Chapter 24.2
Viewers 513


Chapter 24.2



လီတာရှန်က ခေါင်းခါရုံသာတတ်နိုင်ပြီး ဖုန်းရှောင်ကျစ်၏ စကားတွေက ဆင်ခြေတစ်ခုဖြစ်မှန်းသိသည်။ သူ့အသက်အရွယ်နဲ့ အလျင်မလိုဘူးဆိုတာ ဖြစ်နိုင်ပါ့မလား?



သို့သော်လည်း လီဖုန်းက ကိုယ်ပိုင်အတွေးအခေါ်ရှိသူဖြစ်ပြီး တခြားသူထံမှ စကားလုံးအနည်းငယ်ဖြင့် စိတ်ပြောင်းမည့်လူမဟုတ်တာပြောင့် သူက တိတ်တဆိတ် အလုပ်ဆက်လုပ်လိုက်သည်။ သူနဲ့ လီဖုန်းက တိတ်ဆိတ်နေပြီး ယွိမုက စကားနည်းနည်းပြောနေစဥ် မီးဖိုချောင်ထဲမှ ထွက်လာသော ရနံ့က ဗိုက်ဆာသွားစေခဲ့သည်။



ကျန်းရှို့က သူတို့သုံးယောက်ကို ထွက်ခေါ်ခဲ့သည်။ “မြန်မြန်လာ။ လက်ဆေးခဲ့ဦး။ နေ့လည်စာရပြီ။ ပူတုန်းစားကြမယ်။”





“ဟုတ်ကဲ့ပါ ၊ ခင်ဗျားနဲ့ မင်ကောအာကို ကျေးဇူးတင်ပါတယ်။”

ယ်ွိမုက ထိုစကားကိုစောင့်နေပြီး သူက သူ့လက်ထဲက ကိရိယာကိုချကာ သူ့ဘေးက ပုံး​ဆီကိုလျှောက်သွားပြီး လက်ဆေးလိုက်သည်။ ထို့နောက် သူက ကျန်းရှို့နော​က်ကို ပြုံးစိစိဖြင့် လိုက်လာ၏။



ရွာထဲမှာ စည်းမျဥ်းသိပ်မရှိပေ။ လူကြီးငါးယောက်နဲ့ ကလေးသုံးယောက်က စားပွဲပေါ်မှာ တူတူထိုင်စားလိုက်သည်။ ဟင်းအများကြီးမပါပေမယ့် နည်းနည်းစီက လုံလောက်သည်။ အလယ်တွင်ရှိသော ဝက်သားပြုတ်အိုးက အသားတုံးကြီးများဖြင့် ပြည့်နေ၍ ကြည့်လိုက်ရုံဖြင့် လူတွေကို သရေယိုစေသည်။ 



လူတိုင်းက စားရတာကျေနပ်နေပြီး ထန်ချွန်းမင်က သူ့ဆန္ဒအတိုင်း အသားအများကြီးကို စားလိုက်ရသည်။ ဤခေတ်တွင် ရေထိုးထားသော အသားမရှိပေ။ ဝက်သားစစ်စစ်ဖြစ်ပြီး အရသာစစ်မှန်သည်။



စားကောင်းလွန်းလို့ ငိုမိမတတ်ပင်။ ယွိမုက အသားကို ပါးစပ်ထဲထိုးထည့်ကာ အရသာရှိတယ်လို့ ချီးကျူးလိုက်သည်။ လီဖုန်းနှင့် တာရှန်က စကားနည်းပြီး ကလေးသုံးယောက်က စားလို့ပြီးတော့ လေတက်သွားသည်။







“ဦးလေးယွိ၊ သားပြောတာမှန်တယ်မလား၊ မင်အားမော့ရဲ့ လက်ရာက အကောင်းဆုံးပဲ!” အာမောင်းက နှုတ်ခမ်းလျက်ကာ လက်ကျန်အရသာကို မြည်းစမ်းလိုက်သေးသည်။



“စားဖိုမှူးချက်တာထက်တောင် အရသာရှိတယ်။” ယင်းမှာ အိမ်ချက်လက်ရာဖြစ်သော်လည်း အရသာက အံ့မခန်းဖြစ်၏။ ထန်ချွန်းမင်က ပစ္စည်းကောင်းများနှင့် စမ်းရေကို ပေါင်းစပ်ထားကြောင်း သူတို့ကို ဘယ်လိုပြောပြလို့ရမလဲ? ဒါပေါ့ ပြောလို့မရဘူး….



ထန်ချွန်းမင် ပြင်ဆင်ထားသော အရွက်ကြော်နှင့် ပန်ကိတ်များကို ယွိမုက သပ်ရပ်စွာစားလိုက်သည်။ အစာပုပ်များ၏ ဦးနှောက်ပတ်လမ်းက တူတူပင်ဖြစ်ပြီး ထန်ချွန်းမင်က တခြားသူများ၏ ချီးကျူးခြင်းခံရလို့ ပျော်နေပြီး လက်ဝေ့ယမ်းကာ သတိလက်လွတ်ပြောလိုက်၏။

“ခင်ဗျားကြိုက်ရင် မကြာမကြာလာစားလို့ရတယ်။”

သူပြောလို့ပြီးသည်နှင့် ကျန်းရှို့က သူ့ခါးကို ဆွဲဆိတ်လိုက်သည်။ ထန်ချွန်းမင်က ရှုပ်ထွေးနေတုန်းမှာ ယွိမုက ပြုံးပြီး လက်ခံလိုက်သည်။ 



“ကောင်းတယ်။ မင်ကောအာက အရမ်းရက်ရောတာပဲ။ မင်း အဲ့ဒီမြေတွေကို ငါနဲ့ ငါ့အစ်ကိုကြီးကိုသာ အပ်လိုက်။ ပြီးရင်တော့ ဒီနေ့လိုပဲ စားစရာ​ပြင်ပေးပါနော်။”



“ဒါက သိပ်မကောင်းဘူး။” ထန်ချွန်းမင်က အသိစိတ်ဝင်လာပြီးနောက် တစ်ခဏမျှတုံ့ဆိုင်းနေသည်။ “အဲ့ဒီအစားအစာတွေက အများကြီးမတန်ဘူး။ ဒါပေမယ့် မြေငါးဧကမှာ လယ်စိုက်ဖို့က လုပ်အားခအများကြီးပေးရမှာ။”



“ဘယ်သူမှ မင်းချက်တာလောက် မကောင်းဘူး။ မင်ကောအာ မင်းက စားဖိုမှူးတွေထက် မနိမ့်ပါဘူး။ စိတ်မပူပါနဲ့။ ငါနဲ့ငါ့အစ်ကိုကြီးကိုအပ်လိုက်။ ပြေလည်သွားပြီ။ အစ်ကိုကြီး… အစ်ကိုတာရှန်… အလုပ်မြန်မြန်ပြီးအောင် လုပ်ကြမယ်။”





ယွိမုက မင်ကောအာ စကားရုတ်သိမ်းလိုက်မှာကို ​စိုးရိမ်တာကြောင့် တခြားနှစ်ယောက်ကို အလုပ်လုပ်ဖို့ ကမန်းကတန်းဆွဲခေါ်သွားခဲ့သည်။



အားလုံးထွက်သွားပြီးနောက် ထန်ချွန်းမင်က တစ်ခုခုလွဲနေတာကို သိလိုက်သည်။ သူက သူ့မေးစေ့ကိုကုတ်ကာ ခြောက်ကပ်ကပ် ရယ်လိုက်သည်။ “ကိစ္စမရှိဘူး။ သန့်ရှင်းရေးလုပ်ဖို့ တစ်ယောက်ယောက်ကို ငှားလိုက်မယ်။”





ထန်ချွန်းမင်က ကိုယ်ဝန်ရှိနေ၍ မြေငါးဧကကို သန့်ရှင်းရေးလု​ပ်မည်ဆိုလျှင် မောပန်းနွမ်းနယ်နေလိမ့်မည်။ သို့ဖြစ်၍ သူက တခြားသူများ သူတို့၏ နွေဦးထွန်ယက်ခြင်းပြီးသောအခါ သူ့လယ်ကွင်းထဲမှ ကောက်ပဲသီးနှံအထွက်နှုန်း မနှေးစေရန် လူတစ်ချို့ကိုငှားပြီး လုပ်အားခပေးဖို့ စီစဥ်ထားတာဖြစ်၏။



“ထားလိုက်တော့။ ကျွန်တော်က ရွာသားတွေ အတင်းဖျင်းပြောမှာ စိုးရိမ်နေတာ။ ခင်ဗျားက ဂရုမစိုက်ဘူးဆိုတော့လည်း ကျွန်တော်လည်း စိတ်ထဲမထားပါဘူး။ ကျွန်တော် တာရှန်ကိုလည်း ဝိုင်းကူဖို့ ပြောလိုက်ပါမယ်။”



ယွိမုက သူ့တုံ့ပြန်မှုကိုကြည့်ပြီး ထိုနေ့က လီစုန့်ကမ်းအား လှောင်ပြောင်ခဲ့သည့် မင်ကောအာကို သတိရသွားသည်။ ၎င်းက ရွာထဲတွင် ပျံနှံ့သွားပြီး ရွာသားများသည်လည်း ဖုန်းရှောင်ကျစ်အပေါ် လုပ်ကြံခဲ့သည့် လီစုန့်ကမ်းအကြောင်းကို သိသွားခဲ့သည်။



“မင်းတို့လမ်းလျှောက်ထွက်ကြ။ ငါဒီမှာ သန့်ရှင်းရေးလုပ်ပေးမယ်။” ကျန်းရှို့က မင်ကောအာနှင့် ကလေးကို နှင်ထုတ်လိုက်သည်။ ထန်ချွန်းမင်က စိတ်တည်ငြိမ်နေပြီး ရှက်ရွံ့မနေပေ။ သူက ကလေးတွေနဲ့ ခြံထဲမှာ လမ်းထွက်လျှောက်လိုက်သည်။ ကလေးသုံးယောက်က ဗိုက်အင့်နေသဖြင့် ထန်ချွန်းမင်က ရယ်မောလိုက်သည်။



ထန်ချွန်းမင်က သူ့မြေကိုစစ်ဆေးဖို့ ထွက်သွားခဲ့သည်။ ယမန်နှစ်ဆောင်းရာသီမတိုင်ခင် ရိတ်သိမ်းချိန်အပြီးမှာ ၎င်းက လွတ်နေခဲ့ပြီး ယခုတော့ ရာသီဥတုပူလာလို့ မြေပြင်က စိိမ်းစိုလာ၏။ နေရာက သိပ်မဝေးပဲ ရွာလယ်ခေါင်က တောင်ကုန်းပေါ်တွင်ရှိသည်။ ၎င်းက ငါးဧကကျယ်ဝန်းသော မြေဖြစ်ပြီး ဘေးရှိကျေးရွာများက တခြားမိသားစုမှ မဖြစ်ထွန်းသော မြေရိုင်းများဖြစ်သည်။



ယခုခတ်မှာ ခွန်အားအပြည့်ဖြင့် အလု​​ပ်လုပ်ချင်စိတ်ရှိသူတွေကပဲ မြေသန့်ရှင်းရေးလုပ်ကြသည်။ ထို့အပြင် မဖြစ်ထွန်းသောမြေမှာ စိုက်ပျိုးမယ်ဆိုရင် ပထမသုံးနှစ် အခွန်ကင်းလွတ်ခွင့်ရမည်။ သုံးနှစ်ကြာစိုက်ပျိုးပြီးပါက မြေခွန်ပေးဆောင်ပြီး စာရွက်စာတမ်းများ တင်သွင်းကာ ၎င်းက မြေပိုင်ဖြစ်လာလိမ့်မည်။ သို့ရာတွင် ထိုမြုံနေသောမြေတွင် အကျိုးရလဒ်က အမြဲနည်းနေမှာပင်။



လယ်မရှိလို့ စပါးမထုတ်နိုင်တာက သနားစရာကောင်းတယ်လို့ ထန်ချွန်းမင်ခံစားရသည်။ ရွာသားများက များသောအားဖြင့် မဖြစ်ထွန်းသောမြေများ၌ ပဲပုပ်နှင့် ပြောင်းဆန်ကဲ့သို့သော အစေ့အဆန်များ စိုက်ပျိုးမှာဖြစ်သော်လည်း ထန်ချွန်းမင်ကတော့ ဂျုံစိုက်ပျိုးရန် ​မြေတစ်ဝက်ကို အသုံးပြုချင်ခဲ့သည်။ ရိတ်သိမ်းမှုနည်းတာ​ကတော့ သူစိတ်မပူပေ။ သူက ကျန်သည့်နေရာမှာ ပဲပုပ်၊ဂျုံနဲ့မြေပဲ အနည်းငယ်စိုက်နိုင်သည်။



အိမ်ပြန်ရောက်တော့ ထန်ချွန်းမင်က ကျန်းရှို့အား သူ့အစီအစဥ်အ​ကြောင်း ပြောပြလိုက်သည်။ ကျန်းရှို့က သူ့စိတ်ကိုပြောင်းဖို့ မကြိုးစားခဲ့ပေ။ စပါးအထွက်နည်းတာကိစ္စမရှိပဲ အိမ်မှာစားစရာရှိရင်ဖြစ်သည်။ ဒုတိယနှစ်ဝက်မှာ သူကလေးမွေးမှာဖြစ်၏။ သူ့ဥယျာဥ်ရှိ ဟင်းသီးဟင်းရွက်များက ကောင်းကောင်းကြီးထွားနေပြီး နေ့လည်ကစားခဲ့သော ကြက်သွန်မြိန်ကြက်ဥကြော်က အလွန်စားကောင်းခဲ့သည်။



များမကြာမီ ရွာကအလုပ်များလာပြီး အိမ်ထောင်စုတိုင်းက ကိုယ့်လယ်ကွင်းများကို သန့်ရှင်းရေးလု​​ပ်ရမည်။ ရှန်းဖူလန်က ထန်ချွန်းမင်၏ အစီအစဥ်ကို မသိတာကြောင့် လာရောက်မေးမြန်းခဲ့သည်။ ထန်ချွန်းမင်က လီဖုန်းနဲ့ ယွိမုကို မြေကိုင်တွယ်ရန် အလုပ်ပေးထားကြောင်း သူသိသောအခါ ဘာမှမပြောခဲ့ပေ။ 

လီဖုန်းကူညီပေးမှာသိတော့ သူက လီဖုန်းအိမ်ကိုပြေးသွားပြီး လယ်ထွန်ဖို့ အပြာရောင်မြင်းကြီးကို ငှားပေးခဲ့သည်။ သန်မာသော အမျိုးသားနှစ်ဦး ကြိုးကြိုးစားစားလုပ်ကိုင်ပါက လီဖုန်း၏ မြေလေးဧကကို နှစ်ရက်အတွင်း အပြီးသတ်နိုင်လိမ့်မည်။

ထိုအကြောင်းသိပြီးတော့ ထန်ချွန်းမင်က သူနဲ့အားလင်းကို ဂရုစိုက်ပေးသည့် လီကျန့်၏မိသားစုကို ကျေးဇူးတင်လိုက်သည်။





ရွာလူကြီးက သူတို့သားအဖကို စောင့်ရှောက်နေကြောင်း သူသိသည်။ အကြောင်းမှာ လီကျန့်၏ တိရစ္ဆာန်ကို ချေးငှားရန် စောင့်ဆိုင်းနေသည့် မိသားစုများစွာရှိနေလို့ပင်။ လီကျန့်၏ မိသားစုမှာ လူအများကြီးရှိပေမယ့် သူက လီမျိုးရိုးမဟုတ်သော လူကို ငှားပေးခဲ့ပြီး သူသည် ဖိအားအများကြီးကို တစ်ယောက်တည်း ခံနေရလောက်သည်။

ထန်ချွန်းမင်က ရေအိုးတစ်လုံးနှင့် စားစရာခြင်းတစ်ခုကိုထမ်းကာ အားလင်း၏လက်ကိုဆွဲပြီး လယ်ကွင်းထဲလျှောက်သွားခဲ့သည်။ တည်နေရာ​ကြောင့် သူက လမ်းတစ်လျှောက် ရွာရှိ တခြားလူများနှင့် မလွဲမသွေဆုံခဲ့ရသည်။



တချို့က သူ့လိုပင် ရိက္ခာပို့ဖို့ ရောက်လာပြီး တချို့လူတွေကတော့ ကိရိယာများသယ်ကာ လမ်းလျှောက်ရင်း သူ့ကို နှုတ်ဆက်လာခဲ့သည်။



ထန်ချွန်းမင်၏ မြေနေရာကို လူတိုင်းသိကြသည်။ သူတို့က အလုပ်ရှုပ်နေရင်းဖြင့် လွန်ခဲ့သည့် ရက်အနည်းငယ်က ကြားခဲ့သော ကောလာဟလများကို စဥ်းစားနေသည်။ အဲ့ဒါက အမှန်ပဲမလား မဟုတ်ရင် လီဖုန်းက ဘယ်လိုလုပ် သူ့ကိုလာတွေ့တဲ့သူတွေကို ငြင်းမှာလဲ?



မင်ကောအာက ကလေးရပြီး ဗိုက်ထဲမှာ တစ်ယောက်လွယ်ထားရသော်လည်း ရုပ်ရည်မှာတော့ ထိုကောလေးတွေက သူ့ထက်နိမ့်ပါးကြသည်။ 



ထို့အပြင် မင်ကောအာက စာလည်းတတ်ပြီး တာရှန်အိမ်က ကလေးနှစ်ယောက်က သူ့ဆီက သင်ယူနေသည်။ တာဟူ ထိုအချိန်က ထိုကောလေးကို လက်ထပ်ခဲ့ရတာ ကံကောင်းလှသည်။ မဟုတ်လျှင် ထိုကောလေးက လူချမ်းသာမိသားစုမှာ လက်ထ​ပ်ရလောက်သည်။

“မင်ကောအာ…. မင်း လီဖုန်းကို စားစရာသွားပို့မလို့လား?” အတင်းအဖျင်းပြောရတာကြိုက်သော ကောလေးတစ်ယော​က်က သူ့ကို ယဥ်ယဥ်ကျေးကျေး လာနှုတ်ဆက်သည်။



“အစ်ကိုလီဖုန်းလား? မဟုတ်တာ… ငါ့မြေမှာ လူအများကြီးအလုပ်ရှုပ်နေတာ? ငါက မုဆိုးဖိုဖြစ််ပြီး ဒီမြေတွေကို မထိန်းနိုင်တာကို ကျန်းရှို့မြင်တော့ သူက သူ့မိသားစုရဲ့တာရှန်ကို အကူအညီတောင်းပေးထားတာ။ ဖြစ်ချင်တော့ အစ်ကိုလီဖုန်းရဲ့မြေက တာရှန်နဲ့နီးတယ်လေ။ လီမိသားစုရဲ့ မြင်းကိုငှားပြီးတော့ မိသားစု ၃စုလုံးက အတူတူရှင်းလိုက်ကြတာ။ ကျန်းရှို့ အမြဲအလုပ်ရှုပ်နေတာကို မင်းလည်းသိပါတယ်။ ငါက အိမ်မှာနေတဲ့ တစ်ဦးတည်းသောလူမို့ အချက်အပြုတ်တာဝန်ယူပြီး စားဖို့သောက်ဖို့ လာပို့ပေးတာ။ တာမောင်းလည်း လူကြီးတွနဲ့အတူ လယ်ကွင်းထဲမှာ အလုပ်သွားလုပ်တယ်။ ငါ ဘာမှမလုပ်ပဲနေလို့မရဘူးလေ… ဟုတ်တယ်မလား?”



ထန်ချွန်းမင်က လူတွေကို အပြုံးတစ်ခုဖြင့် ရှင်းပြလိုက်သည်။ အများကြီးပြောတာက ပြဿနာများသော်လည်း ကျန်းရှို့က မိသားစုသုံးစုတွဲလုပ်တာဖြစ်ကြောင်း ရှင်းပြဖို့ပြောထားသည်။ ရွာထဲမှာ အတူလုပ်ကိုင်ကြသည့်​ ဆွေမျိုးများစွာရှိတာမို့ ထန်ချွန်းမင်အား တခြားသူတွေ ကူညီပေးနေခြင်းက အထွေအထူးမဟုတ်ပေ။

“မှန်ပါတယ်….မှန်ပါတယ်….” ကောလေးက ရယ်မောရင်း မျက်နှာက တင်းမာလာသည်။ “အလုပ်ရှုပ်တဲ့စိုက်ပျိုးရာသီမှာ ဘယ်သူကအိမ်မှာနေနိုင်မှာလဲ၊ ပျင်းရိနေရင် ဆူပူကြိမ်းမောင်းခံရမှာပဲ။ မင်းရဲ့အစ်ကိုကြီးက အမြဲကံကောင်းပေမယ့် ဒီနှစ်တော့ သူပျင်းလို့မရတော့ဘူး။”



“အစ်ကိုကြီးဆိုတာ?” ထန်ချွန်းမင်က ခဏလောက် အံ့အားသင့်သွားပြီးမှ ထိုလူက ဝမ်ချွန်းဟွာအကြောင်းပြောနေတာကို သိလိုက်ရသည်။ အမှန်မှာ ကျောက်တာဟူနှင့် ကျောက်တာနျိုက လယ်ကွင်းထဲမှာ အလုပ်လုပ်​နေစဥ် တခြားအလုပ်တွေအားလုံးက မင်ကောအာ၏တာဝန်ဖြစ်ခဲ့တာပင်။





အလုပ်ရှုပ်သော စိုက်ပျိုးရာသီတိုင်းမှာ ဝမ်ချွန်းဟွာက ထိခိုက်နာကျင်ပြီး မအီမသာဖြစ်ခြင်း…စသဖြင့် ပျင်းရိဖို့ အ​ကြောင်းပြချက်ရှာခဲ့သည်။ သို့ပေမယ့် ဘိုးဘိုးကျောက်က သိလျက်နဲ့ ဘာမှမပြောပဲ လျစ်လျူရှုပေးခဲ့တာဖြစ်၏။



သူက မင်ကောအာကိုပဲ စောင့်ကြည့်နေပြီး အနားယူခွင့်တစိုးတစိမျှ မပေးခဲ့ပေ။


စိုက်ပျိုးရာသီပြီးတိုင်း မင်ကောအာက ကိုယ်အလေးချိန်ကျဆင်းသွားပေမယ့် ဝမ်ချွန်းဟွာကတော့ ကိုယ်အလေးချိန်တက်လာပြီး ဘိုးဘိုးကျောက်သည်လည်း မင်ကောအာနှင့် အားလင်းကို လျစ်လျူရှုကာ စားစရာချွေတာခဲ့သည်။