အပိုင်း ၃၃
Viewers 15k

Chapter 33


တိကျသောသတင်းအချက်အလက်တစ်ချို့ကို ဖုံးဖိရန်ဆုံးဖြတ်လိုက်ပြီးနောက် ကျီမင်း၏နောက်ခံဝန်ထမ်းအသင်းအဖွဲ့က အလွန်ကျွမ်းကျင်ကြသည်။ နေ့လည်ခင်းတစ်နာရီခန့်တွင် ပေါ်ထွက်လာပြီး ထိုညတွင်ရေပန်းအစားဆုံးစားရှာဖွေမှုဖြစ်သွားသော ကျီမင်း၏မကောင်းသတင်းကို # x အမည်ရသော ရုပ်ရှင်မင်းသားတစ်ဦး၏ မူယစ်ဆေးဝါးသုံးဆွဲမှုဟူသော သတင်းဖြင့် အစားထိုးလိုက်ကြသည်။


[အများပြည်သူများထံမှ တိုင်ကြားချက်ကိုရပြီးနောက် ထိုနေ့ညနေတွင် ရုပ်ရှင်မင်းသား၏ နေအိမ်မှ တစ်ဆယ်ဂရမ်ထက်မနည်းသော မူးယစ်ဆေးများကို ရဲများကရှာဖွေတွေ့ရှိခဲ့ကြသည်]


"x ဆိုတဲ့မျိုးရိုးနာမည်နဲ့ ရုပ်ရှင်မင်းသား.....သူဘယ်သူလဲဆိုတာ ငါခန့်မှန်းမိပြီထင်တယ်....လွန်ခဲ့တဲ့နှစ်က နာမည်ကြီးရုပ်ရှင်ဇာတ်လမ်းတွဲတစ်ခုကို ရိုက်နေတည်းက သူ့စိတ်အခြေအနေကပုံမှန်မဟုတ်ဘူး.....အဲဒီအချိန်တည်းက သူဆေးချနေတယ်ထင်တယ်"။


"ခါတိုင်းဆိုရင် သူကသူ့ဇနီးအပေါ် ချစ်ခင်ကြင်နာတတ်တဲ့ လူတစ်ယောက်ပါ....သူဒီလိုဟာမျိုးတွေလုပ်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"။


"အဲဒါက လူတစ်ယောက်ရဲ့ပင်ကိုဗီဇပဲလို့ ငါပြောခဲ့တယ်လေ....လူတော်တော်များများကမယုံကြဘူး....လူအများရဲ့ရှေ့မှာအမှန်အတိုင်းထုတ်ပြလေ....လူတွေရဲ့နောက်ကွယ်မှာဆိုရင် ဘာသွားလုပ်ရမှာလဲ"။


" x မျိုးရိုးနာမည်နဲ့ ရုပ်ရှင်မင်းသားတစ်ယောက်ကို ဆီးစစ်ဖို့ပို့ပြီးသွားပြီတဲ့....ပြီးတော့ဒီသတင်းတွေအားလုံးနီးပါးက အမှန်တွေချည်းပဲ"။


ဟောင်ဖုန်းက တက်ဘလက်ကို ကိုင်ထားပြီး ဝေဘိုရှိ ကောမန့်များကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်ရင်း ပြောသည်။ "တစ်ခြားလူတွေရဲ့ မကောင်းသတင်းတွေကို ပါပါရာဇီတွေဆီကနေ စျေးနှုန်းမြင့်မြင့်ပေးပြီးဝယ်လိုက်တာ ကျီမင်းနဲ့သူ့ကိုယ်စားလှယ်ပဲဖြစ်ရမယ်....ဒီကိစ္စဖြစ်သွားတော့ ပြည်သူတွေရဲ့မျက်လုံးနဲ့အာရုံက ပြောင်းသွားပြီ....နောက်ထပ်ရောက်မှုက တဖြည်းဖြည်းနဲ့လျော့သွားမှာကို စိုးရိမ်မိတယ်"။


ကျီမင်းက ထျန်းဟောင်ဖျော်ဖြေရေးကုမ္ပဏီရှိ အခြားသရုပ်ဆောင်မင်းသမီးများနှင့် အလွယ်တကူအရောတဝင်နေနိုင်သည်။ သည်းခံတတ်ပြီး အင်အားကြီးသောအလုပ်ရှင်ကိုရှာတတ်သည့်အပြင် သူ(မ)ထံတွင် အလွန်ကျွမ်းကျင်လိမ္မာသော ကိုယ်စားလှယ်တစ်ဦးလည်းရှိသည်။


ဟောင်ဖုန်းကဲ့သို့သာမညကိုယ်စားလှယ်တစ်ယောက်မဟုတ်ပဲ ကျီမင်း၏ကိုယ်စားလှယ်က အကျယ်ပြန့်ဆုံးအဆက်အသွယ်ကောင်းများရှိပြီး အရက်စက်ဆုံးနည်းလမ်းများကိုလည်းသုံးတတ်သည်။ ထျန်းဟောင်ဖျော်ဖြေရေးကုမ္ပဏီသို့ ဝင်ဝင်ချင်းတွင် ကျီမင်း၏ကိုယ်စားလှယ်က သူ(မ)မဟုတ်ပဲ ပို၍သိမ်မွေ့သောစရိုက်ရှိသည့်အခြားအမျိုးသမီးတစ်ဦးဖြစ်သည်။ သို့သော်ကျီမင်းက နာမည်တစ်ခုရလာပြီးနောက် ယခင်ကိုယ်စားလှယ်ကို ချက်ချင်းအစားထိုးပစ်ခဲ့သည်။


ဖူရင်းယွီက ထိုသတင်းကိုကြားသောအခါ သူ(မ)မျက်နှာပေါ်တွင် အံ့သြခြင်းစိုးစဥ်းမျှမရှိပေ။ သူ(မ)၏လေသံကလည်း ထိတ်လန့်မနေပဲ ပြောလိုက်သည်။ "ဒီကိစ္စက ကျီမင်းကိုပြန်လှည့်လာအောင် လုပ်လိမ့်မယ်လို့ ငါဘယ်တော့မှမထင်ထားခဲ့ဘူး"။


ရုပ်ရှင်အနုပညာနယ်ပယ်အသိုင်းအဝိုင်းတွင် ကောင်းကောင်းသရုပ်မဆောင်နိုင်သော မင်းသား မင်းသမီးအများအပြားရှိသည်။ အင်တာနက်ပေါ်တွင် တစ်စုံတစ်ယောက်က ဇာတ်ဝင်ခန်းတစ်ခု၏ဗွီဒီယိုကို အကြိမ်ပေါင်းများစွာတင်ပါက လူအများစုက လှောင်ပြောင်သရော်ကြမည်ဖြစ်မည်။ လက်ထဲတွင် အရင်းအမြစ်များရှိနေသရွေ့ ထိုကဲ့သို့သော သတင်းဆိုးမျိုးက အနုပညာရှင်တစ်ယောက်၏ ခရီးလမ်းအပေါ် ကြီးကြီးမားမားသက်ရောက်မှုမရှိနိုင်ချေ။


ကျီမင်းကိုအနိုင်ယူလိုသောကြောင့် ဖူရင်းယွီက မတုံးအလှချေ။


သူ(မ)၏ သရုပ်ဆောင်ညံ့ဖျင်းမှုကြောင့် ဝေဖန်ခံရသည်က ကျီမင်းအတွက် သက်ရောက်မှုများများစားစားမရှိနိုင်သော်လည်း ဤအချိန်ကာလအတွင်းမူ သူ(မ)ကိုအလုပ်ရှုပ်စေလိမ့်မည်ဖြစ်သည်။


ထို့အပြင် မီးကိုလောင်စာထပ်ထည့်ရန် ဖူရင်းယွီ စီစဥ်နေလိုက်သည်။


"ဟောင်ဖုန်းရေ....အရင်အပတ်တုန်းက ဆေးရုံမှာ ငါရိုက်ထားတဲ့ ပုလင်းတွေပစ်ပေါက်နေတဲ့ ဓာတ်ပုံတွေကို အချိန်တစ်ခုရောက်ရင် ထုတ်လိုက်လို့ရတယ်....ပြီးတော့ကျန်တဲ့ဟာတွေကို ဘယ်လိုလုပ်ပစ်ရမလဲ မင်းသိပါတယ်"။ ဖူရင်းယွီက ကျီမင်းအပေါ် မည်သည့်အခါမှသက်ညှာခြင်းမရှိပေ။ ထိုမိန်းမကို အနုပညာလောကထဲမှ ထွက်သွားရန် တွန်းအားမပေးလျှင် သူ(မ)က လက်လျှော့မည်မဟုတ်ပေ။


ကျီမင်း သရုပ်ဆောင်ညံ့သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ဇာတ်ဝင်ခန်းတစ်ခုကို ရိုက်ကူးရန် ရိုက်ကွင်းတွင် တစ်နာရီခန့်မိုးရေစိုခံခဲ့ရသည်။ ထို့ကြောင့် ဆေးထိုးရန် ဆေးရုံသို့သွားရာ မတော်တဆပေါ်သွားခြင်းဖြစ်သည်။ သတင်းထောက်များက ထိုသို့သော အခြေအနေမျိုးမှာပင် ဓာတ်ပုံရိုက်ကြသည်က လွန်လွန်းလှသည်။


ထို့အပြင် ကုမ္ပဏီနှင့်စာချုပ်အဆုံးသတ်ရန် ယုတ္တိတန်သော အကြောင်းပြချက် လိုသေးသည်။ ကုမ္ပဏီကနောက်မှရိုက်ချလိုက်ပြီး အများပြည်သူများ၏ အမြင်တွင် သူ(မ)ကိုကျေးဇူးမသိတတ်သောသူအဖြစ် မမြင်စေလိုပေ။


ကုမ္ပဏီတူရုပ်ရှင်မင်းသမီးတစ်ယောက်၏ အနိုင်ကျင့်ခြင်းကို ခံရပြီး ဆေးရုံသို့ရောက်သွားခဲ့သည်။ သူ(မ)ကိုယ်သူ(မ) အားမလိုအားမရဖြစ်မိပြီး စာချုပ်ကိုပြတ်ပြတ်သားသားပယ်ဖျက်လိုက်ကာ မူလအေဂျင်စီမှ ထွက်လာခဲ့တော့သည်။


ထိုသတင်းခေါင်းစီးမျိုးက အလွန်ရေပန်းစားနာမည်ကြီးနေပြီး အနုပညာရှင်တစ်ဦး၏ ကျော်ကြားမှုကို လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ရိုက်ခတ်လာနိုင်သည်။ စာချုပ်အဆုံးမသတ်ခင် သူ(မ)ပေးလိုက်သော လက်ဆောင်လေးကို ကျီမင်းသေချာပေါက် သဘောကျပေလိမ့်မည်။


အကြောင်းအရာတစ်ခုလုံးကို သိလိုက်ပြီးနောက် ဖြစ်သွားမည့် ရုပ်ဆိုးဆိုးကျီမင်း၏ မျက်နှာကို စဥ်းစားမိရင်း ဖူရင်းယွီ စိတ်အခြေအနေကောင်းလာရသည်။ "ချင်းဖျော်ဖြေရေးနဲ့ ဆွေးနွေးတာကရော ဘယ်လိုနေလဲ....သူတို့သဘောတူရဲ့လား?"။ ဝေစု၏ငါးဆယ်ရာခိုင်နှုန်းကို သူ(မ)ကမ်းလှမ်းထားပြီးဖြစ်သည်။ စာချုပ်လျော်ကြေးကိုလည်း ကုမ္ပဏီဖက်မှ ပေးစရာမလိုပေ။ ဤသို့သောကိစ္စကောင်းမျိုးကို ချင်းဖျော်ဖြေရေးဘက်မှ ငြင်းစရာအကြောင်းပြချက်ပင် မရှိချေ။


သူ(မ)လစာမည်မျှရမည်ကို ဖူရင်းယွီဂရုမစိုက်ပေ။ ကျီမင်းကိုခက်ခဲအောင်လုပ်နိုင်သရွေ့ လစာနည်းလျှင်လည်း သူ(မ)အတွက် ကိစ္စမရှိပေ။


ထျန်းဟောင်ဖျော်ဖြေရေးတွင် သူ(မ)က ကျီမင်းနည်းတူနာမည်ကြီးပြီး နေရာကောင်းရရန်အတွက် ရုန်းကန်ယှဥ်ပြိုင်ခဲ့ရသည်။ သို့သော် အကျိုးအမြတ်အတွက်ဆိုလျှင်တောင် ကုမ္ပဏီက သူတို့နှစ်ယောက်အားအသေအကြေ ယှဥ်ပြိုင်ခွင့်မပြုချေ။ ထို့ကြောင့် သူ(မ)ထျန်းဟောင်တွင်ရှိနေသရွေ့ ကျီမင်းကိုဖျက်ဆီး၍မရနိုင်ချေ။


ထို့ကြောင့် ဖူရင်းယွီက အခြားဖျော်ဖြေရေး ကုမ္ပဏီတစ်ခုသို့ အနှေးနှင့်အမြန်ပြောင်းခဲ့ခြင်းဖြစ်သည်။ သို့သော် အစီအစဥ်က မူလအစီအစဥ်ထက် တစ်နှစ်လောက် စောသွားခဲ့သည်။


ဟောင်ဖုန်းကပြုံးရင်းပြောသည်။ "အားလုံးပြီးသွားပြီ....ချင်းဖျော်ဖြေရေးက မင်းဘယ်အချိန်မဆို သူတို့ဆီလာလို့ရတယ်....အမြဲတမ်းကြိုဆိုနေပါတယ်တဲ့"။


စာချုပ်ကိုကြိုပြီးအဆုံးသတ်လိုက်သောကြောင့် ထျန်းဟောင်ဖျော်ဖြေရေးကို စာချုပ်လျော်ကြေားအဖြစ် ယွမ်သန်းနှစ်ဆယ်နီးပါးပေးရမည်ဖြစ်သည်။ သို့သော် ချင်းဖျော်ဖြေရေးသို့ရောက်လျှင် ထို့ထက်မက ပိုရှာနိုင်ပါသည်။ မည်သို့ပင်ဆိုစေ ဟောင်ဖုန်း အနည်းငယ်တော့အခဲမကျေသလိုခံစားရသည်။


"ပါပါး ခဲ့"


သူ့ဆီခြေလှမ်းစိပ်စိပ်ဖြင့်လှမ်းလာနေသော ကလေးမလေးကိုကြည့်လိုက်ရင်း ခဲ့ကျင်းယန်တစ်ယောက် နှလုံးတုန်သွားရသည်။ မိဘနှင့်ကလေးခရီးသွားရသစုံရှိုးကြီး ဘယ်အချိန်မှ ပြီးလိမ့်မည်နည်း။


စဥ်းစားလိုက်ရင်း သူ့အနာဂတ်တွင် မျှော်လင့်စရာမရှိနိုင်တော့သည်ကို ခဲ့ကျင်းယန်ရုတ်တရက် ခံစားမိသွားသည်။ ကုဆွေ့ဆွေ့၏ချွဲပျစ်ပျစ်အသံလေးဖြင့် "ပါပါး ခဲ့" ဟုခေါ်သောအသံကိုကြားလိုက်တိုင်း သူ့စိတ်ထဲတွင်အလွန်ရှက်ကိုးရှက်ကန်းဖြစ်သွားရသည်။


ထိုခံစားချက်ကြီးကို သူပြောမပြတတ်သောခံစားချက်မျိုးဖြစ်သည်။ ကုဆွေ့ဆွေ့ဟူသောကလေးမလေးက မျက်လုံးပြဿနာရှိနေ၍လားမသိ။ သူ့လိုလူကိုရုပ်ရည်မချောမောသောသူအဖြစ်မြင်နေသည်မှလွဲ၍ အခြားကဏ္ဍများတွင် ကလေးမလေးက မဆိုးလှပေ။ သို့သော် သူ့ကိုယ်၌က ကလေးမချစ်တတ်သောသူတစ်ယောက်ဖြစ်နေသည်။


အဘယ်ကြောင့် ကလေးများကို ရသစုံရှိုးအစီအစဥ်တွင် ထည့်ရိုက်မှန်း သူလည်းမသိတော့ပေ။


ပတ်ပတ်လည်တွင် ကင်မရာအများအပြားရှိနေသောကြောင့် ထိုကလေးကို နှုတ်ဆက်သင့်မသင့်ခဲ့ကျင်းယန်တစ်ယောက် စဥ်းစားနေချိန်တွင် လင်းတုံတုံက သူ့ရှေ့မှအရင်သွားလိုက်ပြီး သူ့ကိုကျော်တက်သွားသည်။ ထို့နောက် ကလေးနှစ်ယောက်က တစ်ယောက်လက်တစ်ယောက်တွဲထားရင်း မပြီးနိုင်မစီးနိုင် လေဖုတ်ကြတော့သည်။ အလွန်ချစ်ချစ်ခက်ခင်နှင့်စကားပြောနေကြသောကြောင့် သူ့တည်ရှိမှုကိုပင် မေ့နေကြလောက်ပြီ။


ခဲ့ကျင်းယန်: "....."


သူအဘယ်ကြောင့်ထိုမျှလောက်ဒေါသထွက်လာရမှန်း သူလည်းမတွေးတတ်တော့ပေ။