော့ ငါကူပေးပါ့မယ်။ နောက်မှ ငါ ဟူလန်ကျုံးဆီက ဆေးသွားယူလိုက်မယ်။ မမေးနဲ့။ မင်းရဲ့ ခန္ဓာကိုယ်ကိုသာ ဂရုစိုက်ပါ။ မော့ကောအာပြောသလိုပဲ မင်း အားလင်းနဲ့ မင်းဗိုက်ထဲကကလေးကိုပဲ ထည့်တွေးဖို့လိုတယ်။”


“ဦးဦးရှို့…” လင်းအာ၏ နူးညံ့သော ခန္ဓာကိုယ်သေးသေးလေးက ကျန်းရှို့လက်မောင်းထဲဝင်လာသည်။ သ်ို့သော် သူက တအားငိုထားတာကြောင့် သူ့ခန္ဓာကိုယ်က တုန်ယင်နေပြီး ဘေးလူတွေကို စိတ်ထိခိုက်စေ၏။

ထန်ချွန်းမင် ခေါင်းငုံ့ထားတာကိုတွေ့တော့ ကျန်းရှို့နဲ့ တခြားလူတွေက သူ မလှုပ်ရှားနိုင်သေးဘူးလို့တွေးကာ သိပ်အများကြီးမစဥ်းစားပဲ ထွက်သွားကြသည်။ ထန်ချွန်းမင်ကို သေသေချာချာ ပြန်တွေးကြည့်ဖို့ အချိန်ပေးခဲ့သည်။ ဘဝက ဘယ်လောက်ပဲခက်ခဲပါစေ သူ့မှာ ယခုကလေးရှိနေ၏။ ဘဝကိုရှေ့ဆက်ရမှာဖြစ်ပြီး ရင်ထဲမှာ မျှော်လင့်ချက်ဆိုတာ အမြဲရှိသည်။

အားလုံးထွက်သွားတော့ ထန်ချွန်းမင်က ရုတ်တရက် အိပ်ရာပေါ်ကို လဲကျသွားသည်။ သူ့မျက်ဝန်းက အပေါ်ကို ကြောင်တက်တက် စိုက်ကြည့်နေပြီး မျက်ရည်မထွက်ပဲ ငိုချင်နေ၏။ သူ သူ့အဖေပေါ်ကို ရက်စက်ခဲ့လို့ ကောင်းကင်ဘုံက သူ့ကို ညှဥ်းပန်းနှိပ်စက်ဖို့ ရောက်လာခဲ့သည်။


ကံအားလျော်စွာ ထန်ချွန်းမင်က ထိလွယ်ရှလွယ် နူးညံ့သိမ်မွေ့သော လူတစ်ယောက်မဟုတ်ပေ။ သူက အပူအပင်ကင်းသော လူတစ်ယောက်ဖြစ်၏။ သူ့ဖခင် ဆုံးသွား​တော့ သူက တစ်ယောက်တည်းနေခဲ့ပြီး ယခုက တူညီသောအ​ခြေအနေဖြစ်၏။ သို့သော် ယခုမူ သူ့ဗိုက်ထဲမှာ ကလေးတစ်ယောက်ရှိနေပြီး ဤအိပ်မက်မှ နိုးထဖို့ စောင့်မျှော်နေသည်။ သူ့အရင်ဘဝမှာ သူက ကလေးမရှိခဲ့သည့် လူပျိုလေးဖြစ်ပြီး သူ့ဖခင်၏ မြေးချီချင်သော ဆန္ဒကို မဖြည့်စည်းပေးနိုင်ခဲ့ပေ။ ယခုမူ သူ၏အနာဂတ်ပူပန်မှုများကို ဖြေရှင်းရန်နှင့် သူ့ဖခင် စိတ်အေးစေရန် သားလေးတစ်ယောက် အသင့်ရလာခဲ့သည်။

ဆေးသောက်ပြီးနောက် ထန်ချွန်းမင်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

ကျန်းရှို့နှင့် သူ၏အိမ်နီးချင်း ဝမ်မော့တို့က ထန်ချွန်းမင်ကို အိမ်ရှင်းပေးပြီး ခန်းအုတ်ကုတင်ကို အပူပေးကာ ကျောက်မင်လင်းကိုကျွေးဖို့ သီးနှံစုံဆန်ပြုတ်ချက်ပေးပြီး သူ့ကို ထန်ချွန်းမင်၏ ကုတင်ပေါ်ကို ပို့ပေးခဲ့သည်။ ထို့​နောက် သူတို့မှာလည်း ညစာစားဖို့ စောင့်နေကြသော ခင်ပွန်းသည်နှင့် ကလေးတွေရှိတာကြောင့် ကျောက်တာဟူ၏အိမ်က ထွက်သွားကြသည်။ 

“ရှို့အာ..ကျောက်တာဟူက ဒီလိုအေးနေတဲ့ရာသီမှာ ဘာလို့ တောင်ပေါ်တက်သွားခဲ့တာလဲ? သူသာ မသွားခဲ့ရင် မင်အာက ဒီလိုဒုက္ခကို ခံစားခဲ့ရပါ့မလား? သူကိုယ်ဝန်ထပ်ရလို့ ပျော်နေမှာမဟုတ်ဘူးလား?” ဝမ်​မော့က သေးသွယ်ပြီး သူက နှစ်ဆယ်ဝန်းကျင်ဖြစ်ပုံရသည်။ တခြားရွာမှ မိသားစုနှင့် အိမ်ထောင်ကျပြီး နှစ်အနည်းငယ်အတွင်းမှာ သူက သားလေးတစ်ယောက် မွေးဖွားခဲ့ပြီး သူ့ခင်ပွန်းနှင့် မိသားစု၏ တန်ဖိုးထားခြင်းခံခဲ့ရသည်။ သူ့ဘဝက အလွန်သက်တောင့်သက်သာရှိပြီး သူ့မှာလည်း ရိုးရှင်းသောစိတ်ထားရှိ၏။ ထန်ချွန်းမင်၏ အခြေအနေနဲ့ပတ်သက်ပြီး သူက စိတ််မကောင်းဖြစ်ကာ တွေးပေးခဲ့သည်။ သူ့ဖခင်(ကော)က နည်းနည်းလေး ဇီဇာကြောင်ပေမယ့် ကျောက်မိသားစု၏ဘိုးဘိုးနဲ့ယှဥ်လျှင် သူက သူ့ကံတရားကို ကျေးဇူးတင်ရပေမည်။

“အဲ့ဒါ အဲ့ဒီအိမ်ကြောင့်လေ” ကျန်းရှို့က ရွာနောက်ဘက်ရှိ ကျောက်မိသားစုအိမ်ကြီးကို ပါးစပ်ဖြင့်ညွှန်ပြကာ “အဘိုးကြီးပြောတာတော့ အငယ်ဆုံးသားက နောက်နှစ်ဆို ကျောင်းတက်ပြီး စာမေးပွဲဖြေရတော့မှာတဲ့။ သူက ကျားကြီး(တာဟူ)ဆီက ပိုက်ဆံတောင်းခဲ့တယ်။ နွေဦးပေါက်လာတော့ အပင်စိုက်ဖို့ကလည်း ငွေလိုမှာဆိုတော့ သူက အကောင်းကြီးတစ်ခုခု အမဲလိုက်ထွက်ပေးဖို့ ကျောက်တာဟူကိုပြောခဲ့တယ်။ အခု အဘိုးကြီးက မင်ကောအာ အစားကြူးလို့ သူ့သားသေရတာလို့ ပြောခဲ့တယ်။ အအေးဒဏ်က လူတွေအတွက် အရက်စက်ဆုံးဆိုတာကို ဘယ်သူကမသိလို့လဲ?”

“မဟုတ်သေးဘူး။ ကျောက်တာဟူက သူတို့ကို ဘာလို့ပိုက်ဆံပေးတာလဲ? သူတို့ ကျောက်မိသားစုနဲ့ ခွဲနေတာမဟုတ်လား? ပြီးတော့ ကျောက်မိသားစုက လယ်မြေတွေအများကြီးနဲ့ဆိုရင် သူတို့ကို ရွာရဲ့ ပထမတန်းစား မိသားစုလို့ခေါ်လို့ရတယ်လေ။ သူတို့မှာ ပိုက်ဆံမရှိတာ ဖြစ်နိုင်ပါ့မလား? အဲ့ဒီချိန်တုန်းက အခြေနေကို လူတိုင်းသိတာပဲ။ တာဟူရဲ့အိမ်က ဘာလို့ ပိုက်ဆံထုတ်ပေးရမှာလဲ” ဝမ်မော့က ဘွင်းဘွင်းပြောလိုက်သည်။ ဤသည်မှာ ရိုးသားသော လူတစ်​ယောက်ကို အနိုင်ကျင့်နေခြင်းဖြစ်၏။

“ဘာလို့မဖြစ်နိုင်ရမှာလဲ.. ကျောက်မိသားစုရဲ့လယ်တွေကို ဘယ်သူက ကူညီစိုက်ပျိုးပေးနေတာမို့လဲ? ကျောက်တာဟူရဲ့ တောရိုင်းတိရစ္ဆာန်တွေက ဘယ်သူ့ပါးစပ်ထဲရောက်တာမို့လဲ? ဒါတောင် သူ့သားငယ်လေးက စာသင်ရတာခက်ခဲနေလို့ ဖြည့်စွက်စာလိုအပ်တယ်ဆိုပြီး ဘိုးဘိုးကျောက်က တာဟူကို ငိုပြခဲ့သေးတယ်။ အင်း.. မိသားစုခွဲလိုက်တာ ကျောက်တာဟူနဲ့ မင်ကောအာအတွက်တော့ ကောင်းတယ်။ သူတို့ ကျောက်မိသားစုအတွက် နွားလိုမြင်းလို အလုပ်လုပ်ပေးစရာမလိုတော့ဘူး။ ဒါပေမယ့် ဘယ်သူက ကျောက်တာဟူကို ဖေဖေစကားပဲ နားယောင်ပြီး ရိုးသားခိုင်းလို့လဲ.. သူက သူ့ကိုယ်ပိုင်မိသားစုကိုတောင် မစဥ်းစားပေးဘူး။ အခုတော့ ငါ သူ့ကို မင်ကောအာနဲ့ အောင်သွယ်ပေးမိတာ နောင်တရတယ်။” ကျန်းရှို့က စိတ်ပျက်လက်ပျက် ပြောလိုက်၏။

ကျန်းရှို့၏အိမ်က အနီးနားမှာဖြစ်ပြီး သူ့ကို တံခါးနားမှာ ရပ်စောင့်နေသော သူ့ခင်ပွန်းကို တွေ့လိုက်ရသည်။ သူက ဝမ်မော့နဲ့ လမ်းခွဲခဲ့ပြီး သူ့အိမ်ဘက်လျှောက်လာကာ နောင်တရဖို့ နောက်ကျသွားပြီဖြစ်ကြောင်း တွေးနေခဲ့သည်။ ယခုချိန်မှာ သူက မင်ကောအာ ရင်ဆိုင်ရမယ့် အခက်အခဲများကိုသာ ကူညီနိုင်ပြီး မင်ကောအာလည်း သူ့ဗိုက်ထဲက ကလေးနဲ့ လင်းအာလေးအတွက် ပြန်လည်ထူထောင်လာနိုင်ဖို့ မျှော်လင့်နေသည်။


“ခင်ဗျား ညစာစားပြီးပြီလား? ကလေးတွေရော?” ကျန်းရှို့က သူ့ခင်ပွန်းဆီ လျှောက်သွားရင်း မေးလိုက်သည်။

“ငါစားပြီးပြီ.. မင်းအတွက် ချန်ထားပေးတယ်။ ကလေးတွေက အိပ်နေပြီ။ တာဟူရဲ့ မိသားစုအဆင်ပြေရဲ့လား? ကျောက်မိသားစုက ပြဿနာထပ်ရှာနေတယ်လို့ ကြားခဲ့တယ်။” ကျန်းရှို့၏လူက လီတာရှန်ဖြစ်ပြီး သူက သန်မာသော အမျိုးသားတစ်ယောက်ဖြစ်၏။ သူက ကျောက်တာဟူနဲ့ အဆင်ပြေခဲ့ပေမယ့် ယခုမူ ကျောက်တာဟူမရှိတော့ သူကူညီချင်ရင်တောင် ကူညီလို့မရပေ။

ကျန်းရှို့က တာရှန်ကို အထဲသို့ တွန်းပို့​ကာ ရှေ့ဆက်လျှောက်သွားရင်း ပြောလိုက်သည်။ “ကျားကြီးဆုံးသွားတော့ ကျောက်မိသားစုဘိုးဘိုးက မင်ကောအာကို နောက်အိမ်ထောင်ချပေးဖို့ မစောင့်နိုင်တော့ပဲ လူတစ်ယောက်ခေါ်လာခဲ့တယ်။ မင်ကောအာမှာ ကိုယ်ဝန်နှစ်လရှိနေတာကို ဟူလန်ကျုံးက စောစောသိခဲ့လို့ ကံကောင်းသွားတယ်။ မဟုတ်ရင် ဒီနေ့အဆုံးသတ်ပါ့မလားတောင် မသိဘူး။ အဲ့ဒီအဘိုးကြီးက လွယ်လွယ်အရှုံးပေးချင်ပုံမရဘူး။”

လီတာရှန်ကလည်း မကျေနပ်သည့်ပုံ ပြသလာခဲ့သည်။ ခင်ပွန်းထွက်သွားပြီးပြီးချင်း ဘယ်သူက နောက်အိမ်ထောင်ပြုဖို့ ဆန္ဒရှိမှာလဲ။ ဘိုးဘိုးကျောက်က ကျားကြီး ချန်ထားခဲ့သော သုံးခန်းတွဲအိမ်ကြီးနဲ့ လယ်ဧကအနည်းငယ်ရဖို့ သူ့ကို အနိုင်ကျင့်နေတာ တစ်ချက်ကြည့်ရုံနဲ့သိသာသည်။ သို့သော် အပြင်လူတွေက ဘာပြောနိုင်မှာလဲ “ကျားကြီးရဲ့မိသားစုက ဘာပြောလဲ?”

“သူ့မှာ အဲ့ဒါတွေကို ရင်ဆိုင်ဖို့ အားမရှိဘူး။ သူဆေးသောက်ပြီး အိပ်သွားတယ်။ သူမနက်ဖြန် အိပ်ရာထမှ ဂရုစိုက်နိုင်လိမ့်မယ်။ ဒါနဲ့ မနက်ဖြန်ကျရင် တောင်ပေါ်တက်ပြီး ထင်းနည်းနည်းလောက် သွားကောက်ခဲ့ပါဦး။ တာဟူရဲ့ ထင်းက ကုန်သွားပြီ။ ဒီရက်တွေမှာ အရမ်းအေးနေတာ။”

“ဟင့်အင်း… တာဟူက ဆောင်းမရောက်ခင်တည်းက ထင်းကိုပြင်ထားတာလေ။”


“ဟုတ်တယ်.ဒါပေမယ့် အများစုက အဘိုးကြီးဆီရောက်သွားပြီ” ကျန်းရှို့က သူ့အဝတ်အစားကို သပ်သပ်ရပ်ရပ်ပြင်ကာ အိမ်ထဲဝင်သွားခဲ့သည်။ သူ့မိသားစုမှ ခင်ပွန်းသည်က ရိုးသားပြီး အနည်းငယ်သွက်သော်လည်း သူ့မှာ ကိုယ်ပိုင်စံနှုန်းတစ်ခုရှိသည်။ ယခုချိန်တွင် တာဟူ၏ ကျောက်မိသားစုလုပ်ရပ်က လွန်လွန်းတာကြောင့် လီတာရှန်က စိတ်ပျက်သွားခဲ့သည်။ အလုပ်များသောရာသီမဟုတ်သဖြင့် ရှို့အာက တာဟူမိသားစုကို စောင့်ရှောက်ပေးပြီးမှ အိမ်ပြန်၍ သူ့ကိုယ်ပိုင်မိသားစုကို ကြည့်ရှုပေးရန် တာရှန်က ခွင့်ပြုပေးခဲ့သည်။ တာရှန်က အိမ်ထဲအတူလိုက်ဝင်သွားရင်း သူနဲ့ တာဟူ၏ရင်းနှီးမှုကို တွေးနေခဲ့သည်။