Chapter 34
"ကလေးငယ်နှင့်ခရီးသွားခြင်း" အစီအစဥ်၏ ပထမဆုံးအပိုင်းကို လွန်ခဲ့သည့်အခေါက်က ဆီရွှေ့ရှေးဟောင်းမြို့ သဘာဝပဒသာနေရာတွင် ရိုက်ကူးသောအခါ အုတ်အော်သောင်းနင်းဖြစ်စေခဲ့သည်။ ထို့ကြောင့်အစီအစဥ်၏ ဒုတိယအပိုင်းရိုက်ကူးရေးနေရာကို လူဦးရေကျဲသော တောင်ခြေရွာငယ်လေးသို့ တမင်တကာပြောင်းလဲလိုက်သည်။
"အားလုံးပဲ မင်္ဂလာပါ....ကျွန်မက ဖန်ဇီရွာရဲ့ ယာယီခေါင်းဆောင် ထျန်းထျန်းပါ"။ ဧည့်သည်များရှေ့တွင်ရပ်နေသောသူမှာ သစ်သီးစခန်း၏ပိုင်ရှင် အထူးဧည့်သည် ထျန်းထျန်းဖြစ်သည်။
သူ(မ)က ပရိသတ်များ၏စိတ်ခံစားချက်ပိုင်းဆိုင်ရာပြဿနာများကို အထူးဖြေရှင်းပေးရန် တာဝန်ယူထားသော "လမင်းကြီး၏အသံ" ဟုလူသိများသည့် စိတ်ခံစားချက်ပိုင်းဆိုင်ရာ အစီအစဥ်ကို ဦးဆောင်သူတစ်ဦးဖြစ်သည်။ သူ(မ)က နူးညံ့သိမ်မွေ့ပြီး စေတနာကောင်းပုံပေါ်ကာ စကားပြောကောင်းသောကြောင့် သူ(မ)အစီအစဥ်၏ ကြည့်ရှုနှုန်းက အမြဲလိုလိုကောင်းပြီး ယုံကြည်မှုရှိသောအစ်မကြီးအဖြစ် လူသိများသည်။
"အရင်တစ်ခေါက်တုန်းကနဲ့အတူတူပါပဲ....လူတိုင်းအတွက်ရွာထဲမှာ အိမ်တစ်ကနေ အိမ်ငါးအထိ မတူတဲ့အိမ်ငါးအိမ်ကျွန်မတို့ပြင်ပေးထားပါတယ်....အိမ်တစ်အိမ်ချင်းစီရဲ့အခြေအနေကလည်း ကွာခြားပါတယ်.....အိမ်နံပါတ်တစ်ရဲ့အခြေအနေကအကောင်းဆုံးဖြစ်ပြီး အိမ်နံပါတ်ငါးကတော့ အဆိုးဆုံးပါ"။
ယခင်ကသူတို့အစီအစဥ်ရိုက်ကူးရေးလုပ်ခဲ့သော စီရွှမ်ရှေးဟောင်းမြို့တော်နှင့်ယှဥ်လျှင် ဖန်ဇီရွာကလေး၏ နေရာထိုင်ခင်းက ကောင်းမွန်လွန်းနေပြီဖြစ်သည်။ ဖန်ဇီရွာရှိ အကောင်းဆုံးအိမ် နံပါတ်တစ်မှာ ကြမ်းပြင်ကိုကြွေပြားခင်းထားပြီး အဆိုးဆုံးအိမ်နံပါတ်ငါးမှာမူ သာမညအိမ်မျိုးသာဖြစ်သည်။
"အိမ်တွေဘယ်လိုပုံစံရှိသလဲဆိုတာကိုတော့ အချိန်တစ်ခုမရောက်ခင်အထိ ကျွန်မလျှို့ဝှပ်ထားလိုက်ပါ့မယ်....ပြီးတော့နောက်တစ်ဆင့်မစခင်မှာ တစ်ဖွဲ့ချင်းစီအတွက်နေစရာအိမ်အရင်ခွဲထားကြဦးပေါ့"။
ထျန်းထျန်းက သူ(မ)၏နောက်မှ ကတ်ထူကြီးတစ်ခုကိုထုတ်လာပြီး ဆက်ပြောသည်။ "ဒါဆိုရင် ကျွန်မတို့ရဲ့ချစ်စရာကောင်းတဲ့ ကလေးလေးငါးယောက်က ဒီနေရာမှာပဲ မဲခွဲလိုက်ကြရအောင်....ဒီဖန်ဇီရွာမှာနေရမဲ့နှစ်ရက်အတွင်း ကိုယ်တည်းမဲ့အိမ်အတွက် မဲခွဲတာပါ"။
စည်းမျဥ်းစည်းကမ်းများကိုပြောကြားပြီးနောက် ချစ်စဖွယ်ကလေးငယ်ငါးယောက်ထဲမှ အသိဥာဏ်ကြွယ်သောစကားသံလေးတစ်ခုထွက်ပေါ်လာသည်။ "ရွာသူကြီး ဒါဆိုရင် ဒီမှာက ကလေးငါးယောက်ရှိတာလေ.....ဘယ်သူကအရင်ဆုံးမဲနှိုက်ရမှာလဲ?"
ထျန်းထျန်းတစ်ယောက် အစီအစဥ်အဖွဲ့ကသူ(မ)ကိုပေးထားသော လုပ်ထုံးလုပ်နည်းများကို ပြန်စဥ်းစားလိုက်ပြီး သူ(မ)၏မျက်ဝန်းများက အရှေ့တွင်ရှိနေသောလူတန်းကြီးကို ဖြတ်ကာ နောက်ဆုံးအဖွဲ့ရှိယာယီသားအဖနှစ်ဦးထံသို့ ကျရောက်သွားကာ ပြုံးလိုက်သည်။ "ဆွေ့ဆွေ့အရင်တစ်ခေါက်တုန်းက သမီးနဲ့သမီးရဲ့ခဏတာအဖေက ကံမကောင်းပဲ အိမ်နံပါတ်ငါးကိုရွေးမိခဲ့တယ်....ဒီနေ့အန်တီကသမီးတို့က အခွင့်အရေးပေးမယ်....မဲနှိုက်ဖို့သမီးကအရင်လာလှည့်"။
နာမည်အခေါ်ခံလိုက်ရသောကုဆွေ့ဆွေ့လေးက သူ(မ)၏ဖြူဥဥမျက်နှာထက်တွင် ပတ်ဝန်းကျင်တွင်ဘာတွေဖြစ်ပျက်နေမှန်းမသိသော အမူအရာလေးများနှင့် ပြည့်နှက်နေပြီး ငေးကြောင်ကြောင်လေးနှင့်ခေါင်းမော့လာသည်။ အခြားသူများ၏သတိပေးမှုကို တုံ့ပြန်ဖို့အချိန်တခဏကြာကာ နူးညံ့သောအသံလေးနှင့်ပြောလိုက်သည်။ ".....အိုး ကောင်းတာပေါ့"။
ထျန်းထျန်းကစိတ်ခံစားချက်ပိုင်းဆိုင်ရာရှိိုးတစ်ခု၏ အစီအစဥ်တင်ဆက်သူဖြစ်သည်။ သူ(မ)၏အစီအစဥ်က အမျိုးသားများနှင့် အမျိုးသမီးများကြားက ချစ်ရေးချစ်ရာပဋိပက္ခများကို ဖြေရှင်းပေးရုံမျှမက မိဘနှက့်ကလေးကြားရှိပြဿနာများကိုပါ ဖြေရှင်းပေးသည်။ ထို့ကြောင့် ရိုက်ကူးရေးအဖွဲ့က သူ(မ)အား အစီအစဥ်၏ဒုတိယအပိုင်း ရိုက်ကူးရေးသို့လာစေခြင်းဖြစ်သည်။ ဤသည်က အထူးဧည့်သည်ဖိတ်ခေါ်ရခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်သည်။
သို့သော် ယခုတစ်ခေါက်တွင် အစီအစဥ်အသင်းမှရွေးချယ်ထားသော ကလေးများနှင့် အကျော်အမော်ပုဂ္ဂိုလ်များက အလွန်အဆင့်အတန်းမြင့်သော အသွင်အပြင်ရှိကြသည်ဟု ဆိုရပေမည်။ အထူးသဖြင့် ရွေးချယ်ခံထားရသော အတွေ့အကြုံမရှိသေးသည့် ကလေးများက အဆင့်အတန်းမြင့်ပုံပေါက်ကြသည်။ သူ(မ)ယခုလေးတင် တွေ့လိုက်သောကလေးမလေးက အလွန်ချစ်စရာကောင်းသည်။ ကလေးငယ်လေး၏ခေါင်းလေးကိုပွတ်သပ်ကာ သူ(မ)လက်ထဲတွင် ပွေ့ပိုက်ပြီး အနမ်းပေးချင်မိသည်။
ချစ်ဖို့ကောင်းလွန်းသောကြောင့် သူ(မ)ပင်ကလေးလိုချင်မိသည်။
ကုဆွေ့ဆွေ့က သူ(မ)၏လက်သေးသေးလေးကို ကတ်ထူသေတ္တာထဲသို့ ထည့်လိုက်ပြီး ရွာသူကြီး၏ညွှန်ကြားချက်အတိုင်း အဝါရောင်အလုံးလေးကိုယူလိုက်ကာ မျက်နှာချိုချိုလေးနှင့်ပြောလာသည်။ "ရွာသူကြီး သမီးပြီးသွားပြီ"။
ထျန်းထျန်းက ကုဆွေ့ဆွေ့လက်ထဲမှ ဘောလုံးလေးကိုယူလိုက်ပြီး အပြုံးလေးနှင့်ပြောသည်။ "ဟုတ်ပြီ....အဲဒါဆိုရင် အန်တီတို့ဒါကိုဖွင့်ပြီး ကြည့်လိုက်ကြစို့.....နံပါတ်ဘယ်လောက်ဖြစ်မလဲ....ဒီသားအဖနှစ်ယောက် အရင်တစ်ခေါက်တုန်းကလို ကံမဆိုးတော့ပဲနဲ့ ပိုကောင်းတဲ့အိမ်မှာ နေနိုင်ပါ့မလား"။
ပတ်ပတ်လည်ရှိကင်မရာအားလုံးက ဦးတည်ချက်တစ်ခုတည်းကိုပဲ ချိန်ထားကြသည်။ ဘောလုံးထဲတွင် မည်သည့်အိမ်နံပါတ်ပါလာမည်ကို ဧည့်သည်များလည်းသိချင်နေကြသည်။ ထိုမျှမက အရာရာတိုင်းကို ဂရုမစိုက်ဟန်ရှိသော ကီကျီယန်ပင်လျှင် ထိုဘောလုံးသေးသေးလေးကို စိုက်ကြည့်နေသည်။
ခဲ့ကျင်းယန်က တစ်ယောက်တည်း ငြင်းခုံနေသည်။
"နံပါတ်ငါးမဖြစ်ပါစေနဲ့.....နံပါတ်ငါးမဖြစ်လိုက်ပါနဲ့.....နံပါတ်ငါးမကျပါစေနဲ့"
ခဲ့ကျင်းယန်တစ်ယောက် စုတ်ပြတ်နေသော သက်ငယ်မိုးထားသည့်တဲအိမ်နှင့် မာတောင့်တောင့်သစ်သားကုတင်ပေါ်တွင် ထပ်ပြီးမအိပ်ျင်တော့ပေ။
ဘောလုံးအတွင်းရှိ စာရွက်ကလေးကို ထျန်းထျန်းတွေ့လိုက်သောအခါ တစ်ခဏမျှမှင်တက်သွားပြီး စာရွက်ကိုဖြည်ကာ လူတိုင်းကိုပြရင်း ပြောလိုက်သည်။ "ဒီတစ်နှစ်တော့ ကံကောင်းသွားပြီနဲ့တူတယ်....မဲနှိုက်လိုက်ချင်းချင်းပဲ အကောင်းဆုံး အိမ်နံပါတ်တစ်ကို ကျသွားခဲ့တယ်....မျှော်လင့်ထားသလိုပါပဲ အမြဲတမ်းရယ်မောနေတတ်တဲ့ ကောင်မလေးက အမြဲတမ်းကံမဆိုးနေဘူး"။
ကုဆွေ့ဆွေ့က မဲကျသောနံပါတ်ကိုကြားလိုက်ရသောအခါ ပေကလတ် ပေကလတ်လုပ်နေသည်။ သူ(မ)က ခြေလှမ်းခပ်စိပ်စိပ်လေးလှမ်းလိုက်ပြီး ယာယီအဖေ၏ လက်ကို ပထမဆုံးအကြိမ်အဖြစ် လှမ်းကိုင်လိုက်သည်။ ထို့နောက် သူ(မ)က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "ဖေဖေခဲ့.....ဒီတစ်ခေါက်တော့ သမီးတစ်ကယ် အိမ်နံပါတ်တစ်ကို ရသွားပြီ"။
မဲသွားမနှိုက်ခင်တွင် ခဲ့ကျင်းယန်က ကုဆွေ့ဆွေ့အား နံပါတ်အနိမ့်ကို နှိုက်ရန်ပြောထားခဲ့သည်။ အိမ်နံပါတ်တစ်ကိုကျသည်မှာ သူကံကောင်း၍သာဖြစ်သည်။
နုနုနယ်နယ်ကလေးငယ်လေးက ဘာမှမသိနားမလည်သေးသော်လည်း နံပါတ်အနိမ့်ရလေ သူတို့နေရမည့်အိမ်က ပိုကောင်းလေဟူသော စကား၏ ဆိုလိုရင်းကိုမူ နားလည်ပါသေးသည်။ ရလဒ်ထွက်လာသည်နှင့် သူ(မ)အိမ်နံပါတ်တစ်ကိုရသောကြောင့် အလွန်ပျော်ရွှင်မိသည်။
ခဲ့ကျင်းယန်၏ နှုတ်ခမ်းပါးတို့က အနည်းငယ်ကွေးတက်သွားပြီး ဆွေ့ဆွေ့ကို သူ၏မူပိုင်အပြုံးလေးဖြင့် အသာလေးပြုံးပြလာသည်။ "အဟမ်း...မင်းကသိပ်ကံကောင်းတာပဲ....နောက်ကျရင်လည်း ငါတို့ဆက်ပြီး ကြိုးကြိုးစားစား လုပ်ကြတာပေါ့"။
သူပြောနေရင်းနှင့် သူ့လက်ကိုယခုထိကိုင်ထားသော ကလေးမလေးအပေါ်သို့ မျက်စိရောက်သွားသည်။ နေပါစေလေ။ သူ(မ)က အိမ်ကောင်းကောင်းနေရအောင် ကြိုးစားပေးထားသောကြောင့် သူလက်တော့ကိုင်ခွင့်ပေးထားလိုက်သည်။
အကောင်းဆုံးအိမ်နံပါတ်တစ်ကို မဲကျပြီးသွားပြီဖြစ်ကြောင်း အခြားဧည့်သည်များလည်း ကြားလိုက်ရသည်။ သူတို့အားလုံး အံ့အားသင့်သွားပြီး စိတ်ပျက်သွားကြသည်။ သို့သော် ထိုအိမ်တွင်နေရမည့်သူမှာ ကုဆွေ့ဆွေ့နှင့်ခဲ့ကျီယန်ယန်ဖြစ်နေသောကြောင့် ဝမ်းသာပေးနေကြသည်။
ကျန်ရှိနေသော ကလေးလေးယောက်လည်း မဲနှိုက်ရန် တစ်ယောက်ပြီးတစ်ယောက်ရှေ့ထွက်သွားကြသည်။ နံပါတ်စဥ်မှာ ယခင်ကအတိုင်းဖြစ်သည်။ အိမ်နံပါတ်ငါး ၊ အိမ်နံပါတ်လေး ၊ အိမ်နံပါတ်သုံး ၊ အိမ်နံပါတ်နှစ် တို့ဖြစ်ကြသည်။
အိမ်နံပါတ်တစ်မှာ ရွာထိပ်တွင်တည်ရှိသည်။ ဖန်ဇီရွာသူကြီး အစစ်၏အိမ်လည်းဖြစ်သည်။ အိမ်၏ကြမ်းပြင်ကို အဖြူရောင်ကြွေပြားများ
နှင့်အုပ်ထားသည်။ မြို့ကအိမ်များလောက်မကောင်းသော်လည်း သန့်ရှင်းပြီး သပ်သပ်ရပ်ရပ်ရှိလှသည်။
ဤတစ်ခေါက်တွင် သူတို့သရုပ်ဆောင်သားအဖနှစ်ယောက်လည်း ကံကောင်းပြီး ဤအိမ်တွင်လာနေနိုင်ခြင်းဖြစ်သည်။ အိမ်ကြီးအိမ်ကောင်းတွင် နေရရုံမျှမက အစီအစဥ်ရိုက်ကူးရေးအဖွဲ့ကလည်း သူတို့အတွက် သီးသန့်အခန်းပြင်ထားပေးသေးသည်။ အစားအသောက်လည်း ပြင်ထားပေးသည်။
အနံ့လှိုင်လှိုင်လေးကိုရလိုက်သောအခါ ကုဆွေ့ဆွေ့က စိတ်လှုပ်တရှားနှင့် အံ့အားသင့်စွာပြောလာသည်။ "ဖေဖေခဲ့....ကြည့်လိုက်ပါဦး....စားပွဲပေါ်မှာ အစားအသောက်တွေအများကြီးပဲ....အကုန်လုံးက အရသာရှိမဲ့ပုံပဲ!"
ထိုရူးကြောင်ကြောင် ကောင်မလေးက အရင်အတိုင်းပင်ဖြစ်သည်။
တစ်ပတ်ကုန်လွန်ပြီးသွားသော်လည်း တိုးတက်မှုမရှိလာပေ။
"စားစရာတွေတင်ထားတဲ့ စားပွဲလေးတစ်ခုပဲလေ....ဘာတွေအဲ့လောက်ပျော်စရာရှိလို့လဲ?"။ ခဲ့ကျင်းယန်က လက်ဆန့်ထုတ်လိုက်ပြီး ကလေးမလေး၏ နူးညံ့သောဆံနွယ်လေးများကို သတိလက်လွတ် ပွတ်သပ်ပေးနေသည်။ ဆွေ့ဆွေ့တစ်ယောက် စားပွဲပေါ်ရှိ အစားအစာများကို စိုက်ကြည့်နေသည်ကို တွေ့သောအခါ သူ့နှုတ်ခမ်းစွန်းများ ကော့တက်သွားပြီး ဂရုမစိုက်သော လေသံဖြင့်ပြောလိုက်သည်။
သို့သော် စက္ကန့်ပိုင်းလောက်အကြာတွင် ကုဆွေ့ဆွေ့က သူ့အင်္ကျီစွန်းလေးကို ရုတ်တရက်လှမ်းဆွဲပြီး ညင်သာပြီးအပြစ်ကင်းစင်သော လေသံလေးနှင့် မေးလာသည်။ "ဖေဖေခဲ့...ဒီတစ်ခေါက်မှာ သမီးတို့အိမ်နံပါတ်တစ်ကို မဲနိုင်လာတယ်လေ.....အရင်တစ်ခေါက်ကလို သမီးတို့နေစရာမလိုတော့ဘူးမလား....အဲဒီတဲအိမ်ထဲမှာ လိုမျိုးလေ....ဒီမှာတစ်သက်လုံး နေလို့ရတယ်မလား"။
စားပွဲပေါ်က အစားအစာများကိုမစားသေးပဲ ကလေးမလေးက မေးခွန်းတွေမေးနေပြန်သည်။
ထိုအကြောင်းကို မေ့နေပြီဖြစ်သော ခဲ့ကျင်းယန်တစ်ယောက် သူတို့နှစ်ယောက်သား အစီအ
စဥ်၏ယခင်အပိုင်းတွင် မည်သို့နေခဲ့ရသည်ကို အတင်းမှတ်မိယူလိုက်ရသည်။ မနက်ပိုင်းတွင် ဘန်းမုန့်ဖြူနှစ်လုံးနှင့် နေ့လည်ပိုင်းတွင်ဘန်းမုန်းတစ်လုံးကိုသာစားခဲ့ရသည်။ အစားစားရန် အခြားဧည့်သည်အိမ်များသို့သွားခဲ့ရပြီး လမ်းပေါ်တွင် ပရိသတ်များအား ကန်စွန်းဥဖုတ်ရောင်းခဲ့ရသေးသည်။
ခဲ့ကျင်းယန်က ရှက်ကိုးရှက်ကန်းနှင့်ချောင်းဟန့်လိုက်ပြီး စကားလမ်းကြောင်းလွှဲလိုက်ကာ ထိုမွန်းကျပ်စရာကောင်းသော အကြောင်းအရာကိုဆက်မဆွေးနွေးအောင် ရပ်တန့်လိုက်သည်။ "ဆွေ့ဆွေ့ ဗိုက်ဆာနေပြီမလား....စားပွဲပေါ်မှာ အရသာရှိတဲ့ အစားအသောက်တွေတစ်ပုံလိုက်ကြီးပဲ....ငါတို့နှစ်ယောက်လုံး ဒီလိုပဲရပ်နေကြတော့မလား....ကိုယ့်နေရာမှာကိုယ်နေပြီး ကြည့်နေကြမှာလား"။
သုံးနှစ်အရွယ်သာရှိသေးသော ကလေးတစ်ယောက်ကို အာရုံလွှဲရန် အလွန်လွယ်ကူသည်။ စကားတစ်ခွန်း နှစ်ခွန်းပြောလိုက်ရုံနှင့် ဆွေ့ဆွေ့၏အာရုံကပြောင်းသွားသည်။
ခဲ့ကျင်းယန်က စားပွဲပေါ်ရှိ အစားအစာများကို ဖြတ်ခနဲ အကြမ်းဖျင်းတစ်ချက်ကြည့်လိုက်သည်။ အသားနှင့်အသီးအရွက်ပါဝင်သော ဟင်းပွဲအနည်းငယ်မျှသာဖြစ်သည်။ သူကလေးဘဝက စားကောင်းသောက်ဖွယ် အများအပြားကို စားခဲ့ဖူးသော်လည်း ယခုအခြေအနေမှာမူ ဘေးကျပ်နံကြပ်ဖြစ်နေသောကြောင့် ချေးများနေလို့မရပေ။
ဤတစ်ခေါက်တွင်မူ ကုဆွေ့ဆွေ့၏ကျေးဇူးကြောင့် သူအိမ်ကြီးအိမ်ကောင်းထဲတွင်နေနိုင်ကာ စားကောင်းသောက်ဖွယ်များစားနိုင်ခြင်းဖြစ်သည်။
ထိုအကြောင်းကိုစဥ်းစားရင်း စားပွဲခုံကို လက်လှမ်းမှီရုံမျှသာဖြစ်နေသော ဘေးတွင်ရပ်နေသည့် ကလေးမလေးဆီအကြည့်ရောက်မိသွားသည်။ သူ(မ)အတွက် အသားတစ်ဖတ်ကိုယူပေးလိုက်ကာ ပန်းကန်ထဲထည့်ပေးပြီး ပြောလိုက်သည်။ "ဆွေ့ဆွေ့.....များများစားနော်"။
ကလေးမလေးက အရပ်ပုသေးသေးလေးနှင့် ခြေတံတိုတိုလေးများသာရှိသည်။ ယခု သူ(မ)ပစားကောင်းကောင်းစားပါမှ အနာဂတ်တွင်အရပ်ရှည်ပြီး ကြီးထွားလာနိုင်မည်ဖြစ်သည်။
"ကျေးဇူးတင်ပါတယ်.....ဖေဖေခဲ့"။ အစာစားနေသော ကုဆွေ့ဆွေ့လေးက ချစ်စရာကောင်းသော ဟမ်းစတားလေးသဖွယ် ပါးမို့မို့လေးနှစ်ဖက် ဖောင်းထွက်လာကာ တမြုံ့မြုံ့ဝါးနေသည်။
လွန်ခဲ့သောအခေါက်ကတွေ့ကြုံခဲ့ရသမျှကို ခဲ့ကျင်းယန် သင်ခန်းစာယူပြီး ဤနေရာသို့မလာမှီ လမ်းပေါ်တွင် စားသောက်လာခဲ့သည်။ ထို့
ကြောင့် ယခုသူဗိုက်သိပ်မဆာပေ။ သို့သော် သူ့ဘေးတွင် အားပါးတရစားသောက်နေသော ကလေးမလေးကြောင့် သည်းမခံနိုင်တော့ချေ။ ကုဆွေ့ဆွေ့ရှေ့တွင်ရှိနေသော မျှစ်နှင့်ဝက်သားကြော်ကို တူနှင့်ကောက်ကိုင်လိုက်သည်။
အစားအသောက်များက အလွန်အရသာရှိပုံပေါ်သည်။
လွန်ခဲ့သောအပတ်က ခဲ့ကျင်းယန်တစ်ယောက် အစီအစဥ်ရိုက်ကူးပြီးအပြန်တွင် ကလေးသိပ္ပံနှင့်ပညာရေးရုပ်ရှင်အနည်းငယ်ကို တမင်တကာ
ကြည့်ခဲ့သည်။ ထိုရုပ်ရှင်များကြည့်ပြီးနောက် သုံးနှစ်အရွယ်သာရှိသေးသော ကုဆွေ့ဆွေ့က အခြားသက်တူရွယ်တူကလေးများထက် လိုက်လျောညီထွေစွာနေတတ်ကြောင်း သဘောပေါက်နားလည်သွားရသည်။ သူ(မ)ကို သူအစားခွံကျွေးစရာမလို ၊ အဝတ်လဲပေးစရာလည်းမလိုပေ။ ယာယီအဖေတစ်ယောက်အနေနှင့် သူဘာမှလုပ်ပေးစရာမလိုချေ။
အခြားအဖွဲ့လေးဖွဲ့မှ အကျော်အမော်များ၏ ကလေးများက ဆွေ့ဆွေ့ထက် အများကြီးဆိုးကြသည်။
လွန်ခဲ့သောအခေါက်က အိမ်နံပါတ်တစ်ကျခဲ့
သည့် ချွီမင်းရှန်တို့ သားအဖနှစ်ဦးက ယခုအခေါက်တွင် အဆိုးကြီးမဟုတ်လှသော အိမ်နံပါတ်သုံးကို မဲကျခဲ့သည်။ သူတို့အိမ်အတွက် အစီအစဥ်ရိုက်ကူးရေးအဖွဲ့မှ ပြင်ဆင်ပေးထားသော အစားအသောက်များမှာလည်း အိမ်ချက်များသာဖြစ်သည်။ အရသာမှာမူ သာမာန်ပင်။ ချွီမင်းရှန်၏လက်ရာလောက် အရသာမရှိသော်လည်း သားအဖနှစ်ဦးလုံးက ဘေးပတ်ဝန်းကျင်ကို ဂရုစိုက်မနေပဲ မြိန်ရေရှက်ရေစားသောက်ကြသည်။
ဤတစ်ခေါက်တွင် အဆိုးဆုံးအခြေအနေရောက်သွားသူမှာ အိမ်နံပါတ်ငါး မဲကျသော ချန်းရီတို့သားအဖဖြစ်သည်။ သူတို့နေရမည့်အိမ်မှာ ရွာအနောက်ဘက်ခြမ်းတွင်ရှိသော နေကျက်ရွှံ့နှင့်ဆောက်လုပ်ထားသည့် အိမ်လေးဖြစ်သည်။ အိမ်ထဲတွင် ပရိဘောဂဟူ၍ စားပွဲတစ်လုံးနှင့် ခွေးခြေခုံများသာရှိသည်။ ထိုခုံများကလည်း သိပ်မခိုင်ပဲ ယိုင်နဲ့နဲ့သာနှင့်ဖြစ်သည်။
အစီအစဥ်အသင်းမှသူတို့တွက်ပြင်ဆင်ပေးထားသော နေ့လည်စာမှာ စားချင့်စဖွယ်မကောင်းလှသော အသီးအရွက်အစုရောထား
သည့်ဟင်းပွဲမျိုး နှစ်ပန်းကန်စာမျှသာဖြစ်သည်။
ချန်းချင်းယန်က လူကြီးလေးတစ်ယောက်လို သက်ပြင်းချလိုက်ပြီး ချန်းရီကို မျက်လုံးရွဲကြီးများနှင့် စိုက်ကြည့်ကာ မေးလာသည်။ "ဖေဖေ....သားတို့ဘာလုပ်ရမလဲ"။
လွန်ခဲ့သောအခေါက်က စီရွှမ်ရှေးဟောင်းမြို့တွင်အစီအစဥ်ရိုက်ကူးခဲ့စဥ်တွင် ရိုက်ကူးရေးအဖွဲ့က လူတိုင်းကိုယ့်ကိုကိုယ် ချက်ပြုတ်စားသောက်ကြရန် တောင်းဆိုခဲ့သည်။ အခြားအိမ်များထက် ဟင်းချက်ရန် ပါဝင်ပစ္စည်းပိုပြီး များများစားစားရရှိထားသော်လည်း မည်သို့ချက်ပြုတ်ရမည်မှန်းမသိပေ။ နောက်ဆုံးရလဒ်က ဘန်းမုန့်သာရလာလိမ့်မည်ကို စိတ်ကူးကြည့်နိုင်သည်။
အစားအသောက်အတူစားရန် အခြားအိမ်များသို့ သွားလို့ရကြောင်း သူတို့သားအဖနှစ်ဦး နောက်မှစဥ်းစားမိကြသည်။
"ဖေဖေ....သားတို့ညီမလေးဆွေ့ဆွေ့အိမ်ကို သွားလို့ရတယ်လေ.....သူတို့ကအိမ်နံပါတ်တစ်မှာ နေရတာဆိုတော့ သားတို့ထက်ကောင်းကောင်းစားရလောက်တယ်"။
သူ့သားပြောသောစကားများကို ချန်းရီကြားသောအခါ သားငယ်၏ခေါင်းကိုခပ်ဖွဖွလေးပုတ်ပြီး ပြောလိုက်သည်။ "အဲ့သွားဖို့ မစဥ်းစားပါနဲ့....အိမ်နံပါတ်တစ်က ရွာရဲ့မရှေ့ခြမ်းမှာရှိတာ..... ဖေဖေတို့က ရွာရဲ့အနောက်ခြမ်းမှာနေတာလေ.....အဲဒီအထိဘယ်လိုသွားပြီး စားမလဲ"။ငါးနှစ်အရွယ်သူ့သားငယ်လေးက ချစ်စဖွယ်ကလေးမလေး ကုဆွေ့ဆွေ့နေသည့်အိမ်ကို အစားအတူတူစားရန် သူ့အားခေါ်သွားခိုင်းစေချင်နေသည်။
တစ်ကယ်တမ်း လွန်ခဲ့သောအခေါက်က ခဲ့ကျင်းယန်က ဆွေ့ဆွေ့အား အခြားအိမ်များသို့ ခေါ်သွား၍ အစားအတူတူစားစေမည်ဟု ဧည့်သည်များသာမက အစီအစဥ်ရိုက်ကူးရေးအဖွဲ့သားများလည်း မမျှော်လင့်ထားခဲ့ပေ။
ထို့ကြောင့် ဤတစ်ခေါက်တွင် ရိုက်ကူးရေးအဖွဲ့က အစီအစဥ်ပြောင်းလဲလိုက်ပြီး အကောင်းဆုံးအိမ်ဖြစ်သော အိမ်နံပါတ်တစ်နှင့် အဆိုးဆုံးအိမ်နံပါတ်ငါးတို့ကို ရွာထဲရှိ အဝေးဆုံးတစ်နေရာစီတွင်ထားလိုက်သည်။
နေ့လည်စာစားပြီးနောက် ရွာထဲတွင်မိုးဖွဲလေးကျနေသည်။ သို့သော် ရွာသူကြီးအိမ်ရှိ ကြက်ပေါက်လေးများကို သူတို့အစာကျွေးရသေးသည်။
မည်သို့ပင်ဆိုစေ မိသားစုကြီးတစ်ခုဖြစ်ရန်မှာ မိသားစုအသိစိတ်ဓာတ်ရှိရန် လိုအပ်သည်။
ခဲ့ကျင်းယန်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ကုဆွေ့ဆွေ့အတွက် ရိုက်ကူးရေးအဖွဲ့မှစီစဥ်ပေးထားသော မိုးကာအင်္ကျီအဝါရောင်လေးကို ဝတ်ပေးလိုက်သည်။
"ပါပါးခဲ့....ကြယ်သီးတပ်တာ နေရာမှားနေတယ်"။ ကုဆွေ့ဆွေ့က သိသိသာသာ မညီမညာဖြစ်နေသော သူ့အင်္ကျီကိုလက်ညှိုးထိုးပြရင်း ပြောလာသည်။
ကုဆွေ့ဆွေ့က သူ(မ)ဘာသာအဝတ်ဝတ်လေ့ရှိသည်။ သို့သော် ဤတစ်ခုက ကြယ်သီးများရှိနေသောကြောင့် သူ(မ)အင်္ကျီဝတ်ရာတွင် နှေးနေသည်။ ခါတိုင်းတွင် သူ(မ)က မေမေက ကူညီပေးလေ့ရှိသော်လည်း ယခုတွင်မူ သူ(မ)အနားတွင် မေမေမရှိသောကြောင့် ယာယီဖေဖေထံသို့ စိတ်အားထက်သန်စွာ သွားပြောရခြင်းဖြစ်သည်။
ဤအရွယ်ကလေးငယ်တစ်ဦးအား အဝတ်အစားဝတ်ပေးရာတွင် ခဲ့ကျင်းယန် ပထမဆုံးကူညီဖူးခြင်းဖြစ်သည်။ ကလေးမလေး၏ မကျေမနပ် ညည်းညူသံလေးကို ကြားလိုက်သောကြောင့် နီးနီးကပ်ကပ်ကြည့်မိသောအခါ ထိပ်ဆုံးကြယ်သီးမှစ၍ မှားနေသည်ကိုတွေ့လိုက်ရသည်။ ထိုသို့မှားနေသည်ကို နောက်ဆုံးကြယ်သီးတပ်သည်အထိ သူမသိလိုက်ချေ။
မိုးကာအင်္ကျီ၏ ကြယ်သီးများက သေးလွန်းသောကြောင့် သူမမြင်လိုက်ခြင်းဖြစ်သည်။
ခဲ့ကျင်းယန်၏ နားရွက်များက ရှက်စိတ်ကြောင့် နီရဲတွတ်နေပြီး ရှက်ကိုးရှက်ကန်းဖြင့်ပြောလိုက်သည်။ "အင်း....ငါပြန်တပ်ပေးမယ်နော်"။
ကုဆွေ့ဆွေ့၏ နှုတ်ခမ်းလေးများက တွန့်တက်သွားပြီး အသံချိုချိုလေးဖြင့်ပြောလာသည်။ "ဖေဖေခဲ့က တုံးလိုက်တာနော်.....သမီးလိုသုံးနှစ်ကလေးတောင် ကြယ်သီးမှားတပ်မိမှာမဟုတ်ဘူး"။
"တုံးတယ်" ဟူသောစကားကို ကလေးတစ်ယောက်ဆီမှ ခဲ့ကျင်းယန် ကြားလိုက်သောအခါ သူ့နားရွက်များ ပူတက်လာပြီး ဒေါသတကြီးဖြင့်ပြောလိုက်သည်။ "ပါးစပ်ပိတ်ထား.....ငါနောက်ဆို နင့်ကိုဘယ်တော့မှ မိုးကာအင်္ကျီမဝတ်ပေးတော့ဘူး......အိမ်မှာပဲ တစ်ယောက်တည်းချန်ထားခဲ့လိုက်မယ်.....အပြင်သွားရင်လည်း ငါ့ တစ်ယောက်တည်း သွားပြီး....ကြက်ပေါက်တွေကိုလည်း ငါ့ဘာသာငါပဲ အစာကျွေးတော့မယ်"။
တစ်ကယ်တမ်းတွင် အစီအစဥ်ရိုက်ကူးရေးအဖွဲ့က မိုးရွာနေသောနေ့များတွင် ဆွေ့ဆွေ့အား အပြင်မထွက်စေလိုပေ။ မိုးကသိပ်မသည်းလှသော်လည်း ခဲ့ကျင်းယန်က ယုံကြည်စိတ်ချ၍မရသောကြောင့် ဆွေ့ဆွေ့တစ်ခုခု ဖြစ်သွားမည်ကို အားလုံးက စိုးရိမ်ကြသည်။ ကြက်ပေါက်လေးများကို အစာကျွေးရမည်ဟူသော စကားကို ကုဆွေ့ဆွေ့ကြားလိုက်သောအခါ အပျော်လွန်သွားပြီး သူ(မ)လည်း အတူလိုက်သွားချင်ကြောင်း ပြောလာသည်။ ခဲ့ကျင်းယန်လည်း ဘာလုပ်ရမှန်းမသိသောကြောင့် သူ(မ)ကို သူနှင့်အတူ ခေါ်သွားရန် သဘောတူလိုက်ရသည်။
ဆွေ့ဆွေ့နှင့်ခဲ့ကျင်းယန်တို့ အတူအဆင်ပြေနေကြသည်ကိုတွေ့သောအခါ ရိုက်ကူးရေးအဖွဲ့သားများလည်း ဘာမှမပြောလိုတော့ပေ။
လွန်ခဲ့သောအခေါက် ရေပန်းအစားဆုံးရှာဖွေမှုဖြစ်သွားတည်းက ဆွေ့ဆွေ့နှင့်ခဲ့ကျင်းယန်တို့သားအဖအတွဲက အခြားအတွဲလေးတွဲဖြစ်သော အကျော်အမော်များနှင့်သူတို့၏သားသမီးအရင်းများထက်ပင် ပို၍စိတ်ဝင်စားစရာကောင်းပြီး ရေပန်းစားနိုင်သည်ကို အစီအစဥ်ရိုက်ကူးရေးအဖွဲ့က သိသွားခဲ့သည်။ သူတို့၏ပုံလေးတစ်ပုံတင်လိုက်သည်နှင့် ချက်ချင်းပင် ဝေဘို၏ ရှာဖွေမှုအများဆုံးအကြောင်းအရာတစ်ခုဖြစ်သွားခဲ့သည်။
သူ(မ)ကို နောက်ထပ်ကြက်ပေါက်လေးများနှင့် တွေ့ခွင့်မပြုတော့ဟူသော စကားကိုကြားလိုက်သောအခါ ကုဆွေ့ဆွေ့က သူ(မ)၏လက်သေးသေးလေးနှင့် ပါးစပ်ကိုအလျင်အမြန်ပိတ်လိုက်သည်။ ဘာမှထပ်မပြောတော့ပါဘူး ဟူသောအမူအရာလေးနှင့် ပါးစပ်ကိုတင်းတင်းအုပ်ထားသည်။
ခဲ့ကျင်းယန်၏ နားရွက်များ အဘယ်ကြောင့် ထိုမျှလောက် နီရဲနေသည်ကို သူ(မ)သိချင်မိရုံသာဖြစ်သည်။
ခဲ့ကျင်းယန်က ကုဆွေ့ဆွေ့၏ မိုးကာအင်္ကျီကြယ်သမီးများက ပြန်တပ်ပေးရင်း စိတ်တည်ငြိမ်နေယောင်ဆောင်လိုက်သည်။ ဤတစ်ခါတွင်တော့ ကြယ်သီးနေရာမှားမတပ်တော့ပေ။
ကြက်ခြံသို့ရောက်လျှင် စကားအလွန်များသော ကလေးမလေးကို အလုပ်များများလုပ်ခိုင်းရမည်။
ခဲ့ကျင်းယန်က ရှေ့သို့ခြေလှမ်းနှစ်လှမ်းလှမ်းလိုက်သည်။ သူဆက်လျှောက်သွားရင်း ကြက်ပေါက်လေးများနှင့်တွေ့ရန် စိတ်စောနေသော ပလေးမလေးက သူ့နောက်မလိုက်လာသည်ကို သတိထားမိသွားသည်။ သူလှည့်ကြည့်လိုက်သောအခါ မိုးကာအင်္ကျီဝတ်ထားသော ကလေးငယ်လေးက အင်္ကျီအရှည်ကြောင့် လမ်းလျှောက်ရခက်နေသည်ကို တွေ့လိုက်ရသည်။ အင်္ကျီစကို မရန်ကြိုးစားသော်လည်း သူ(မ)လမ်းမလျှောက်နိုင်သေးပေ။
ခလုတ်တိုက်ပြီး လမ်းလျှောက်နေသော ကလေးမလေးကိုတွေ့သောအခါ ခဲ့ကျင်းယန်က မညှာမတာရယ်မောရင်း နောက်တောက်တောက်နှင့်ပြောလိုက်သည်။ "လူပုလေး"။
အားလုံးထဲတွင်အပုဆုံးဖြစ်နေမည်ကို စိုးရိမ်သော ကုဆွေ့ဆွေ့က ထိုစကားကိုကြားသောအခါ စိတ်ဆိုးသွားပြီး သတိလက်လွတ် ခွန်းတုံ့ပြန်လိုက်သည်။ "သမီးက မပုပါဘူးနော်....သမီးဖေဖေက အရမ်းအရပ်ရှည်တယ်....အရှည်ကြီးပဲ....အဲဒါကြောင့်မလို့ သမီးလည်း နောက်ကျရင် ဒီ့ထက်ပိုရှည်လာဦးမှာ"။
ဆွေ့ဆွေ့က သူ(မ)လည်ပင်းကိုဆန့်ထုတ်လိုက်ရင်း ခြေဖျားထောက်ပြီး ပြောလိုက်သည်။ "ဒီမှာလေ....မပုပါဘူး"။
ကလေးဆန်ဆန်ငြင်းခုံနေကြသောသူတို့နှစ်ဦးကို ရိုက်ကူးရေးဝန်ထမ်းများက တွေ့သွားသောအခါ ခဲ့ကျင်းယန်က ဆွေ့တွေ့ငိုအောင် လုပ်လိုက်မည်ကို စိတ်ပူပြီး ပြောလိုက်သည်။ "မစ္စတာခဲ့က ပွေ့သွားလိုက်လေ....ကြက်မွေးထားတဲ့ ရွာသူကြီးရဲ့အိမ်က ဒီကနေဆိုရင် နှစ်မိနစ် သုံးမိနစ်လောက်ပဲ ဝေးတော့တာ"
ခဲ့ကျင်းယန်က နေရာတွင်ပင် ချက်ချင်းတောင့်ခဲသွားသည်။
သူကဤကလေးကိုပွေ့ချီသွားရမည်တဲ့လား။ လုံးဝမဖြစ်နိုင်ပေ။
ကုဆွေ့ဆွေ့က သူ(မ)တစ်လျှောက်လုံးတွေးလာခဲ့သော ကြက်ကလေးများအကြောင်းကို ပြန်
စဥ်းစားမိသွားပြီး အရပ်အကြောင်းငြင်းခုံနေကြသည့်ကိစ္စကို မေ့သွားသည်။ ခေါင်းလေးစောင်းကာ လက်နှစ်ဖက်ကို ဖွင့်ထားလိုက်သည်။ ဝါဖျော့ဖျော့မျက်လုံးရွဲကြီးများနှင့် သူ(မ)ဘေးတွင်ရှိနေသော လူကြီးကိုကြည့်လိုက်ရင်း မျှော်လင့်တကြီးဖြင့် ပြောလိုက်သည်။ "ပါပါးခဲ့....ဖက်ပါဦး"။
ခဲ့ကျင်းယန်: "....."
"ဟေး မင်းပြောတော့ မင်းအဖေက အရမ်းအရပ်ရှည်တယ်ဆို.....အဖေကိုပဲသွားရှာပြီး ပွေ့ခိုင်းပါလား"။
Xxxxxxxxx