Chapter 25.2
“စိုက်ပျိုးရာသီ”
ထန်ချွန်းမင်လှည့်ကြည့်လိုက်တော့ စကားပြောနေသူက ဝမ်ချွန်းဟွာကလွဲပြီး တခြားလူမဖြစ်နိုင်ပေ။ သူ့ဘေးမှာ မျက်နှာညှိုးငယ်နေသော ဘိုးဘိုးကျောက်က မတ်တပ်ရပ်နေပြီး သူ့အကြည့်က ရန်သူကိုကြည့်နေသကဲ့သို့ပင်။
ထန်ချွန်းမင်က မျက်ခုံးပင့်လိုက်ပေမယ့် လုံးဝဒေါသမထွက်ပေ။ ထိုလူတွေအတွက် သူ့မှာ စိတ်ခံစားချက်မရှိပေ။ ဒီတော့ စကားလုံးနည်းနည်းလောက်နဲ့ သူ့ကို ဘယ်လိုဒေါသထွက်စေမှာလဲ? သူတို့ကို နှလုံးသားထဲ သိမ်းဆည်းထားမှသာ မျှတမှုမရှိသော ဆက်ဆံရေးနှင့် ဝေဖန်ချက်ပြင်းပြင်းတို့အတွက် ဒေါသထွက်မိမှာဖြစ်၏။ အရင်က မင်ကောအာသည် ကျောက်တာဟူမျက်နှာကိုထောက်ပြီး သူတို့အကြိုက်လိုက်ပေးခဲ့ပေမယ့် ထန်ချွန်းမင်၏ အမြင်မှာတော့ ဘွင်းဘွင်းပြောရလျှင် ဤလူနှစ်ယောက်က အမှိုက်တစ်စဖြစ်၏။
သို့ပေမယ့် သူက အရင်ဆုံး ကိုင်းညွတ်ကာ ထိုလူနှစ်ယောက်၏ ပေါ်လာမှုကြောင့် သူ့အဝတ်အစားကို တင်းတင်းဆုပ်ကိုင်ထားသော အားလင်းကိုပြောလိုက်၏။ “အားလင်း…လိမ္မာနော်။ ရှို့အားမော့နဲ့ ဦးလေးတာရှန်ဆီကိုသွားလိုက်။ ဖေဖေ့စကားနားထောင်။”
ထို့နောက် အားလင်းက သူ့အားမူ၏အဝတ်စကိုလွှတ်ကာ လမ်းလျှောက်ရင်း သူ့အားမူကို လှည့်ကြည့်သွားသေးသည်။ စားနေသောလူများကလည်း သူတို့တူတွေကို ချလိုက်သည်။ ဤလူနှစ်ယောက်က မင်ကောအာကို ပြဿနာလာရှာမှန်းသိသည်။ သူတို့က တစ်ခုခုလုပ်ချင်နေပြီး မတ်တပ်ရပ်မကြည့်ချင်ပေ။ တာရှန်နဲ့ လီဖုန်းကတော့ ထားတော့။ တခြားအမျိုးသားတွေကလည်း ထန်ချွန်းမင်၏ ဟင်းလျာများကို စားခဲ့တာကြောင့် မမြင်ချင်ယောင်ဆောင်လို့မရပေ။
.
တစ်ဖက်မှာ ကျန်းရှို့က ပို၍ပင် တည့်တိုးဆန်သည်။ သူက ပန်းကန်နှင့်တူကိုချကာ ထန်ချွန်းမင်ဘေးကို ပြေးသွားခဲ့သည်။ မင်ကောအာက ယခုချိန်တွင် ပို၍ပို၍ လေးလံလာပြီး ဘာမှအဖြစ်ခံလို့မရပေ။ မဟုတ်ပါက အကျိုးဆက်က မတွေးဝံ့စရာဖြစ်ပေလိမ့်မည်။
တာမောင်းကလည်း သူ့အားမူနောက်ကိုလိုက်သွားပြီး သူနဲ့ အာမောင်းက ကျောက်မိသားစုကို လုံးဝမကြိုက်တာကြောင့် သူတို့၏ မင်အားမော့ကို ကာကွယ်ပေးဖို့လိုသည်။ အရွယ်တစ်ဝက်ရောက်နေပြီဖြစ်သော ကလေးက ထန်ချွန်းမင်ရှေ့မှာရပ်ကာ ထိုလူနှစ်ယောက်ကို စိုက်ကြည့်လိုက်သည်။
ထန်ချွန်းမင်၏ နှုတ်ခမ်းက ကွေးညွတ်သွားသည်။ ဤသည်မှာ ထိုဖြစ်ရပ်အပြီး ဤလူနှစ်ယောက်ကို ပထမဆုံးမြင်တွေ့ရခြင်းဖြစ်သည်။ ရိုးရိုးသားသားဆိုရလျှင် ဤလူနှစ်ယောက်၏ပုံစံက အလွန်ဆိုးရွားနေတာကြောင့် သူက စိတ်ရွှင်သွားခဲ့သည်။ မင်းတို့အဆင်မပြေတာ ငါအရမ်းပျော်တယ်ဟူသော ဆိုရိုးစကားအတိုင်းပင်တည်း။
ဘိုးဘိုးကျောက်က အရင်ကနဲ့မတူပေ။ သူ့မျက်နှာပေါ်က အသားမှာ လျော့ရဲနေပြီး ပါးရိုးများကို ပေါ်လွင်စေသည်။ တွဲကျနေသော မျက်ခွံနှစ်ထပ်နဲ့ တွဲကြည့်လိုက်သောအခါ ရက်စက်ယုတ်မာပုံပေါ်သည်။
ဤသည်မှာ ငွေမရှိခြင်း၏ရလဒ်ဖြစ်နိုင်တယ်လို့ ထန်ချွန်းမင်က စဥ်းစားလိုက်သေးသည်။ ကျောက်လောင်စန်း၏ ခရိုင်မြို့ခရီးက ငွေကြေးမြောက်များစွာ ကုန်ကျမည်ဖြစ်ပြီး ယခင်နေထိုင်မှုစရိတ်ကလည်း မနည်းပေ။ ဘိုးဘိုးကျောက်က ထိုပမဏကို မတတ်နိုင်တာကြောင့် သူက သူ့စုဆောင်းငွေထဲက ယူလိုက်ရသည်။ ကျောက်လောင်စန်းကို အဆုံးရှုံးမခံနိုင်တာကြောင့် သူက တစ်ယောက်တည်း ဝမ်းနည်းနေမိသည်။
ဝမ်ချွန်းဟွာက ပိုလို့ပင် ရုပ်ဆိုးနေ၏။ ယခင်တစ်ခေါက်ထက် ပိန်လှီနေရုံမကပဲ သူ့မျက်လုံးတွေက လေးပင်နေကာ ရှုပ်ပွနေသောဆံပင်နှင့်အတူ ခန္ဓာကိုယ်ကလည်း ရွံ့နွံပေါ်လဲကျထားလို့ ရွှံ့ပေနေ၏။
အရင်တုန်းက သူသည် ကျောက်မိသားစု၌ မင်ကောအာနှင့် သူ့ကြားရှိကွာခြားမှုကို ဖော်ပြပြီး ကျောက်မိသားစုရှိ သူ့နေရာကို မီးမောင်းထိုးပြလေ့ရှိသည်။ ဝမ်ချွန်းဟွာက အမြဲတမ်းသပ်သပ်ရပ်ရပ် ဝတ်ဆင်ခဲ့သည်။ ဤနည်းဖြင့် သူက ထန်ချွန်းမင်ထက် သာလွန်ပြီး မင်ကောအာကို ဖိနှိပ်နိုင်ခဲ့လို့ပင်။
ယခု သူတို့ကိုကြည့်လိုက်တော့ အခြေအနေတွေက ပြောင်းပြန်ဖြစ်ကုန်၏။
ထန်ချွန်းမင်က ယခင်ကထက် ပိုဝလာပြီး သူက ကျန်းရှို့ကူချုပ်ပေးထားသော ချည်သားအင်္ကျီပါးလေးကို ဝတ်ဆင်ထားသည်။ သူက ကောင်းကောင်းစားပြီး သူ့ကိုယ်သူအားဖြည့်ဖို့ နေရာလွတ်ထဲမှ စိမ့်စမ်းရေသောက်လေ့ရှိသည်။
သူ့ပုံစံက အသားပိုဖြူလာပြီး ဝမ်ချွန်းဟွာထက် ဆယ်နှစ်ငယ်ပုံရသည်။ ဤသည်မှာ ထန်ချွန်းမင်၏ပုံပန်းသဏ္ဍန်ကို မြင်ပြီးနောက် ဝမ်ချွန်းဟွာက မနာလိုစိတ်မထိန်းနိုင်တော့ပဲ ထန်ချွန်းမင်၏ နူးညံသောမျက်နှာကို ကုတ်ဆွဲချင်ခဲ့သည်။
“ဘိုးဘိုးကျောက် မေ့လဲမှာ ခင်ဗျားကြောင့်မဟုတ်ဘူးလား?” ထန်ချွန်းမင်က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ကျုပ်က ဘိုးဘိုးကျောက်ကို ကောင်းကောင်းမပြုစုဘူးလို့ ခင်ဗျားအမြဲတမ်းညည်းနေခဲ့တာမလား? အခု ပြောလိုက်မယ်။ ကျောက်တာဟူရှိတုန်းက ကျုပ် ဘိုးဘိုးကျောက်ကို လယ်ကွင်းထဲလွှတ်ဖူးလို့လား? ကျစ်…ကျစ်…. အစ်ကိုနဲ့ တာနျိုက ပြိုင်ဘက်ကင်းပြီး တာဟူထက် သာပါတယ်။”
ထန်ချွန်းမင်က လူအများ၏ နှလုံးသားကို တမင်တကာ ထိုးနှက်နိုင်သည်။ သူတို့ဆုံးရှုံးခဲ့တာကို ထန်ချွန်းမင်က သတိပေးချင်ခဲ့သည်။
ဟုတ်တာပေါ့…. ဒီလူလူတွေက အမှားဝန်ခံဖို့ လုံးဝမဖြစ်နိုင်ပေမယ့် သူတို့လုပ်နိုင်သော တစ်ခုတည်းသောအရာမှာ ဘဝနှစ်ခုကြားရှိ ခြားနားမှုကို နက်ရှိုင်းစေဖို့ဖြစ်သည်။
ကျောက်တာနျိုကလည်း ခွေးတစ်ကောင်လို ပင်ပန်းနေပုံပေါ်ပြီး ခါးကုန်းကုန်းဖြင့် ဖြည်းဖြည်းချင်းရောက်လာခဲ့သည်။ ထန်ချွန်းမင်၏စကားက သူ့နားထဲတစ်လုံးချင်းရောက်သွားပြီး သူ့မျက်နှာက အရှက်ရကာ နီရဲလာသည်။
ကျောက်တာဟူ အနားမှာရှိနေတုန်းက အရာအားလုံးအဆင်ပြေနေခဲ့သည်။ ကျောက်နျိုကလည်း သူနဲ့အတူ လယ်ကွင်းထဲကို လိုက်သွားခဲ့ပေမယ့် အမြဲလိုလို ပျင်းရိနေတတ်သည်။
လယ်ကွင်းထဲ ပထမဆုံးသွားခဲ့သည့်နေ့မှစ၍ ကျောက်တာနျိုက သူ့အားမူကို မတားနိုင်ခဲ့လို့ နောင်တရခဲ့သည်။ ထိုအချိန်က တောင်ပေါ်တက်တာ အန္တရာယ်များတာကို သိပေမယ့်လည်း သူ ထိုအချိန်က ဘာမှမပြောခဲ့ပဲ အသားစားရဖို့ ပိုက်ဆံကိုသာ စောင့်ချင်ခဲ့သည်။ ယခု သူ အသားမစားနိုင်ရုံတင်မကပဲ လယ်ကွင်းထဲမှာ တစ်ယောက်တည်း အလုပ်လုပ်နေရသည်။ ကျောက်လောင်စန်းကရော? ဘိုးဘိုးကျောက်က သူ့ကို လယ်ကွင်းထဲလာဖို့ ခွင့်ပြုနိုင်ပါ့မလား? ဘယ်ဟုတ်မလဲ… သူ လယ်ကွင်းထဲမှာ အလုပ်လုပ်ရင်း ဆုံးသွားရင်တောင် ကျောက်လောင်စန်းက ဒီနေရာကို ဘယ်တော့မှာ ရောက်လာမှာမဟုတ်ပေ။ ယင်းမှာ သူ့အားမူ၏ ဘက်လိုက်မှုကို သိခဲ့ရသော ပထမဆုံးရက်တော့မဟုတ်ပါ။
“ငါ့ယောက္ခထီးကို ဘယ်လိုဂရုစိုက်ရမလဲ မင်းပြောစရာမလိုဘူး။ အပြင်လူတစ်ယောက်ဖြစ်တဲ့ မင်းက ဂရုစိုက်စရာလိုလား? တတိယညီက အိမ်မှာမရှိဘူး။ ငါနဲ့တာနျိုကပဲ ဘိုးဘိုးကျောက်ကို ဂရုစိုက်ပေးနေတာ။ မင်းက အတော်မိုက်မဲတာပဲ။ မင်းက ဘိုးဘိုးကျောက်ကိုတော့ အသားမကျွေးပဲ သူစိမ်းတွေကို ပေးနေတယ်။ မင်းမကြောက်ဘူးလား။ ဘုရားသခင် တာဝန်မဲ့တဲ့ မင်းကို အပြစ်ပေးလိမ့်မယ်။”
ဝမ်ချွန်းဟွာက ဒေါသထွက်လွန်းတာကြောင့် ကြမ်းတမ်းသောစကားများ လွှတ်ခနဲပြောလိုက်မိသည်။ အထူးသဖြင့် အသားဟင်းနံ့က သူ့မျက်လုံးကို နီရဲသွားစေသည်။ သူ့ဘိုးဘိုးကျောက်ကတော့ စိုက်ပျိုးရာသီမှာတောင် အသားတစ်ပိုင်းဝယ်ဖို့ တွန့်ဆုတ်နေခဲ့သည်။
“အပြင်လူလား?” ကျစ်.” ထန်ချွန်းမင်က သရော်လိုက်သည်။ “အစ်ကို… ကျွန်တော့်ကို အပြင်လူလို့ပြောလိုက်တာလား? ဒါဆိုအပြင်လူတစ်ယောက်က ဘိုးဘိုးကျောက်စားဖို့ အသားပေးစရာလိုလို့လား? ဘိုးဘိုးကျောက်ကို တာဝန်ကျေဖို့နဲ့ သူ့ကို အသားကျွေးဖို့က ခင်ဗျားတာဝန်မဟုတ်ဘူးလား?”
“မဟုတ်လို့လား?” ကျန်းရှို့က ပြောလိုက်သည်။ “မင်ကောအာက အခုလွတ်လပ်တဲ့အိမ်ထောင်ဦးစီးဖြစ်နေပြီ။ သူက မင်းအတွက်အပြင်လူလေ။ ကျောက်မိသားစုက သူ့ကိုပေးထားတဲ့ လယ်နှစ်ဧကကို ပြန်ယူသွားပြီးပြီ။ မင်းတို့တစ်မိသားစုလုံးကို ဂရုစိုက်ပေးဖို့ မင်ကောအာကို မှီခိုချင်သေးတာလား?”
ပြောရမှာတောင် ရွံစရာကောင်းသည်။ အရင်က ထန်ချွန်းမင် စာရင်းစာအုပ်ထုတ်ပြီး တစ်မိသားစုလုံးကို ကျောက်တာဟူ ထောက်ပံ့နေကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြခဲ့သည်။ ယခုမူ မင်ကောအာက သူတို့မိသားစုကို ထောက်ပံ့ပေးစေလိုကြောင်း ပြောဆိုနေတာဖြစ်၏။ ကျောက်မိသားစု၏ ဂုဏ်သိက္ခာက မြောင်းထဲရောက်နေပြီဖြစ်၏။
နေ့လည်ခင်းတွင် လူအများကြီးက တက်ကြွစွာ ကြည့်ရှူနေကြသည်။ တချို့လူတွေက စားလို့ပြီးသွားပြီး အနားယူနေကာ လယ်ကွင်းထဲမှာ အုံနေသော လူအများစုကတော့ ထိုစကားတွေကို လှောင်ပြောင်နေ၏။
တချို့က ဝမ်ချွန်းဟွာ အသားကိုမက်နေကြောင်း ပြောကြသည်။ မကြာသေးမီက သူကိုယ်အလေးချိန်အများကြီးကျသွားတာကို တွေ့နိုင်သည်။ အကြောင်းကတော့ အသားမစားရလို့ဖြစ်၏။ ယခု မင်ကောအာက လယ်ကွင်းထဲကို အသားဟင်းပို့လာ၍ ဝမ်ချွန်းဟွာက လုစားချင်စိတ်ပင် ဖြစ်နေ၏။
.
ကျောက်မိသားစုက အသားမစားနိုင်ဘူးလို့ပြောရင် ဘယ်သူမှ ယုံမှာမဟုတ်ပေ။ ပထမတစ်ချက်က သူတို့အသားမစားနိုင်သည်မှာ ဘိုးဘိုးကျောက်က အလွန်တွန့်တိုပြီး တစ်ပြားတစ်ချပ်မှ ထုတ်မသုံးနိုင်ပေ။ ဒုတိယတစ်ချက်ကတော့ ပိုက်ဆံအားလုံးကို ကျောက်လောင်စန်း၏ စားသောက်ရေးနှင့် အဝတ်အစားအတွက်ပဲ သုံးနေလို့ဖြစ်၏။