Chapter 13.1
“လီဖုန်း”
လီဖုန်းက အဝါရောင်စာရွက်နှစ်ရွက်ကို ကိုင်ထားပြီး အိမ်ဟောင်းရှေ့မှာရပ်နေသည်။ သူက သူ့မိဘတွေ သက်ရှိထင်ရှားရှိစဥ်က ခြံဝင်းကိုကြည့်လိုက်တော့ အိမ်ဟောင်းက အလုံးစုံပျက်စီးနေ၏။ သူ့ကိုယ်ထဲက လေအေးတွေထွက်လာသလို ခံစားလိုက်ရပြီး သူ့ဘေးက လူသန်ကြီးကလည်း ကြက်သီးထသွားခဲ့သည်။
သူက သူ့အစ်ကို၏ အေးစက်မှုကို ခံနိုင်ရည်ရှိသော်လည်း တခြားသူများ၏ မျက်နှာကို ထည့်စဥ်းစားမှာမဟုတ်ပေ။ သူက လီစုန့်ကမ်း၏ သားကြီးကို စိုက်ကြည့်ကာ ဒေါသတကြီးပြောလိုက်၏။ “မင်းဘာကြည့်နေတာလဲ.. မြန်မြန်လှုပ်ရှားစမ်း… မင်းက ဒီစစ်သခင်ရဲ့ လက်သီးကို မြည်းချင်နေတာလား?
အကြီးဆုံးသားလီစန်းနှင့် သူ့ဇနီးက လက်သီးဆုပ်ကို မြင်သောအခါ ကြောက်ကြောက်ဖြင့် ပြောလိုက်၏။ “ငါတို့ အခုပြောင်းပေးပါ့မယ်။” မူလက သူတို့ဝမ်းကွဲ တစ်ခုခုပြောပေးမယ် ထင်ခဲ့သော်လည်း အစကနေအဆုံးထိ ဝမ်းကွဲက ထိုသူခိုးကို လီမိသားစုရှေ့တွင် မောက်မာပြီး ရိုင်းစိုင်းခွင့်ပေးထားတာကြောင့် သူတို့က သူတို့လှုပ်ရှားမှုကို ခါးခါးသီးသီး အရှိန်မြှင့်တင်လိုက်ရသည်။
တစ်ယောက်ယောက်က လီဖုန်းကို စကားပြောသောအခါ သူက ပြန်ဖြေခဲ့သည်။ “ယွိမုက ငါ့အထက်လူကြီးပါ။ ငါက သူ့သခင်မဟုတ်ဘူး။ သူက လူရိုင်းတွေနဲ့ အချိန်အတော်ကြာအောင် ဆက်ဆံခဲ့ရလို့ သူ့ဒေါသက အမြဲဆိုးရွားနေတာ။ ငါသူ့ကို လာခွင့်မပေးပေမယ့် သူက ငါ့အိမ်အခြေအနေကို ကြည့်ချင်တယ်ဆိုလို့ပါ။ အားလုံးပဲစိတ်မရှိပါနဲ့။” ထိုစကားကိုကြားတော့ လူတွေအေးစက်သွားပြီး ကလေးငယ်လီဖုန်းမှာ လူရိုင်းသွေးတွေစွန်းထင်းနေတာကို မှတ်မိသွားသည်။ လီဖုန်းက အရင်က စိတ်ကောင်းရှိတဲ့ကလေးမလား? ချက်ချင်းဆိုသလိုပင် သူတို့က သူ့ကိုဖျောင်းဖျဖို့ တွေးနေတာကို ရပ်လိုက်သည်။
တောက်..ဒီကောင်က စစ်မြေပြင်မှာ ဘာလို့မသေသွားတာလဲ! ယင်းမှာ လီစုန့်ကမ်းမိသားစုရဲ့ ထပ်တူညီသော အတွေးဖြစ်၏။
အကြီးဆုံးသား လီစန်းတို့ လင်မယားထွက်သွားသည်နှင့် လူသန်ကြီး၏ မျက်နှာက ပြောင်းလဲသွားပြီး သူက ရှက်ရှက်ဖြင့် ပြုံးလိုက်လေသည်။ “အစ်ကိုကြီး… သူတို့ထွက်သွားပြီ။ အခုကစပြီး အားလုံးကို အစ်ကိုကြီးပိုင်သွားပြီ။ အစ်ကိုကြီး… ကျွန်တော်လုပ်ခဲ့တာတော်ရဲ့လား? အစ်ကိုကြီးသာ မတားခဲ့ရင် ကျွန်တော် ဒီမိသားစုကို အရေစုတ်လိုက်မှာ!” ဤအမှိုက်မိသားစုက အစ်ကိုကြီးကို ဒီလိုဆက်ဆံရဲရင် သူက သူတို့ကို လူရိုင်းအရိုးစုအပုံထဲကို ပစ်ထည့်ပေးလိုက်သင့်သည်။
ဖက်..ဖက်… သူက အစ်ကိုကြီးရဲ့ အထက်လူကြီးမဟုတ်ရပါဘူး။ အစ်ကိုကြီးကမှ သူ့အထက်လူကြီး… ဟုတ်ပြီလား…
“အားလုံးက အပျင်းကြီးတဲ့ကောင်တွေပဲ… အဲ့လိုမှန်းသိရင် မသွားခင်ထဲက သန့်ရှင်းရေးလုပ်ခိုင်းလိုက်တယ်” လူသန်ကြီးက ရှုပ်ပွနေသော ခြံကြီးကို ရွံရှာသွားသည်။ မြေပြင်ပေါ်မှာ ကြက်ချီးတွေပြည့်နေပြီး လူတွေရဲ့အညစ်အကြေး ရှိနေသည်။ မူလက ဟင်းသီးဟင်းရွက်ဥယျာဥ်ဖြစ်ခဲ့သော ဤနေရာက ပေါင်းပင်သေများဖြင့် ပြည့်နေပြီး အမှိုက်များက နေရာအနှံ့မှာ ပျံ့ကျဲနေ၏။ အစ်ကိုကြီးက အင်္ကျီလက်ကိုမပြီး ကိုယ်တိုင်လုပ်ဖို့ပြင်နေတာတွေ့တော့ လူသန်ကြီးက ရပ်ကြည့်မနေပဲ ခြံကို သန့်ရှင်းရေးလုပ်ဖို့ ပြင်လိုက်သည်။
လီဖုန်းမိသားစု၏ ခြံဝင်းက အပြင်ဘက်မှာ ပစ္စည်းတွေပစ်ချတာကို ရွာသားတွေ ဆက်တိုက်မြင်လိုက်ရသည်။ တချို့လူတွေက အသုံးဝင်သော အရာတစ်ခုခု ကောက်ယူနိုင်မလား သွားကြည့်ချင်ပေမယ့် ရလဒ်က မကောင်းခဲ့ပေ။ တောက်ပြောင်သောခြုံစောင်က ဆံပင်ရှည်များကပ်နေပြီး သံအိုးပေါ်မှာလည်း ကျပ်ခိုးစွဲနေကာ အထဲမှာ ပိုးကောင်များ တွားသွားနေသည်။ ကြည့်ရုံနဲ့ ပျို့အန်ချင်လာပြီး သူတို့က ထိုမိသားစု ဘယ်လောက်အပျင်းထူလဲ စကားနဲ့ပင် မဖော်ပြနိုင်တော့ပေ။
နှစ်ယောက်လုံးကလည်း ရွံနေသည်။ ယွိမုက တစ်သက်လုံး လူပျိုကြီးလုပ်မယ်ဆိုရင်တောင် ထိုမျှလောက် အပျင်းကြီးသော ကောတစ်ယောက်ကိုတော့ မလိုချင်ပါပေ။ သူက မီးဖိုချောင်ကို တစ်ချက်ကြည့်ပြီး ပင်မအိမ်ဆီပြေးကာ အော်လိုက်လေသည်။ “အစ်ကိုကြီး… မီးဖိုချောင်က လုံးဝသုံးလို့မရတော့ဘူး။ ဖြိုချပြီး ပြန်ဆောက်လိုက်တာပိုကောင်းမယ်။ အစ်ကိုကြီး မြို့ထဲမှာ မနေချင်ရင်တောင် ဒီလို ပျက်စီးနေတဲ့အိမ်မှာတော့ မနေပါနဲ့။ ခဏလောက် မြို့ထဲပြန်နေမလား။ သက်တောင့်သက်သာနေလို့ရအောင် အိမ်ဟောင်းတွေကို ဖြိုချပြီး အပြာရောင်အုပ်ကြွပ်အိမ်လေးတွေ ဆောက်လို့ရတယ်။”
လီဖုန်းက လေဝင်လေထွက်ကောင်းစေရန် ပြတင်းပေါက်စာရွက်ကို စုပ်ဖြဲလိုက်ပြီး အိမ်တွင်းရှိ အနံ့အသက်ဆိုးများကို ထွက်သွားစေသည်။ သူက နောက်လှည့်မကြည့်ပဲ ဖြေလိုက်သည်။ “မင်းမနေနိုင်ရင် မြို့ကိုပြန်တော့။ မင်း ဒီရက်တွေမှာ သက်တောင့်သက်သာနေရလို့ မြောက်ဘက်က နေ့ရက်တွေကို မေ့သွားပြီလား?”
ထို့နောက် သူက ထပ်ပြောသည်။ “မီးဖိုချောင်ကို ပြန်ဆောက်ပြီး အခန်းပြန်ပြင်မယ်။ အခုက စိုက်ပျိုးရာသီမဟုတ်လို့ ရွာသားတွေက အားနေတာ။ ငါ နောက်မှ ဦးလေးနဲ့စကားပြောပြီး မြို့ပေါ်က ပရိဘောဂနည်းနည်းဝယ်လိုက်မယ်။”
လူသန်ကြီးက သန့်ရှင်းရေးလုပ်စရာမလိုတော့၍ ဝမ်းသာနေသည်။ သူက လီဖုန်းဘေးကိုသွားကာ သူနဲ့အတူ အလုပ်လုပ်လိုက်သည်။ သူတို့က အလုပ်လုပ်ရင်း ရွာထဲမှာကြားခဲ့သည့် အတင်းအဖျင်းတချို့ကို ပြောလိုက်သည်။ “အစ်ကိုကြီး… ကျွန်တော်တို့ ရောက်လာတော့ ဖြစ်ခဲ့တာကို မှတ်မိလား? ကျွန်တော်တို့ ရွာမှာ ကြောက်စရာကောင်းတဲ့ ဆွေမျိုးတွေရှိပေမယ့် သားမက်ကောင်းလည်း ရှိသေးတယ်။ အဲ့ဒီကောလေးရဲ့ ခင်ပွန်း ကျောက်တာဟူက ဆုံးသွားတယ်လို့ကြားတယ်။ အစ်ကိုကြီး.. ခင်ဗျား ဒီလူကို သိလား?” သူက “ကျွန်တော်တို့ရွာ”လို့ ရင်းရင်းနှီးနှီးသုံးလိုက်သည်။
အရပ်ရှည်သော လူသန်ကြီးက အပျော်တမ်း အတင်းအဖျင်းပြောရတာကြိုက်သည်။ လီဖုန်း ထိုအရာကို ရင်ဆိုင်ရတာ ပထမဆုံးအကြိမ်မဟုတ်ပေ။ သို့သော် သူက ကျောက်တာဟူကို သိသဖြင့် အံ့သြနေသောလေသံဖြင့် ပြောလိုက်၏။ “သူဆုံးသွားပြီလား? ဘယ်လိုဖြစ်တာလဲ? အဲ့ဒီတုန်းက ငါတို့ရွာမှာတူတူကစားခဲ့တာ။ သူဘယ်လိုသေသွားတာလဲ?”
လူသန်ကြီးက သူကြားခဲ့သမျှကို လီဖုန်းအား ပြောပြလိုက်၏။ လီဖုန်းက သူပြောတာကို နားထောင်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူ ဖျင်ရှန်ရွာက ထွက်သွားတုန်းက အဘိုးကြီးကျောက်က ဆုံးသွားခဲ့ပေမယ့် ဘိုးဘိုးကျောက်က ယခုလို ရက်စက်ပြီး ခွဲခြားတာမျိုးမရှိခဲ့ပေ။ သူတို့အိမ်က အချစ်ဆုံးကလေးဖြစ်သည့် တတိယသားကိုလည်း သူသိသည်။ ကျောင်းစတက်ကတည်းက သူက အားလုံးနဲ့ကွဲပြားတယ်လို့ဆိုကာ မေးမော့ထားလေ့ရှိသည်။ နှစ်အနည်းငယ်ကြာတော့ သူက ကျားကျားမီးယပ်ဖြစ်လာမည်ဟု လီဖုန်းမထင်ခဲ့ပေ။ ယွိမု၏ စကားအရ သူက တစ်ဖက်လူ၏ စိတ်ကိုသိနိုင်သည်။ တစ်ကိုယ်ကောင်းဆန်ပြီး အရေခြုံထားတဲ့ ကျောင်းသားတစ်ယောက်ပင်… သူအမုန်းဆုံးက ထိုဆန်ကုန်မြေလေးမျိုးဖြစ်၏။
“ ကျောက်တာဟူ ဒီလိုလူဖြစ်နေမယ်လို့ မထင်ထားဘူး။ သူမရှိတော့ သူ့ဇနီးနဲ့ကလေးအတွက် ပိုကောင်းသွားတာပေါ့။” စစ်မြေပြင်တွင် သေခြင်းရှင်ခြင်းကြားမှာ နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရပြီး သူ့နှလုံးသား တင်းမာလာခဲ့သည်။ ငယ်ငယ်တုန်းက ကစားဖော်ဖြစ်ခဲ့သော ကျောက်တာဟူ၏ သေခြင်းတရားက သူ့ကိုမထိခိုက်စေပေ။ သူက ထိုမြင်ကွင်းကို ကိုယ်တိုင်မမြင်ခဲ့ရသော်လည်း လီဖုန်းက ပြဿနာရှာရဲသည့် ကောကို လေးစားသည်။ မဟုတ်ပါက ထိုမိသားစု၏ စိတ်ဓာတ်ကြောင့် သူ့ကလေးက ကောင်းမွန်းသောအဆုံးသတ်ရနိုင်မှာမဟုတ်ပေ။ ထိုအချိန်က သတိမထားလျှင် သူတို့က ကောငယ်လေးကို ရောင်းစားပြီး သူ့သဘောပါတယ်လို့ပင် ပြောလာနိုင်သည်။ ဘိုးဘိုးကျောက်နှင့် တတိယသားက သူတို့ကို ကျေနပ်မှာမဟုတ်ဘူးလို့ လီဖုန်းတွေးလိုက်သည်။
“ဟုတ်တယ်။” လူသန်ကြီးက သူ့အစ်ကိုကြီး၏ ထောက်ခံချက်ကြောင့် ပိုပြီးစိတ်ဝင်စားလာသည်။ သူက အဆက်မပြတ်ပြောလိုက်လေသည်။ “ကောလေးက ငယ်ငယ်တည်းက စာတတ်တယ်တဲ့။ စာရင်းလုပ်တာလည်း တော်ပြိီး ကြည့်ကောင်းတယ်လို့လည်း ကြားတယ်။ ဒါပေမယ့် သူ့ဗိုက်ထဲမှာ ကလေးရှိနေတာ နှမြောစရာပဲ။ မဟုတ်ရင်….”
“တော်တော့!” လီဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။ “မင်း ပါးစပ်ပိတ်ပြီး အလုပ်သွားလုပ်တော့။” ပြောပြီးတာနဲ့ သူက အပြင်ထွက်သွားခဲ့သည်။
လူသန်ကြီးက အဆူခံလိုက်ရ၍ နောက်ဆုတ်သွားသည်။ သူက သူ့အစ်ကိုကြီးနဲ့ဆိုလျှင် သက်တောင့်သက်သာ ရှိပြီး တခြားရွာသားများနှင့် လူကြီးတွေရှေ့မှာ သူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းထားချင်သည်။ သူ့အစ်ကိုကြီး ခြံပြင်ထွက်နေတာကိုတွေ့တော့ သူက အမြန်မေးလိုက်သည်။ “ဘယ်သွားမလို့လဲ…အစ်ကိုကြီး.?” ခင်ဗျားရဲ့ ညီလေးကို ထားခဲ့လို့မရဘူး…
“ငါ တံမြက်စည်းသွားဝယ်မလို့။” ပြောပြီးသည်နှင့် သူက ခြံထဲကထွက်သွားသည်။ လူသန်ကြီးက သက်ပြင်းချကာ အိမ်ကို သန့်ရှင်းရေးဆက်လုပ်လိုက်သည်။
သူ နှစ်အနည်းငယ် အဝေးရောက်နေသော်လည်း ရွာ၏ဖွဲ့စည်းပုံက အများကြီး မပြောင်းသွားပေ။ လီဖုန်းက ဘယ်အိမ်မှာ တံမြက်စည်းဝယ်နိုင်လဲ မှတ်မိသည်။ သူက လမ်းလျှောက်လာရင်းဖြင့် လူသန်ကြီး၏ စကားကို မတွေးပဲမနေနိုင်ခဲ့ပေ။ သူက ထိုကော၏အိမ်လမ်းကြောင်းကို လှမ်းကြည့်လိုက်သည်။ ယင်းမှာ သူ့အိမ်နှင့် သိပ်မဝေးပေ။ သူက ထိုကော၏သတ္တိကို လေးစားသော်လည်း အိမ်ထောင်စုတစ်ခု ထူထောင်ဖို့ သူ့အတွက် လွယ်ကူမှာမဟုတ်ပေ။
လီဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။ ထိုအနေအထားက သုံးနှစ်အရွယ်ကလေးတစ်ယောက်ရှိပြီး ကိုယ်ဝန်လွယ်ထားရသည့် ကောတစ်ယောက်အတွက် မလုံခြုံပေ။ သူက လူလွတ်တစ်ယောက်ဖို့ ဘာမှမပြောရဲပေ။ မဟုတ်ပါက ထိုကော၏ နာမည်ပျက်သွားနိုင်သည်။
“ဦးလေး ထျဲ… ကျွန်တော် တံမြက်စည်းလာဝယ်တာ။” လီဖုန်းက ခြံပြင်ကနေ အော်လိုက်သည်။
“အား.. လီဖုန်းပဲ… မြန်မြန်ဝင်လာ။ မင်း လမ်းတွေမှတ်မိနေမယ်မထင်ထားဘူး။ ဝယ်ဖို့မလိုဘူး။ ယူသာယူသွား.. ဘာပဲဖြစ်ဖြစ် သိပ်တန်ဖိုးရှိတာမဟုတ်ဘူး။ လူလတ်ပိုင်း ယောကျာ်းတစ်ယောက်က တံခါးဖွင့်ပြီး လီဖုန်းကို နှုတ်ဆက်ကာ အထဲဝင်ခိုင်းခဲ့သည်။
လီဖုန်းက တံမြက်စည်းချထားသောနေရာကို အကျွမ်းတဝင်လျှောက်သွားလိုက်ပြီး နည်းနည်းကောက်ယူလိုက်သည်။ သူက နောက်လှည့်၍ သူ့ဘေးက ခွေးခြေခုံပေါ်မှာ ကြေးဒင်္ဂါးပြားကို တင်လိုက်ပြီး လျှောက်ထွက်လာရင်း ပြောလိုက်သည်။ “ဦးလေး… ကျွန်တော်ပြန်ပြီ။ ကျွန်တော် အိမ်သန့်ရှင်းရေးလုပ်ပြီးရင် လာလည်ပါ့မယ်။” သူ့မိဘတွေဆုံးတော့ ဦးလေးထျဲက သူ့ကို စောင့်ရှောက်ပေးခဲ့ပြီး ယခု သူပြန်လာတာကိုတွေ့တော့ သူက မျက်ရည်တွေကျနေခဲ့သည်။
“အေးပါ..အေးပါ.. လီဖုန်း… ငါပိုက်ဆံမလိုဘူးလို့ပြောတာ မင်းမကြားဘူးလား?” လူလတ်ပိုင်းအမျိုးသားက ခေါင်းလှည့်ကြည့်လိုက်တော့ သူထားခဲ့သော ကြေးဒင်္ဂါးပြားကို မြင်လိုက်ရသည်။ သူက လီဖုန်းနောက်ကို ကမန်းကတန်းလိုက်ကာ အော်ပြောလိုက်ပေမယ့် လီဖုန်းက ခြေတံရှည်၍ ထွက်သွားခဲ့ပြီပင်။ လူလတ်ပိုင်းအမျိုးသားက သက်ပြင်းချကာ ခေါင်းခါလိုက်သည်။ မမျှော်လင့်ထားစွာပင် နှစ်အနည်းငယ်ကြာတော့လည်း ဤကလေးလီဖုန်းက တံမြက်စည်း၏ စျေးနှုန်းကို မှတ်မိနေသေးသည်။ ဒီကလေးက တကယ်ကို စိတ်ရင်းကောင်းသည်။
လီဖုန်းက တံမြက်စည်းကို ယွိမုထံပေးကာ ရွာလူကြီး၏အိမ်သို့ ထွက်သွားခဲ့သည််။ ရွာလူကြီးက ရွာထဲမှာနေပြီး သူက ရွာတစ်ဝက်ကို ဖြတ်ကျော်သွားရသည်။ လမ်းမှာ လူတွေအများကြီးတွေ့ခဲ့ပြီး လူတော်တော်များများက သူ့ကိုရှောင်သွားခဲ့သည်။ လီဖုန်းက ဘာခံစားချက်မှမရှိပေ။ သူရုပ်ဆိုးပြီး အကျည်းတန်တာကို သိပေမယ့် သူ့အတွက် မြောက်ဘက်မှ အသက်ရှင်လျက် ပြန်လာရတာကပင် ကံကောင်းလှပြီ။ သူက တခြားသူတွေ သူ့ကို ဘယ်လိုမြင်မလဲ ဂရုမစိုက်ပါပေ။
ရွာလူကြီးအိမ်ကိုရောက်သောအခါ ခြံတံခါးက အထဲမှဖွင့်ထားပြီး လူစိမ်းတစ်ယောက်က ထိုနေရာမှာရပ်နေသည်။ ရှန်းဖူလန်က ထိုလူကို စကားပြောနေသည်။ “မင်ကောအာ… မင်းက လူကောင်းတစ်ယောက်မို့ ဒီလိုအချိန်မျိုးမှာ ငါက ကူညီရမှာပေါ့။ မင်း လယ်စိုက်ဖို့ အကူအညီလိုရင်လည်း ငါ့ကိုပြောဖို့ အားမနာပါနဲ့။ မင်း သတိထားပြီးလုပ်နော်။ ကလေးနဲ့အားလင်းအတွက် စဥ်းစားပါ။ ဒီကိုလာလို့ရပေမယ့် နောက်တစ်ခါဆို ကြိုဆိုမှာမဟုတ်ဘူးနော်။”
(ကိုယ်ဝန်ကြီးနဲ့ အဝေးကြီးမလာသင့်ဘူးလို့ ပြောတာပါ)
“ကျွန်တော်သိပါတယ်။ ဒါပေမယ့် ရွာလူကြီးက ကျွန်တော် ယာမန်ကို ခရီးထွက်လို့ရအောင် အများကြီးကြိုးစားပေးနေတာမို့ ကျေးဇူးတင်စကားလာပြောတာပါ။ ကျွန်တော်သာ ကျန်းမာရေးကောင်းရင် သူ့နဲ့တစ်ခါတည်းလိုက်သွားတယ်။ ရှန်းဖူလန် …ခင်ဗျားဧည့်သည်ရောက်နေလို့ ကျွန်တော်သွားတော့မယ်နော်။” တစ်ယောက်ယောက်လာနေတာကိုတွေ့တော့ ထန်ချွန်းမင်က အမြန်ပြေးထွက်သွားဖို့ ပြင်သည်။ လက်ဆောင်လာပို့ဖို့က မလွယ်ပေ။ ဧည့်သည့်ကိုအကြာကြီးစောင့်ခိုင်းတာက အားနာဖို့ကောင်းသည်။
.
သို့သော် ထိုလူက မျက်နှာတည်ပြီး တင်းမာသည်။ သူ့ပုံစံက သူစိမ်းတွေနဲ့ မပတ်သက်ချင်ဘူးလို့ ထင်ရပေမယ့် သူက ထိုလူကို အားကျနေသည်။ ထိုလူ၏ ကိုယ်လုံးကိုယ်ပေါက်က သူလိုချင်သောအမျိုးအစားဖြစ်ပြီး သူက သွားရည်ကို သုတ်လိုက်ရသည်။ ထားလိုက်တော့… သူ့မှာ နှစ်ဘဝရှိရင်တောင် ထိုခန္ဓာကိုယ်ရဖို့ အခွင့်အရေးမရှိချေ။
“ဟင်… လီဖုန်းပဲ… အမြန်ဝင်လာခဲ့။ တိုက်ဆိုင်လိုက်တာ… ယောကျာ်းရေ… လီဖုန်းရောက်နေတယ်။ လီဖုန်း… မင်းဦးလေးနဲ့ ပြောစရာရှိရင် သူ့ဆီ တိုက်ရိုက်သွားလိုက်။” ရှန်းဖူလန်က အလုပ်များနေပြီး လီဖုန်းကို နှုတ်ဆက်ပြီးသောအခါ သူက ထန်ချွန်းမင်ကို စကားနည်းနည်းပြောလိုက်သေးသည်။ “မင်ကောအာ… လမ်းမှာဂရုစိုက်ဦး။ ကြမ်းပြင်ကချောတယ်။ ငါလူတစ်ယောက်ကို မေးကြည့်လိုက်တော့ ကလေးမွေးနိုင်တဲ့ သိုးမတစ်ကောင်ရှိတယ်တဲ့။ ငါမနက်ဖြန်သွားကြည့်ပေးမယ်။”
ထန်ချွန်းမင်က ရှန်းဖူလန်၏ နာမည်ခေါ်သံကြောင့် သူဘယ်သူလဲသိလိုက်ရသည်။ သူက နောက်တစ်ကြိမ်မော့ကြည့်လိုက်လေသည်။ ဒါဘာလဲ? လူတွေက ဒါကို ရုပ်ပျက်ဆင်းပျက်လို့ခေါ်တာလား.. ဒါကို ယောကျာ်းပီသတယ်လို့ ခေါ်တာကွ ဟုတ်ပြီလား… တစ်ချက်ကြည့်ပြီးနောက် သူက အကြည့်လွှဲလိုက်ပြီး ရှန်းဖူလန်ကို နှုတ်ဆက်လိုက်သည်။ “ဒါဆို ကျွန်တော်အိမ်မှာ ထိုင်စောင့်နေမယ်။ အားမော့ ဧည့်သည်တွေကို နှုတ်ဆက်လိုက်ပါ။”
ထန်ချွန်းမင်က သိချင်ရုံတင်မကပဲ လီဖုန်းကလည်း ထိုလူ၏ သရုပ်သကန်ကို ခန့်မှန်းလိုက်ပြီး ရင်ထဲကနေ သိချင်နေသည်။ သူက ယွိိမုပြောသည့် ကောဖြစ်ပြီး သူလေးစားနေသည့် တစ်ယောက်ဖြစ်သည်။ သူက ထန်ချွန်းမင်ဖြတ်သွားတော့ မကြည့်လိုက်ပေမယ့် မျက်လုံးထောင့်ကနေ ကြည့်ခဲ့သေးသည်။ ယွိမုပြောတာမမှားပေ။ ဤအသွင်အပြင်က ရွာ၏ ထိပ်တန်းအလှလေးလို့ ယူဆလို့ရသည်။ သို့ပေမယ့် သူက အလွန်ပိန်လှီသည်။ သူက ထန်ချွန်းမင်ကို ကြည့်ပြီးနောက် ထိုလူ အိမ်ကို ချောချောမွေ့မွေ့ ပြန်ရောက်နိုင်ပါ့မလား စိတ်ပူမိသည်။