Chapter 27.1
“ဘက်လိုက်ခြင်း”
နွေဦးထွန်ယက်မှုက ဆက်လက်လုပ်ဆောင်နေဆဲဖြစ်၏။ အားကောင်းသော အလုပ်သမားနှစ်ဦးဖြစ်သည့် လီဖုန်းနှင့် ယွိမုတို့၏ အကူအညီဖြင့် မိသားစုသုံးခု၏ လယ်ကွင်းများကို အမြန်ရှင်းလင်းခဲ့သည်။ ထန်ချွန်းမင်၏ မိသားစုမှ ပြုပြင်ထားသော အစေ့များကိုလည်း စိုက်ပျိုးခဲ့သည်။ ရာသီဥတုကောင်းနေသရွေ့ စပါးအထွက်ကောင်းရင် ပြဿနာရှိမှာမဟုတ်ပေ။
လယ်ကွင်းမှာ အလုပ်ပြီးသွားသည်နှင့် ထန်ချွန်းရုံက ဖျင်ရှန်ရွာကို ရောက်လာခဲ့သည်။ သူ့အစ်ကို၏မြေတွေအားလုံး စိုက်ပျိုးထားပြီး သူလုပ်ဖို့ ဘာမှမကျန်တော့ဘူးလို့ မမျှော်လင့်ခဲ့ပေ။ စိုက်ပျိုးရာသီမတိုင်ခင်မှာ ထန်ချွန်းမင်က သူ့ကျောင်းကိုစာပို့ပြီး အိမ်အလုပ်ပြီးလို့ အားလပ်ချိန်မှ သူ့ဆီလာဖို့ ပြောခဲ့သည်။
ထန်ချွန်းရုံက သူ့အားမူတစ်ယောက်တည်း လုပ်ရမှာ ခက်ခဲမှန်းသိတာကြောင့် သူက သူ့အားမူနဲ့အတူ လယ်ကွင်းထဲက အလုပ်ကို အမြန်အပြီးသတ်ပြီး သူ့အစ်ကိုကိုလည်း လာကူပေးချင်ခဲ့သည်။
“မင်းအစ်ကိုကို ကူညီမယ့်လူတွေရှိတာ စိတ်မအေးသွားဘူးလား? မင်းဒီကိုရောက်ပြီဆိုတော့ စိတ်အေးလက်အေးအနားယူလို့ရပြီ။ ငါ မင်းအတွက် အရသာရှိတာလေးပြင်ပေးမယ်။ မင်းက အရင်တစ်ခေါက် လာတုန်းကထက် ပိုပိန်နေတာပဲ။”
ထန်ချွန်းမင်က သူ့ညီလေးအတွက် စိတ်မကောင်းဖြစ်ပြီး သူ့ညီက ဆယ့်တစ်နှစ်သာရှိသေးသော်လည်း မိသားစုကို စောင့်ရှောက်ဖို့ ဖိအားများစွာရှိနေပြီး အရာအားလုံးကို သူ့ပခုံးပေါ်ထမ်းထားခဲ့သည်။
“အစ်ကို…အဆင်ပြေပါတယ်။ ကျွန်တော်အခုတစ်လော အလုပ်ရှုပ်နေလို့ပါ။ သဘက်ခါကျောင်းပြန်တတ်ရင် ကျွန်တော် အသားပြန်တက်လာမှာပါ။” ထန်ချွန်းရုံက ရှက်ရှက်ဖြင့် ပြုံးလိုက်ပြီး သူ့တူလေးကိုကောက်ချီကာ စနောက်ရင်း မေးလိုက်သည်။
“အားလင်း…မင်းဦးလေးကိုလွမ်းလား? မင်း ဖေဖေကို သေချာဂရုစိုက်ထားလား?”
တာမောင်းနဲ့အာမောင်းကလည်း သူ့ကို အိမ်စာမေးဖို့ အခွင့်အရေးယူလိုက်သည်။ ထန်ချွန်းမင်က ပြုံးကာ လျှောက်သွားလိုက်ပြီး သူ့ညီအတွက် အရသာရှိတာလေးပြင်ပေးဖို့ စဥ်းစားလိုက်သည်။ ထို့နောက် သူက ဦးလေးလျိုအား မြို့ပေါ်တက်ပြီး အသားနည်းနည်းယူလာပေးဖို့ မှာလိုက်လေသည်။
လွန်ခဲ့သည့်နှစ်ရက်မှာ ကောင်းကောင်းစားသောက်ခဲ့ရသော ထန်ချွန်းရုံက သူ့အစ်ကိုနဲ့ တူလေးကို ချီတုံချတုံ နှုတ်ဆက်ခဲ့ရသည်။ သူက သူ့အစ်ကို၏အိမ်နောက်ဖေးမှာ စိုက်ထားသော ဟင်းသီးဟင်းရွက်တချို့ကိုလည်း သူ့အားမူအတွက် ပြန်ယူလာခဲ့သည်။ သူ့အစ်ကိုအိမ်က အခြေအနေကိုကြည့်ပြီး သူက သူ့အစ်ကို ကောင်းကောင်းရှင်သန်နေကြောင်း စိတ်ချသွားခဲ့သည်။
နွေဦးထွန်ယက်ပြီးပြီးချင်းမှာပဲ မိုးတွေအဆက်မပြတ်ရွာခဲ့သည်။ ဖျင်ရှန်တစ်ရွာလုံးနှင့် ပတ်ဝန်းကျင်တောင်တန်းများက မြူခိုးများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ နွေဦးမိုးသည် ဆီကဲ့သို့ အဖိုးတန်သည်ဟုဆိုကြသည်။ အချိန်မီရွာလာသဖြင့် ရွာသားများက ပျော်ရွှင်နေသည်။
[1]
စိုးရိမ်သောကရောက်နေသော လူတချို့လည်းရှိသည်။ ကျောက်တာနျိုနှင့် ဝမ်ချွန်းဟွာတို့က သူတို့၏လယ်ကွင်းများကို အမြန်ရှင်းပြီး မိုးရွာပြီးနောက် မျိုးစေ့များကို စိုက်ပျိုးခဲ့သည်။ တတိယဦးလေးက သည်းမခံနိုင်တော့၍ ကျောက်မိသားစုက လူများစွာကို အကူအညီတောင်းပြီးမှသာ ပြီးမြောက်သွားခဲ့လေသည်။
ကျန်းရှို့နှင့် ဝမ်မော့က ထန်ချွန်းမင်၏အိမ်မှာ နွေရာသီအဝတ်အစားများကို ချုပ်နေသည်။ တတိယဦးလေးက ကျောက်မိသားစုကိုကူညီဖို့ ညွှန်ကြားခဲ့သဖြင့် ကျောက်မျိုးနွယ်စုမှ တခြားလူများက မကျေမနပ်ဖြစ်ခဲ့ကြောင်း သူတို့က ထန်ချွန်းမင်ကို ပြောပြခဲ့သည်။
“ဘိုးဘိုးကျောက်ကို လောင်ကျောက်လို့ခေါ်သင့်တယ်။ တတိယဦးလေးက သူတို့ကို လယ်ကူစိုက်ပေးဖို့ ညွှန်ကြားပြီးတော့ ဘိုးဘိုးကျောက်က သူတို့ကို အသားတောင်မကျွေးခဲ့ဘူး။ နောက်တစ်ခါ ဘာမှမစားရပဲ အလုပ်လုပ်ခိုင်းရင် လာပါ့မလား မပြောတတ်ဘူး။”
ကျန်းရှို့က ရှုတ်ချလိုက်သည်။ ယခုချိန်၌ တချို့လူတွေက ဘိုးဘိုးကျောက်ကို ထန်ချွန်းမင်နဲ့ နှိုင်းယှဥ်နေသည်။ ထန်ချွန်းမင်က လယ်ထွန်ဖို့ အကူအညီရခဲ့ပြီး သူတို့တွေကို ပိုက်ဆံမပေးရပေမယ့် သူတို့က ကောင်းကောင်းစားခဲ့ရသည်။ အမှန်တော့ အသားစားရရုံဖြင့် အမျိုးသားတချို့က လာကူပေးချင်ခဲ့သည်။
ထန်ချွန်းမင်က တတိယဦးလေး၏စကားကြောင့် သူ့ဒေါသကို ရက်ပေါင်းများစွာ ထိန်းထားခဲ့ရသည်။ ဒီလိုလူအတွက်နဲ့ ဘာလို့ ဒေါသထွက်ရမှာလဲ? သူက သူ့မိထွေးနဲ့ အဆင်ပြေပြေပေါင်းသင်းနိုင်ရင် အားလင်းနဲ့ သူ့ဗိုက်ထဲက ကလေး ကောင်းကောင်းရှင်သန်နိုင်လိမ့်မည်။
ကလေးတွေက သူ့မျိုးရိုးနာမည် ထန်ရှိလျှင် ပိုကောင်းလိမ့်မည်။ သူက ကလေးကို မျိုးရိုးနာမည်ကျောက်မမှည့်ချင်ပေ။ ကလေးမှာ သူတို့မျိုးရိုးနာမည်ရှိနေရင် ကျောက်မိသားစုက အနာဂတ်မှာ သူတို့ကို လိုက်နှောင့်ယှက်လိမ့်မည်။
“ငါလည်း အဲ့ဒီမိသားစုကို မကြိုက်ဘူး။ မင်ကောအာ သူတို့နဲ့ခွဲလိုက်တာ အကောင်းဆုံးရွေးချယ်မှုပဲ။ ကြည့်… အခုမင်ကောအာရဲ့ဘဝ ဘယ်လောက်အဆင်ပြေပြီး ပျော်နေလိုက်လဲ။” ဝမ်မော့က မင်ကောအာ၏မျက်နှာကိုကြည့်ကာ ပြောလိုက်သည်။
သူကကြည့်ကောင်းပြီး ကျောက်မိသားစုမှာ လက်ထပ်ခါစထက်ပင် ပို၍လှနေလေ၏။ ကျောက်တာဟူက အရမ်းကံကောင်းပေမယ့် သူက သူ့ကို ကောင်းကောင်းဂရုမစိုက်နိုင်ခဲ့ပေ။
“ဟုတ်တယ်… ဝမ်ချွန်းဟွာက မင်ကောအာကို ပြဿနာလိုက်ရှာနေတာ မနာလိုလို့ပဲ။” ကျန်းရှို့က အားရပါးရပြောလိုက်ပေမယ့် ထန်ချွန်းမင်က မျက်မှောင်ကြုတ်သွားသည်။ သူက အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်ဖြစ်၍ ရုပ်ရည်ကို ချီးကျူးခံနေရတာ ကျင့်သားမရပေ။
ကျန်းရှို့က ဆက်ပြောလိုက်သည်။ “ပြီးတော့ ပြောရဦးမယ်။ မင်ကောအာ… နောက်အိမ်ထောင်ပြုဖို့ လူကောင်းတစ်ယောက်ရှာပြီး ကလေးတွေရဲ့ မျိုးရိုးနာမည်ကို ပြောင်းလိုက်ပါ။ ကျောက်မိသားစုက အနာဂတ်မှာ ပြဿနာရှာရင် မင်းတစ်ယောက်တည်း ရင်ဆိုင်ဖို့မလိုတော့ဘူး။”
ထိုနေ့က လယ်ကွင်းထဲမှာ တချို့လူတွေက ကူညီချင်ပေမယ့် အတင်းပြောခံမှာကို စိုးရိမ်ပြီး သတ္တိမရှိတာကို မြင်ရတော့ သူထိတ်လန့်သွားခဲ့သည်။ ထိုအချိန်က ဝမ်ချွန်းဟွာ သူ့အပေါ်ပစ်ချခဲ့သော အညစ်အကြေးက ကြီးမားသောကိစ္စတစ်ခုဖြစ်နေဆဲပင်။
ထန်ချွန်းမင်က မျက်စောင်းထိုးလိုက်သည်။ “တခြားလူရဲ့ကလေးတွေကို သူတို့ကလေးလို ဆက်ဆံပေးနိုင်တဲ့ အမျိုးသားရှိပါ့မလား? မိထွေးရှိရင် ပထွေးလည်းရှိတယ်…အဲ့ဒီဆိုရိုးလိုပဲ အပြန်အလှန်အချိုးကျတယ်။”
သူတောင်မလုပ်နိုင်ရင် တခြားသူတွေလုပ်နိုင်ဖို့ ဘယ်လိုမျှော်လင့်လို့ရမှာလဲ? လူတိုင်းက တစ်ကိုယ်ကောင်းဆန်သည်။ သူ တစ်ယောက်ယောက်ကို သဘောကျခဲ့လျှင်ပင် အားလင်းကြောင့် နှစ်ကြိမ်စဥ်းစားနေမှာမဟုတ်ပေ။ ကလေးနှစ်ယောက်ကြီးပြင်းလာပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်သည့် အချိန်ကိုရောက်ရင်လည်း သိပ်နောက်ကျသေးမှာမဟုတ်ပေ။ သူ့အရင်ဘဝမှာလည်း သူက အသက်သုံးဆယ်ပဲရှိသေးလို့ ၎င်းက အကောင်းဆုံးအချိန်ဖြစ်၏။
“ကလေးကို စိတ်ရင်းအမှန်နဲ့ ဆက်ဆံနိုင်တဲ့လူမရှိဘူးလို့ မင်းကိုဘယ်သူပြောလဲ? ငါတို့အားလင်းက သိတတ်ပြီး ချစ်ဖို့ကောင်းတယ်။” ကျန်းရှို့က သူ ရှန်းဖူလန်အား ပြောခဲ့သည့်စကားကို သတိရသွားသည်။ သူက လီဖုန်း၏စွမ်းဆောင်ရည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး ရှန်းဖူလန်ကလည်း သတိထားမိခဲ့သည်။
လီဖုန်းက အားလင်းကို ကောင်းကောင်းဆက်ဆံပြီး အားလင်းကလည်း သူ့ကိုသဘောကျသည်။ သူတို့နှစ်ယောက်စိတ်ဝင်စားတယ်ဆိုရင် ဤအိမ်ထောင်ရေးက အလုပ်ဖြစ်မှာကို သံသယမရှိပေ။
ဤလမ်းကြောင်းကို သူတစ်ခါမှမတွေးဖူးပေ။ ဖုန်းရှောင်ကျစ်က လက်မထပ်ရသေးတဲ့ ကောတစ်ယောက်ကိုမလိုချင်ပဲ ကလေးနှစ်ယောက်အဖေ မင်ကောအာကို ချစ်သွားလိမ့်မယ်လို့ သူမြင်နေရသည်။
ရှန်းဖူလန်ကလည်း အလွန်အံ့အားသင့်နေပြီး လီဖုန်း၏အတွေးကို ဖော်ထုတ်ဖို့ အခွင့်အရေးရှာရန် စဥ်းစားနေသည်။ ဤအိမ်ထောင်က အမှန်တကယ်ဖြစ်မြောက်လာလျှင် မင်ကောအာက အနာဂတ်မှာ မှီခိုစရာလူရှိလာလိမ့်မည်။ ထို့အပြင် သူ ကျောက်မိသားစုနဲ့ အပြီးအပိုင် ဆက်ဆံရေးဖြတ်တောက်နိုင်လိမ့်မည်။
ကျန်းရှို့က ဤနေရာတွင် တိတ်တဆိတ်တွက်ချက်နေပြီး ရှန်းဖူလန်ကလည်း အိမ်မှာ လီကျန့်ကို ထိုကိစ္စပြောပြနေ၏။ လီကျန့်၏မျက်လုံးက ပြူးကျယ်သွားပြီး သူ့လက်ထဲက ဆေးလိပ်ခြောက် ပြုတ်ကျမလိုဖြစ်သွားခဲ့သည်။
“သူ မင်ကောအာကို ချစ်သွားတာလား? ဒါပေမယ့် မင်ကောအာမှာ ကလေးနှစ်ယောက်ရှိတယ်လေ။”
လီဖုန်းက နှစ်အနည်းငယ် နှောင့်နှေးနေခဲ့သော်လည်း ဘာပဲဖြစ်ဖြစ် သူက လူလွတ်တစ်ယောက်ဖြစ်ပြီး ဘဝကို အပူပင်မရှိရှင်သန်နိုင်သည်။ ထန်ချွန်းမင်က ပညာတတ်ပြီး ရုပ်ချောကာ အကျင့်စာရိတ္တကောင်းသော်လည်း ရွာသားများ၏အမြင်တွင် ကလေးရှိသော ယောကျာ်းတစ်ယောက်ကို လက်ထပ်တာက လက်မခံနိုင်စရာပင်။
ရှန်းဖူလန်က သူ့ကိုစိုက်ကြည့်လိုက်သည်။ “မင်ကောအာက ဘာဖြစ်နေလို့လဲ? သူက ဘာလို့ လီဖုန်းနဲ့မတန်ရမှာလဲ? ပြီးတော့ ခင်ဗျားက လီဖုန်းမဟုတ်ဘူးလေ။ သူဘာတွေးနေလဲ ခင်ဗျားသိလို့လား? သူစိတ်ဝင်စားတာလဲ ဖြစ်နိုင်တယ်လေ။ အဲ့ဒီနေ့က သူ မင်ကောအာကို ဘယ်လောက်စိုးရိမ်နေလဲ မြင်တယ်မလား?”
ရှန်းဖူလန် ထိုအကြောင်းတွေးလေ သူ့ခံစားချက်မှန်တယ်လို့ ထင်လေဖြစ်၏။ လီဖုန်းက သွေးအေးသော်လည်း အားလင်းနဲ့ဆိုရင် စိတ်ရှည်သည်။ မင်ကောအာ ထူးချွန်သူဖြစ်သော်လည်း မကြာသေးမီနှစ်များအတွင်း ကျောက်မိသားစု၏ ဖိနှိပ်မှုကိုခံခဲ့ရသည်။ ယခု သူကျောက်မိသားစုမှ ခွဲထွက်လာတော့ သူ့ဘဝက ပိုမိုကောင်းမွန်လာပြီး ရုပ်ရည်ကလည်း ပိုလို့တောင်ချောလာသည်။
ရှန်းဖူလန်က စိတ်ထင့်နေသည်။ ရွာမှာ မကောင်းကြံသော လူဆိုးတွေရှိပြီး မင်ကောအာက ရုပ်ချောသည့်အပြင် မိသားစုထဲမှာ အမျိုးသားမရှိပဲ တစ်ယောက်တည်းနေတာဖြစ်၏။ တစ်ယောက်ယောက်က သူ့ကို မျက်စိကျသွားပြီး သူ့နေရာကို ခိုးဝင်လျှင်ကော? ရှန်းဖူလန် ပိုတွေးလေ ပိုစိုးရိမ်လာလေဖြစ်၏။
လီဖုန်းက လီမိသားစုဝင်ဖြစ်တာကြောင့် သူ့ခင်ပွန်းက လီဖုန်းဘက်မှာရှိတာ သူသိသော်လည်း မင်ကောအာ၏ စိတ်ထားက လီဖုန်းနဲ့လိုက်ဖက်သည်ဟု ရှန်းဖူလန်် ခံစားရသည်။ သူဘယ်လိုပဲကြည့်ကြည့် ကလေးရှိသည့် ဝန်ထုပ်ဝန်ပိုးကြောင့်သာ မဟုတ်လျှင် လီဖုန်းက မင်ကောအာနဲ့ မတန်ဘူးလို့တောင် သူထင်မိမှာဖြစ်၏။ လူတွေရဲ့နှလုံးသားက ဘက်လိုက်သည်။ လီကျန့်က အံ့အားသင့်သွားပြီး သူ့ဇနီးကို ဘာမှရှင်းပြလို့မရမှန်း သိလိုက်သည်။ သူက ဆေးလိပ်ကိုသာ မကြည်မသာ ငုံ့သောက်လိုက်သည်။
ဘာပဲဖြစ်ဖြစ် ဖုန်းရှောင်ကျစ်က ကလေးအဖေ မုဆိုးဖိုတစ်ယောက်ကို စိတ်ဝင်စားမယ်လို့ သူမထင်ပေ။
ရှန်းဖူလန်က သူ့ကိစ္စသူလုပ်ရန် လှည့်ထွက်သွားသည်။ သူက လီဖုန်းဆီပြေးသွားပြီး မင်ကောအာကိုကြိုက်လားလို့လည်း တည့်မေးလို့မရပေ။ သူ ယွိမုဆီကနေ အခြေအနေကို စုံစမ်းလို့ရလောက်သည်။
ထိုစိတ်အားထက်သန်သူ နှစ်ဦးက သူ၏ဘဝရှေ့ရေးအတွက် စိတ်ပူနေပြီး သူ့အတွက် အိမ်ထောင်ဖက်ရှာပေးလိုကြောင်း ထန်ချွန်းမင် မသိခဲ့ပေ။ သူက အိမ်နောက်ဖေးမှာ ဟင်းသီးဟင်းရွက်များကို ရွှင်မြူးစွာကြည့်နေ၏။ သူက စိတ်ကောင်းဝင်နေလို့ သီချင်းလေးတောင် ညည်းလိုက်သေးသည်။ အရာအားလုံးက ပိုက်ဆံပဲ။ သူပိုက်ဆံစရှာလို့ရပြီ။ ပိုက်ဆံရှာခြင်းက အလန်းဆန်းဆုံးအရာဖြစ်၏။