Chapter 25.1
“စိုက်ပျိုးရာသီ”
သို့ရာတွင် ဤနှစ်မှာ ထိုထက်ပိုကောင်းတာမရှိတော့ပြီ။ ကျန်းရှို့က ယခုရက်ပိုင်းအလုပ်များနေပြီး တခြားလူတွေက စကားစမြည်ပြောဖို့ အချိန်မရှိတာကြောင့် ထန်ချွန်းမင်က ရွာ၏အခြေအနေကို သိပ်မသိပေ။ သို့သော် ဘယ်သူမှ မပြောပြရင်တောင် သူက ကျောက်မိသားစု၏ လက်ရှိအခြေအနေကို မှန်းဆလို့ရသည်။
ကျောက်တာဟူရဲ့ လုပ်အားမရှိပဲ ကျောက်မိသားစုရဲ့မြေကို ဘယ်လိုစိုက်ပျိုးနိုင်မှာလဲ? ယခုကျောက်မိသားစုတွင် အားလပ်နေသော ကျောက်တာနျို့တစ်ယောက်သာရှိပြီး ကျောက်လောင်စန်းက မြို့တော်ကိုသွားပြီဖြစ်သည်။ နှစ်ပေါင်းများစွာ ပျင်းရိလာပြီးနောက် ကျောက်တာနျိုက နေ့စဥ်နေ့တိုင်း စောစောထပြီး လယ်ထွန်ဖို့ဆိုတာ မဖြစ်နိုင်ပေ။ သို့ဖြစ်၍ ဝမ်ချွန်းဟွာက ယခုနှစ်မှာ ပျင်းရိလို့မရပေ။
သူမရှိရင် ကျောက်မိသားစုက အိမ်မှုကိစ္စလုပ်နိုင်မှာလား? အလုပ်များသော စိုက်ပျိုးရာသီကို ထည့်မပြောလျှင်ပင် ကျောက်မိသားစုရှိ သူ့ဘဝက ယခင်ကလို ပျော်စရာမကောင်းတော့ကြောင်း ထန်ချွန်းမင်က တခြားသူများထံမှ သိခဲ့ရသည်။ အိမ်အလုပ်တွေအများကြီးလုပ်ရသော ကျောက်မိန်ဆိုသော ကောလေးတစ်ယောက်ရှိပေမယ့် ဘိုးဘိုးကျောက်က ဝမ်ချွန်းဟွာကို နေ့တိုင်းစောင့်ကြည့်ပြီး ဒေါသထွက်နေဆဲပင်။
ကောငယ်လေး ကျောက်မိန်ကို တွေးလိုက်သောအခါ ထန်ချွန်းမင်က စာနာစိတ်ဖြင့် သက်ပြင်းသာချနိုင်သည်။ ကျောက်မိသားစုက ကောတွေထက် အမျိုးသားတွေကို တန်ဖိုးထားတာ ပထမဆုံးအကြိမ်မဟုတ်ပေ။
တကယ်တော့ ကျေးလက်က လူအများစုက ဒီလိုပဲဆိုတာသိပေမယ့် ဝမ်ချွန်းဟွာက ကျောက်မိန်၏ ဖခင်ဖြစ်ပြီး ကျောက်မိန်က သူ့မှတ်ဉာဏ်ထဲမှာ ကောင်းမွန်သောဘဝမရှိခဲ့ပေ။ အစားအသောက်ကောင်းတွေကို ကျောက်သုန့်အတွက် ချန်ထားပြီး ကျောက်မိန်ကတော့ အလုပ်အားလုံးကိုလုပ်ရသည်။ ကျောက်သုန့်က ဝဖြိုးလာချိန် ကျောက်မိန်ကတော့ အတော်လေးပိန်ပါးလာခဲ့သည်။
သူ့အားမူဝမ်ချွန်းဟွာပင်လျှင် ဖခင်ကောတစ်ယောက်အနေဖြင့် ကလေးအတွက် သနားစိတ်မရှိ၍ ထန်ချွန်းမင်လို အပြင်လူက ဘာမှလုပ်လို့မရပါချေ။ မဟုတ်ပါက ဝမ်ချွန်းဟွာ၏ဇာတ်ကောင်အပေါ် နားလည်မှုကို အခြေခံပြီး ထန်ချွန်းမင်က တစ်ခုခုလုပ်ပေးလိုက်လျှင် ဝမ်ချွန်းဟွာက သူ့ကို ကပ်ပါးကောင်လို တွယ်ကပ်ပြီး အဆုံးမရှိ ဒုက္ခရောက်စေလိမ့်မည်။
“မင်းမသိသေးဘူးလား” ထိုကောက အတင်းပြောရတာကြိုက်ပြီး သူက ထန်ချွန်းမင်ကိုပြောပြခဲ့သည်။ “ငါ ကျောက်မိသားစုမြေက ဖြတ်သွားတော့ ဝမ်ချွန်းဟွာကို လယ်ကွင်းထဲမှာ တွေ့ခဲ့တယ်။ ဘိုးဘိုးကျောက်က ကြီးကြပ်သူလို လယ်ကွင်းကုန်းမြင့်မှာရပ်နေတာ။ ဟား….ဟား… ဒီအတွဲက လူတွေကို တကယ်ရယ်ရစေတယ်။”
သူက ဝမ်ချွန်းဟွာ လှည့်ဖြားပြီး အပျင်းထူဖို့ ကြိုးစားပုံကို ပြောပြခဲ့သည်။ ဘိုးဘိုးကျောက်က စူးရှသောမျက်လုံးများရှိ၍ သူ့ကိုမယုံပဲ အလုပ်မပြီးရင် ထမင်းမကျွေးဘူးလို့ ပြောခဲ့သည်။ ထိုစကားကြားတော့ ထန်ချွန်းမင်က ပြုံးလိုက်ပြီး သူ့မျက်ဝန်းက ကျဥ်းမြောင်းလိုက်သည်။ သူ ကျောက်မိသားစုနဲ့ အဆက်အသွယ်ဖြတ်ထားသော်လည်း ဤလူဆိုးများ အချင်းချင်း ညှင်းပန်းနှိပ်စက်နေတာကို ကြားသောအခါ သူ့ရင်တွင်း၌ ပျော်ရွှင်မှုက ပြောမပြတတ်အောင်ပင်။
ထိုကောလေးအား အပြုံးလေးဖြင့် နှုတ်ဆက်ပြီးနောက် ထန်ချွန်းမင်က အားလင်း၏လက်ကိုကိုင်ကာ ပြောလိုက်သည်။ “အားလင်းက ဖေဖေမပါပဲ လျှောက်မသွားနဲ့။ မဟုတ်ရင် လူဆိုးတွေရဲ့ အရိုက်ခံရလိမ့်မယ်။”
အားလင်းက မျက်နှာဖတ်တာတော်သည်။ ယခုချိန်တွင် သူ၏ဉာဏ်ရည်ဉာဏ်သွေးက တိုးတက်လာခဲ့သည်။ သူက မျက်နှာသေးသေးလေးကို မော့ကာ သူ့အားမူကို ချစ်စရာကောင်းအောင် မေးလိုက်သည်။ “ဘိုးဘိုးကျောက်ကိုပြောတာလား?”
ထန်ချွန်းမင်က သူ့သား၏ခေါင်းကိုထိကာ အပြုံးတစ်ခုဖြင့် ဖြေလိုက်သည်။ “လိမ္မာစမ်းပါ။ ဖေဖေတို့ သိထားဖို့ပဲလိုတယ်။ ဘယ်သူ့ကိုမှမပြောနဲ့။”
အားလင်းက ခေါင်းညိတ်ပြီး လေးလေးနက်နက်ဆိုသည်။ “ဖေဖေ…. အားလင်းက အပြင်လူတွေကို မပြောပြရဘူးဆိုတာ သိပါတယ်။”
အားလင်းက လက်သီးဆုပ်ထားသည်။ သူတို့က တကယ်ဆိုးလို့ စားစရာမကျွေးပဲ ရိုက်နှက်ကြိမ်းမောင်းခဲ့ပေမယ့် သူတို့က လူကြီးမို့ သူတို့မကောင်းကြောင်း တခြားသူများကို မပြောရဘူးလို့ သူ့အားမူက ပြောခဲ့သည်။ ဘယ်လိုပဲဖြစ်စေ ယခုဆိုလျှင် သူတို့က ဆိုးသွမ်းမှန်း လူတိုင်းသိနေပြီပင်။
ထန်ချွန်းမင် လယ်ကွင်းထဲရောက်သောအခါ အမျိုးသားသုံးယောက်နှင့် ကျန်းရှို့အား ဘာတွေလုပ်နေလဲမေးလိုက်ပြီး နေ့လည်စာလာစားဖို့ပြောလိုက်သည်။ သူတို့ကို ကောင်းကောင်းကျွေးဖို့အတွက် ထန်ချွန်းမင်က ယခုရက်ပိုင်း ဘာတွေချက်ရမလဲ အကြာကြီးစဥ်းစားခဲ့သည်။ ယနေ့နေ့လည်စာအတွက် အဓိကအစားအစာမှာ ဂျုံဖြူပေါင်မုန့်ကြီးများဖြစ်ပြီး အသားအရွက်နှင့် ပေါင်းစပ်ထားသည်။ ပဲနှင့် ဝက်သားပြုတ်ဟင်းတစ်ခွက်လည်းပါ၏။ အဆီနှင့် အသားပါသော ဝက်သားဟင်းက လူတွေကို ဆာလောင်စေသည်။ လတ်ဆတ်သော တရုတ်ဂေါ်ဖီကြော်လည်း အများကြီးထည့်လာသည်။
ညစာစားဝိုင်းမှာ တရုတ်ဂေါ်ဖီမစားဖူးသည့် လယ်သမားများမရှိပေ။ သို့သော်လည်း မင်ကောအော၏လက်ရာက သူ့ကောလေးထက် ပိုကောင်းတာတော့ တာရှန် ဝန်ခံရမည်။ ဝက်အူချောင်းကို ပေါင်မုန့်နှင့်တွဲစားသောအခါ အရသာအလွန်ထူးခြားနေ၏။
တခြားအရာများကို ထည့်မပြောလျှင်ပင် ထန်ချွန်းမင်က ငယ်ငယ်လေးနဲ့ အလုပ်လုပ်နေရသည့် တာမောင်းအတွက် စိတ်မကောင်းဖြစ်တာကြောင့် သူက သူ့ကို ကြက်ဥပြုတ်နှစ်လုံးပေးလိုက်သည်။ တာမောင်းက ပန်းကန်ထဲက ကြက်ဥကိုမြင်ပြီး ထန်ချွန်းမင်ကို ကျေးဇူးတင်လိုက်သည်။ လယ်လုပ်ရတာပင်ပန်းပေမယ့် စားလို့သောက်လို့ကောင်းနေဆဲဖြစ်သည်။ ထို့နောက် သူက အာမောင်း ဘာလုပ်နေလဲမေးလိုက်သည်။
ထန်ချွန်းမင်က အာမောင်း အိမ်စောင့်နေတယ်လို့ ပြောလိုက်သည်။ သူတို့အိမ်ပြန်ရောရင် သူက အာမောင်း၊ အားလင်းနှင့်အတူ နေ့လည်စာစားမှာဖြစ်၏။
အနီးနားက တခြားသူများ ပါဝင်ဆင်နွှဲလို့ရသည့် ပျော်ရွှင်မှုလည်းရှိခဲ့သည်။ သူတို့က လီဖုန်း၊ ယွိမုတို့နဲ့ မရင်းနှီးပေမယ့် တာရှန်နဲ့ သိပ်မစိမ်းပေ။ ထန်ချွန်းမင် ယူလာသော အစားအစာကို ဖွင့်လိုက်တိုင်း မွှေးရနံက နေရာတိုင်းကို ပျံ့နှံ့သွားကာ တခြားအမျိုးသားများကို မနာလိုဖြစ်စေခဲ့သည်။ မခံမရပ်နိုင်ဖြစ်လာသောအခါ သူတို့က စားဖို့ပြေးလာကြသည်။
ယခုမူ ယွိမုက ပန်းကန်ဖွင့်ပြီး တူကိုင်ထားသောလက်ကို ဆန့်လိုက်သောအခါ အနီးနားလယ်ကွင်းက အမျိုးသားများမှာ သူ့ဆီလာပြီး စားစရာတွေကို လုယူနေ၏။ အမျိုးသားတွေကြားက ဆက်ဆံရေးက တိုးတက်တာမြန်၏။ တစ်ယောက်၏ဟင်းလျာကို တစ်ယောက်က လုယူပြီးနောက်မှာ လူမိုက်နဲ့တူသော လူသန်ကြီးက ချဥ်းကပ်ရခက်တယ်လို့ ထိုလူတွေ မခံစားမိတော့ပေ။ ထိုအစား သူတို့က သူ့ကို ရွှင်ပြတယ်လို့ မြင်လာသည်။ လီဖုန်းသည်လည်း စကားပြေရတာ သိပ်မခက်ပေမယ့် သူ့စိတ်ထားက ပျင်းစရာကောင်းလေသည်။
ထန်ချွန်းမင်က လယ်ကွင်းသို့ ရိက္ခာပို့ဆောင်ပြီးနောက် သူတို့ကို လွတ်လွတ်လပ်လပ် စားခွင့်ပေးလိုက်သည်။ သူက မြင်းပြာကြီးကို အစာကျွေးရန် အားလင်းကိုခေါ်သွားခဲ့သည်။ မြင်းပြာကြီးက တစ်နေကုန် ပင်ပင်ပန်းပန်းအလုပ်လုပ်ခဲ့ပြီး ထန်ချွန်းမင်က သူ့ကိုဆုပေးသင့်တယ်လို့ ခံစားလိုက်ရသည်။
အားလင်းက ရှောင်ဟွာနှင့် သိုးများကို မွေးမြူပြီးချိန်မှစ၍ သူက တိရစ္ဆာန်များကို အင်မတန်သဘောကျလာခဲ့သည်။ ရှောင်ဟွာက သူနဲ့ကစားပေးပြီး သိုးမက အရသာရှိသည့် သိုးနို့တိုက်ကျွေးသလို မြင်းကြီးကလည်း သူ့ကို မြို့ထဲခေါ်သွားပေးခဲ့သည်။
မြင်းပြာကြီးနှင့် ထွန်ယက်သော လယ်ကွင်းများက စပါးကောင်းကောင်းရိတ်သိမ်းနိုင်မယ်လို့ သူ့အားမူက ပြောခဲ့သည်။ သို့ဖြစ်၍ အားလင်းက နောင်မှာ ဗိုက်ဆာတော့မှာမဟုတ်ပေ။
အားလင်းက အပြာရောင်မြင်းကြီးကို လှမ်းထိကာ ချိုမြိန်သောအသံဖြင့် ပြောလိုက်လေသည်။ “မြင်းကြီးရေ… မင်းဦးလေးကို အလုပ်ကူလုပ်ပေးလိုက်ပါ။ အားလင်းက ညနေကျရင် မင်းကို အရသာရှိတဲ့ စားစရာကျွေးမယ်။”
မနေ့က သူသည် သူ့သကြားလုံးကို မျှဝေကျွေးခဲ့ပြီး ထန်ချွန်းမင်တွေ့တော့ သူ့ကိုမတားခဲ့ပေ။
ကလေးတွေရဲ့စကားက လူတွေကို ပြုံးစေသည်။ သို့ရာတွင် အေးချမ်းသောလေထုကို ဖျက်စီးပစ်မယ့် အရာတစ်ခုရှိနေခဲ့သည်။
ထန်ချွန်းမင်က မြင်းကို အစားကျွေးပြီးတော့ အားလင်းကို ပြန်ခေါ်သွားဖို့ ပြင်လိုက်သည်။ နေ့လည်က လာပို့ခဲ့သော ရေအိုးနှင့် ပန်းကန်လုံးများကို ပြန်သိမ်းရမှာဖြစ်သည်။ ထိုစဥ် ရွဲ့စောင်းသောအသံတစ်ခုထွက်ပေါ်လာ၏။
“မင်ကောအာ.. မင်းအခု အရမ်းကံကောင်းနေတယ်မလား။
စကားတစ်ခွန်းနဲ့ လူတွေက မင်းအတွက် လယ်လုပ်ပေးချင်နေကြတယ်။ မင်းသူတို့နဲ့စကားပြောပြီး ဘိုးဘိုးကျောက်နဲ့ မင်းအစ်ကိုကို ကူညီခိုင်းလိုက်ပါ့လား… မင်းမမြင်ဘူးလား? သူပင်ပန်းလွန်းလို့ မေ့လဲတော့မတတ်ပဲ။”