Chapter 24.1
“အစားပုပ်”
အန်ဖျင်ခရိုင်ရှိ ထင်ကျင့်စားသောက်ဆိုင်၌။
.
ဆိုင်ရှင်ချန်က မကြာသေးခင်က ပျော်ရွှင်ခဲ့ရပြီး တစ်ချိန်တည်းမှာ စိတ်ဆင်းရဲနေခဲ့သည်။ သူဌေးက သူ့စာကိုရပြီးနောက် အမြန်ပြန်လာခဲ့သည်။ တစ်ဆိုင်လုံး ဧည့်သည်ပြည့်နေလို့ ကျေနပ်ခဲ့ပေမယ့် သူက ဆိုင်ရှင်ချန်၏နောက်ကနေ သိုလှောင်ခန်းကို လိုက်သွားသောအခါ သူ့မျက်ခုံးကလည်း ဆိုင်ရှင်ချန်လိုပင် ရှုံ့တွသွားသည်။
သူဌေးက အရမ်းငယ်ပြီး အသက်နှစ်ဆယ်လောက်သာရှိသည်။ သူက ဘရိုကိတ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး လူချမ်းသာသခင်လေးနဲ့တူ၏။ သို့ရာတွင် ယခုချိန်မှာ သူက သခွားသီးကိုင်ကာ ကတိုက်ကရိုက် ဝါးစားနေသည်။
သူက ကိုက်ပြီးနောက် မရပ်တန့်နိုင်ဖြစ်နေ၏။ ယခုမူ ထင်ကျင့်စားသောက်ဆိုင် ဘာကြောင့် အရှိန်ပြင်းပြင်းတိုးတက်လာသည်ကို နားလည်ခဲ့လေပြီ။ ဟင်းလျာ၏အရသာကြောင့် စားသုံးသူများက ပြန်လာစားဖို့ ဆန္ဒရှိကြသည်။
ယာယီအခက်အခဲကို ဖြေရှင်းထားပြီးဖြစ်သော်လည်း ယခုချိန်တွင် ပိုအရေးကြီးသော ပြဿနာမှာ နောက်ဆက်တွဲ ရိက္ခာထောက်ပံ့မှုဖြစ်သည်။ မဟုတ်ပါက သူတို့စားသောက်ဆိုင်၏လုပ်ငန်းက ယခင်အဆင့်သို့ ပြန်ရောက်သွားမှာပင်။
“ဆိုင်ရှင်ချန် အဲ့ဒီနေ့က ဘာဖြစ်ခဲ့တာလဲ ကျုပ်ကိုထပ်ပြောပါဦး”
သူဌေးက ဦးဆောင်ပြီး သိုလှောင်ခန်းအပြင်ထွက်သွားခဲ့သည်။ ဆိုင်ရှင်ချန်က နောက်မှလိုက်ထွက်သွားပြီး ထိုနေ့က ဖြစ်ရပ်အသေးစိတ်အပါအဝင် သူ့စိတ်ထဲက သံသယနှင့် မည်သူမည်ဝါဖြစ်ကြောင်း ထင်မြင်ကြေးကို ပြန်ပြောပြခဲ့သည်။
သူတို့အောက်ဆင်းလာသောအခါ သူဌေးက သူ့မျက်ခုံးကြားကို လက်ချောင်းဖြင့် ဖိလိုက်သည်။ ဖော်ပြချက်များအရ အစားအသောက်ပေးပို့သူမှာ သူတို့ကို သက်ဆိုင်ရာအချက်အလက်များ မပေးခဲ့ပေ။ သူတို့ဘယ်မှာသွားရှာရမလဲ?
“သခင်လေး ..” ဆိုင်ရှင်ချန်က ဆက်ပြောလိုက်သည်။ “ အနောက်စျေးက ပန့်ကျီးအိမ်မှာ အဲ့ဒီဖူလန်က နွားလှည်းငှားခဲ့တာကိုပဲ ကျွန်တော်တို့သိခဲ့ရသည်။ ဒါပေမယ့် သူဘယ်ကလာလဲ ဘယ်သူမှမသိကြဘူး။ အရင်နှစ်ရက်မှာ မင်လန်ကျွီက အဲ့ဒီလူဘယ်ကိုသွားလဲနဲ့ ဟင်းသီးဟင်းရွက်တွေကို ဘယ်ကရခဲ့လဲ လျှို့ဝှက်စုံစမ်းနေတာ။”
ထင်ကျင့်စားသောက်ဆိုင်က ဟင်းလျာအရသာများမှာ အင်မတန်တိုးတက်လာပြီး စားဖိုမှုးပြောင်းလဲမှုမရှိခဲ့၍ ထင်ကျင့်စားသောက်ဆိုင်မှာ စားဖိုမှူးအရသာထက် သာလွန်သော လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်တစ်သုတ်ကို ရရှိထားကြောင်း မင်လန်ကျွီ သိခဲ့ရသည််။
ဆိုင်ရှင်ချန်က ဟင်းသီးဟင်းရွက် မြန်မြန်ကုန်သွားခဲ့တာကို သိခဲ့ရသည်။ လောလောဆယ် တင်သွင်းဖို့ ဘယ်သူ့ကိုမှ ရှာမတွေ့တာကြောင့် သူက အချိန်ဆွဲရန် နေ့စဥ်နေ့တိုင်း အကန့်အသတ်ဖြင့် ရောင်းချမည့် နည်းလမ်းကို စဥ်းစားခဲ့ပြီး ထိုကောလေးကိုရှာဖို့ လူလွှတ်ထားသည်။ ဤနည်းဖြင့် ထင်ကျင့်စားသောက်ဆိုင်တွင် လက်ဝယ်ရှိသော ပစ္စည်းများကို ထိန်းသိမ်းရန် ကြိုးစားခဲ့လေသည်။
“အဲ့ဒီလူက သူဘယ်မှာနေလဲဆိုတာ တမင်တကာ ဖုံးကွယ်ထားတာထင်တယ်။ လောင်ချန်… ခင်ဗျားက ဒီကိစ္စမှာ ကောင်းကောင်းလုပ်ခဲ့တယ်။ အရင်ဆုံး ဒီအချိန်ကို ကျော်ဖြတ်ဖို့ ကြိုးစားလိုက်ရအောင်။ နွေဦးစိုက်ပျိုးရာသီလည်း ရောက်တော့မှာဆိုတော့ ကျုပ်တို့ သူ့ကိုရှာတွေ့မှာပါ။ ခင်ဗျားက ဒီမှာနေ။ တစ်ခုခုရှာတွေ့ရင် ကျုပ်ကိုစာပို့လိုက်ပါ။ ကျုပ်အနီးနားဝန်းကျင်မှာ တစ်ချက်ရှာကြည့်ဦးမယ်။”
ထိုလူက ခရိုင်မြို့နှင့် သိပ်မဝေးဘူးလို့ သူဌေးက ယုံကြည်နေသည်။ သို့ပေမယ့် အသီးအရွက်များလာပို့ရာတွင် လောလောလတ်လတ် စိုက််ခင်းထဲမှ ရိတ်သိမ်းထားတာနဲ့တူကြောင်း ဆိုင်ရှင်ချန်က ပြောပြခဲ့သည်။ သို့ဖြစ်၍ လမ်းခရီးက အရမ်းမဝေးလောက်ပေ။
သူဌေးလေးက အနီးနားမှာ ပတ်ရှာကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ နောက်တစ်ကြိမ်ပြန်ဆုံရင် သူက ဟင်းသီးဟင်းရွက်အရင်းအမြစ်ကို သိရဖို့ နည်းလမ်းရှာရမည်။
“ဟုတ်ကဲ့ပါ။ သခင်လေး… အဲ့ဒီဖူလန် ပြန်ပေါ်လာရင် ခင်ဗျားကိုခေါ်ဖို့ ချက်ချင်းလူလွှတ်လိုက်ပါမယ်။” ဆိုင်ရှင်ချန်က တုံ့ပြန်လိုက်သည်။
.
ထန်ချွန်းမင်က သူရောင်းခဲ့သည့် ဟင်းသီးဟင်းရွက်တွေ ဘာဖြစ်ခဲ့လဲ မသိပါပေ။ ထင်ကျင့်ဆိုင်က သူ့ကိုစောင့်ကြည့်နေပြီး မင်လန်ကျွီကလည်း သူ့ကိုစုံစမ်းနေကြောင်း သတိမထားမိခဲ့ပေ။
သို့ပေမယ့် သူဟာ လယ်သမားတစ်ဦးဖြစ်ပြီး နောက်ခံသူဌေးမရှိသော မုဆိုးဖိုကောတစ်ယောက်ဖြစ်ကြောင်း ဆိုင်ရှင်ချန်က မသိခဲ့ပေ။ ဆိုတော့ ထန်ချွန်းမင်သိခဲ့လျှင်ပင် သူက တိတ်တဆိတ်သာ ဂုဏ်ယူနေလိမ့်မည်။
ထိုအချိန်တွင် သူက ဟင်းသီးဟင်းရွက်ခြံထဲမှာ ရေလောင်းနေသည်။ သူသည် အရင်ဘဝ၌ လယ်ကွင်းထဲရှိ ဟင်းသီးဟင်းရွက် ကြီးထွားမှုနှုန်းကို အရမ်းမသိသာစေရန် စမ်းရေကို ဘယ်လိုရောစပ်ရမလဲ လေ့လာခဲ့သည်း
ထို့ကြောင့် စမ်းရေက သူ့လက်ချောင်းမှတစ်ဆင့် ရေပုံးထဲကို စီးဆင်းသွားသည်။ ရေလောင်းချပြီးနောက် မြေပြင်ပေါ်က အရွက်နုများက ပို၍စိမ်းလာသည်။
ထန်ချွန်းမင်က ကျန်းရှို့နှင့် သူ့ခင်ပွန်းကို ခြံရှေ့မှာ ခြံစည်းရိုးခတ်ပေးဖို့ အကူအညီတောင်းခဲ့သည်။
မဟုတ်ပါက ကြက်ပေါက်လေးတွေပြေးလွှားကာ အိမ်ကိုညစ်ပတ်စေလိမ့်မည်။ ဤသည်မှာ ယာယီနည်းလမ်းသာဖြစ်၏။ ယခုနေအဆင်ပြေပေမယ့် နွေရာသီမှာ ရာသီဥတုပူလာလျှင် အနံ့ပိုပြင်းလာပြီး ခြင်များနှင့် ယင်ကောင်များကို ဆွဲဆောင်နေလိမ့်မည်။
သူ၏အစီအစဥ်မှာ ကြက်ပေါက်နှင့် သိုးပေါက်လေးများမွေးမြူရန် အနောက်ဘက်က မြေရိုင်းများဝယ်ဖို့ဖြစ်သည်။
မူလက ဤအလုပ်မျိုးသည် မခက်ခဲပဲ တာရှန်က နေ့တစ်ဝက်ဖြင့် လုပ်နိုင်ခဲ့သည်။ သို့သော် ထိုအကြောင်းကို လူသန်ကြီး ယွိမုကြားသွား၍ လီဖုန်းကိုခေါ်ကာ ကူညီဖို့ရောက်လာသည်။
ထန်ချွန်းမင်က နေရာကျဥ်း၍ လူအများကြီး လာကူလို့မရဘူးလို့ ငြင်းချင်ခဲ့သည်။
သို့ပေသိ ဟင်းသီးဟင်းရွက်ဥယျာဥ်ကို ရေလောင်းပြီးနောက် သူက ရေပုံးကို ခြံရှေ့ပြန်သယ်သွားခဲ့သည်။ ထိုနေရာတွင် ယောကျာ်းကြီးသုံးယောက်က အလုပ်ကြိုးစားနေခဲ့သည်။ သူတို့က အတွေးတစ်ခုရသွားပြီး ထန်ချွန်းမင်အတွက် ကြက်လှောင်အိမ်ဆောက်ပေးဖို့ ဆုံးဖြတ်ခဲ့သည်။
ကျန်းရှို့က ဘေးနားရှိအရာများကို ကူရှင်းပေးနေပြီး ထန်ချွန်းမင်ရောက်လာတာကိုတွေ့တော့ သူက အဝတ်အစားဖုန်ခါပြီး သူနဲ့အတူ ဝင်သွားလိုက်သည်။ သူက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ယွိမုက မင်းအိမ်အကြောင်းကို ဘယ်လိုကြားခဲ့လဲသိရဲ့လား? တာမောင်းနဲ့ အာမောင်းပေါ့။ သူတို့နှစ်ယောက်က ပါးစပ်မပိတ်ထားနိုင်ပဲ မင်းချက်တာအရသာအရမ်းရှိတယ်လို့ ပြောခဲ့တယ်။ အဲ့လူနှစ်ယောက်က အဲ့ဒါကိုတွေးပြီး ရောက်လာတာ။”
ထန်ချွန်းမင်က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ “အဲ့ဒါကြောင့်နဲ့လာတာဟုတ်ပါ့မလား?”
“ထားလိုက်ပါ။ ကျွန်တော် နေ့လည်စာအတွက် ပိုချက်ပေးလိုက်မယ်။ အစ်ကိုရှို့နဲ့ တာရှန်လည်း စားသွားပါ။”
“ဟုတ်ပြီ။ ငါလည်း ဝိုင်းကူပေးမယ်။” ကျန်းရှို့က မငြင်းခဲ့ပေ။ သူတို့နှစ်ယောက်က ဆက်ဆံရေးကောင်းသလို တာရှန်ကလည်း အလုပ်တချို့ကူညီပေးနေ၏။”
သို့ပေမယ့် အပြင်ကလူနှစ်ယောက်နဲ့ဆိုလျှင် အခြေအနေက ကွာခြားသည်။ မုဆိုးဖိုကောတစ်ယောက်က အမျိုးသားနှစ်ယောက်ကို တစ်ယောက်တည်းဧည့်ခံရင် ကောလာဟလထွက်သွားလိမ့်မည်။
နှစ်ယောက်သား လက်ဆေးလိုက်ပြီး ထန်ချွန်းမင်က ဝက်သားပြုတ်၊ ကြက်သွန်မြိတ်ကြော်နှင့် ကြက်ဥပြုတ်ခဲ့သည်။
ဝက်အသည်းနည်းနည်းကျန်နေသေး၍ တစ်ခါတည်းစားလို့ရသည်။ အသားဝယ်ပြီးနောက် ထန်ချွန်းမင်က တစ်ယောက်တည်းမစားရဲပေ။ သူက ဖက်ထုပ်လုပ်စားခဲ့ပြီး တစ်ဝက်ကို လက်ဆောင်ပေးပစ်ခဲ့သည်။
ရံဖန်ရံခါတွင် သူက ဝက်သားနည်းနည်းလောက်ကို အပိုင်းပိုင်းလှီးဖြတ်ပြီး အရွက်တချို့နှင့် ရောကြော်လေ့ရှိသည်။ ယနေ့အသားက မနေ့က မြို့ပေါ်က ဝယ်လာခဲ့တာဖြစ်သည်။
ကြက်သွန်မိတ်နှင့် ဟင်းသီးဟင်းရွက်များကို လယ်ကွင်းထဲမှာ စိုက်ပျိုးခဲ့ပြီး ဥတွေက ကျန်းရှို့အိမ်က ယူလာတာဖြစ်၏။
.
ထန်ချွန်းမင်က သကြားကျိုဖို့ ဆီကိုအပူပေးလိုက်ပြီး ကျန်းရှို့က မီးမွှေးပေးခဲ့သည်။ တုံးထားသောအသားများကို အိုးထဲထည့်လိုက်ပြီး မွှေးပျံသောရနံများ ထွက်လာခဲ့သည်။ အခန်းထဲမှာ စာရေးနေသော ကလေးသုံးယောက်က ငြိမ်ငြိမ်မထိုင်နိုင်တော့ပဲ မီးဖိုးချောင်ထဲပြေးဝင်လာသည်။
“မင်အားမော့ ဘာတွေချက်နေတာလဲ?” အာမောင်း၏အသံက လူဝင်မလာခင်တည်းက ကြားနေရသည်။
“အိမ်ရောက်မှ ဒီပြဿနာအိုးလေးကို တာရှန်နဲ့ ဆူခိုင်းဦးမယ်။”
အာမောင်းက သူ့ကိုဆူနေသော သူ့အားမူကို မျက်နှာမဲ့ပြသည်။ သူ့နောက်မှာ တာမောင်းနဲ့ အားလင်းရောက်လာခဲ့သည်။
(အားမူ= ဖခင်(ကော))
အားလင်းကလည်း မီးဖိုပေါ်ကအိုးကို တောက်ပသောမျက်ဝန်းဖြင့် စိုက်ကြည့်နေသည်။ ထန်ချွန်းမင်က ရယ်မောလိုက်သည်။ “ဒီနေ့မင်းတို့အတွက် ဝက်သားပြုတ်ဟင်းချက်ပေးမယ်။ မင်းတို့စားပြီးရင်း စားချင်လာမယ်လို့ အာမခံတယ်။”
အာမောင်းနဲ့တာမောင်းက ဝမ်းသာအားရ ထအော်လိုက်ပြီး တာမောင်းကတော့ ရှက်ကိုးရှက်ကန်းပြုံးကာ မျှော်လင့်ချက်အပြည့်ပင်။
အိုးထဲက အသားက သကြားနဲ့ချက်ထားလို့ ဆွဲဆောင်မှုရှိနေသည်။ ထန်ချွန်းမင်က အိုးထဲကို တခြားဟင်းခတ်အမွှေးအကြိုင်များ ထည့်လိုက်သဖြင့် အနံ့ကပိုပြင်းလာခဲ့သည်။
ခြံထဲမှာ အလုပ်လုပ်နေသော လူသုံးယောက်က နှာခေါင်းမရှုံ့ပဲ မနေနိုင်ခဲ့ပေ။ ယွိမုက ပြုံးကာ အကျယ်ကြီးအော်ပြောလိုက်သည်။ “တာမောင်းနဲ့ အာမောင်းပြောတာမှန်တယ်။ အားလင်းရဲ့အားမူက အချက်အပြုတ် တကယ်ကျွမ်းတာပဲ။ ကြည့်… ကျွန်တော် အစ်ကိုကြီးကို ခေါ်လာတာ မှန်သွားတယ်မလား?”
သူက လီဖုန်းကို ဂုဏ်ယူစွာကြည့်လိုက်သည်။
“မင်းအလုပ်မင်းလုပ်။ အလုပ်နည်းနည်းလုပ်ပြီး စားသောက်ဖို့တွေးနေတာ မရှက်ဘူးလား” လီဖုန်းက မီးဖိုချောင်ဘက် လှမ်းကြည့်လိုက်ပြီး ယွိမု၏ ဂုဏ်ယူနေသောမျက်လုံးကတော့ ညှိုးကျသွားသည်။ သူက ဤနေရာကိုလာကူညီဖို့ အကြောင်းပြချက်ရှာခဲ့ပေမယ့် မင်ကောအာကိုတော့ ဝန်ထုပ်ဝန်ပိုးမပေးချင်ပေ။
“ဒီလိုဆိုရင်ရော?” ယွိမုက အစားကောင်းစားရဖို့ ဝက်ဦးနှောက်ဖြင့်တွေးနေသည်။ သူ့ဦးနှောက်ထဲမှာ အကြံကောင်းတစ်ခုရှိ၏။ “မင်ကောအာမှာ မြေဧကနည်းနည်းရှိတယ်မလား? ကျုပ်တို့နှစ်ယောက် လယ်ထဲမှာ အလုပ်လုပ်ပေးမယ်လေ။ မင်ကောအာက အရသာရှိတာတွေချက်ကျွေး ဘယ်လိုလဲ?”
လီတာရှန်းက အော်ရယ်လိုက်သည်။ သူကလည်း ရိုးသားသူဖြစ်ပြီး သူ့ကောင်လေးနှစ်ယောက်ကိုလည်း မင်ကောအာက အများကြီးဂရုစိုက်ပေးခဲ့သည်။ သူက အလုပ်လုပ်ကာ ကူညီပေးချင်ခဲ့ပေမယ့် ထိုနှစ်ယောက်ကတော့ အစားတစ်လုပ်ဖြင့် ဆွဲဆောင်ခံလိုက်ရမယ်လို့ မမျှော်လင့်ခဲ့ပေ။
“တာရှန်… ငါပြောတာကိုဘယ်လိုထင်လဲ? ပြီးတော့ မင်ကာအာက ဗိုက်ကြီးနေတော့ လယ်လုပ်နိုင်မှာမဟုတ်ဘူး။ သူ အကူညီတောင်းပြီး လုပ်အားခပေးရမယ်ထင်တယ်။ ငါတို့က စားစရာပဲလိုတာပါ။”
ယွိမုက လီတာရှန်ကို သူ့အတွက် ပြောပေးဖို့ အပါခေါ်နေသည်။
လီတာရှန်က ပြုံးပြုံးရွှင်ရွှင်ပြောလိုက်သည်။ “မင်းတို့နှစ်ယောက် အမြန်ဆုံးလက်ထပ်သင့်တယ်လို့ ငါထင်တယ်။ တခြားဘာမှမထူးရင်တောင် အိမ်မှာ ချက်ကျွေးမယ့်လူ ရှိလာလိမ့်မယ်။”
လီတာရှန်က လူပျိုလူလွတ်တွေအတွက် ဘဝက ဘယ်လောက်ခက်ခဲလဲသိသည်။ ဥပမာ မြို့ပေါ်အလုပ်သွားလုပ်တုန်းက သူ့ဘာသာသူချက်စားရသည်။ သူပြန်လာတော့ သူ့ကောအာလေး ချက်ပြုတ်ပေးသော ပူပူနွေးနွေးဟင်းရည်ကို သောက်နိုင်သည်။ စိတ်ထဲမှာနွေးနေသရွေ့ အရာအားလုံးတန်ပါသည်။
“ဒါပေမယ့် အစ််ကိုကြီးက လက်မထပ်ချင်….”
သူပြောလို့မဆုံးခင်မှာ ယွိမု၏ခေါင်းပေါ်၌ ရွှံလောင်းချခံလိုက်ရသည်။ ယွိမုက ပါးစပ်ထဲမဝင်သွားစေရန် စကားပြောရပ်လိုက်ရသည်။
လီတာရှန်က တစ်ခုခုမှားနေတာကို တွေ့လိုက်ရ၍ စိတ်ဝင်တစားမေးလိုက်သည်။ “လီဖုန်း… မင်းက အပြင်မှာ နှစ်တွေအများကြီးနေခဲ့ရတာ။ မင်းသဘောကျတဲ့သူကို မတွေ့သေးဘူးလား? မင်းအတွက် အိမ်ထောင်ဖက်ရှာပေးဖို့ ရှန်းဖူလန်ကို ပြောလိုက်ပါလာ?”
လက်ရှိရွာက ယခုရက်ပိုင်းမှာ ပြောင်းလဲသွားခဲ့သည်။ လီဖုန်းက အိမ်ကိုဖြိုဖျက်ပြီး ပြန်ဆောက်မယ့်အစား အိမ်ကိုပြုပြင်ခဲ့ပေမယ့် သူ ခရိုင်မြို့က သယ်လာသော ပစ္စည်းများက အများကြီးတန်ဖိုးရှိသည်။ လီဖုန်း ယခင်နှစ်များမှာ ငွေတွေအများကြီးရှာနိုင်ခဲ့လား ရွာသားတွေက သိချင်နေသည်။
မဟုတ်ပါက သူက ဒီလောက်အများကြီးကို ဝယ်နိုင်မှာမဟုတ်ပေ။ ထို့အပြင် သူ့တွင် မြေပိုင်မြောက်များစွာရှိတာကြောင့် တချို့လူတွေက မတွေးတောပဲ မနေနိုင်ပေ။
လီဖုန်း ကြောက်စရာကောင်းသည့်ပုံပေါက်နေတာက အကြောင်းမဟုတ်ပေ။ အရေးကြီးဆုံးအရာက ဘဝကောင်းမှာနေထိုင်ရဖို့ဖြစ်၏။ ပျင်းရိသော ဆင်းရဲသားကို လက်ထပ်တာထက် ထိုလူမျိုးကို လက်ထပ်တာပိုကောင်းသည်။ တချို့လူတွေက ရှန်းဖူလန်မှတစ်ဆင့် ကမ်းလှမ်းခဲ့ပေမယ့် သူက လီဖုန်းကိုမမေးပဲ အားလုံးကို ငြင်းဆိုခဲ့သည်။ ဘယ်လိုကောမျိုးကို ဒီလူတွေက တွေးနေတာလဲ… သူ့အမြင်မှာတော့ လီဖုန်းက သူတို့အားလုံးနဲ့မတန်ပေ။
ပုံမှန်အားဖြင့် ရွာ၏အခြေအနေကို ကျန်းရှို့ထံမှ ဖုံးကွယ်ထားလို့မရနိုင်ပေ။ ယွိမုက တာရှန်ကိုပြောလိုက်တော့ တာရှန်က အခြေအနေကိုသိသွားပြီး လီဖုန်းအတွက် ဘယ်လိုကောမျိုးက သင့်တော်လဲမသိပေ။ ယင်းမှာ ဖုန်းရှောင်ကျစ်၏ စံနှုန်းအပေါ်မူတည်သည်။
ယွိမုက ခေါင်းငုံ့ရယ်မောပြီး သူ့အစ်ကိုကြီးကို မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။ လီဖုန်းက ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး တာရှန်ဘက်ကို လှည့်ပြောလိုက်သည်။ “အလျင်လိုစရာမရှိဘူး။ ခုမှပြန်ရောက်လာတာဆိုတော့ ဘဝကိုအရင်ရှင်သန်ဦးမယ်။”